Skip to product information
1 of 3

Other Websites

ဆန်းလွင် - ဗုဒ္ဓဘာသာ၀င်တွေယုံကြည်ကြတာက

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ကျမ်းဦးစကား

၁၉၆၄ ခုနှစ်က ဤစာအုပ်ကို ပထမဆုံး စတင် ထုတ်ဝေခဲ့လေသည်။ ကျေးဇူးတော်ရှင် စာရေးသူ ဆရာတော်ကြီး မလေးရှား နိုင်ငံ တစ်စုံ တစ်လျား ကြွသွားပြီး ဓမ္မ ဟောကြား ပို့ချပွဲများကို တသီတတန်းကြီး ပြုလုပ်တော် မူခဲ့စဉ်က ဥပါသကာများက မေးမြန်းကြသော အမေး ပုစ္ဆာများအတွက် အဖြေပေးသော အကျိုးအားဖြင့် ဤစာအုပ်ကို ရေးသား ထုတ်ဝေခဲ့ခြင်း ဖြစ်သည်ဟု ဆိုသင့်ပါသည်။ ဆရာတော်ကြီး၏ စိတ်တွင် ဤသို့ အလွယ်တကူ ကိုးကားနိုင်သော စာအုပ်မျိုး တစ်အုပ်သည် ဗုဒ္ဓ ဘာသာဝင်များအတွက်ရော ဗုဒ္ဓဘာသာဝင် မဟုတ်သူများအတွက်ပါ (ဗုဒ္ဓဘာသာ၏ ယုံကြည်မှုများနှင့် အယူအဆများကို လွယ်ကူ ရှင်းလင်းစွာ တင်ပြထားသောကြောင့်) ကျေးဇူးရှိနိုင်သည်ဟု ခံစားခဲ့မိလေသည်။

ဤစကားကို ပြောရတာ ခနိုးခနဲ့ နိုင်စေကာမူ အမှန် ဖြစ်နေ သဖြင့် ပြောသင့်ပေသည်။ ဤဗုဒ္ဓဘာသာအကြောင်းကို ယုံကြည် သယောင် ပြောဆိုပြီး ဗုဒ္ဓဘာသာမှာ လူကြီး လူကျယ် ခေါင်းဆောင် ခေါင်းရွက် လုပ်ကိုင်နေကြသူတွေက တကယ်တမ်းကျတော့ ဗုဒ္ဓဘာသာ၏ အခြေခံ သဘော အယူအဆများကိုပင် သိမြင် နားလည်သော အသိပညာ နည်းပါး နေကြလေသည်။ ထိုသူ အများအပြားတို့သည် ဘုရား ဝတ်ပြုမှု ( ဓလေ့ ထုံးစံများ၊ အစဉ်အလာများ၌ များစွာ အကျွမ်းတဝင် ရှိကြသည်

ကား မှန်ပါ၏။ သို့သော် ထိုသူများသည် မြတ်ဗုဒ္ဓ၏ ဓမ္မ အနှစ်ကိုမူကား နားမလည်သူများသာ ဖြစ်ကြသည်။ မြတ်ဗုဒ္ဓ၏ မွန်မြတ်လှသော ဒေသနာ တရားများကို လျစ်လျူရှုကြပြီးလျှင် သူတို့သည် ဘာမှ အခြေခံ မရှိသော ယုံကြည်မှုများနှင့် တလွဲတချော် ဓလေ့ ထုံးစံများကို သွတ်သွင်း လာကြပြီးလျှင် ဆင်ခြင်တုံတရား ရှိလှသော သိမ်မွေ့ လေးနက်သော ဘာသာ အယူဝါဒကို ပြက်ရယ်ပြုဘိအလား လုပ်ကိုင် ဆောင်ရွက် နေကြပေသည်။ အကျိုးရလဒ်ကား ဗုဒ္ဓဘာသာဝင် အမည်ခံ လူများစွာ တို့သည် အပေါ်ယံ ကြည်ညိုခြင်း သဘော၊ ဝတ်ပြု ပူဇော်ပသခြင်း သဘောလောက်တွင် သောင်တင် နေကြကာ ဗုဒ္ဓဘာသာ၏ အနှစ် ဖြစ်သော သမာဓိ ပညာ စခန်းသို့ တက်လှမ်းရမည့် စိတ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှု လုပ်ငန်းကိုမူ မသိကျိုးကျွန် ပြုထားကြလေသည် ။

ဤသည်မှာ ဝမ်းနည်းဖွယ်ရာ အခြေအနေ ဖြစ်ပါသည်။ ဤသို့ ဖြစ်အောင် ပြုလုပ်ကြသူများမှာ လာဘ်လာဘနှင့် ကိုယ်ကျိုးရှာ ဘာသာ ရေးသမား သာသနာ ဝန်ထမ်းများ ဖြစ်ကြပါသည်။ မသိ နားမလည်မှု၊ အဝိဇ္ဇာနှင့် လောဘ၊ တဏှာနှင့် လာဘ် ရလိုမှု၏ တိုက်တွန်းချက်ကြောင့် အချို့ ပုဂ္ဂိုလ်များသည် ဗုဒ္ဓဘာသာကို အသရေ ပျက်အောင် ပြုလုပ် နေကြပြီး လူများ၏ စိတ်ထဲတွင် ဗုဒ္ဓဘာသာသည် အယူသီးမှုများနှင့် ဉုံဖွ ဂါထာ မန္တန်များအပေါ်မှာ တည်မှီနေသော ဘာသာ ကိုးကွယ်မှုဟု ထင်ယောင်မှားအောင် ပြုလုပ်နေကြပေသည်။ အချို့သော ရဟန်း သံဃာတော်များကလည်း ဝိဇ္ဇာယောင် ဘိုးတော်ယောင် သရဲဘုန်းကြီး ချဲဘုန်းကြီး အဆင့်သို့ ရောက်အောင် အောက်တန်းကျသော အလုပ်များ ကို ကိုယ်တိုင် ပါဝင် လုပ်ကိုင်နေကြသည်ကိုလည်း တွေ့မြင်နေရပါသည်။

ဗုဒ္ဓဘာသာဝင် အတော်များများကလည်း ကိုယ် ကိုးကွယ်နေသော ဘာသာသည် ထေရဝါဒ ဖြစ်သည် ဆိုသော နာမည်လောက်ကိုတောင် မသိတတ်ကြသူများ ရှိနေသည်ဟု ပြောရတာ ခနိုးခနဲ့ နိုင်လှပါသည်။ တချို့ကလည်း "ကျပ်ကတော့ ကျပ်ကိုယ်ကျပ် ဗုဒ္ဓဘာသာလို့ အောက် မေ့တာပဲ”ဆိုသူမျိုးလည်း ရှိပါ၏။ ဤအပြောအဆိုကို ကြည့်ခြင်းအားဖြင့် သူတို့လို လူတွေသည် ဗုဒ္ဓဘာသာဝင်တို့၏ ဘဝနေနည်းနှင့် ဘယ်လောက် အလှမ်းကွာနေပြီး သူတို့သည် ဗုဒ္ဓဘာသာဝင်တို့၏ ဘဝ နေနည်းကို ဘယ်လောက် လျစ်လျူရှုထားသည် မသိ နားမလည် ဖြစ်နေသည်ကို သိသာပါသည်။ ထိုကဲ့သို့ ကိုယ့်ဘာသာကို ကိုယ်က မသိ မျက်ကန်း ဖြစ်နေခြင်းသည် တခြားသော ဘာသာဝင် သာသနာပြုများ၏ ဗုဒ္ဓ ဘာသာကို မထောက်မညှာ ရယ်သွမ်းသွေးပြီး တလွဲတချော် အဓိပ္ပာယ်ကောက်ယူပြီး စွပ်စွဲ ပြောဆိုလာနိုင်သည်ကို အားပေးအားမြှောက်ပြသလို ဖြစ်နေပါ၏။ အကျိုးရလဒ်ကား ကိုယ့်ဘာသာ အယူဝါဒ အကြောင်း ကိုယ်က နားမလည်မှုကြောင့် တခြား ဘာသာဝင်များ၏ စွပ်စွဲ ပြောဆို လာမှုတွေကို မချေပနိုင်တော့သဖြင့် သူများ ဘာသာ နောက်သို့ ကောက်ကောက် ပါသွားရသော သားကောင်တွေ အဖြစ်သို့ ကျရောက်သွား ရပေတော့သည်။

ထိုသို့သော မသိနားမလည်မှုများကို တစ်စိတ်တစ်ဒေသအားဖြင့် ချေပရန်အတွက် ဤစာအုပ် “ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက" သည် ဖြစ်ပေါ်လာရသည်ဟု ဆိုသင့်ပါ၏၊ အမှန်ကတော့ ဤစာအုပ်၏ ပဓာန ရည်ရွယ်ချက်သည် မြတ်ဗုဒ္ဓ၏ အခြေခံကျသော ဒေသနာ တရားတော်များကို မှန်မှန်ကန်ကန် နားလည် သဘောပေါက်ချင်သော စိတ်ဆန္ဒ ရှိကြသူများနှင့် ဗုဒ္ဓဘာသာ၏ ပိုမို ခက်ခဲ နက်နဲသော အချက် အလက်များကို ကိုယ်ခံအားဖြင့် ဗုဒ္ဓဘာသာ အကြောင်းကို နက်နက် နဲနဲ သိထားခြင်း မသိကြသူများအား ခေတ်နှင့် လျော်စွာ နားလည်ရ လွယ်စေရန် ရှင်းလင်း သင်ကြားပေးဖို့ ဤစာအုပ် ဖြစ်ပေါ်လာရခြင်း ဖြစ်ပါသည်။ ဤစာအုပ်၏ လူကြိုက်များ ကျော်ကြားမှုမှာ ကျွန်ုပ်တို့ မျှော်မှန်းထားသည်ထက် ကျော်လွန်သွားခဲ့လေသည်။ ၁၉၇၃ ခုနှစ်က တစ်ကြိမ်၊ ၁၉၈၇ ခုနှစ်က တစ်ကြိမ်၊ မွမ်းမံ ပြင်ဆင်၍ ချဲ့ထွင်၍ ထုတ်ဝေခဲ့ပါသည်။ ဤစာအုပ်ကို ဝယ်လိုအား ရလိုအားက ဆက်လက် ကြီးထွားလျက်ပင် ရှိနေပါသည်။ တရုတ် ဘာသာ၊ ကိုရီးယား ဘာသာ၊ အင်ဒိုနီးရှား ဘာသာစကားများဖြင့်လည်း ဘာသာပြန်ဆိုပြီး ထုတ်ဝေ ထားပြီး ဖြစ်၍ ထိုဘာသာစကားများနှင့်လည်း ဝယ်ယူ ရရှိနိုင်ပါသည်

ဤနှစ် ၁၉၈၇ ခုနှစ်သည် ဤဗုဒ္ဓဘာသာ သာသနာပြု အသင်း ကြီး စတင် ဖွဲ့စည်း တည်ထောင်ခဲ့တာ ၂၅ နှစ် ပတ်လည် အခါသမယ ဖြစ်ရကား ဤ'ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက” စာအုပ်ကို ထပ်မံ ပြင်ဆင် ဖြည့်စွက်၍ “အထူး အမှတ်တရ အဖြစ် ထုတ်ဝေရန် ဆုံးဖြတ်ချက် ချခဲ့ကြပါသည်။ ဤအသင်းကြီး၏ ရွှေရတု သဘင် ဆင်နွှဲခြင်း အထိမ်းအမှတ် ပြုရန် ဖြစ်ပါသည်။ ဤအချက်နှင့် စပ်လျဉ်း၍ အနှစ် ၄ဝ ကျော်မျှ သာသနာပြုလုပ်ငန်းများကို အပတ်တကုတ် ကြိုးပမ်း အားထုတ်တော်မူခဲ့သော စာရေးသူ ဆရာတော်ဘုရားကြီးက သူ နောက်ထပ် ရှာဖွေ စုဆောင်း သုတေသနပြု ရေးသားထားချက်များကို ၁၉၈၇ ခုနှစ် ထပ်မံ ရိုက်နှိပ်သော ဤစာအုပ်တွင် အခန်းသစ် ကဏ္ဍသစ် များ အဖြစ် ထည့်သွင်းပေးနိုင်ခဲ့ပါသည်။ ဤ 'ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက' စာအုပ်သည် ဗုဒ္ဓဘာသာအကြောင်း၊ ဗုဒ္ဓဘာသာ ဆိုတာကို ကောင်းကောင်း သိလိုကြသူ အားလုံး အတွက် ဖြစ်ပါသည်။

ဤစာအုပ်ကို ရေးသားစဉ် ထားရှိသော မူလ ရည်ရွယ်ချက်ကို ထိန်းသိမ်းထားရာ၌ စာရေးသူ အရှင်မြတ်၏ စိတ်ဆန္ဒတွင် တစ်ပါးသော ဘာသာ အယူဝါဒများ၊ ယုံကြည်မှုများနှင့် ဗုဒ္ဓဘာသာ ဂိုဏ်းကွဲများအား သိမ်ငယ်အောင်၊ သိက္ခာကျအောင် ပြောဆိုလိုခြင်း ဆန္ဒ ရည်ရွယ်ချက် လုံးဝ မရှိပါကြောင်း အလေးအနက် ပြောရပေမည်။ ဆရာတော်သည် မြတ်ဗုဒ္ဓက သူ၏ တပည့်သာဝကများအား အမြင် ကျယ်ကျယ် ထားကြဖို့ ပွင့်လင်းသော နှလုံးစိတ်ထားရှိကြဖို့ ဘယ်အယူဘယ်ဝါဒကိုပဲ ဖြစ်ဖြစ် ဆင်ခြင် တိုင်းထွာ ယူကြဖို့ ဆုံးမတော်မူသော ကာလာမသုတ်လာ တရားဒေသနာကို ထပ်တလဲလဲ အလေးအနက် ထား၍ ရေးသားတော် မူထားပါသည်။ မြတ်ဗုဒ္ဓ ပွင့်ထွန်းတော်မူစဉ်ကာလက သူနှင့် ခေတ်ပြိုင် ယုံကြည် ကိုးကွယ်မှုများ၊ အယူဝါဒများကို တစ်ခါမျှ၊ ပြက်ရယ်ခြင်း လုံးမှ မပြုပါ။ သို့သော်သူ ကိုယ်တော်တိုင်ကမူ အမှန်သစ္စာ ဆိုက်သော တရားမျိုးကိုသာ ဟောကြားတော်မူလေ့ ရှိပါသည်။ ။

ဤစာအုပ်သည် ဘာသာအယူဝါဒ ကူးပြောင်းလာဖို့ကို ဆိုရန် လည်း ရည်ရွယ်ချက် မရှိပါ။ အဘယ်ကြောင့်ဆိုသော် ထိုစိတ်ဓာတ်မျိုး သည် ဗုဒ္ဓဘာသာဝင်တို့၏ စိတ်ဓာတ်မျိုး မဟုတ်သောကြောင့် ဖြစ်ပါ သည်။ သို့သော် ဤစာအုပ်၏ ရည်ရွယ်ချက်ကို ထပ်မံ ပြောရဦးမည် ဆိုလျှင် ဗုဒ္ဓဘာသာဝင်များအား သူတို့ ကိုးကွယ်သော ဘာသာတရားနှင့် စပ်ဆိုင်ရာ အခြေခံတရားများကို သိမြင်အောင် သတင်းစကား ပြောကြား ရန်နှင့် အသိပညာ ဖြစ်အောင် သင်ကြား ပြသပေးရန်နှင့် ဤဘာသာက အမွန်အမြတ်ထားသော စံတန်ဖိုးများကို သရုပ်သကန်ဖြင့် ပြသခြင်း အားဖြင့် မိမိတို့ ဘာသာတရား ယုံကြည် ကိုးကွယ်မှုအတွက် ဗုဒ္ဓ ဘာသာဝင် ဖြစ်ခြင်းအတွက် ဗုဒ္ဓဘာသာဝင်တိုင်းက ဂုဏ်ယူတတ် ကြဖို့သာ ဖြစ်ပါသည်။

“ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက'၏ ရည်ရွယ်ချက် နောက် တစ်ခုမှာ အခြားသူများကိုလည်း မြတ်ဗုဒ္ဓ ဒေသနာ၏ အထူး သန့်ရှင်း စင်ကြယ်ပုံကို ဉာဏ်အမြင် ပေါ်လာအောင် ပြသခြင်းဖြင့် ဤမြတ်လှစွာသော ဓမ္မရတနာကို သူတို့က မဟုတ်မမှန် ဝေဖန် ပုတ်ခတ်နေခြင်းများ ကို သူတို့ဘာသာ မေတ္တာ စေတနာ ထား၍ ထိန်းထိန်းသိမ်းသိမ်းဆောင်ရွက်လာကြစေရန်သာ ဖြစ်ပါ၏။ဤနည်းအားဖြင့် သန်းပေါင်း များစွာသော လူသားများကို လမ်းမှန် ပေါ်သို့ ရောက်အောင် ပို့ဆောင် ရန်သာ ရွယ်ကိုးပါသည်။

မြတ်ဗုဒ္ဓ၏ ဒေသနာများသည် အတိတ်ကာလက လူသားတို့ ရရှိခဲ့သော၊ ကြီးမြတ်လှစွာသော အမွေအနှစ်များ ဖြစ်ကြပါသည်။ မြတ်ဗုဒ္ဓ၏ အကြမ်းမဖက်ရေး၊ ငြိမ်းချမ်းရေး၊ မေတ္တာ ကရုဏာတရားများ နှင့် သည်းခံခြင်း ခန္တီ၊ အချင်းချင်း နားလည်မှု၊ သစ္စာနှင့် ပညာ၊ ဂါရဝ ရှေ့ထားမှုနှင့် သက်ရှိ သတ္တဝါများ အားလုံးအပေါ် ကိုယ်ချင်းစာတရား၊ တစ်ကိုယ်ကောင်း ဝါဒမှ လွတ်မြောက်ရေး၊ အမုန်းတရား၊ အကြမ်းဖက် တရားများမှ လွတ်မြောက်ရေး စသည် တရားများသည် လွန်ခဲ့သော အနှစ် ၂၅၀၀ ကျော်က ဟောကြားတော်မူခဲ့သော တရားများ ဖြစ်ပါ၏။ သို့ပါလျက် ယခုခေတ် တိုင်အောင် တရားကောင်း တရားမြတ်များအဖြစ် တည်နေဆဲ ဖြစ်ပါ၏။ ထာဝရ တည်မြဲမည့် သတင်းစကားများ ဖြစ်ပါ၏။

 ကျွန်ုပ်တို့သည် သဘော ကွဲမှု၊ တိုက်ခိုက်မှုများကြောင့် ပွန်းပဲ့ နေသော ကမ္ဘာကြီးထဲမှာ အသက် ရှင်နေကြရသူများ ဖြစ်ပါ၏။ မြတ်ဗုဒ္ဓက ကျွန်ုပ်တို့ ကိုယ်တိုင်၌ “ဗောဓိ" ဉာဏ် ရှိသော ပညာနှလုံး၊ မေတ္တာနှလုံး၊ အချင်းချင်း နားလည်မှုတို့ကို မွေးပြီး လူ့ဘဝ အစကတည်း က လူသားများကို ကပ်ဆိုက်စေခဲ့သော ထိုအကျင့်ပျက် ဒုစရိုက်တရား ဆိုးများကို လွန်မြောက်အောင် အားထုတ်ကြဖို့ကိုသာ သင်ကြားပေးခဲ့ပါ၏။ 'ဒေါသကို အဒေါသဖြင့် လွန်မြောက်စေရာ၏၊ အမုန်းကို ချစ်ခြင်း မေတ္တာဖြင့်သာ လွန်မြောက်စေရာ၏” ဟုသာ ဆိုဆုံးမတော် မူခဲ့ပါ၏။ ကျွန်ုပ်တို့သည် ကိုယ်တော်မြတ်ကြီး၏ အဆုံးအမအတိုင်း လိုက်နာ ကျင့်ကြံခဲ့ကြပါ၏လား ကျွန်ုပ်တို့သည် ကျွန်ုပ်တို့၏ ကံကြမ္မာအတွက် တာဝန် ရှိသူများ ဖြစ်ကြပါ၏။ ကျွန်ုပ်တို့သည် မိမိတို့၏ စိတ်နှလုံးကို သန့်ရှင်း စင်ကြယ်စေကြရပါမည်။ မိမိတို့၏ သဘာဝကို ဝေဖန် သုံးသပ်ပြီး ကိုယ်တော်မြတ်ကြီး၏ အဆုံးအမများအတိုင်း စာထဲမှာသာမက လက်တွေ့ ဘဝမှာပါ လိုက်နာ ကျင့်သုံးကြရပါမည်။ ပို၍ အရေးကြီး သည်မှာ စိတ်ဓာတ်အားဖြင့် လိုက်နာ ကျင့်ကြံတတ်ဖို့ လိုအပ်ပါသည်။ ဤ 'ဗုဒ္ဓဘာသာဝင်တွေ ယုံကြည်ကြတာက' စာအုပ်သည် မဂ်ဉာဏ် အလင်းရောင် ရဖို့ ကြိုးပမ်းနေကြသော ဗုဒ္ဓဘာသာ ဓမ္မမိတ်ဆွေများ အတွက် မင်္ဂလမ်းပြ ဓမ္မစာ ဖြစ်လိမ့်မည်ဟု မျှော်လင့်ပါ၏ ။

ဗုဒ္ဓသာသနာပြု အသင်းကြီး၏ ဥက္ကဋ္ဌ လူကြီး တစ်ဦးအနေဖြင့် ပြောရလျှင် ဤစာရေးသူ ဒေါက်တာကေ၊ သီရိ ဓမ္မနန္ဒ အရှင်သူမြတ်နှင့် နီးနီးကပ်ကပ် ဆက်ဆံ ကြည်ညိုခွင့်ရပြီး ဤစာအုပ် ထုတ်ဝေရဖို့ အားထုတ်ခဲ့ရခြင်းအတွက် ဂုဏ်ယူ ဝမ်းမြောက်ပါ၏။

မစ္စတာ ဗစ်တာဝီးနှင့် မစ္စတာ ဝိဇယ သမရဝိက္ခမတို့အား စာရေးသူကို အားပေး ကူညီရုံသာမက စာအုပ် တည်းဖြတ်မှုခွင့်ပါ ကူညီ ပေးလျက် ဤပုံစံ စာအုပ်ကောင်း ဖြစ်လာအောင် များစွာသော အကြံ

ကောင်း ဉာဏ်ကောင်းများကို ပေးခဲ့ကြခြင်းအတွက် ကျေးဇူးတင်၍ ရိုးသား စွာ သူတို့၏ ဂုဏ်ကျေးဇူးကို နားလည်ပါကြောင်း ဖော်ပြလိုပါ၏။ ကျွန်ုပ် အနေဖြင့် မစ္စစ် ချုံဟုန်ကိုရော၊ သူမ၏ ကာလ ကြာမြင့်စွာ မနေမနား ဤစာအုပ် စတင် ပုံနှိပ်သည်မှ စာအုပ် ဖြစ်မြောက်သည် အထိ အသေး စိတ် ကြည့်ရှုစောင်မခဲ့ခြင်းအတွက်လည်း ကျေးဇူး အထူးတင်ကြောင်း

ဖော်ပြလိုပါ၏။ မစ္စတာ အိချ် အမ်၊ အေ၊ ဒီဆီးလ်ဗား၊ မစ္စလီလီဆီးနှင့် မစ္စလီလိုင်ဖုံး၊ မစ္စကွာပင်ပင်း၊ မစ္စလီယွန်ဖိုးဦချီး၊ မစ္စတန်ကွီးဖုံးနှင့် မစ္စလာမေရင်းတို့ကိုလည်း လက်နှိပ်စက် ရိုက်နှိပ်ပေးခြင်း၊ ပရုဖတ် စာပြင်ပေးခြင်းများအတွက် အထူးပင် ကျေးဇူးတင်ရပါကြောင်း၊ သူတို့၏ အကူအညီ မပါဘဲနှင့် ဤစာအုပ် ဖြစ်မလာနိုင်ပါကြောင်းကိုလည်း ကျေးဇူးတင်လျက် မှတ်တမ်းတင်အပ်ပါကြောင်း။

တေသီအန် ချူး  A.M.N.

ဥက္ကဌ

ဗုဒ္ဓဘာသာ သာသနာပြုအသင်းကြီး။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)