ဆင်ဖြူကျွန်းအောင်သိန်း - မြန်မာဇတ်သဘင်ပညာရှင်များ
ရုပ်သေး
မြန်မာရုပ်သေးကို ရုပ်စုံသဘင်ဟု ခေါ်၏။
ရုပ်သေးစင်ဆောက်လျှင် ရုပ်သေးကပြသောရွာကို ကျောခိုင်းလျက် မဆောက်ရဟု ပညတ်ထား ၏။ ထိုနည်းတူပင် ရှေ့မျက်နှာစာ ပင် ခုနစ်ပင်၊ အလယ်နှင့် အနောက် ငါးပင်၊ အရှေ့နှင့် အနောက် အတောင် ၂၀ ရှိရမည်ဟု သတ်မှတ်ထား၏။
မြန်မာ့ရုပ်စုံ သို့မဟုတ် ရုပ်သေးတွင် အနည်းဆုံး အရုပ် ၂၈ ရုပ် ရှိ၏။ အရုပ်များကို ရှေးအခါက ထန်းခေါက်ဖာ၊ နောင်အခါ သစ်သားသေတ္တာများတွင် ထည့်သွင်းသိမ်းဆည်း ကြ၏။ ထိုကဲ့သို့ သိမ်းဆည်းထားသောအခါ အယုတ်အမြတ် ခွဲခြားထား၏။
လက်ဝဲဘက် ထန်းခေါက်ဖာတွင် သိမ်းဆည်းထားသော အယုတ် အရုပ်များမှာ လူပြက်၊ ဘီလူး၊ ဆင်၊ မြင်း၊ ကျား၊ ကုန်းမ စသူများဖြစ်၏။ လက်ယာဘက် ထန်းခေါက် ဖာတွင် သိမ်းဆည်းထားသော အမြတ် အရုပ်များမှာ ရဟန်း သံဃာ၊ ရသေ့၊ ရှင်ဘုရင်၊ ဝန်၊ မင်းညီမင်းသား၊ ဇော်ဂျီ၊ သိကြား၊ ဗြဟ္မာတို့ဖြစ်ကြ၏။ ထိုအရုပ်များ ထိန်းသိမ်းသူကို စင်ထိန်းဟု ခေါ်သည်။
ထိုအရုပ်များ ထုလုပ်ရာတွင် အင်္ဂါစုံသည်။ သေတ္တာ ဖွင့်ပွဲ ကျင်းပကာ အရုပ်များကို အစာကျွေးရသည်။ ရုပ်သေး ပွဲ စတင်ကပြလျှင် “နတ်ကန်တော့အက” ဖြင့် စတင်ပြရ၏။ နယ်ရှင်ပယ်ရှင် စသည်များကို တိုင်တည် ကန်တော့ရသည့် သဘောဖြစ်၏။ ထိုအက ကပြီးမှသာ ဟိမဝန္တာခန်းလာသည်။
ဟိမဝန္တာခန်းတွင် ဆင်၊ မြင်း၊ မျောက်၊ ကျား၊ ဇော်ဂျီ၊ ဘီလူး အကများ ထွက်လာရာ ကလေးတွေ အလွန်သဘောကျ ၏။ အပြမှာ ကလေးအကြိုက်ဖြစ်ငြား၊ ဟိမဝန္တာတည်ခန်း ဖြစ်သည်။ ပရိသတ်သည် ဇော်ဂျီထွက်ပြီးအကတွင် ထိုစင်၏ အတော်ဆုံးကြိုးဆွဲကို အကဲခတ်ကြသည်။
ဟိမဝန္တာခန်းပြီးလျှင် ဝန်မင်းများထွက်ကာ တရား ဆွေးနွေးကြသည်။ သံချို ကိုင်ဆရာ ထွက်ကာ အမျိုးသား ရေးနှင့် စပ်လျဉ်းသော စကားများကို ပြောသည်။ လွှတ်တင် ခန်းတွင် ရာဇသတ်၊ ဓမ္မသတ်များ၊ လောကအကြောင်း၊ တရားအကြောင်းများကို ပြောဆိုဆွေးနွေးကြရာ ဝန်ကြီးများ၊ ရှင်ဘုရင်များ၏ လေသံကို နားထောင်ခြင်းအားဖြင့် ထိုစင် ၏ပညာကို အကဲခတ်နိုင်၏။
ရုပ်သေးစင်ပေါ်သို့ အမျိုးသမီး မတက်ရ။ အမျိုးသားများသာ အမျိုးသမီးအဖြစ် သရုပ်ဆောင် ပြောရင် ရသော အချိန်က ရုပ်သေး မင်းသမီး ဦးဖူးညို၊ ရုပ်သေးမင်းသား ပခန်းဆရာညိုတို့၏ အပြောအဆိုများမှာ လူငယ်လူရွယ် ကလေးများအတွက် အလွန်အဖိုးတန်သောကြောင့် ထိုရုပ် သေးများကို သွားရောက်ကြည့်ရှုရန် တိုက်တွန်းခဲ့ကြရပေ၏။
သို့ရာတွင် တိုးတက်လာသောခေတ်ကိုရုပ်သေးလည်း မတွန်းလှန် မဖြိုဖျက်နိုင်ပေ။ အနုပညာ ကိုယ်ခံအားနည်းပါးသော နိုင်ငံများတွင် ပိုမိုဆိုးရွားသည်။ မြန်မာနိုင်ငံတွင် ရုပ်သေးအပါအဝင် အခြားသုခုမ လုပ်ငန်းများပါ ယိမ်းယိုင် ကုန်သဖြင့် ယဉ်ကျေးမှုဝန်ကြီးဌာနက ကွပ်ကဲ ကြပ်မတ် ပေးနေရလျက် ရှိ၏။
ရုပ်သေးမင်းသမီး ဦးဖူးညို
မင်းသမီးအရုပ်အတွက် ဆိုပေးပြောပေးရသောကြောင့် ရုပ်သေးမင်းသမီး ဟု ခေါ်တွင်ခဲ့သော ဦးဖူးညိုသည် ငါန်းဇွန်မြို့နယ်၊ နတ်ကြီးရွာ ဇာတိ ဖြစ်၏။ မျိုးရိုးတွင် သဘင်သည် မပါရှိပေ။ ၎င်းရွာနေ ဦးစံ၊ ဒေါ်မင်းအေး တို့မှ မြန်မာသက္ကရာဇ် ၁၂၃၃ ခုနှစ် တပို့တွဲလပြည့်ကျော် ၇ ရက် ကြာသပတေးနေ့တွင် မောင်ဖူးညိုကို မွေးဖွားခဲ့သည်။
လွန်ခဲ့သော နှစ်ပေါင်း ၁၅၀ က အမြင့်သဘင်နယ်ပယ်တွင် ထင်ပေါ်ကျော်ကြားခဲ့သော ရုပ်သေးမင်းသမီး ဦးဖူးညိုသည် သီပေါမင်း ပါတော်မူရန် လေးနှစ်အလို၊ အသက် ၂၀ အရွယ်တွင် ချီးမြှင့်မြောက်စား ခံရ၏။ ၁၂၄၃ ခုနှစ်တွင် ရုပ်သေးမင်းသမီး ဦးဖူးညိုကို သီပေါဘုရင်မင်း မြတ် ပေးသနားတော်မူသောဘွဲ့မည်ရည်မှာ “မရုသဒ္ဒရွှေတော်ကျော်စွာ” ဘွဲ့ ဖြစ်ပေ၏။ အဆောင်အယောင်မှာ “ခုနစ်ပင်စင်ပေါ်”(စင်ပေါ်ကလေး)တွင် ဆိုင်းခုနစ်ချက် ဆင်ယင်ခွင့်လည်း ရပေ၏။
ရုပ်သေးမင်းသမီး ဦးဖူးညိုသည် အသက် ၁၅ နှစ်မှ ၂၄ နှစ်အထိ မိဘကို လုပ်ကျွေးပြုစုခဲ့၏။ ရုပ်သေးက၍ ရသမျှငွေကြေးကို မိဘလက် ထဲသို့အပ်ခဲ့၏။ သီပေါမင်းမြတ် ရန်သူ့လက်သို့ သုံ့ပန်းအဖြစ် ပါတော်မူ ရန် လေးလအလို ၁၂၄၇ ခုနှစ် နယုန်လတွင် ရုပ်သေးမင်းသမီး ဦးဖူးညို သည် မိမိနေထိုင်ရာ နတ်ကြီးရွာမှ ဦးဆိုး၊ ဒေါ်ဆဂါတို့၏သမီး မခိုနှင့် အကြောင်းဆက်ကာ ပေါင်းဖက်ခဲ့သည်။
အရှင်နှစ်ပါး ပါတော်မူပြီးနောက် လေးငါးဆယ်နှစ်သည် အမြင့် သဘင်ခေတ်ကောင်းချိန်ဖြစ်၏။ သို့ ဖြစ်သောကြောင့် ဦးဖူးညို၏ ရုပ်သေးအဖွဲ့ သည် တပည့်လက်သား ၃ဝ ကျော်ဖြင့် အောက်ပြည်အောက် ရွာသို့ စုန်ဆင်းလာ၏။ဘုရားဒါယကာဦးဖိုးစိန်၏ ဇာတ်သဘင်မှာလည်း အရှိန်ရစဖြစ်၏။ ထိုဇာတ်နှင့်အပြိုင် ကရုံသာမဟုတ် ရုံဝင်ခမှာ လည်း တန်းတူတစ်ရှစ်ပါ (တစ်ကျပ်၏ထက်ဝက်) ပင် ဖြစ်သည်။ ရုပ်သေး မင်းသမီး ဦးဖူးညို၏ အရှိန်အဝါကြီးမားသောကြောင့်သာ ဂရိတ်ဖိုးစိန်နှင့် ပြိုင်နိုင်ခြင်း ဖြစ်၏။
သူသည် ငိုချင်းအများကြီးဖြင့် ပရိသတ်ကို အပူမတိုက်၊ သနား စရာဖြစ်နေရုံကလေးမျှသာ ကရုဏာရသ ပေါ်အောင်ဖော်၍ ပညာပေး သည်။ မှတ်သားစရာ၊ လိုက်နာစရာများကို လွမ်းခန်းတွင်ပါအောင် ပြောသွားသည်။ သို့သော် ကျက်စာ မဟုတ်၊ လက်တန်းပြောပြီး ငိုခြင်း သာ ဖြစ်သည်။
ဦးဖူးညို ရုပ်သေးမင်းသမီးအဖြစ် ကပြခဲ့သော ဇာတ်ထုပ်များ အနက် အချို့မှာ
(၁) ဝဏ္ဏသိ
(၂) စန္ဒကုမာရ
(၃) ရာဇတမာန်
(၄) ဇိန်ကွေး
(၅) စကြာရုံ စကြာရ
(၆) သဒ္ဒယုဝတီ
(၇) မောင်ကွေးမယ်ရေး စသည်တို့ဖြစ်သည်။
ရုပ်သေးမင်းသမီး ဦးဖူးညိုသည် နှစ်ပါးသွားတွင် ယောက်ျား မင်းသား ဦးစိန်ခိုနှင့် အတွဲများပါသည်။ သဘင်ဝန် ဦးသော်တို့ခေတ်က ရုပ်သေးကို မင်းသားခေါင်းဆောင်၏။ သို့ရာတွင် ဦးဖူးညိုတို့ခေတ်တွင် ကား ရုပ်သေးမင်းသမီးများက ခေါင်းဆောင်ချေပြီ။ ထိုခေတ်က ဦးဖူးညို ၏စင်နှင့် စင်ပြိုင်များမှာ ဦးဘကျော့နှင့် မန္တလေးဆရာပု၊ ဝမ်းပြည့်ဦးဖိုးဝန် တို့ဖြစ်ကြ၏။
“ထူးတစ်လီ ရှေးပုညရယ်က၊ ဖူးမဒီလေးလုံမမှာဖြင့် တေးစုံသပါ။ မက်စဖွယ်ပါရှင်။ ဒွေးသုည သက်နှစ်ဆယ်၊ နယ်အပေါ် စကားအစစ် ညွှန်းရမှာဖြင့် နှစ်ဆယ်ကျော် ငါးနှစ်စွန်းဆီက ဖြစ်ထွန်းအောင်သည် သဘင်နှင့် ထီမထင်ရွာစဉ်ကျေးမှာ ကြည်ရွှင်ရွှင် နာမည်ပြေးတဲ့အောင် နော်ကွယ် လေးနှစ်ခါလည်”
ပိုင်နိုင်သောအသံဖြင့် ပရိသတ်ကို ညှို့ငင်ဖမ်းစားသော ဦးဖူးညို ၏ သီချင်းများစွာထဲမှ တစ်ပုဒ်ဖြစ်ပါသည်။
ရုပ်သေးမင်းသမီး ဦးဖူးညိုသည် ဗုဒ္ဓဝင်၊ မဟာဝင်တို့ကို လေ့လာ ကျွမ်းကျင်သော စာပေဝါသနာရှင် ဖြစ်သည်။ အလှူရေစက် လက်နှင့် မကွာ ပြုနိုင်အောင်လည်း စီးပွားရေးအခြေအနေကောင်းသည်။ သို့ဖြစ်၍ ဦးဖူးညို၏ ကောင်းမှုအဖြစ် ဇာတိနတ်ကြီးရွာတွင် ဘုန်းတော်ကြီး
ကျောင်း၊ တိုက်ကျောင်းနှစ်ကျောင်းနှင့် သာလာယံဇရပ်၊ ရေတွင်းများရှိ သည်။
ဦးဖူးညိုသည် အသားညိုညို၊ အရပ် ၅ ပေ ၃ လက်မခန့်ရှိသည်။ ကိုယ်လုံးကိုယ်ပေါက် သေးသွယ်၍ အသွားအလာ သိမ်မွေ့သည်။ တုတ်ကောက်ဆောင်သည်။ အဝတ်အစားမှာ ရင်ဖုံးအကျီ၊ တောင်ရှည် ပုဆိုး ပန်းရောင်၊ ပိုးကျူထရံ နီညိုရောင်လုံချည်၊ ဖိနပ်သဲကြိုးလုံး အညိုရောင်တို့ကို ဝတ်ဆင်လေ့ရှိသည်။
ရုပ်သေးမင်းသမီး ဦးဖူးညိုသည် ခေါင်းတုံးဖြစ်သည်။ ခေါင်း ပေါင်း ရာတွင် ခြင်းခံပြီးပေါင်းကာ ခေါင်းပေါင်းစချသည်။ ခေါင်းပေါင်း ပဝါမှာ ပန်းရောင်က များသည်။ အဖြူအမည်း ပိုးရောအစင်းကို နှစ်သက်ပြီး ရာသီမရွေး စောင်ခြုံအိပ်လေ့ရှိ၏။ အစားအသောက်နှင့် စပ်လျဉ်း၍ ရံဖန်ရံခါ ဝက်သားစားငြား အမဲသား လုံးဝမစားချေ။ ထို နာမည်ကျော် ရုပ်သေးမင်းသမီးသည် ယောက်ျားကောင်း မောင်းမ တစ်ထောင်ဟူသည့်စကားကို လက်သုံးပြုလျက် အိမ်ထောင် သုံးဆက် ထားခဲ့၏။ မသေမီ သေတမ်းစာ ရေးပြီးထားခဲ့ရာ သားသမီးအပေါ် ဩဇာရှိကြောင်း ထင်ရှားသည်။
သူ့ခေတ်က သူနှင့်စင်ပြိုင် ထင်ရှားသောရုပ်သေးမင်းသားများမှာ
(၁) ပုဆိုးခြုံ ကိုရွှေလုံး
(၂) ဓားထိုး ကိုညိုမှိုင်း
(၃) ပေါင်တန်း ကိုကိုကြီး
(၄) ချွဲကိုသစ်
(၅) ဆရာလှိုင်
(၆) ဆရာရိုက်
(၇) ဦးသာပြော
(၈) ကိုအုံးခိုင်
(၉) ကိုဖိုးဉာဏ်
(၁၀) ကိုဘိုးကွန်း
(၁၁) ကိုကြွယ်ကြီး စသည်တို့ဖြစ်သည်။
ရုပ်သေးမင်းသမီးများမှာ
(၁) ဦးချင်းကောင်
(၂) ကိုပျားအုံ
(၃) ကိုမြှားလေး
(၄) ကိုပေါက်ဆိန်
(၅) ကိုပေါက်တူး
(၆) ကိုညိုမှိုင်း
(၇) ကိုရှမ်းကြူ
(၈) ဦးပါတူ
(၉) ဆရာစံ
(၁၀) ဆရာမျှင်
(၁၁) ဆရာမြဲ
(၁၂) ဦးမူ
(၁၃) ဦးသာစံ
(၁၄) ဆရာလှိုက်
(၁၅) ဆရာရိုက်
(၁၆) ကိုပု
(၁၇) ကိုဘိုးဝန်
(၁၈) ကိုဘကလေး
(၁၉) ကိုသန့် စသူတို့ဖြစ်သည်။
ဦးဖူးညိုသည် အဆိုကောင်းသည်နှင့်အမျှ အပြောလည်းကောင်းလှ ပေ၏။ အပြောကောင်းသည့်နည်းတူ သူ၏စကားများမှာလည်း ဗဟုသုတတွေ တစ်ပြုံတစ်ခေါင်းကြီးပါပေ၏။ သီပေါမင်း ရန်သူ့လက်သို့ ပါတော်မူ ပြီးနောက် အမြင့်သဘင်များမှာ ကာလတောင်တာ အတော်ကြာအောင် ပရိသတ်၏ အားပေးမှုခံခဲ့ရ၏။ ဓာတ်စက်များ တွင်ကျယ်လာချိန်တွင် ဦးဖူးညိုသည် ဇာတ်ထုပ်အချို့ကို ဓာတ်ပြားသွင်းခဲ့သေး၏။ ဦးဖူးညို ခေတ်တွင် ဦးဖူးညိုကို ပြိုင်နိုင်သူမှာ ယောက်ျားမင်းသမီးအောင်ဗလ သာ ရှိခဲ့၏။ တစ်ခေတ်တွင်တစ်ယောက် ထွန်းပေါက်ခဲ့သော ရုပ်သေး မင်းသမီး ဦးဖူးညိုသည် အသက် ၆၈ နှစ်အရွယ်၊ ၁၂၉၁ ခုနှစ်တွင် ကွယ်လွန်ခဲ့ရှာ၏။
ဦးဖူးညိုသည် အပြောကောင်းသည်။ သူ့စကားတွင် မှတ်သားစရာ တွေ၊ ဆုံးမစကားတွေ များစွာပါသောကြောင့် သားသမီးရှင်များ သဘော ကျသည်။ အနိမ့်သဘင်၊ အမြင့်သဘင်ပင်လျှင် ရှားပါးသောအချိန်ဖြစ်ရာ ရုပ်သေး၏သြဇာ၊ ဦးဖူးညို၏သြဇာသည် ပရိသတ်ထံတွင် များစွာရှိခဲ့ပေ သည်။ ။
နိုင်ငံတကာယဉ်ကျေးမှု လွန်ကဲစွာ ထိုးဖောက်လွှမ်းမိုးလာချိန်တွင် ကား သေးငယ်သော ရုပ်သေးရုပ်မဆိုထားဘိ၊ ဇာတ်သဘင်များပင် ကွယ်ပျောက်လုလု ဖြစ်နေပေပြီ။