Skip to product information
1 of 3

Other Websites

ဆင်ဖြူကျွန်းအောင်သိန်း - သမီးရည်းစား၀ထ္ထုတိုများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဟိုအဝေးမှ တုံးကြီးခေါက်သံထွက်ပေါ်လာသည်။ အမေနိုးမည်စိုး၍ ခြေဖော့ နင်းကာ အိမ်ပေါ်မှ ဆင်းခဲ့ပြီးမှ နွားစာရေနှင့် အေးဆောင် မျက်နှာသစ်သည်။ ခါတိုင်း မျက်နှာသစ်နေကျ ရေအိုးမှာ မီးဖိုထဲတွင်ရှိ၏။ ထိုနေရာသို့ အေးဆောင်၏ အိပ်ရာနေရာမှ ထသွားလျှင် အသွားအပြန် ဆယ်လှမ်းခန့်ဝေးသည်။ အိမ်တွင် ခင်းထားသော ဝါးကြမ်းတွေက ဆွေးနေပြီ၊ အကွပ်ခပ်များများလည်း ပြုတ်နေပြီ။ သည်အခြေအနေနှင့် ဆယ်လှမ်းလှမ်းလျှင် မည်မျှပင် ခြေချညင်သာငြား အမေနိုး လိမ့်မည်။ သို့ကြောင့် အေးဆောင်သည် အိမ်ပေါ်မှ အရအမိဆင်း၏။နွားစာခွက်ထဲ ထည့်ရန် အသင့်ခပ်ထားသော ဘဲဥအိုးထဲမှ ရေဖြင့်မျက်နှာသစ်ကာ ခါးမှ ပုဆိုးဖြင့် မျက် နှာသုတ်၏။ အေးဆောင်သည် မျက်နှာသုတ်လျှက်တန်းလန်းဖြင့်ပင် နွားတင်းကုပ် အစပ်သို့ ဝင်ခဲ့၏။ ခိုင်းနွားကြီးနှစ်ကောင်သည် ငြိမ်သက်စွာရပ်၍ စားမြုံ့ပြန်နေကြ သည်။ နွားတွေကို သူက မကြည့်အား၊ ယာပြင်သို့ အချိန်မီရောက်ရန် စိတ်စောနေသည်။ လက်ခံဒေါင့်တိုင်တွင် ချိတ်ထားသော လွယ်အိတ်ကို ဖြုတ်၍ လွယ်ကာ၊ ထုတ်တန်းတွင် ထိုးထားသော သုံးခွမှိန်းနှင့် တံစက်မြိတ်တွင် ညှပ်ထားသော ဓားမတိုကို ယူ၍ တဲထဲမှ ထွက်ခဲ့သည်။ ထို အခါကျမှ ခေါင်းကို တံစက်မြိတ်နှင့် ထိုးမိသည့် အတွက် ခေါင်းမှာ အဆောင်းအအုပ်မပါသေးပါကလား သတိရသည်။ ထို့ကြောင့် နှမ်းဖတ်စိမ်ထားသော အိုးဖက်သို့ လှမ်းလိုက်သည်။ နှမ်းဖတ်စိမ်သော အိုးကို ခမောက်ဖြင့် အုပ်မြဲဖြစ်ငြား၊ ယနေ့မူမရှိ။ ထန်းပလတ်ကပ်ပြား ဖုံးထားသည့်အတွက် ကြမ်းပြင်တွင် လှမ်းထားသော ပုဆိုးစုတ်တစ်ထည်ကို ဆွဲယူခဲ့သည်။ လမ်းလျှောက်ရင်း ခေါင်းပေါင်းလိုက်သည်။

အရှေ့ဘက် တံတိုင်းမည်းကြီးတွင် အာရုဏ်ရိပ် အစင်းအစက်များ ထင်စသာရှိ သေး၏။ ကျီးကန်းများပင် မနိုးသေး။ သို့ဖြစ်ငြား လှုပ်ရှားမိသည်ဆိုရုံဖြင့် အေးဆောင် ချွေးပြန်လာ၏။ဝိုးတဝါး မြင်ကွင်းအတိုင်း အေးဆောင် လျှောက်လာသည်။ လျှောက် နေကျလမ်းမို့ ရွာပြင်သို့ သွက်သွက်လှမ်းလာနိုင်သည်။ ဖိုးအုပ်ကျော်ယာစပ်အရောက် တွင် လင်းရောင်ပြေးလာပြီး၊ လှည်းလမ်းကိုပင်ရေးရေးမြင်ရပြီး၊ လွယ်အိတ်ထဲမှ ပြောင်း ဖူးဖက်ဆေးလိပ်ထုတ်ကာ မီးညှိယင်း အေးဆောင် ချိန်ဆသည်။ တောင်ဖက် သွားရ  ကောင်းနိုး၊ မြောက်ဖက် သွားရကောင်းနိုး၊ ယမန်နေ့က သူလိုက်လံလေ့လာထားခဲ့သော “ပွေးစို့” များကို ပြန်လည် စီစစ်လိုက်သည်။ တောင်ဖက်တွင် နံနက်ပွေးသုံးကောင်နှင့် မွန်းတည့်ပွေး လေးကောင်။ မြောက်ဖက်တွင် နံနက်ပွေးနှစ်ကောင်နှင့် မွန်းတည့်ပွေး နှစ်ကောင်သာ။ သို့ဆိုလျှင် အေးဆောင် သွားရမည့်လမ်းသည် တောင်ဖက်လမ်းခွဲဖြစ်ရ မည်။ လူကလည်း တောင်ဖက်လမ်းခွဲသို့ ခြေလှမ်းပြင်မိပြီးပြီ။ သို့တစေ ခြေတစ်လှမ်းပင်မလှမ်းရသေး၊ ခြေတစ်ဖက်ကြွခါစတွင်ပင် အေးဆောင်၏ ခေါင်းထဲသို့ မြသွယ် ဝင် ရောက်လာသည့်အတွက် ဟန်ချက်ပျက်သွားသည်။ တစ်ဆက်တည်းပင်မြသွယ်၏ စူနေ သော နှုတ်ခမ်း၊ ခဲထားသော မျက်လုံးအစုံကိုမြင်လာသောအခါ လက်ကနဲ့ တစ်ချက် ပြုံး ရင်း မြောက်ဖက်လမ်းခွဲသို့ ခြေဦးလှည့်လိုက်လေတော့၏။ ပွေးကောင်ရေ နည်းသော် ငြား၊ အေးဆောင် မြောက်ဘက်လမ်းခွဲကို ရွေးချယ်ရခြင်းမှာ မြသွယ်ကြောင့်ဖြစ် သည်။ မြသွယ်မျက်နှာကြော တင်းနေသောကြောင့်ဆိုက ပို၍ မှန်မည်။

မျက်နှာမရ ခြေကျောက်ရ

“ဟား ငါ့လခွေးမှပဲကွာ” မြသွယ်၏ အဖေ ဦးသက်မှာ စကားတစ်လုံးမှ မပြောရ သေးမီ အတိုင်းအထွာ၊ အဆဲအရေးကလေးနှင့် ချီရမှ ရင်ချောင်သူဖြစ်သည်။ အဆဲ ကလေး ရှေ့ကမခံရလျှင်လည်း စကားမပြောတတ်။ “ဘာဖြစ်လို့လဲအရီး’ ဆဲပြီဆိုလျှင် တစ်ခုခုပြောတော့မည်ကို သိလိုက်သဖြင့် အေးဆောင်က လမ်းခင်းပေးခြင်းဖြစ်သည်။ “မိုးမရွာလို့ ပဲပင်တွေ သေကုန်မလား၊ သေကုန်တော့မလား ရင်မနေရတာက တစ်ဖက်၊ ပွေးက တစ်မှောင့်' ယာခင်းများသည် တမျှော်တခေါ်ကြီးဖြစ်၏။ အချို့ယာများသည် ရှားစောင်းပင်များဖြင့် အကျ အနခြံကာထားစေကာမူ၊ အချို့ယာများမှု ဂျီ(ချေ)စည်း သာသာ ဆူးခက်များ ဝန်းအုံထားကြ၏။ ကိစ္စရှိ၍ တစ်ဦးနှင့် တစ်ဦးစကားပြောချင်လျှင်ကျယ်ဝန်းသော ယာခင်းကြီးကို ဖြတ်သန်းနေရသည်ကပင် တမေ့တမောကြီး၊ ယနေ့မူ ယာနီးချင်း အေးဆောင်နှင့် ဦးသက်ကို မပင်ပန်းရဘဲ ယာခရိုးစပ်တွင် ဆုံမိကြခြင်း ဖြစ်၏။

အေးဆောင်မှာ“ငါ့လခွေး” သံကြားကတည်းက ဦးသက်မှန်း သိသည့် အတွက် မော့ကြည့်ကာ အလိုက်သင့် မေးပြီးနောက် ဦးသက်တို့ ယာဘက်သို့ မျှော်ကြည့်မိသည်။ ပွေးစုံ့တွေ။ပွေးစုံ့တွေသည် အေးဆောင်တို့ ယာခင်းထဲနည်းတူ ဦးသက်၏ယာခင်းတွင် လည်း စီရီနေ၏။ ။

ပွေးသည် မြေအောက်ရန်သူဖြစ်၏။

ယာခင်းအနှံ့ မြေအောက်လမ်းများ ဖောက်သည်။ စိုက်ပင် ပျိုးပင်တွေ ကောင်း သည်ဆိုကာ အရိပ်တကြည့်ကြည့်ရှိနေစဉ် အပင်များကို မြေအောက်သို့သယ်ယူသွား၏။ ဝေဝေဆာဆာ ပွင့်ပြီ သီးပြီဆိုလျှင် သူရောက်လာပြီ။ အခင်းကြားတွင် ပွေးစုံ့ မြေပုံ့တွေထိုးကာ အပင်တွေကို ကိုက်ဖြတ်ယူငင်သွားတော့သည်။ ပွေးသည် တစ်တောင် တစ်ထွာမြေပဲ။ နှစ်တောင် သုံးတောင် နှမ်း၊ တစ်လန်နှစ်လန် ဂျုံနှင့် ပြောင်းမဆိုထားဘိ နှစ်ရှည် စားပင်ကြီးတွေပါ သတ်ပစ်နိုင်စွမ်းရှိ၏။

ကျေးငှက်တသောသောနှင့် အရိပ်အာဝါသ ကောင်းလှသော သစ်ပင်ကြီးဖြစ် သော်ငြား၊ ရေသောက်မြစ်ကို ပွေးစားပြီဆိုက သုံးလေးရက်အတွင်း ညှိုးခြောက်ကာ အနိစ္စသဘောနှင့် ကိစ္စချောရတော့သည်။

ယခု သည်ပွေးသည် ဦးသက်၏ မြေပဲခင်းကို မွှေပြီ။ ။

တစ်ည လက်တစ်ဆုပ် ကိုက်ချီသွားသည်ထား၊ ပဲပင်လက်တစ်ဆုပ်သည် မိုးလေမှန် ပါက မြေပဲတစ်ခွဲထက် မအောက်။

တစ်ညကို မြေပဲ တစ်ခွဲနှုန်း ဆုံးရှုံးပါက တစ်လ ဆယ့်ငါးတင်း။ ယာသမား ရင်ထုရ  ချေပြီ။

“ကျုပ်ထဲမလဲ ပွေးစုံ့တွေရောက်လာလို့ ဘာလုပ်ရမလဲ စဉ်းစားနေတာဗျ။ ဂိုင်းနဲ့ ထောင်ရကောင်းမလားလို့”

အေးဆောင်ထရပ်သည်၊ မီးသေနေသော သူ့ဆေးလိပ်ကို အခေါင်းသိပ်လိုက်ကာ ဦးသက်ဆေးလိပ်မှမီးကူးနေသည်။

“ဂိုင်းထောင်တာမဟန်ပါဘူးကွာ၊ ပွေးကို သွားသတိပေးသလိုဖြစ်သွားမှာပေါ့” ပွေးသည် အရွယ်အားဖြင့် လက်သီး နှစ်ဆုပ်စာမျှသာရှိငြား၊ မျက်စိအမြင် အားမကောင်းသော အကောင်ဖြစ်ငြား ဉာဏ်များလှ၏။ ပွေးစုံတွေ တောင်ဘက်တွင်ပြပြီးမြောက်ဘက်လာပြီး ခိုလား ခိုနေ၏။ အစုံ့တွေ လိုဏ်ခေါင်းတွေ ထင်ရှားပြပြီးမှ လမ်း ဖျောက်ပစ်ကာ သီးခင်းအလယ်တွင်ပုန်းနေတတ်၏။ သို့ကြောင့်ပွေးဉာဏ်မကူစေရန် ဦးသက်က သတိပေးခြင်းဖြစ်သည်။

“ဒါဖြင့် အရီးနဲ့ ကျုပ်နဲ့ နှစ်ဖက်ညှပ်ပြီး လိုက်ရရင် မကောင်းဘူးလား။ နှစ်ဖက် ညှပ်ရင် ဒီကောင် ဘယ်ပြေးမလဲဗျ”

သို့လျှင် နှစ်ဖက်ညှပ်ပြီး “လိုက်”ပါက ပွေးကလည်း တစ်ကောင်တည်းဖြစ်၊ လမ်း ကြောင်းကလည်း တစ်ခုတည်းသာ ရှိပါကမူ ပွေးသည် ထိတ်လန့်ကြောက်ရွံ့လာကာ မြေပေါ်သို့သွေးရူးသွေးတန်း ပြေးထွက်လာတတ်၏။

ထိုအခါ အမြင်အာရုံညံ့ဖျင်းသော ပွေးမှာ သမင်ချိုရှက်- ပွေးတွင်းထွက် ဆိုစကား အတိုင်း သေရန်မှတစ်ပါး အခြားလမ်းမရှိတော့ချေ။ ဤသဘောကို ၄ , ၅ နှစ်သားမှစပြီး ပွေးလိုက်ခဲ့သော အေးဆောင်သိသလို၊ ယာလုပ်သက် နှစ်ပေါင်း ၄ဝ-ကျော်နေပြီ ဖြစ်သော ဦးသက်လည်း သိ၏။

ဦးသက်လည်း ချက်ချင်း အဖြေမပေး။ အေးဆောင်တို့ ခရိုးဘက် “ကဲ”ကြည့် လိုက်သေး၏။

“ငါ့လခွေး မင့်ဖက်က ပွေးစုံ့က အကောင်ငယ်လေးပဲကွ”

“အဲဒါကြောင့် ညှပ်လိုက်ရအောင်ပြောတာပေါ့ အရီးရ၊ အရီးဘက်က ပွေးက အဖေနဲ့အမေ ကျုပ်ဘက်က ပွေးက သားသမီး”

“ဟာ ဟုတ်တယ်ဟေ့” ဦးသက် သဘောကျသွား၏။

သူတို့သည် လုပ်လက်စအလုပ်များကို ချကာ၊ ချက်ချင်းပင် ပွေးစတင် “လိုက်ကြ တော့သည်။

ပွေးလိုက်သည်ဆိုခြင်းမှာ ပွေးတွင်းလိုဏ်ခေါင်းတစ်လျှောက် တူးဖော်ခြင်းဖြစ်၏ ။ သို့ဖြင့် ဦးသက်က သူ့ပဲခင်းအလယ်မှ စတင်၍ တူရွင်းဖြင့် တူးသလို အေးဆောင်လည်း ပွေးစုံ့ဆုံးရာရှားစောင်းမြင်းနားပင်နားမှ စတင်တူးဖော်လေသည်။

အေးဆောင် စတင်တူးသော ပွေးစုံ့ မှာ မြောက်ဖက်သို့ ဆက်မသွားချေ။ ထိုပွေးစုံ့ ၏ တောင်ဖက်တွင်မူ ဆယ်ကိုက်လျှင် ပွေးစုံ့ တစ်ခုကျလောက် ရှိနေပေသည်။

အေးဆောင်သည် သုံးလေးချက်တူးပြီးနောက် ပွေးစုံ့ သုံးလေးခုလွန်မြောက် အောင်ပြေးသွား၏။ ပွေးစုံ့ မြေစာများကို ဖယ်ပစ်ကာ တအားတူးသည်။ တစ်ချက်တူးရုံ ဖြင့် ပွေးတွင်းပေါ်လာ၏။ ချောမွေ့သော လိုဏ်ခေါင်းကလေး။

သည်လိုဏ်ခေါင်းအတိုင်း မြောက်ဖက်သို့ လိုက်တူးသည်။ အေးဆောင် နောက်တွင် မြေစာများ ပြန့်ကြဲနေသော တူးမြောင်းကလေးဖြစ်ကျန်ခဲ့၏။

ပွေးသည် အလွန်နားပါး၏ ။ ကိုက်နှစ်ရာခန့် အကွာအဝေးမှ လာနေသော လူ့ခြေ သံကို ကောင်းကောင်းသိ၏။

သို့လျှင် သိပင်သိငြား၊ သည်ပွေးစုံ့ ရှင် ပွေးမှာ ပွေးလားမမြောက်သေးသောပွေး။ အဌာရဿပညာများ မစုံသေး။ သို့ကြောင့် နောက်ဆုံး ပွေးစုံ့ အောက်တွင် ငြိမ်သက် နေချင်နေမည်။ ရှေ့ဆက်ပြီး တူးမြဲတူးနေကောင်းနေမည်တွက်ကာ၊ ပြေးလမ်းပိတ်ရန် အတွက် ပွေးစုံ့ သုံးလေးခုကျော်မှ ကျော်၍ လမ်းဖျက်ထားခြင်းဖြစ်၏။

ထနောင်းပင်ကိုင်းကြားမှ ချိုးကူသံသည် ဆွတ်ပျံ့ဘွယ် မြူးလွင့်လာ၏ ။ အေးဆောင်သည် မော့ကြည့်၏။

ဆွမ်းခံဝင်ချိန်လောက်ရှိပြီ။

စောသည် ခေါ်နိုင်သေးသော အချိန်ပေမင့် နေက ပူလှသည်။ အေးဆောင် တစ်ကိုယ်လုံးတွင် ရေချိုးထားသည့်နှယ် ချွေးများရွှဲနေပြီ။ ရေရှာသော ပျားများသည် အေးဆောင်အပေါ် နားပြီး ချွေးသောက်ကြ၏။ ကောင်းကောင်း သောက်သူလည်းရှိ။ တုပ်သွားသော ပျားလည်းရှိ၏။

သို့သော် ပျားကို အေးဆောင် ဂရုမထားနိုင်ချေ။ ပွေးတွင်းကို မဲပြီး တူး၏ ။ အိမ်မှ ထွက်လာကတည်းက ဘာမျှ မစားခဲ့ရ။ ယာထဲသို့လည်း အမေ ထမင်းပို့ရန် မမှာခဲ့မိ။ ကိစ္စပြီး၍ အိမ်ပြန်ရောက်မှသာ စားရမည်။

တစ်ဖာလုံခန့် တူးမိသောအခါ ပွေးလမ်းဆုံးသွား၏။ ပွေးမရှိချေ။ ထိုအခါကျမှ အေးဆောင် ချွေးသုတ်ရန် သတိရသည်။ လက်တစ်ဖက်က တူရွင်းဆွဲလျှက်၊ လက် တစ်ဖက်မှ ပုဆိုးဖြင့် မျက်နှာသုတ်လျက် ဆက်တူးမည့်နေရာသို့ ရွှေ့ခဲ့၏။

“အေးဆောင်ရေ အရေးထဲမှာ အရာပေါ်လာပြီဟေ့၊ ငါလခွမ်း” ဦးသက် အသံလာရာသို့ အေးဆောင် လှမ်းကြည့်လိုက်သည်။

မောသမျှ ပန်းသမျှတို့ ရုတ်ချည်းကွယ်သွားသည်ထင်၏။ ဦးသက် ကျောဖက်တွင် ရို့ရို့ကလေး ရပ်နေသော မြသွသ်ကို မြင်လိုက်ရသောကြောင့်ပင်။

“ဘာကိစ္စတဲ့လဲ အရီး” မြသွယ်တို့သားအဖအနီးသို့ အေးဆောင် လျှောက်လာခဲ့သည်။

“ဆီကိစ္စပေါ့ကွာ။ ကိုင်း ငါ့ထမင်းထုပ်ကိုတော့ မင်းပဲယူထားလိုက်တော့ကွာ၊ ပွေးလဲ မင်းပဲ ဆက်လိုက်လိုက်ပေါ့။ လုံမ ဟိုဘက်ခရိုးစပ်မှာ အဘ ရှာထားတဲ့ ဂဇောင်းခါးတွေရှိတယ်။ အဘ သွားနှင့်မယ်”

ဦးသက်သည် မြသွယ်ကိုတစ်ဆက်တည်း ပြောအပြီး၊ ခမောက်ဆွဲကာ ထွက်သွား တော့သည်။ ဦးသက် ခြေဆယ်လှမ်းခန့် လှမ်းမိချိန်တွင် အေးဆောင်က ဟီးကနဲ့  ရယ်လိုက်သည်။ ။

“ဘာဟီးလဲ သေနာကြီး”

ပါးစပ်က သေနာကြီးဆိုငြားလည်း မြသွယ် မျက်နှာက ပြုံးနေသည်။ မျက်လုံး  ကလေးတွေက ကြည်နေသည်။ အေးဆောင် မြတ်နိုးရသော အပြုံး။

“မတွေ့သေးဘူး ဟောက်တာက အရင်ကိုးဟ”

အေးဆောင် ပြုံးပြုံးကြီး ပြောလိုက်လျှင် မြသွယ် သူ့အဖေကို တစ်ချက် မျှော်ကြည့်၏ဦးသက်ကား တစ်ချက်မှ ပြန်စောင်းမကြည့်။ တောနာနတ်ပင်များ ဝဲယာ ညှပ်ထားသော လမ်းကွေ့ထဲသို့ ချိုးဝင်သွားပြီ။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)