ဆန်းလွင် - ဉာဏ်လမ်းပေါ်လျောက်လူတစ်ယောက်အကြောင်း
စိတ်စမ်းစာ
ခေတ်အကြိုက် သဘောကို 'စတိုင်” (Style) ဟု ခေါ်သည်။ ထို သဘောသည် ကြာရှည် မခံတတ်၊ အသစ် အသစ် ဖန်တီးနေရသော ရသဖန်တီးမှုဖြင့်သာ သစ်ဆန်းစွာ တည်ရသည်။ ဤစာကို ရေးမည် ဆိုတော့ ဘယ်လို စတိုင်နှင့် ရေးမလဲဟု စဉ်းစားခဲ့ရသည်။ စိတ်ထဲမှာ စတိုင်သစ် တစ်ခု၊ ဟန်သစ် တစ်ခု ဖြစ်စေချင်သည်။ သို့သော် ဘယ် ပရိသတ် အတွက်လဲဟု ထပ်ဆင့် မေးရပြန်သည်။
အဆင့်မြင့် စာဖတ် ပရိသတ် အတွက် ရည်ရွယ်လိုသည်။ အဆင့်မြင့် စာဖတ် ပရိသတ်၏ သဘောကို ဘယ်လို မြင်သလဲ ဟု မေးရပြန်သည်။ *
အရွယ်ရောက်ပြီးသော သူသည် ရင့်ကျက်သော သဘော ရှိသည်။ ထိုသူသည် ကလေးများ ကြိုက်သော သရေစာ အချဉ် ထုပ်မျိုးကို မကြိုက်ပါ။ သူသည် ထူးခြားသော သဘော ရှိသည်။ ရုပ်အစာကိုထက် စိတ်အစာကို ပိုပြီး ကြိုက်တတ်သည်ဟု ထင် ပါသည်။ စိတ်အစာကို Food for Thought ဟု ဆိုပါသည်။
လောကမှာ ပျော်ရွှင်မှု နှစ်မျိုး ရှိသည်ဟု ဆိုသင့်ပါသည်။ စိတ်လှုပ်ရှားရသော ပျော်ရွှင်မှု emotional pleasure က တစ်မျိုး။
စိတ်ကြည်လင်၍ အေးချမ်း ငြိမ်သက်သော ပျော်ရွှင်မှု equanimous pleasure က တစ်မျိုးဖြစ်သည်။
' အဆင့်မြင့် စာဖတ် ပရိသတ်သည် စိတ်တည်ငြိမ် အေးချမ်း မှုကို အရသာခံလိုသော ပရိသတ် ဖြစ်သည်ဟု အကျွန်ုပ် မှတ်ယူပါ၏။
ခေတ်ရေစီးကြောင်းက ပြောင်းနေပြီ ဆိုတော့ ရင့်ကျက် သော စာဖတ်ပရိသတ် အကြိုက်ကလည်း ပြောင်းနေပြီဟု ထင် ပါသည်။ ထို့ကြောင့် ဤစာကို “စိတ်စမ်းစာ' တစ်ခု အဖြစ် ရေး ပြီး အကဲစမ်းလိုက်ပါသည်။
ဤစာကို ဖတ်သော အဆင့်မြင့် စာဖတ်ပရိသတ်သည် ကမ္ဘာကို လှမ်းမျှော်ကြည့်တတ်သော၊ ယနေ့ ကမ္ဘာပေါ်မှာ ဘာ တွေ ဖြစ်နေသလဲ ဆိုသည်ကို သိသော၊ အင်္ဂလိပ်စာကို ဖတ် တတ် နားလည်တတ်သော ပရိသတ်လည်း ဖြစ်ပါသည်။
ဤစာသည် ထိုပရိသတ်ကို ရည်ရွယ်ပါသည်။ အတွေး အခေါ် ဒဿန အမြင်လည်း ရှိ၊ ထေရဝါဒ ဗုဒ္ဓဘာသာ အသိ ပညာကိုလည်း လိုလား၍ ကမ္ဘာသုံး အင်္ဂလိပ်စာကိုလည်း စိတ် ဝင်စားသော အဆင့်မြင့် စာဖတ်ပရိသတ် အတွက် တရား အရသာ ကိုရော အင်္ဂလိပ်စာ အရသာကိုပါ ခံစားရအောင် အဆင်ဆန်း တစ်ကွက် ထွင်ပြလိုက်ခြင်း ဖြစ်ပါသည်။
ဤအဆင့်ကို ကြိုက်သူ ရှိကောင်း ရှိနိုင်သလို၊ မကြိုက် သူလည်း ရှိကောင်း ရှိပေလိမ့်မည်။
ဉာဏ်အမြင်ကျယ်သော၊ ခေတ်မီသော၊ သဘောထားကြီးသော၊ ကမ္ဘာကို လှမ်းမျှော်ကြည့်ချင်သော စာဖတ်သူကို အဆင့် မြင့် စာဖတ်သူဟု အကျွန်ုပ် သတ်မှတ်ပါသည်။ ။
ထို ပရိသတ်သည် အမှန်တကယ် ပေါ်ထွန်းနေပြီ ဆိုပါက ဤစိတ်စမ်းစာသည် သူတို့ ကြိုက်သော Food for Thought ဖြစ် မည် ဧကန်ထင်ပါ၏။
စာရေးသူ ဆန်းလွင်
Superior To Any Other Creed
As a student of comparative religions, I believe that Buddhism is the most perfect one the world has ever seen.
The philosophy of the Buddha, the theory of evolution and the Law of Kamma were far superior to any other creed.
Prof. Karl Gustav Jung
အခြား ဘာသာ အယူဝါဒများထက် ကြီးမြတ် သာလွန်
ဘာသာ အယူဝါဒ အသီးသီးကို နှိုင်းယှဉ် လေ့လာသူ သုတေသီ တစ်ဦး အနေနှင့် ကျွန်ုပ် ယုံကြည်သည်ကား ဗုဒ္ဓ ဘာသာသည် ကမ္ဘာမှာ ပေါ်ထွန်းသော ဘာသာတရား ခပ်သိမ်း တို့တွင် ပြီးပြည့်စုံဆုံးသော ဘာသာတရား တစ်ခု ဖြစ်ပါသည်။
ဗုဒ္ဓ၏ အဘိဓမ္မာ၊ ပဋိစ္စသမုပ္ပာဒ် တရားနှင့် ကမ္မနိယာမ သဘောတရားများသည် တခြား အယူဝါဒ အားလုံးတို့ထက် သာလွန်ပါသည်။
ပါမောက္ခ၊ ကားလ်၊ ဂူးစတစ်၊ ယန်း
နမောတဿ ဘဂ၀တော အရဟတော သမ္မာသမ္ဗုဒ္ဓဿ
ဥဒါန ကထာ
ဂင်္ဂါ ဝါဠု သဲစုမက ဘုရားတွေ ပွင့်လိုက်ကြတာ ဘယ် သာသနာကိုမှ မကြုံလိုက်ကြပါကလား။ ယခုလောက် ကြာအောင် မကျွတ်ဘဲ နေလာကြရတာ သာသနာနှင့် လွဲလို့ပေါ့။ ဘုရား အဆူဆူ ပွင့်တော်မူပါလျက် လူမဖြစ် နတ်မဖြစ် အောက်ထစ်ဆုံး ဘဝ ငရဲက ပြန်မတက်လို့လား။ အဝိဇ္ဇာ ကွင်းဆက် မပျက် မပြတ်ဘဲ တဝဲလည်လည် အပါယ်ဘုံမှာ စုန်ဆန်ကာသာ အနေကြာခဲ့တာလား။ ခုတစ်ခါကျမှ လူ့ရွာ လူ့ဘဝဘဝအကြောင်း တစေ့တစောင်းတော့ စဉ်းစားဖို့ ကောင်းပါသည်။ လူဖြစ်သည့်ခဏ ခုဘဝကျမှသာ ကိုယ့်ဘာသာ ကိုယ့်အကြောင်း ဟောင်းခဲ့ သစ်ခဲ့ ကောင်းခဲ့ မကောင်းခဲ့ စောင်းငဲ့လို့ တစ်ဖန် ပြန်လည် စဉ်းစား စမ်းတဝါး သိနိုင်စဉ် ဘဝ အမျှင် အစကို သင့်ရာက ဆွဲပြီး ခွဲခြား ရှုမြင် သိနိုင်သမျှ ဆင်ခြင်၍ ကြည့်ကြပါစို့။ ယခု ဘဝ ရောက်မလာကြခင်က ဘဝ ဘယ်မှာ အနေကြာခဲ့ပေါ့
သုံးသပ် ဆုံးဖြတ် နှလုံးကပ်ပြီး စဉ်းစားတတ်လို့ ကိုယ့်ဘဝဖြစ်အင် ကိုယ့်အကြောင်းကို မြင်တော့ သွင်သွင် စီးကျ မျက်ဝန်းအစုံမှာ မျက်ရည်စတွေနှင့်ပါကလား။ မိုက်မှားခဲ့လေသမျှ အသည်းက နာကျင် ဘယ်လိုပင် ဖြေဖျောက်သော်လည်း မျက်ရည်စ မခြောက်ပါဘူး၊
ကြောက်စရာ့ သံသရာမှာ ဝဋ်ဒုက္ခ ရှည်ခဲ့ပါပြီ။ ယခု ဘဝ ဘဝ အရှိ သိဖို့တော့ သင့်ပြီထင့် တွေးချင့်စရာ လူမို့သာ စဉ်းစားနိုင်တာနော်။
မချိမဆုံ ထိတ်ထိတ်လန့်လန့်နှင့် လူးလွန့်ထူထ ဖုန်ခါချပြီး ရှေ့မှာ မြင်ရ မှုန်ပျပျ အဆင်းလမ်းကို အတက်လမ်း ထင်၍ မှန်းဆ လျှောက်ပြန်တော့ နောက်ဘဝ တစ်ခါ ချောက်ကျရပြန်တာပေါ့။ ကံလမ်းပေါ်မှာ ပုထုဇဉ် သူ့ခမျာ ဘဝပေါင်းများစွာလျှောက်ခဲ့ပြီးပါလျက် အတက်လမ်းပေါ် သူ မရောက် နောက်ပြီးရင်း နောက်ကျကာသာ ကာလများစွာ ကြာခဲ့ပါပြီလေ။
သြော် ပုထုဇဉ် မမြင်မျက်ကန်း သံသရာ အဆင်းလမ်းမှာ စမ်းတဝါးဝါး လျှောက်သွားနေလိုက်တာ၊ ရှေ့မှာ ဘဝချောက်က မတ်စောက်စောက် ရှိသော်လည်း သူကမှ မမြင်တော့ ခြေချော်ပြီး ချောက်ကျတာ ဘာဆန်းမလဲ၊ လဲမှ နာ နာ မှသိ ဘဝများစွာမှာ ကံကြွေး ဝင့်ကြွေး ကုဋေကုဋာကို
ခန္ဓာနှင့် ပေးဆပ် အသားနှင့်ဆပ် အသွေးနှင့်ဆပ် အရေခွံနှင့်ဆပ် ပခုံးနှင့် ထမ်းဆပ် တုံးထမ်း၍ ဆပ်ခဲ့ကြပြီးပြီ၊ ကံကြွေးဟောင်း အလီလီကို ပြေလည်အောင် ပေးဆပ်ခဲ့၍သာ ယခုတစ်ခါ လူ့ပြည်မှာ လူဖြစ်လာရတာကို အခွင့်ကောင်း မထင် မဆင်မခြင်ဘဲ အလွဲနေ အလေလိုက်ပြီး အမိုက်အမဲ ငရဲမကြောက် ကံလမ်းပေါ်မှာ နောက်တစ်ခါ လျှောက်ကြလျှင်ဖြင့် သင့်လောက် မိုက်သူ ဇမ္ဗူမှာ မရှိ မိုက်ခေါင်ထိပြီ မှတ်ပါတော့။
စွဲလမ်းထင်မှု “ဒိဌိ” စုကို ယခုဘဝ ပယ်သတ်မှသာ သံသရာဝဋ် အပြီးကျွတ်၍ လွတ်လွတ်လပ်လပ် ပြီးပြတ်ဒုက္ခ ချုပ်ငြိမ်းရသည့် ခပ်သိမ်း အရိယာ တို့ပမာလျှင် ဉာဏ်လမ်းမှာ လျှောက် လူတစ်ယောက်သည် ထွန်းပေါက် အောင်မြင် ခရီးတွင်လိမ့်။
မဆင်မခြင် အမြင်အသိ မရှိချက်ကန်း စမ်းတဝါးဝါး ကံလမ်းမှာ တစ်ခါ သွားကြပါမူကား ဆိုးဆိုးဝါးဝါး မှောက်မှောက်မှားမှား ကင်းပါးလွင့်စဉ် အပါယ်ကိုပင် လိုချင်လို့ လုပ်ယူနေကြသလို မဆိုလည်းဖြစ် ဆိုလည်းဖြစ်ဖို့ စစ်စစ်မှန်မှန် “သမ္မာ ဒိဌိ” ဉာဏ်မျက်စိဖြင့် ဘဝကိုလှန် ရေဆန်ခရီးမှာ မဂ္ဂင်ဖောင်ကြီး အပိုင်စီး၍ အပြီးသွားရန် အတွက် ရုပ်နာမ် ဓမ္မ သင်္ခါရကို ငါပဲ ငါဟာ ငါဥစ္စာဟု သုဂတိမှာ လူဖြစ်လာရ ဤဘဝထက် နေ့ရက်ရှည်ကြာ နေလာကြတာ ဘာ အဓိပ္ပာယ် ရှိသလဲ။ စားဖို့ ဝတ်ဖို့၊ နေဖို့ ထိုင်ဖို့ မချို့ရအောင် ရွှေရောင် ငွေရောင် စိန်ရောင် ထွန်းပ တပြပြနှင့် လှပသည်ထင် သင့်ရုပ်သွင်ကို သင် မသေခင် ကြေးမုံမှန်ထောင် ဓာတ်ပုံပေါင်ထဲ သဲသဲကွဲကွဲ သရုပ်ခွဲခြား
အမှန်တရား ပေါ်အောင် မျက်တောင်မခတ် ရပ်၍ ကြည့်စမ်း။ ဘဝလမ်းမှာ သင် ထမ်းခဲ့ရ ဝန်ထုပ်ပမာဏ ကြီးလွန်းလှ၍ ညှိုးနွမ်း ရုပ်သွင် သင့်ပါးပြင်လည်း ချိုင့်ဝင်လျက်သား၊ သင့်သွားတွေလည်း ဖရိုဖရဲ ကျိုးတိုးကျဲ၍ မွဲခြောက်သားရေ ရိုးကြေရွက်ကျဲ သေပွဲဝင်ရ * သင့်ဘဝမှာ ဘာကို အဓိပ္ပာယ်လို့ ဆိုချင်သလဲ။ လိုချင်စရာ ဘာတန်ဖိုးတွေ ရှိသလဲ။ ဘဝဖြစ်ပုံ ဆင်ခြင်တုံတရား ရှေ့မှာထား၍ စဉ်းစား နှိုင်းထောက် မိုးသောက်က နေဝင် ပူပင် ကြောင့်ကြ တောင့်တ ကြိုးကုတ် အလုပ်နှင့်လက် ရက်ဆက်လများ တဖားဖားနှင့် စားဝတ်နေရေး တွေးပူရင်လေး စိတ်မအေးဘဲ ကျိတ်တွေးကြံဆ လုပ်နေရလည်း ဘဝပြည့်စုံ မဖူလုံခဲ့။ ' ပစ္စည်းမျိုးစုံ စုပုံနေလည်း မသေအောင် စား မအားအောင် ရှာ ဤခန္ဓာကို စားပါ သောက်ပါ ဝတ်ဆင်ပါဟု ဖျာပျာသလဲ ကျွန်မဲ့ ကျွန်စုတ် လုပ်ကျွေးပြုစု ယုယချစ်ခင် နင်က ကြင်နာ နှင့်ခန္ဓာက မညှာ နှင့်ကို အိုလိုက် နာလိုက် သေမင်းကြိုက်အောင် ရိုက်ထောင်းပုတ်ခတ် အသေသတ်လည်း မပြတ်သံယောဇဉ် အမျှင်တန်းကာ ငါ့ကိုယ်ငါ့ဟာ ဥစ္စာဟု သင့်မှာ ဒိဌိ ခံနေသည်။
ဤခန္ဓာမှာ ဘာကို သင်က ချစ်နေရသလဲ။ အထင်ကြီးစရာ ဤခန္ဓာမှာတန်ဖိုး ဘာတွေ ရှိသလဲ။ ဖရိုဖရဲ ပြိုကွဲဖောက်ပြန် အလောင်းကျန်မှ ရွာက လက်မခံ သုသာန်ကို ထုတ် မီးဖုတ် ဖျက်ဆီး အချည်းနှီး ဘဝ သုံးမရဘဲ ဆုံးရှုံးရပြီ မဟုတ်လား။
နောက်ဘ၀မှာ ပါယ်ရွာဇာတိ ကျိုးမရှိဘူး အတိဒုက္ခ ရောက်ရတစ်ခါ သံသရာလမ်း ကံထမ်းသမား
လျှောက်သွားရပြန်ပြီ။ မတ်စောက် ကြီးမား ဘဝ ချောက်ကမ်းပါးမှာ ဇောက်ထိုးမိုးမျှော် ကျရင်းပျော်သည် သြော် အန္ဓလူမိုက် ဒုက္ခကြိုက်ရယ်။ နင့်ထက် မိုက်သူ ဤဇမ္ဗူမှာတော့ ရှာလျှင် ရှားမည် ငါထင်သည်။
လူဖြစ်နေတာ ခန္ဓာလား ငါလား ကွဲကွဲပြားပြား နားမလည်ခဲ့ပါဘူး။ ” ငါးပါးခန္ဓာ သူ့သဘာဝက 'အနိစ္စ” မို့ တားမရ ဆီးမရ ဖောက်ပြန်၍ ပြပါလျက် တပ်မက်ခဲ့တာ ငါ စွဲလမ်းမိတာ ငါ ဉာဏ် မရှိတာ ငါ အမှန် မသိတာ ငါ တရား မရှိတာလည်း ငါ အမှား မသိတာလည်း ငါ၊ အခုကျခါမှ အသက်က ကြီး ဇရာဖိစီး ၊ ရောဂါတွေ သည်းထန်လျက် သေခါနီးရောက်မှ ဖောက်ပြန်သော ရုပ်နာမ်ကို ဆင်ခြင်ဉာဏ် ရောက်ပါသည် ဘဝအသိက... နောက်တော့ကျသွားပြီလေ။ လုပ်စရာလည်း မရှိ ဖြစ်စရာလည်း မရှိ ရစရာလည်း မရှိ အားလုံး ဗလာနတ္ထိ ဘာဆို ဘာမှ မရှိပါကလား။
တရားကို သိတော့ ဘဝက လက်ချည်းကျန် ဖြစ်တော့မည်။ အသေမဦးမီ ဉာဏ်ဦးအောင် လုပ်မှပေါ့၊
သံဝေဂ အသိနှင့် ကိုယ့်ကိုယ်ကိုယ် ပြန်ကြည့်မိတော့ ကိုယ့်အဖြစ်ကို သိပြီ။ မနစ်နာအောင် ကြံဆောင်မည်ဆိုလျှင် အချိန်မီသေးတာပဲ၊ ဇွဲမလျှော့ဘူး စိန်နှင့် ဆန်ကွဲ ဘာဖြစ်လို့ မလဲရမှာလဲ၊
ညစ်မည်းနေတဲ့ အသည်းကို ပြောင်အောင် တိုက် မိုက်မှောင်နေတဲ့ ဘဝထဲက ထွက် အသက်နှင့် “သစ္စာ” ဒီတစ်ခါ လဲလိုက်မည်။ ကြံစည်ပြီးသော သူတစ်ယောက် ဉာဏ်လမ်းပေါ်မှာ လျှောက်မည်။ ခရီး ရောက်သင့်သလောက်တော့ ရောက်ဦးမှာပေါ့၊ ရောက်မှာပေါ့နော်။
(ရှင်အာဒိစ္စရံသီ) ဆန်းလွင်