Skip to product information
1 of 2

Other Websites

ဆင်ဖြူကျွန်းအောင်သိန်း - နေမင်းတစ်ထောင် (၈)

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

နေမင်းတစ်ထောင် အကျဉ်းချုပ်

ရွာထဲသို့ဝင်လာသော ထီးပြင်ကုလား၏ အဆင်းသဏ္ဌာန်နှင့် အသံကို

ကြောက်ရွံ့သဖြင့် အော်နေသော သားဖြစ်သူ ဖိုးသူတော်အား မိခင်ဖြစ်သူ မဇံလှက ဓားတစ်ချောင်းပစ်ပေးသည်။

“အမေတို့ အမျိုးဟာ မကြောက်တဲ့အမျိုးကွယ့် လူကလေးရဲ့။ အမေတို့အမျိုးက ကုလားမှန်သမျှကို ဓားစာကျွေးတဲ့အမျိုး။ ကြောက်ဖို့ ဆိုတာ ဝေလာဝေး”

ဘရွှေကျိုင်းသည် ထန်းသီးစေ့ကို ဥနှဲရွက်ဖြင့် ပွတ်နေရာက မဇံလှ၏ အသံကိုကြားသောအခါ အဖေ့ကို သတိရသည်။ အဖေ၏ မြစ်ဖျားခံရာ အရပ်သည် မြန်မာ - အင်္ဂလိပ် ဒုတိယစစ်ပွဲ။ ။

သီရိသုဓမ္မတိလောကသရ မဟာဓမ္မရာဇာဓိရာဇာမင်း ရတနာပူရ ရွှေနန်းကို နန်းစံတော်မူပြီး ၅ နှစ်အကြာ၊ ၁၂၁၃ ခုနှစ် ဝါဆိုလတွင် မြန်မာ့  ရေပိုင်နက်တွင်ဖြစ်ပွားသော အင်္ဂလိပ်သင်္ဘောနှစ်စင်းမှ ကပ္ပတိန်နှစ်ယောက်၏ လူသတ်မှုကို ရန်ကုန်မြို့ဝန်က အရေးယူခဲ့သည်။ ဤသည်ကို အကြောင်း ပြပြီး အရှေ့အိန္ဒိယကုမ္ပဏီ အမည်ခံသူများက မြန်မာနိုင်ငံကို ဒုတိယအကြိမ် ရန်စစော်ကားကျူးကျော်လာရာ မြန်မာတို့သည် မနိုင်မည်မှန်းသိပါလျက်နှင့် ဂုဏ်သိက္ခာဆည်သောအားဖြင့် စစ်ပြိုင်ဆိုင် တိုက်ခိုက်ခဲ့သည်။

ဒီပဲယင်း သရက်ကန်ရွာသား ငမိုးကောင်းသည် စစ်ကဲကြီး သီရိနော်ရထာတပ်နှင့် ပါလာသည်။

နေပြည်တော်တွင် ပြည့်ရှင်မင်း အရေးပေးခံရသော မြို့ဝန် ငဘိုင်ဆတ်၏ တပည့်တပန်းများဖြစ်သော တောင်ထားဝယ်ဗိုလ် ဦးတုတ်၊ တန်းခေါင်းဦးရှင်ကလေးတို့သည် မင်းတုန်းမြို့စားမင်းသားနှင့် ကနောင် မြို့စား မင်းသားတို့အား အမှုရှာရာက ရန်မီးပွား ကြီးကျယ်လာသည်။

 

 ထိုမီးကို ငြိမ်းသတ်ရန် စစ်မြေပြင်ရှိတပ်များကို နေပြည်တော်သို့ ခေါ်ယူသည်။

အိုးစား ငမိုးကောင်းမှာ သူ့တပ်နှင့်ပါမသွားဘဲ ကျန်ရစ်ခဲ့ရာက ဓနုဖြူ ဦးမြတ်ထွန်း၏ “မိစ္ဆာဒိဋ္ဌိ မောင်းနှင်ရေးတပ်'သို့ ရောက်သွားသည်။

ဦးမြတ်ထွန်း၏ တပ်သည် မိစ္ဆာဒိဋ္ဌိများအား ရေထဲမရှောင်၊ ကုန်းပေါ် မရွေး ထိုးနှက်တိုက်ခိုက်သဖြင့် နေပြည်တော်၌ မင်းပြောင်းမင်းလွဲ ဖြစ်နေချိန်တွင် ဦးမြတ်ထွန်း၏ ကျိုက်ကဇင်းခံတပ်ကို ဆာဂျွန်ဦးစီးသော တစ်ထောင်တပ်ကြီးက လာရောက်တိုက်ခိုက်သည်။ မိတ္ထာဒိဋ္ဌိ မောင်းနှင်ရေး  တပ်သားများသည် အသေခံပြီး ခုခံကြသဖြင့် ရန်သူများ မှန်းချက်မကိုက်ဖြစ်နေကြစဉ်၊ အကြပ် ငမိုးကောင်းနှင့် ရဲမက်အချို့က ဦးမြတ်ထွန်းကို စစ်မြေပြင်မှ ဆွဲထုတ်ခဲ့ရသည်။

ဦးခေါင်းကြီးက တာပွန်ရွာ၊ ဦးခေါင်းကလေးက အုတ်ဖိုတွင်  တပ်စွဲလျက်၊ ဦးမြတ်ထွန်းနည်းတူ မိစ္ဆာဒိဋ္ဌိ မောင်းနှင်ရေး စစ်ပွဲကို ဆင်နွှဲ နေသူများဖြစ်ကြ၏။

မိုးညိုမြို့ဝန် ဦးတလုတ်မှာ ဦးခေါင်းကြီး၊ ဦးခေါင်းကလေးတို့၏ ယောက်ဖဖြစ်သည်။ ဦးခေါင်းကြီးထံသို့ ဦးမြတ်ထွန်းနှင့် ရဲမက် ၁၅ဝဝ ရောက်သွားချိန်တွင် ဟင်္သာတအရေးပိုင်က ဦးခေါင်းကြီးထံ စာပေး၏။ စာလာပေးသူက ဦးခေါင်းကြီးအား လုပ်ကြံငြား ငမိုးကောင်းက ဝင်ရောက် ကာကွယ်သဖြင့် မအောင်မြင်ကြဘဲ ငမိုးကောင်းမှာ တစ်ခဏချင်း သွေးသောက်ရာထူးသို့ တက်သွား၏။  ကနောင်တွင် နှစ်စဉ်ကျင်းပမြဲ ရွှေမျက်နှာဘုရားပွဲ၊ နတ်ပွဲရှိသည်။ ထိုပွဲကျင်းပနေစဉ် ဦးမြတ်ထွန်း၏တပ်က ကနောင်ကိုစီးရာ ဘုရားပွဲနှင့် နတ်ပွဲသို့လာသော မယ်မင်းဘော်နှင့် သွေးသောက်ငမိုးကောင်း ဆုံသည်။ တောကြောင်များ အလုခံရ၍ ဖရိုဖရဲ ပြေးကြစဉ် မယ်မင်းဘော်ညီအစ်မအား ငမိုးကောင်းနှင့် ရဲမက်များ လာရောက်စောင့်ရှောက်ပေးသည်။

အရုဏ်တက်တွင် အမေ ပြန်ရောက်လာရာ ဝမ်းသာအားရအထ၌ လဲပြို သော မယ်မင်းဘော်ကို ငမိုးကောင်းဆီးပွေ့သည်တွင် အမေ အထင် လွဲသည်။ အုန်းပင်စု၌ ငမိုးကောင်းနေခဲ့စဉ် မမျှော်လင့်သောအမှု ဖြစ်ပွားချေ၏။

အမှုမှာ မယ်မင်းဘော်ကို ပွေ့မှုဖြစ်သည်။ မတော်တဆပွေ့မှုကို မယ်မင်းဘော် သာယာပြီး စွဲလန်းခဲ့သည်။ ဒေါ်အေးကြီး မောင်းခတ်မှုကြောင့် သူတို့နှစ်ယောက်ကြိုက်နေပြီဟု တစ်ရွာလုံးက ထင်နေကြ၏။ ငမိုးကောင်းမှာ စစ်ရေးတွင် အာရုံရောက်နေငြား မယ်မင်းဘော်၏ အရှက်ကိုငဲ့ပြီး ထိမ်းမြား လိုက်ရသည်။

တောင်ငူဘက်တွင် 'မင်းထင်မင်းလှပဗ္ဗတသိုဟန်ဘွားနှင့် သူ့လူများ နာမည်ထွန်းလာချိန်ဝယ် ဦးခေါင်းကြီးနှင့် ဦးမြတ်ထွန်း၊ ဦးခေါင်းလေးတို့မှာ အုပ်စီးထားသောမြို့များ လက်လွှတ်ဆုံးရှုံးကုန်ပြီ။ လယ်လုပ်နေရာသို့ တစ်နေ့တွင် ငချိပ်ရောက်လာ၏။ စစ်မျက်နှာညိုကြောင်း၊ လူသူစုပြီး အမြန် လိုက်ခဲ့ရန် မှာသွား၏။ ထို့ကြောင့် ငမိုးကောင်း အားတင်းပြီး မယ်မင်းဘော်ထံ ခွင့်ပန်သည်။ မယ်မင်းဘော် မတား။ သို့သော် မျက်နှာမြင်ပြီးမှ သွားပါဟု ဆိုသည်။

သွေးသောက်ငမိုးကောင်းနှင့် မယ်မင်းဘော်တို့၏ သားအမည်မှာ “မောင်မောင်လှိုင်း' ဖြစ်သည်။ မိစ္ဆာဒိဋ္ဌိ ကုလားဖြူ ကုလားမည်းများကို ဓားလှိုင်း၊ သေနတ်လှိုင်းဖြင့် ဖြိုဖျက်ပစ်မည့် နိမိတ်ကို ဆောင်လျက် မှည့်သော အမည်ဖြစ်၏။

 ငမိုးကောင်းအား တစ်ဖက်သတ် မုန်းတီးနေသော သူကြီး  ငအိပ်မှာ  အရုဏ်တော်ဝတ်အဖွဲ့မှ သာမဏေတွေ၊သူတော်တွေနှင့်လည်း မသင့်မြတ်ပေ။ ပုလိပ်တွေ နှစ်သက်စေရန် ငအိပ်သည် သျှောင်ကိုပယ်ပြီး ဆံတိုထားရာ ဝတ်အဖွဲ့သားများက ရှုတ်ချသောကြောင့်ဖြစ်၏။ ဥပုသ်နေ့တစ်နေ့တွင်

ငမိုးကောင်းတို့မိသားစု ဥပုသ်စောင့်ရန် ဘုန်းတော်ကြီးကျောင်းသို့အသွားတွင် ငအိပ်နှင့် နောက်ပါများက နှောင့်ယှက်သဖြင့် ငမိုးကောင်းမှာ မြန်မာမင့် ပိုင်နက်ထဲသို့ ပြောင်းရွှေ့ရန် စိတ်ကူးတော့သည်။

ငမိုးကောင်း၏လယ်ကို စုပေါင်းရိတ်သိမ်းနေစဉ် မယ်မင်းဘော်မှာ ဒုတိယသားကို မွေးဖွားရန် ဝမ်းနာနေသည်။ ကောက်ရိတ်သူများဘေးသို့ တာပွန်ပြန်ဒုက္ခသည်နှစ်ယောက် ရောက်လာကြသည်။ ကျိုက်ကဇင်းသို့ ပြန်မည့်သူများဖြစ်သည်။ သူတို့ကို ငမိုးကောင်း အစွမ်းကုန်ပြုစုငြား သူ့လက် ပေါ်တွင် ဆုံးပါးကြသည်။ သူသည် ထိုသူနှစ်ယောက်ကို မြေမြှုပ်ပြီးလျှင် ပြီးချင်း လယ်ကို မိတ်ဆွေများထံ အပ်နှံခဲ့ပြီး စစ်မြေပြင်သို့ ထွက်လာသည်။ သူကြီး ငအိပ်၏မျက်နှာကို မကြည့်လိုသူတွေ လိုက်ပါလာကြသည်။ သူတို့  ထွက်လာကြစဉ် တောကဲကြီး၏သား ငပြုံးချို ပြေးလာပြီး သတင်းပေးသည်။ မယ်မင်းဘော်မှာ သားယောက်ျားဖွားမြင်ကြောင်း၊ ဦးမြတ်ထွန်း၏တပ်တစ်တပ်သည် ကုလားအမြောက်နှစ်လက် ရရှိ ပြီးနောက် ပျောက်ကွယ်သွားသည်။ ကုလားသည် ထိုအမြောက်များပြန်ရရန် အသေအလဲကြိုးစားသည်။ စစ်တစ်ကြောင်းစီးဖြင့် ချီတက်ကြသည်။ ထိုတပ် များကို နောက်ပိုးသိပ်ရန်အတွက် ဦးခေါင်းကလေးသည် ကြံခင်းမှ၊ ဦးခေါင်း ကြီးသည် ထိန်တောမှ ချီတက်လာကြ၏။ သွေးသောက် ငမိုးကောင်းမှာ ခံတပ်တောင်ကြီး ပြိုကျသည့်အောက်သို့ ရောက်သွားသဖြင့် မည်သည့်  အချိန်တွင် တိုက်ပွဲပြီးသွားသည်မသိ။ သူ သတိရသောချိန်၌ ရန်သူများ မရှိတော့ပြီ။ လင်းတ တရုန်းရုန်း၊ ခွေးအ တသောသောနှင့် မွန်၊ ဗမာ၊ ကရင် အလောင်းပင်လယ်ကြီးသာ ကျန်ခဲ့သည်။

အလောင်းပင်လယ်ထဲမှ လူသုံးယောက်ရ၏။ သာဦးနှင့် ငမန်းသာ၊  ဒေါင်းကျော်တို့ဖြစ်သည်။ ငမိုးကောင်း အနာဝင်ငန်းဖမ်းပြီး ဖျားသောအခါသာဦးကပြုစုသည်။ ငမန်းသာမှာ အစာဝင်သည်အထိ တိုးတက်လာပြီးမှ ကွယ်လွန်သွား၍ ရွာသို့ပြန်လာကြသည်။ မပြန်၍ မဖြစ်။ ငမိုးကောင်း ကိုယ်မှာ အနာတွေ မကျက်သေး၊ မျက်နှာကြီးလည်း ဖောသွပ်နေသည်။

ငမိုးကောင်းမရှိစဉ်တွင် သူကြီးငအိပ် သောင်းကျန်းသည်။ ပုလိပ်များ ထံသို့ ရာ့သမီးပျိုများကို ဆက်သရာ မိဗိုင်း အညွန့်ကျိုးသဖြင့် ဆွဲချ သေသွားသည်။ ငမိုးကောင်း၏ခယ်မ မိသော့ကား သူကြီးမျက်နှာကို ဓားဖြင့် ပစ်ပြေးရာက ကနောင်သို့ရှောင်နေရ၏။ ရပ်ရွာလူထု မခံမရပ်နိုင်သောကြောင့် သူကြီးအိမ်ကို ဝိုင်းပြီး မီးရှို့ငြား စစ်ဗာယီက သူကြီးဘက်မှာရှိသည်။

ကုလားကျွန်တွေနှင့်ကင်းလွတ်ရာ မြန်မာမင့်ပိုင်နက်ကို အကြည့်အရှု သွားရန် ငမိုးကောင်း ရွာမှ ထွက်လာသည်။ ငချိပ်ပါလာသည်။ ဦးမိုးထိ၏ ကုန်လှေကြီးဖြင့် ခရီးကြုံလိုက်ခွင့်ရစဉ် ဦးခေါင်းကြီးတပ်သားဟောင်း ငချွဲကို လှေထိုးသားအဖြစ် တွေ့ရသည်။ ညောင်ပင်သာရွာတွင် လှေညအိပ်စဉ် ဆိပ်ကမ်းနှင့် လှေများကို ဓားပြစီးနင်းတိုက်ခိုက်သဖြင့် ငမိုးကောင်း ဦးဆောင် နှိမ်နင်းသည်။ ဆင်ပေါင်ဝဲ ဆင်သေရွာရှိငချွဲအမျိုးများက လုပ်ခင်းဆောင်တာ စီစဉ်ပေး၊ အိမ်တစ်လုံးဆောက်ပေးကြ၏။ သုံးလကြာ၍ အုန်းပင်စုသို့ ငမိုးကောင်းနှင့် ငချိပ် ပြန်ရောက်သောအခါ ငအိပ် ဓားပြအသတ်ခံရပြီး ငပြုံးချို သူကြီးဖြစ်နေပြီ။ ငပြုံးချို၏ မျက်နှာထား မကြိုက်သဖြင့် မြန်မာမင့် ပိုင်နက်သို့ ရွှေ့ပြောင်းရေးမှာ ပိုမိုခိုင်မာလာ၏။

တစ်နေ့တွင် မိုးကောင်း၏ယာထဲသို့ ငချွဲ ရောက်လာသည်။ မြေထဲကို စီးနင်းရန် ငမိုးကောင်းတို့ ကြံစည်နေကြစဉ် ဦးခေါင်းကြီး အသတ် ခံရသည်။ ကုလားက လုပ်ကြံသည်ဟု ငချွဲကပြောငြား ငမိုးကောင်း မယုံကြည်။ ကုလားထံမှ မျက်နှာသာရရေးအတွက် မင်းတုန်းမင်း၏ ရဲမက်တွေ လုပ်ကြံခြင်းသာဖြစ်သည်ဟု ငမိုးကောင်းက စွပ်စွဲသည်။ သူသည် မင်းတုန်းမင်း ဘာပဲလုပ်လုပ် အကောင်းမမြင်။

ငမိုးကောင်း၏ယာထဲသို့ ငချွဲနှင့် ငဝဲတို့ လာရောက်ကူညီနေစဉ် မြင်းစီးကြီးဦးရွှဲ ရောက်လာသည်။ မင်းတုန်းမင်းတရား ရွှေမြို့တော်တည်ပုံကို ပြောပြရာ ငမိုးကောင်း သဘောမတွေ့ငြား ပဉ္စမသင်္ဂါယနာတင်ပုံ၊ နိုင်ငံတော်ကို ထိပါးသော ဇင်းမယ်၊ လပုန်း၊ လကွန်းတို့အား နှိမ်နင်းပုံ၊ သူအိုတန်း သူနာတန်း ထားပုံများသို့ ရောက်သောအခါ ငမိုးကောင်း၏ မင်းတုန်းမင်း ဆန့်ကျင်ရေးမှာ ပျက်ပြယ်စပြုပြီ။

ငမိုးကောင်းမှာ သားကြီး ငလှိုင်း၊ သားငယ် ငသိုင်းနှင့် သမီးကြီး  မိအိုး၊ သမီးငယ် မိရိုး၊ နို့စို့ ငကျိုင်းတို့ရှိ၏။

ကိုရင်လှိုင်း (ရှင်လာဘ)မှာ မြင်းစီးဘော်၊ သိုင်းပညာကျွမ်းကျင်ငြား ကဗျာရေးစီမှုတွင်လည်း သူ့ဆရာ ဦးဇဝနု ကျေနပ်အောင် တော်၏။ ကိုရင်လှိုင်းကို ဒီပဲယင်းဘိုးဘွားများက မန္တလေးသို့ ခေါ်သွားရာက လူ ထွက်ခိုင်းပြီး အချုပ်တန်းဆရာဖေထံ အပ်နှံထားကြ၏။

ဆင်သေရွာအနီးရှိ ယာထဲသို့ မြင်ကွန်းမြင်းခုံတိုင်၏ ကျေးကျွန်များ ရောက်လာကာ မောက်မာစွာဆက်ဆံသဖြင့် ကိုမိုးကောင်းနှင့် သမီးများက ဆုံးမလွှတ်သည်။ ဆင်ပေါင်ဝဲတွင် ဗိုလ်ဝင်ခံနေသူများ သင်္ဘောဖြင့် ခုန်ဆင်း သွားငြား ကိုမိုးကောင်းထံဟွင် လူလေးယောက် ကျန်ခဲ့သည်။ ထိုသူများကို မည်သို့လုပ်ရမည်နည်း၊ မြင်းစီးကြီးထံသို့ လူလွှတ်ကာ မေးမြန်းထားသည်။ မြင်းစီးကြီးကိုရွဲရောက်လာမှ လွှဲပေး၏။

ဘုရင်မင်းမြတ် ကြီးမှူးကျင်းပသော တန်ဆောင်တိုင်ပွဲတော်တွင် မောင်မောင်လှိုင်းနှင့် မိဒေါင်းလှတို့ ချိန်းတွေ့ကြရာ အဖော်အဖြစ် မအေးကြီး ပါသည်။ မယ်ဒေါင်းလှမှာ တစ်လလျှင် ဒေါင်းဒင်္ဂါးငါးပြား လခရသော  ဇာတ်သမဖြစ်သည်။ မောင်မောင်လှိုင်းနှင့် မိဒေါင်းလှတို့ အကြောင်းပါပြီး မကြာမီ ဆင်သေရွာတွင် ကိုမိုးကောင်း၊ မမင်းဘော်တို့ အလှူလုပ်သည်။ သားလတ်ငသိုင်းနှင့် အငယ်ကောင် ငကျိုင်းတို့ကို ရှင်ပြုခြင်းဖြစ်သည်။

 အလှူသို့ မြင်းစီးကြီး ရောက်မလာပါ။ ရှင်ဖြစ်တရားနာပြီး ညနေစောင်းမှ ရောက်လာသည်။ မြင်းစီးကြီးသည် တောထဲတွင် မသင်္ကာ ဖွယ်ရာ လှည်းဘီးရာများ တွေ့သောကြောင့် အချိန်ယူကာ စောင့်ဆိုင်းသည်။

ကျောက်တိုင်၏ တောင်ဘက်မှလာကာ မြန်မာ့ပိုင်နက်တွင်းသို့ တိတ်တဆိတ် ဝင်ပြီး ရေနံခိုးသော ကုလားဖြူများ၊ အခကြေးငွေဖြင့် ငှားလာသည့် လှည်းများကို မြင်းစီးကြီးတို့လူစုက ကျောက်တိုင်တောင်ဘက်သို့ တစ်ယောက်မျှ မပြန်နိုင်အောင်လုပ်သည်။ ထို့ကြောင့် အလှူသို့ အချိန်မီ မရောက်ခြင်း ဖြစ်၏။

အချုပ််တန်းဆရာဖေထံသို့ အမည်မသိ လူတစ်ယောက် ဖျတ်ခနဲ ရောက်လာပြီးနောက် ဆရာဖေလည်း ပျောက်သွားသည်။ ငလှိုင်းနှင့် သော်က၊ ငစိန်တို့ လိုက်လံရှာဖွေရာ သားတော် သမီးတော်တွေ အမိန့်တော် အတုဖြင့် အဖမ်းခံရကြောင်း၊ လွှတ်စေအမိန့်ကြောင့် လွှတ်သည်။ သို့သော် မကြာမီ ပြန်လည်ဖမ်းဆီးကြောင်း သိခဲ့ရငြား ဆရာဖေကို မတွေ့နောက်မှ ပြန်ရောက်လာသောအခါ မရွှင်မပျဖြင့် “မြန်မာတွေ စည်းကမ်းဖောက်” တေးထပ်ကို ရေးသည်။

သင်္ကြန်ကာလတွင် မင်ကြောင်ထိုးရန်အတွက် ရွာထိပ်တွင် မင်ကြောင်ရုံ ဆောက်သည်။ မင်ကြောင်ဆရာမှာ ဘသာဌေးဖြစ်သည်။ ငသိုင်းမှာ မယ်ကျော့က အထိုးခိုင်းသောကြောင့် မင်ကြောင်ရုံသို့ ရောက်လာသော်ငြား မင်ခံပုဆိုးရက်ပေးရန် မတောင်းခံရဲသဖြင့် အမေ့ထံတွင် ပူဆာရသည်။

သို့သော် မင်ကြောင်အထိုးခံသူများထဲတွင် ဝဲမှောင်တွင်ထိုးသူ ငသိုင်းမှာ အမေ ရက်လုပ်ပေးသော ရာပုဆိုး”ကို မင်ခံသဖြင့် လူကြီးသူမ တွေက သာဓုခေါ်ကြသည်။ ငသိုင်း၏ညီ ငကျိုင်းကား အရွယ်မရောက်သေး သောကြောင့် ယာမှောင်တွင် ထိုးသူဖြစ်သည်။

အိမ်သို့ ငလှိုင်းပြန်မလာသဖြင့် ဇနီး မယ်ဒေါင်းလှက ပုရပိုက် တစ်လွှာကိုင်ပြီး ဆရာဖေထံ လာရောက်တိုင်ကြားသည်။ စာမှာ သားငယ် မယားငယ်ထားသည့် ရည်းစားစာ မဟုတ်။ ကျက်လိုသောကြောင့် ကူးထားသည့် မောင်စံသူ့ မှာတမ်းဖြစ်သည်။ သူတို့ လင်မယား ထီထိုးရန် တိုင်ပင်  နေကြစဉ် မင်းသားမောင်မောင်ဘ ရောက်လာသည်။

ရတနာပုမ် ဒုတိယနန်းစံမင်းလက်ထက်တွင် ပေါ်ပေါက်လာသော ထီအမျိုးမျိုးကြောင့် လူအများ အတိဒုက္ခရောက်ရပုံများကိုပြောရာက မှာတမ်း ရွတ်တတ်သူ ရောက်လာသဖြင့် အရွတ်ခိုင်းသည်။ သို့သော် ရန်သူ ကုလားဖြူကို တိုက်ရမည့်အချိန်တွင် စိတ်ဓာတ်ပျော့ညံ့စရာ ပေါ်လာသော မှာတမ်းကို ဆရာဖေ မကြိုက်ပေ။

ငသိုင်းသည် မြဖူးနှင့် ကလေးတစ်ယောက်ရပြီးမှ ကျော့ခင်ကို  တန်းတန်းစွဲကာ ဗလက္ကာရပြုစဉ် ကိုယ်ဓားဖြင့်ကိုယ် ထိုးမိသဖြင့် ကျော့ခင်  ကွယ်လွန်သွားသည်။ ငသိုင်းလည်း အနောက်ချောက် အချားချား ဖြစ်နေ ရာက၊ အစ်ကိုငလှိုင်းထံသို့ စိတ်ပြေလက်ပျောက် ရောက်သွားလေသည်။

အောက်အရပ်ရှိ အဘိုးအဘွားထံသွားလျှင် ရထားပေါ်၌ ကုလားနှင့်ဆုံရမည် စိုးသဖြင့် သင်္ဘောစီးသော်လည်း ကုလားနှင့် မလွတ်။ စဉ့်ကူတွင်ဆင်းမည့် ဦးမဲ့၊ ဒေါ်ဖဲ၊ သမီးကျေးဥတို့နှင့် သိသည်။ သေသူ ကျော့ခင်ကိုချည်း မြင်ယောင်ကာ ရေထဲခုန်ချသဖြင့် ဦးမဲ့ကဆင်းဆယ်ကာ အိမ်သို့ သယ်လာ ငြား အထင်လွဲစိတ်ဖြင့် ခွဲခွာကြရပြီး အစ်ကိုငလှိုင်းထံ ရောက်လာခြင်း ဖြစ်သည်။

ငကျိုင်းသည် သင်္ဘောဆိပ်သို့ လှည်းဖြင့် ကုန်စည်ပစ္စည်းပို့ပြီး နားနေစဉ် မြန်မာစစ်သည်တွေနှင့် အမြောက်တွေ စုန်ဆင်းသွားသည်ကို မြင်သဖြင့် အိမ်သို့ အမြန်ပြေးလာ၏။ မြန်မာနှင့် အင်္ဂလိပ်တို့စစ်ဖြစ်ပြီ။ မြန်မာနှင့် ပြင်သစ်တို့ ချုပ်ဆိုသောစာချုပ် အတည်မဖြစ်မီ၊ ပျဉ်းမနား ဘက်တွင် ဘုံဘေဘားမားကုမ္ပဏီ သစ်ခိုးသဖြင့် ဒဏ်တပ်သည်ကို အကြောင်းပြုပြီး မသင့်လျော်သော တောင်းဆိုမှုတွေ တောင်းဆိုရာမှ စစ်ပြုရာ မြန်မာတို့က ခုခံတိုက်ခိုက်သော စစ်ပွဲဖြစ်သည်။ ကိုမိုးကောင်းမှာ အသက် ကြီးသောကြောင့် စစ်သားဖြစ်ခွင့်မရှိသော်ငြား နယ်စပ်ရှိ ရန်သူ့ရိက္ခာစခန်းကို ဖျက်ဆီးပြီး ပုလိပ်သေနတ်တွေ လုလာပြီးနောက် ထူးပေါက်ခံကတုတ်ကို ရန်သူအတိုက်တွင် ခုခံမည် သွားသည်။ ထူးပေါက်ကျသွားပြီးပြီ။

ကိုမိုးကောင်းနှင့် ငချွဲ၊ ငဝဲတို့သည် မီးတိုက်ခံရသော ရွာများမှ ရွာသားများ အစော်ကားခံရသော မောင်ဖားများကို စုဆောင်းပြီး ကုလားဖြူ၊ ကုလားနက်များကို လိုက်လံသတ်ဖြတ်သည်။ မြင်းခြံနှင့်အဝကို ရန်သူသည် အခုအခံမရှိဘဲ သိမ်းပိုက်ပြီးနောက် ဂေါဝိန်ဆိပ်သို့ ရောက်လာ၏။

တိုင်းသူပြည်သားများမှာ ရန်သူနှင့် စစ်ဖြစ်နေသည်ကို မသိသော ကြောင့် အထူးအဆန်းအဖြစ် ဝိုင်းကြည့်နေကြသည်။ ဆရာဖေနှင့် ငလှိုင်းတို့ ရောက်လာကာ ဆဲဆိုအော်ဟစ်နေချိန်တွင် အရှင်နှစ်ပါးမှာ သူရိယသင်္ဘော ပေါ်သို့ ရောက်သွားကြပြီ။ ငလှိုင်းသည် မင်းသား မောင်မောင်ဘနှင့် ပါသွား ကာ ရှင်အာသဘ၊ မောင်မောင်လတ်တို့နှင့်အတူ ပုန်ကန်တိုက်ခိုက်သည်။

ထိပ်တင်ဦးသည် မြင်စိုင်းမင်းသားအဖြစ် နာမည်ကြီးသည်။

ငသိုင်းနှင့် မြတောင်ဗိုလ်မှာ စလေသား ငပြန့်ကို အမှီပြုလျက် စလေ ဘက်သို့ ရွှေ့လာကြ၏။ ထို့နောက် မြစ်အနောက်ဘက် ကျပင်းသို့ ရောက်လာကြ၏။

မောင်မောင်လှိုင်းပါသော မြင်စိုင်းမင်းသား၏တပ်မှာ မောင်နိုးဆိုသူ သစ္စာဖောက်သဖြင့် တပ်မကြီးရှိသော ရွာခိုင်တပ် အတိုက်ခံရငြား၊ အင်အား တိုးသည်ထက် တိုးလာသဖြင့် စစ်မျက်နှာဖြန့်ကာ ထိုးစစ်ဆင်နေစဉ် မင်းသားမှာ ဆင်ဖြူမြို့၌ အဖျားရောဂါဖြင့် နတ်ရွာစံ၏။ သို့ကြောင့် မောင်မောင်လှိုင်းမှာ မန္တလေးရှိ ဇနီးနှင့် ကလေးကိုခေါ်ပြီး ဆင်ပေါင်ဝဲသို့ ပြန်ရကောင်းနိုးဖြစ်နေစဉ် တောင်တွင်းကြီး၌ ဇာတ်မင်းသားအဖြစ် ဇာတ်မြှုပ် နေသော ကြည့်မြင်တိုင်မင်းသား၏တပ်သို့ရောက်သွားလေ၏။

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)