Skip to product information
1 of 3

Other Websites

ဆန်းလွင် - တရုတ်အတွေးအခေါ်ပညာရှင်ကြီးများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

အမှာစကား

အနောက်တိုင်း တွေးခေါ်မြော်မြင်ရေးသဘောတရားဆရာကြီးများ အကြောင်းကို “ကမ္ဘာ့တွေးခေါ်ရှင်ကြီးများ"စာအုပ်ဖြင့် တင်ပြခဲ့ပါသည်။ မြန်မာစာဖတ်သူအများက သိပ္ပံပညာကို စတင်ပေးခဲ့ကြသူ လောကအကျိုး ကို ရှေ့ရှုစဉ်းစားခဲ့ကြသူ အတွေးအခေါ်များကို လိုလိုလားလား အားပေး ဖတ်ရှုကြသည်ကို တွေ့ရသဖြင့် များစွာအားရခဲ့ပါသည်။ ။

အမှန်မှာ ဒဿနိကဗေဒ (Philosophy) ခေါ်သော အတွေးအခေါ် လုပ်ငန်းသည် အနောက်တိုင်းမှာသာ ပေါ်ပေါက်ခဲ့သည်မဟုတ်။ ကျွန်ုပ်တို့ အရှေ့တိုင်းမှာလည်း အထင်အရှား ပေါ်ပေါက်ခဲ့သည်ကို စာရှုသူတို့ လေ့လာ နိုင်စေရန် ဤ“တရုတ်တွေးခေါ်ရှင်ကြီးများ”စာအုပ်ကို အပတ်တကုတ် ၊ ပြုစုထုတ်ဝေလိုက်ရပါသည်။

 ကျွန်ုပ်တို့အရှေ့တိုင်းသားများ၏ အတွေးအခေါ်များနှင့် အနောက် တိုင်းသားတို့၏အတွေးအခေါ်များကို နှိုင်းယှဉ်လေ့လာရလျှင် စာဖတ်သူတို့ ၏ စိတ်ထဲတွင် စဉ်းစားစရာ၊ စာနာစရာ တစ်ပုံကြီးဖြစ်လာမည်ဟု ယုံ ကြည်ပါသည်။

လူတို့၏ဘဝသည် လူတို့၏အတွေးအခေါ်ကို စေ့ဆော်ပုံဖော်ကြ သည်။ အတွေးအခေါ် သဘောတရားသည်လည်း လူ့ဘဝကို ပြန်လည် ရှေ့ဆောင်တတ်ကြပြန်ပါသည်။ သို့ဖြင့် လူ့ဘဝသည် တစ်ဆင့်ထက်ကဲ တိုးတက်လာရသည်။ ယဉ်ကျေးလာရသည်။ ပိုမိုကောင်းမွန်ရေးသို့ ရှေ့ရှုလာ ရသည်။

အရှေ့တိုင်းသားများထဲတွင် တရုတ်လူမျိုးတို့ကား ယဉ်ကျေးမှုအား ဖြင့် ရှေးအကျဆုံးဖြစ်သည်ကို အများသိကြပါသည်။ ။

သူတို့သည် အတွေးအခေါ်အားဖြင့်လည်း ရှေ့တန်းရောက်လျက်ရှိရာ သူတို့ ဘယ်သို့ လောကကြီးကိုရှုမြင်ခဲ့ကြပုံ၊ လူ့ဘဝတိုးတက်ရေးအတွက် သူတို့ ဘယ်လိုကြံစည်ခဲ့ကြပုံ အလုံးစုံကို ဤစာအုပ်တွင် စာဖတ်သူတို့ လေ့လာကြရပေမည်။ ။

စိတ်ဝင်စားဖွယ်၊ တွေးရှုဖွယ်၊ ဆင်ခြင်ဖွယ်ရာများစွာကိုလည်း တွေ့ နိုင်ကြမည်ဟု မျှော်လင့်မိပါသည်။

ဤစာအုပ်ဖြစ်မြောက်ရေးအတွက် အဘက်ဘက်မှ အားပေးကူညီ ကြသော မိတ်သင်္ဂဟများ၊ တပည့်များအား အထူးကျေးဇူးတင်ကြောင်း ဖော်ပြပါသည်။

 မြန်မာစာပေနယ်သို့ အတွေးအခေါ်များကို ရောက်ရှိအောင် စတင် သည်ပိုးရသူအနေနှင့် အကန်အသင့်သော ချွတ်ယွင်းမှုများ၊ မပြည့်စုံမှုများ ရှိတန်သလောက်ရှိပါမည်။ ပြည့်စုံပြီဟုလည်း မယူဆထားသည့်အလျောက် နောင်အရှည်တည်တံ့စေရန် တစ်စတစ်စ ပြုပြင်မွမ်းမံသွားမည့်တာဝန်သည် ကျွန်တော်တို့အပေါ်တွင်ရှိပါကြောင်း။

(မြန်မာပြည်သူတို့ အတွေးအခေါ် ရင့်သန်ပါစေ)

ဆန်းလွင်

နိဒါန်း

တရုတ်အတွေးအမြင်များ၏ သဘောသဘာဝ

တရုတ်အတွေးအမြင်များ၏ သဘောသဘာဝကို အကြမ်း လေ့လာခြင်းအားဖြင့် အနောက်တိုင်းသားတို့၏ အတွေးအမြင်များနှင့် မည်သို့ ခြားနားသည်ကိုပါ အလွယ်တကူ သိမြင်နိုင်ပေသည်။

အနောက်တိုင်းသားတို့၏ အတွေးအမြင်များ (ဒဿနိကဗေဒ)သည် သဘာဝတ္ထသီ၌ ပညာ ဘာသာရေးတို့နှင့် နှီးနွယ်လျက်ရှိသော်လည်း တရုတ်အတွေးအမြင်များမှာ လူမှုရေးပညာများဖြစ်သော ကိုယ်ကျင့်တရား ပညာ၊ နိုင်ငံရေးပညာစာပေအနုပညာတို့နှင့်သာ နှီးနွှယ်လျက်ရှိ၏၊ လူမှုရေး အတက်ပညာများနှင့် ဤသို့ဆက်စပ်နေ ရခြင်းမှာ အခြားအကြောင်းကြောင့် မဟုက် အရှေ့တိုင်းသားတို့အနေနှင့် မည်သည့်အတတ်ပညာ၊ အသိပညာကို မဆို လူသားအတွက် အသုံးချရန်သာ ရည်ရွယ်ပြီး အသိပညာသည် အသိ  ပညာအတွက်သာဖြစ်သည်ဟု သဘောမျိုးမထားကြသောကြောင့် ဖြစ်၏။

 ပလေတိုနှင့် အာရစ္စတော်တယ်တို့က သိပ္ပံပညာသည် အံ့ဩခြင်းက စတင်ပေါ်ပေါက်သည်ဟု ဆိုခဲ့ခြင်းမှာ သိချင်နားလည်ချင်သော စိတ်က စသည်ဖြစ်၍ သိရခြင်း၊ နားလည်ရခြင်းရှိဖို့သာ အဓိကဟု ယူဆခြင်းဖြစ်ပေ သည်။

တရုတ်တွေးခေါ်ရှင်များကား ထိုသို့သဘောမထားတတ်ကြချေ။ တွေးခေါ်ရှင်တို့၏ အလုပ်မှာ သဘာဝဖြစ်ပျက်ခြင်းရာတို့ကို နားလည်ရန် နှင့် လူတို့၏ ဘ၀လိုအပ်ချက်များကို သိရှိရန်ဖြစ်သည်ဟု ယူဆကြလေ သည်။

ဤကား သဘောတရားရေးသက်သက် အသိပညာသက်သက်ထက် လက်တွေ့သဘောဘက်သို့ ပို၍ယိုင်ညွတ်ခြင်းဖြစ်ပေသည်။ ထို့ပြင် လူ၏ အစွမ်းသတ္တိ၊ ကြံစည်ဖန်တီးမှုစွမ်းအားတို့ထက် ကိုယ်ကျင့်ကရားကိုသာ ပို၍ အရေးထားမှုကြောင့် တရုတ်အတွေးအမြင်များမှာ သိပ္ပံပညာ၏အုတ်မြစ် ကင်းမဲ့ခဲ့ခြင်း ဖြစ်ပေသည်။ တရုတ်လူမျိုးတို့သည် ရှေးကျစွာ ယဉ်ကျေးမှု ထွန်းကားခဲ့၏။ စက်မှု တီထွင် ဖန်တီးမှုများကိုလည်း အမှတ်ထင်ထင် ပြုလုပ်ခဲ့ကြ၏။ သို့ဖြစ်၍ သိပ္ပံပညာဘက်တွင်လည်း ကြီးကျယ်ထွန်းကား သင့်သည်ဟု တွေးတောယူဆဖွယ်ရာ ရှိ၏။ သို့ရာတွင် ကိုယ်ကျင့်တရား ကိုချည်း နေရာတကာတွင် ရှေ့တန်းတင်မှုများကြောင့် ထင်သလောက် ထွန်းကားခြင်း မရှိခဲ့ခြင်း ဖြစ်၏။ ဤနေရာတွင် “တာအို” ခေါ် ထွက်ရပ် လမ်းဝါဒီတို့ကြောင့် သိပ္ပံပညာဘက်တွင် အရိပ်အမြွက် တိုးတက်ခဲ့သည် ကို ဖော်ပြသင့်၏။

“တာအို” ခေါ် ထွက်ရပ်လမ်းဝါဒီတို့သည် ပြဒါးရှင်လုံး နှင့် အသက် မသေဆေးကို ရှာရန်အတွက် အဂ္ဂိယတ် ထိုးခဲ့ကြရာမှ ဓာတုဗေဒပညာ အစပျိုးခဲ့ကြောင်း တွေ့ရ၏။ တရုတ်လူမျိုးတို့သည် အနောက်တိုင်းသား များလောက် ဘာသာရေးကိုလည်း အရေးမထားကြပေ၊ ထာဝရ ဘုရား သခင် ရှိသည်ဆိုသော အယူအဆများကိုလည်း လက်မခံကြပေ။ ချောင် မင်းဆက်တွင် ပေါ်ပေါက်ခဲ့သော 'မိုဇူး’ ဆိုသူ တွေးခေါ်ရှင် တစ်ဦး သာလျှင် ကောင်းကင်ဘုံနှင့် ထာဝရဘုရားဝါဒကို လက်ခံ ယုံကြည်ကြကြောင်း တွေ့ရ၏။ အများအားဖြင့် အနောက်တိုင်းသားတို့သည် ဘုရား တရား ကြည်ညိုကြ၏။ တရုတ်တို့က ဘာသာရေးထက် ကိုယ်ကျင့်တရား နှင့် နိုင်ငံတော်သားကောင်း ဖြစ်ရေး၊ လူပီသရေးကိုသာ အဓိကထား စဉ်းစားတတ်ကြ၏။

တရုတ် တွေးခေါ် မြော်မြင်ရေး သဘောတရား (ဒဿနိကဗေဒ)နှင့် အနောက်တိုင်း တွေးခေါ်မြော်မြင်ရေး သဘောတရားတို့သည် လောက ကြီး၏ အဖြစ်အပျက်များကို ရှုမြင် လေ့လာပုံ နည်းနိဿယများကိုလည်း မတူကြချေ။ ပါမောက္ခ“အက်ဖ် အက်စီ-နော့သရော့ ဆိုသူကအရှေ့နှင့် အနောက်တိုင်းသားတို့၏ လောကအမြင်ဆိုင်ရာနည်းလမ်းများ ကွဲပြားမှု ကို အောက်ပါအတိုင်း ခွဲခြား ဖော်ပြခဲ့၏။ အရှေ့တိုင်းသားတို့၏ နည်းကို တင်္ခဏုပ္ပတ္တိခေါ် တစ်မုဟုတ်ချင်း ရှုမြင်နည်း၊ အနောက်တိုင်းသားတို့၏ နည်းကို အနုမာန မျက်ရမ်းဆနည်းဟု သူက ဆိုလေသည်။

တရုတ်တွေးခေါ်မြော်မြင်ရေး သဘောတရားများမှာ ပထမနည်း  အရ ကမ္မဌာန်းနည်း၊ ယောဂီနည်းများဖြင့် လောက၏ ဖြစ်ပျက်ခြင်းရာ ကို သိအောင် ကြိုးစားသည်။ အနောက်တိုင်းသားတို့မူကား မြော်မြင် တွေးဆမှုနှင့်ယုတ္တိဗေဒ အရသာလျှင် လောက၏ ဖြစ်ပျက်ခြင်းရာများကို လေ့လာကြသည်။ ဤသို့ လောကအကြောင်းကို လတ်တလော တစ်မုဟုတ်ချင်း ဉာဏ်အဟုန်ဖြင့် သိအောင် ကြိုးပမ်းမှုများကြောင့် တရုတ် အတွေးအမြင်များတွင် ယုတ္တိဗေဒဘက်၌ အားနည်းကြောင်းတွေ့နိုင် သည်။ အထူးသဖြင့် လက်တွေ့ စမ်းသပ် တီထွင်မှုဘက်တွင် လုံးလုံး လျားလျား ချို့ယွင်း ပျက်ကွက်ခဲ့ရ၏။ .

အရှေ့ အနောက် အတွေးအမြင်ပညာ၌ နောက်ထပ် ကွဲပြား ခြား ချက်များလည်း ရှိသေး၏။ ၎င်းမှာ အကြောင်းအရာ ခြားနားမှုပင် ဖြစ် သည်။ အနောက်တိုင်းသားများသည်အတွေးအမြင်ပညာ၌ အကြမ်းအား ဖြင့် အကြောင်းအရာ ငါးခုကို အဓိကထား၍ လေ့လာကြသည်။ ၎င်းတို့ မှာ ယုတ္တိဗေဒခေါ် လေ့လာမှု နည်းဥပဒေသများ၊ အလှအပသဘော၊ ( ကိုယ်ကျင့်တရားပညာ နိုင်ငံရေးဗေဒနှင့် တက္ကိကဝါဒတို့ဖြစ်ကြပေသည်။ တရုတ် အတွေးအခေါ်များတွင် ကိုယ်ကျင့်တရားနှင့်လက်တွေ့ အသုံးချ ရေးကိုသာ အရာရာတွင် ရောယှက် စဉ်းစားသည်ကို တွေ့နိုင်ပေသည်။ 

 ဤသို့ဆိုခြင်းကြောင့် တရုတ်တို့တွင် ယုတ္တိဗေဒ သော်လည်းကောင်း၊ အလှအပပညာနှင့် တက္ကိကဝါဒ သော်လည်းကောင်း ပါဝင်ခြင်းမရှိဟု မဆိုလိုပေ။ ၎င်းတို့အားလုံးပင် တသီးတခြား တစ်ခန်းတစ်ကဏ္ဍ အနေနှင့် မရှိဘဲ အားလုံး ကိုယ်ကျင့်တရားနှင့်သာ နှီးနွှယ်နေသည်ဟု ဆိုလိုခြင်းသာ ဖြစ်သည်။ တခြားသော ကွဲပြားမှု တစ်ရပ်လည်း ရှိပေသေး၏။ ၎င်းမှာ အနောက်တိုင်း အတွေးမြင်များတွင် ပဋိပက္ခ (ဆန့်ကျင်ဘက်) သဘော များ ပေါ်လွင်လျက်ရှိ၏။ ဥပမာ- ဘုရားနှင့်လူသား၊ ရုပ်နှင့် နာမ်၊ ပုဂ္ဂလိက နှင့် သံယိက စသည် ဖြစ်၏။ တရုတ်တို့ကား ထိုသို့မရှိ။ လူသည် စကြဝဠာ ၌ အစိတ်အပိုင်း ဖြစ်၍ စကြဝဠာသည် လူ၏ အစိတ်အပိုင်းတစ်ရပ်အဖြစ် မြင်သည်။ အထူးသဖြင့် တရုတ်တို့သည် လောကကြီး၏ ညီညွတ်စွာ ဖြစ်ပေါ်မှု သဘောကိုသာ ပို၍ နားလည်ကြ၏။

တရုတ် တွေးခေါ် မြော်မြင်ရေး သဘောတရား၏ အနှစ်သာရဖြစ် သော `တာအို” ခေါ် ထွက်ရပ်လမ်းဝါဒ၌ ဆန့်ကျင်ဘက်ဟု ထင်ရသော အယူအဆ နှစ်ခုရှိသည်။ ဥပမာ- “ယင်” နှင့် “ယန်း” ဆိုသော သဘော  ဖြစ်သည်။ “ယင်”ဆိုသည်မှာ မဓာတ် ဖြစ်ပြီး “ယန်း' မှာ ဖိုဓာတ် ဖြစ်၏။ သို့ရာတွင် ဤဖိုဓာတ်နှင့်မဓာတ်မှာ ဆန့်ကျင်ဘက်များ မဟုတ် တာအို အတွက် လိုအပ်သော အစဉ် ညီညွတ် ပေါင်းဆုံမှုရှိသည့် ဓာတ်များ ဖြစ် သည်ဟု တရုတ်တို့က ယူဆသည်။

အလားတူပင်“ယု”နှင့်“ဝု” ဆိုသော သဘောဖြစ်ရပ်မှာ ဂရိတိုင်းသား တို့ ယူဆသော ရှိခြင်း (အတ္တ) နှင့် မရှိခြင်း (အနတ္တ) ဟု ယူဆဖွယ်ရှိ၏။ သို့သော် ၎င်းတို့လည်း မဆန့်ကျင်ဘဲ တာအိုတွင် ပေါင်းဆုံကြသည်ဟု ဆိုသည်။

တရုတ်တွေးခေါ်မြော်မြင်ရေး သဘောတရား အစ

တရုတ် အတွေးအမြင်များသည် အတွေးအမြင် ရေစီးကြောင်း နှစ်သွယ်မှ စတင် စီးဆင်းလာကြ၏၊ ထို ရေစီးကြောင်းနှစ်သွယ်မှာ ကွန် ဖြူးရှပ်၏ အတွေးအမြင်များနှင့် လာအိုဇူး၏ တာအိုဝါဒ” ခေါ် အတွေး အမြင်များ ဖြစ်ကြသည်။ ထိုအတွေးအမြင် နှစ်ရပ်စလုံးပင် ဘီစီ ခြောက် ရာစုခေတ်လောက်က ပေါ်ပေါက်ခဲ့ကြ၏။ ဤသို့ဆိုရသော်လည်း တရုတ် တွေးခေါ် မြော်မြင်ရေး သဘောတရားများမှာ ကွန်ဖြူးရှပ်နှင့် လာအိုဇူး တို့က စတင်ခဲ့သည် ဟူ၍ကား သေချာစွာ မဆိုသာချေ။ အဆိုပါတွေးခေါ် ရှင်ကြီး နှစ်ဦးစလုံးပင် တရုတ်တို့၏ ဂန္ထဝင် အတွေးအမြင်များကို မှီငြမ်း အသုံးပြုခဲ့ကြကြောင်း တွေ့ရသည်။

ရှေးဟောင်း အမွေအနှစ်များအရ တရုတ်တို့၏ တွေးခေါ် မြော်မြင် ရေး သဘောတရားသည် “

ပါကောင်း”ခေါ် မျဉ်းဖြောင့်များကို အမျိုးမျိုး အဖုံဖုံဆက်စပ် ဖော်ပြထားသော အောက်ပါပုံမှ စတင်သည်ဟုဆိုနိုင်ပေ သည်။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)