ဆန်းလွင် - ဓမ္မဒဿနစာစု
နမောတဿ ဘဂဝတော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
စာနိဒါန်း
စာရှုသူ
“ဓမ္မရုပ်စုံ' ကို အမှတ်ရကောင်းပါ၏။ ဓမ္မရုပ်စုံကို အကျွန်ုပ်မွေးဖွားစဉ်က ဓမ္မဒဿနစာမျိုးဖြစ်ဖို့ရည်၍ ပြုစုပျိုးထောင်ခဲ့ပါ၏။ ဓမ္မဒဿန စာပျိုးခင်းလည်း ကာလအတန်ကြာအောင် စိမ်းစိုလန်းဆန်းခဲ့ပါ၏။
ဓမ္မဒဿနစာ ... ဘာကို ဆိုလိုပါသလဲ သဲသဲကွဲကွဲ သိသင့်ပါ၏။ ဓမ္မ၏ သဘောကား ကျယ်ပြော၏။ အနက်ထွက်ပုံ များ၏။ တစ်ခုချင်း ဖော်ပြလျှင် အဓိပ္ပာယ် ပေါ်လွင်ဖို့ ခဲယဉ်း၏။ ခြုံ၍ပြောမှ သဘောရှင်းနိုင်မည်ထင်၏။
ယေဘုယျအနက်သဘောကို ဆိုချင်၏။ ဆိုရမည်ဆိုလျှင်
“ဓမ္မ” ဟူသည် လောကတစ်ခုလုံး၏ ဖြစ်ပုံ ပျက်ပုံအလုံးစုံဟု ဆိုသင့်မည် ထင်ပါ၏။
လောကဆိုသည်မှာ ခန္ဓာငါးပါး ဖြစ်၏။ ရုပ်ခန္ဓာတစ်ပါးနှင့် နာမ်ခန္ဓာလေးပါးသည် လောကပင်တည်း။ တစ်နည်းချဲ့၍ဆိုသော် ရုပ်နာမ်နှစ်ပါး ထိုတရားစုသည် လောကဖြစ်၏။ ထိုလောကသည်ပင် ဓမ္မဟူ၍ ဆိုအပ်၏။ “ဒဿန' ကား အမြင်ဟူ၍ ဆိုအပ်၏။ သို့သော် ... ဒဿနသည် ပသာဒစက္ခု (ရုပ်မျက်လုံး) ဖြင့် မြင်အပ်သော ပသာဒအမြင် မဟုတ် ဓမ္မစက္ခုဖြင့် မြင်အပ်သော ဉာဏ်အမြင်ကိုသာ ဆိုခြင်းဖြစ်၏။ ပသာဒစက္ခု (ရုပ်မျက်လုံး) ကံမျက်လုံးသည် အမည်နာမပညတ်တို့ဖြင့် ခေါ်ဝေါ်အပ်သော အပေါ်ယံလောကကိုသာ မြင်နိုင်၏။
ထိုအမြင်ကို သမုတိသစ္စာအမြင်ဟု ဆိုသင့်၏။ ဒဿနအမြင်ကား ဓမ္မအမြင် ဖြစ်၏။ ဉာဏ်အမြင် ဖြစ်၏။ ထိုးထွင်း၍ နားလည်သော ပရမတ္တအမြင်ဖြစ်၏။ တစ်နည်း ဓမ္မအမြင်ဟုဆိုလျှင်လည်း ရ၏။ ဓမ္မစက္ခုအမြင်ကိုသာ “ ဒဿန" ဟု ဆိုသင့်၏။ ဤနေရာတွင် ဒဿန၏ နယ်ကို သတ်မှတ်ရန် လိုသေး၏။ “ဓမ္မဒဿန' သည် ဓမ္မမျက်လုံးဖြင့်မြင်သော ဉာဏ်အမြင်ဟုဆိုသော်လည်း ထိုအမြင်သည် လောကီနယ်ကိုမူ လွန်မြောက်ခြင်း မရှိသေး။
လောကီနယ်ထဲမှာဖြစ်သော ဝိပဿနာအမြင်၊ ဝိပဿနာဉာဏ်လောက်ကိုသာ ဆိုသင့်၏။ “ဓမ္မဒဿန' သည် အနုဗောဓဉာဏ်အမြင်လောက်မှာသာ အဆုံးရှိ၏။ ဓမ္မဒဿနနယ်တွင် “ပဋိဝေဓ' ဉာဏ်အမြင် မပါသေးဟု နားလည်သင့်၏။ ပဋိဝေဓဉာဏ်သည်ကား “ဉာဏဒဿန” ကိစ္စ ဖြစ်၏။
လောကီနယ်ကို လွန်မြောက်၏။ လောကုတ္တရာနယ်သို့ရောက်သောအမြင် ဖြစ်၏။ မဂ်ဉာဏ်၊ ဖိုလ်ဉာဏ်ဖြစ်၏။ ထို့ကြောင့် ... “ဓမ္မဒဿန” ဆိုသော စကားကို “ဉာဏဒဿန” ဆိုသော မဂ်ဉာဏ် ဖိုလ်ဉာဏ်နှင့်မူ ရောထွေးစဉ်းစားခြင်းငှာ မသင့်ပါဟု ဆိုချင်၏။
“ဓမ္မရုပ်စုံ' သည် ဓမ္မကိုသာ ဖော်ပြခဲ့၏။ အဓမ္မကိုမူကား အစဉ်ရှောင်ကြဉ်ခဲ့၏။ သဒ္ဓမ္မသာသနာဟု ဆိုအပ်သောထေရဝါဒ ဗုဒ္ဓဘာသာကို စင်စင်ကြယ်ကြယ် ထွန်းထွန်းပပ ပီပီသသပေါ်လွင်အောင် အားထုတ်ရာ၌ ဓမ္မကို ကောင်းစွာမြင်ခြင်း ဓမ္မကို မှန်စွာမြင်ခြင်း ဓမ္မကို ယုံကြည်ခြင်း ဓမ္မကို သက်ဝင်ခြင်း ဓမ္မကို နှစ်သက်ခြင်း ဓမ္မကို လေးစားခြင်း ဓမ္မကို မြတ်နိုးခြင်း ၊ ဓမ္မကို ကိုးကွယ်ခြင်းဆိုသော
ယောနိသောမနသီကာရကို အစဉ်ထာဝရ သတိရစွာ ဦးထိပ်မှာ ထားခဲ့ပါ၏။ အခါအားလျော်စွာ အကျွန်ုပ်သည် ဓမ္မဒဿနကို ဓမ္မရုပ်စုံတွင် ကလောင်အမည် အမျိုးမျိုးဖြင့် ရေးသားခဲ့ရဖူးပါ၏။ ရေးသားရခြင်းအကြောင်းမှာ ဓမ္မရုပ်စုံတွင် ပါဝင်ရေးသားကြသော
ဆောင်းပါးများတွင် တစ်ခါတစ်ရံ ဓမ္မဒဿနစာမပါ သမားရိုးကျ
ဘာသာရေးအမြင်များသာ ပါဝင်နေကြသောကြောင့် မဂ္ဂဇင်း၏ မူဝါဒပေါ်လွင်အောင် အယ်ဒီတာချုပ်တစ်ဦးအနေနှင့် အကျွန်ုပ်က တည်းဖြတ်ပြင်ဆင်သောအခါ လိုချင်သော အတွေးစာ၊ ဒဿနစာမျိုး ပါမလာလျှင် ပါဝင်အောင် မိမိကပင် တမင်တကာ ပါဝင်ဖြည့်စွက်ထည့်ပေးရသောကြောင့် ဖြစ်ပါကြောင်း ဝန်ခံရမည်ဖြစ်၏။
တစ်ခါတစ်ရံ - ဆန်းလွင် တစ်ခါတစ်ရံ - နန္ဒမင်းခေါင် တစ်ခါတစ်ရံ - အာကာပျံ တစ်ခါတစ်ရံ - ရွှေဇံဦး တစ်ခါတစ်ရံ - အဲမွန်ဒြာ တစ်ခါတစ်ရံ - ဇယသိဒ္ဓိ တစ်ခါတစ်ရံ - တက္ကသိုလ်အောင်မှူး တစ်ခါတစ်ရံ - အယ်ဒီတာ တစ်ခါတစ်ရံ - မင်းသာလွန် ဟူ၍ ချွန်ချွန်ထက်ထက် ကလောင်သွက်စွာ စွက်ဖက်ပါဝင် ရေးသားခဲ့ရပါ၏။ ယခုအခါ ကာမဂုဏ်လောက လူ့ဘဝကို စွန့်ခွာနောက်ဆုံး ဘုန်းကြီးရဟန်းဘဝ ရောက်ခဲ့ပြီးမှ တစ်ရံရောအခါက ကျမိကျရာ ထွေထွေလာလာ ရှာရှာဖွေဖွေ ရေးမိလေသမျှ ဓမ္မဒဿန ဆောင်းပါး အကြောင်းများကို ပေါင်းထားသော စာတစ်ခုကို ပြုစုထုတ်ဝေလိုသော ဆန္ဒဖြစ်လာပြန်သောကြောင့် အဖြောင့်သဘောပြောမှသင့်မည် ကြံစည်မိသည်အလျောက်၊ ဤစာနိဒါန်း ပုလဲပန်းကို ဆန်းဆန်းကြယ်ကြယ် ဖွယ်ဖွယ်ရာရာ မဟုတ်ပါဘဲ ပုလဲများကို ခွဲခြားစဉ်စီ ညီညီညာညာ မဟုတ်ပါဘဲ ထုတ်ဝေသူများ သဘောထားကို လေးလေးစားစား နှလုံးထားကာ ပြုံးသောမျက်နှာ စေတနာဖြင့် များစွာကိုးစား တန်ဖိုးထားပြီး မညည်းမညူ သတိမူလျက် ကြည်ဖြူးခွင့်ပြုလိုက်ပါသည်။ ဖတ်သူဆန္ဒဖြစ်ပါစေ၊ နှစ်သက်စရာ ဖြစ်ခဲ့ပါမူ ရေးသူဆန္ဒ ပြည့်ပါ၏။