ဆင်ဖြူကျွန်းအောင်သိန်း - နေမင်းတစ်ထောင် (၅)
ရန်သူ၏ မှန်ပြောင်းတွင်းသို့ မြေနီတောင်ကုန်းတွေ လှိုင်းနီထဘိသို့ စီရီ ဆင့်ပိုးလျက် ဝင်လာသည်။ မြဒေါင်းလံကို ဝင့်ကြွားစွာ လွှင့်ထူထားသော သူသည် မည်သူနည်း။ ။
ကပ္ပတိန်သည် စက်ကင်း လက်ဖတင်နင်လက်သို့ မှန်ပြောင်း ကမ်းပေး၏။ ဓားကိုင်၊ လှံကိုင်၊ ဒူးလေးကိုင်၊ သေနတ်ကိုင် မျိုးချစ်ပြည်ချစ် ရဲမက်များမှာ ကျောပြောင်ပြောင်နှင့် ပုဆိုးခါးတောင်းကျိုက်က များသည်။ အင်္ကျီနှင့်လူကား ပါလေကာမျှသာရှိသည်။ အလံကိုင်သူ မည်သူဖြစ်ကြောင်း စက်ကင်း လက်ဖတင်နင်လည်း မသိ။ ခေါင်းယမ်းပြကာ မှန်ပြောင်းကို ကပ္ပတိန်လက်သို့ ပြန်ပေးလိုက်သည်။
“ဗိုလ်ရွှဲတပ်က မဟုတ်တာ သေချာတယ် ကပ္ပတိန်”
ကုလားဖြူ ကပ္ပတိန်သည် တောင်ပြိုသည့်နှယ်လိမ့်ဆင်းလာသော ရဲမက်များကို မှန်ပြောင်းဖြင့် ဆက်လက်ကြည့်ရာက “ရွှေလရောင်တပ်က ဖြစ်ရမယ်”ဟု ပြောသည်။ ထို့နောက် အမြောက်တပ်ကိုပါ ပစ်ရန်အကွာ အဝေးနှင့် ဒီဂရီညွှန်းလျက် ပစ်ခတ်မိန့်ပေးသည်။
ရန်သူ၏ မှန်ပြောင်းတွင်းသို့ ဝင်လာသည့် ရဲမက်များမှာ မင်းကြီး ရွှေလရောင်၏ တပ်ဖြစ်သည်။ သို့ရာတွင် ပင်းဘက်မှ ရွှေ့လာသော ဦးစံထွန်း၏တပ်နှင့် ငလှိုင်း၏တပ်များလည်း ပါလာသည်။ ရှေ့ဆုံးမှ အလံ ကိုင်လျက် ချီတက်လာသူကား ငလှိုင်းပေတည်း။
ရန်သူသည် မင်းလှခံတပ်ကြီးကိုပင် နိုင်အောင်တိုက်ခိုက်သိမ်းပိုက် နိုင်ပါလျက် ဗိုလ်ရွဲကိုကား မခုခံနိုင်ပေ။ သို့အတွက် မင်းလှမှထွက်ပြေးကာ မြင်ကွန်းတွင် ခိုလှုံနေခြင်းဖြစ်သည်။
ဗိုလ်ရွဲ၏နယ်ပယ်က ကျယ်ဝန်းလွန်းသည်။ မြင်ကွန်းရှိ ရန်သူကို စစ်ကူမရမီ၊ အင်အားမတောင့်တင်းမီ မကွေးဘက်သို့ နှင်ထုတ်လို၏။ သို့ရာ တွင် အင်အားနည်းသည်။ သို့အတွက် ဝါးကြီးအိုင်သို့ ဆင်းလာသည့် မင်းကြီးရွှေလရောင်ထံ အကူအညီတောင်းသည်။ မင်းကြီးသည် ဗိုလ်ဆံရှည်၊ ဗိုလ်ဆေးနီတို့၏တပ်များနှင့် ဧည့်သည်တပ်နှစ်တပ်၊ စုစုပေါင်း လူနှစ်ထောင် ကို စစ်ကူလွှတ်လိုက်သည်။
လူပင်လယ်ကြီးဝေနေခဲ့သည့် တောင်ကုန်းပေါ်သို့ အမြောက်ဆန်များ ကျရောက်ပေါက်ကွဲသည်။ ကုလားသည် သူတို့၌ သည်မျှအဝေးသို့ လှမ်းပစ် နိုင်သော အမြောက်ရှိကြောင်း မြန်မာတို့သိလျှင် နောက်တွန့်သွားလိမ့်မည် မျှော်လင့်ဟန်ရှိ၏ ။ မြန်မာကား ဤကဲ့သို့သော ချောက်လှန့်မှုမျိုးကို ပမာ ထားသူများ မဟုတ်ချေ။ တပ်ဦးသည် မြို့တွင်းသို့ ဝင်လာခဲ့ပြီ။ .
ကုလားသည် မြို့စွန် ဘုရားတံတိုင်းအတွင်းသို့ ထွက်ပြေးသည်။ အမြောက်လေးလက်ကို မုခ်ဝများ၌ ချထားသည်။
“ဝိုင်းဟ သတ်ဟ၊ တစ်ကောင်မှ မလွတ်စေနဲ့” မြန်မာတပ်များသည် လေးဖက်လေးတန်မှ ကျယ်လောင်
သော ဟစ်ကြွေးသံများဖြင့် ဝန်းရံထားသည်။ အချို့သည် တံတိုင်းအတွင်းရှိ ကုလား များကို အပေါ်စီးမြင်ရရန် သစ်ပင်များပေါ်သို့ တက်သည်။ ထိုနေရာမှ သေနတ်ဖြင့် ပစ်သည်။
အသံကြီးတွေသာ ကြားရ၏။လူစုလူအုပ် ထုထည်နှင့် မမြင်ရသည့် အတွက် ကုလားအမြောက်မှာ မပစ်တတ်ဘဲရှိ၏။ သို့ဖြစ်လျှင် ကုလားဖြူ၊ ကုလားနက်တွေ ခြေမကိုင်မိလက်မကိုင်မိဖြစ်အောင် မည်သည့်နေရာမှ အော်နေသနည်း။ အိမ်ကြို အိမ်ကြားမှ ဖြစ်သည်။
သို့အတွက် ကုလားသည် မြန်မာအိမ်များကို အမြောက်ဖြင့်ပစ်သည်။ မြို့ပြင်မှ ညာသံပေး ပြေးဝင်လာသံများသည် အမြောက်သံကိုဖုံး၏။ အိမ်တွေ ပြိုကျသည်။ မီးတောက်ကြီးတွေ ထလာသည်။
မြန်မာရဲမက်တွေ သေနတ်ချပြီးမီးငြိမ်းသတ်နေသည်ကို အခွင့်ကောင်း ယူကာ ကုလားတပ်ငယ်တစ်တပ် ဘုရားတံတိုင်းထဲမှ ထွက်လာသည်။ မြင်း နှစ်ဆယ်နှင့် ခြေကျင်သမားသုံးဆယ်သည်တဟုန်ထိုးပစ်ခတ်ဝင်ရောက်လာသည်။
“ကျား... ကျား။ ကျားဘသား ချပါတော့လားဟ”
မြန်မာရဲမက်များသည် အပြိုအပျက်များကြားမှ ခုခံပစ်ခတ်သည်။ သစ်ပင်ပေါ်တက်နေသည့် ရဲမက်များက မြင်းပေါ်သို့ခုန်ချသည်။
“ကျားဘသား၊ ကျား”
ရဲမာန်သွေးသံများနှင့် သေနတ်သံများ လုံးထွေးနေ၏။ မြေပြင်ပေါ်မှ | ရဲမက်များက မြင်းပေါ်ခုန်တက်သည်။ ခြေကျင်ကုလားများကို အတင်း ဝင်ခုတ်ကြသည်။ ယှဉ်ပြိုင်ဘက် မြန်မာမြင်းတပ်မရှိငြား၊ ကုလားမြင်းတပ် ဆုတ်ပြေးရသည်။ မြင်းတစ်ကောင်နှင့် ကုလားငါးကောင် ကျန်နေခဲ့သည်။
မီးလောင်ပြင်အစပ်တွင် သွေးအိုင်ထွန်းသည်။ အလောင်းများ ပြန့်ကျဲ နေသည်။ ထိုအလောင်းများသည် မြန်မာရဲမက်များအား တွန့်ရွံ့အောင် မတတ်နိုင်။ အသံတွေပိုပြီးများလာသည်။
ရန်သူကုလားဖြူ စဉ်းစားရပြီ။
သည်ထုထည်ကြီး ပြိုဆင်းသွားအောင် မည်သို့လုပ်ရမည်နည်း။ လျှပ်တစ်ပြက်ထွက်၍ထွက်၍ တိုက်မည်လော။
ထိုသို့တိုက်လျှင် မြန်မာတွေသေပါလိမ့်မည်။ သို့သော်ကုလားလည်း သေသည်။ ကုလားတစ်ယောက်သေပြီး ကျန်ခဲ့တိုင်း၊ ကုလားကိုပစ်ခတ်မည့် သေနတ်ကောင်းတစ်လက်တိုးလာလိမ့်မည်။ ထို့ပြင် ဘုရားတံတိုင်းအတွင်းမှ ခုခံအားလျော့သွားမည်။ ။
နောက်တစ်ကြောင်း ရှိသေးသည်။
ဤသည်မှာ ညဉ့်အချိန်တွင် အမှောင်အားကိုးဖြင့် ကျော်လွှား ဝင်ရောက်လာမည့် ဓါးရဲခုတ်များဖြစ်သည်။
ဓားရဲခုတ်များသည် ရှိန်းဆာယာပိုမောက်ပြီး ကိုယ်ပျောက်သူများ မဟုတ်။ ရှိန်းလည်းမပြီးပါ။ ကုလားများနှယ် သာမန်လူများဖြစ်သည်။
သာမန်လူပင်ဖြစ်ငြား၊ ဓားရဲခုတ်များသည် အသက်ကို မနှမျောကြချေ။ | ရန်သူကိုသတ်ရလျှင် မိမိသေပါစေ သဘောထားသူများဖြစ်သည်။ သားရဲ မင်းရဲ စီးနေသူများလည်းဖြစ်ပုံရ၏။
ကပ္ပတိန်လောရင့်သည် အတန်ကြာအောင်စဉ်းစားသည်။ မင်းလှ ခံတပ်ကြီးပေါ်သို့ ထိုးဆင်းနေသည့် နေလုံးကြီးကို လှမ်းကြည့်ရင်း ချိန်ဆ နေသည်။
.....မှောင်သွားရင် အမြောက်တွေ မဆုံးရှုံးနိုင်ဖူးလား.."
ကုလားဖြူ ဓားပြကြီး ချက်ချင်းထရပ်သည်။ အနောက်ဘက်မျက်နှာသို့ အမြောက်လေးလက်ချက်ချင်းစုရုံးရန်နှင့် အမြောက်တွေစုံလျှင် အနောက်ဘက် မြစ်ကမ်းသို့ ဖောက်ထွက်ရန် အမိန့်ပေးသည်။
ထိုအစီအစဉ်အရ ကုလားဖြူး၊ ကုလားနက်များ မြစ်ဖက်သို့ ဖောက် ထွက်သည်။ သေနတ်သံများ မိုးမွှန်အောင် ပစ်ခတ်ပြီး ထွက်ခြင်းဖြစ်သည်။
မြန်မာရဲမက်များသည် ပြန်လှန်ပစ်ခတ်သည်။ သူဆယ်ချက်ပစ်လျှင် ကိုယ်တစ်ချက်ပစ်သည်။ လက်နက်ချင်းမတူသောကြောင့် လက်ပိုက်ကြည့် မနေ။ ချုံဖုတ်များမှထွက်တိုက်သည်။ ကုန်းကြိုကုန်းကြားမှထွက်တိုက်သည်။
အမိမြေပေါ်တွင် လာရောက်စော်ကား မင်းမူသူကို အဘယ်ကြောင့် ရပ်ကြည့်နေရမည်နည်း။ မြန်မာကို 'သည်ပုံစော်ကား၍ ရရိုးလား။ လက်နက် ချင်း မတူခါမျှဖြင့် လက်မှိုင်ချကာ ထိုင်နေရိုးလား။ အသက်တစ်ချောင်းသည် အမျိုး၏ ဂုဏ်သိက္ခာနှင့်စာပါက မည်သို့တန်ဖိုးရှိပါသနည်း။
သို့ကြောင့် ဒူးလေးဖြင့်ပစ်သည်။ ဓားဖြင့်ခုတ်၊လှံဖြင့်ထိုး၊သေနတ်ဖြင့် ပစ်သည်။ ရန်သူတစ်ယောက်သေလည်း အမြတ်၊ နှစ်ယောက်သေလည်း အမြတ်ပင်။
ရန်သူသည် အရပ်သားလှေများကို လုယူသည်။ အသင့်ဆိုက်ကပ် လာသော ခရီးသည်တင်သင်္ဘောပေါ်မှ ခရီးသည်များကို ပစ္စည်းပစ္စယ၊ ဝန်စည်စလည်များ ယူခွင့်မပြု။ အတင်းမောင်းချကာ အမြောက်လေးလက် တင်ပြီး ထွက်ပြေးလေ၏။
မြန်မာရဲမက်များ ကျဆုံးပါသည်။သို့သော် အမိမြေအတွက် လူမျိုး၏ ဂုဏ်သိက္ခာအတွက် မြင့်မြတ်သောသေခြင်းဖြစ်သည်။ ထိုပုဂ္ဂိုလ်အတွက်၊ ထိုကဲ့သို့စွန့်လွှတ်သည့်အတွက်၊ ရန်သူ့အလောင်း ငါးလောင်း နောက်ထပ် ရလိုက်ခြင်းဖြစ်သည်။ ရန်သူသည် မြင်ကွန်းမြေမှ ထွက်ပြေးရပြီ။
ဗိုလ်ရွဲသည် စစ်ကူလာသော မင်းကြီးရွှေလရောင်၏တပ်မှ ဗိုလ်များကို အသေအချာ မြင်ဖူးလိုသဖြင့် လာရောက်နှုတ်ဆက်သည်။ သူ့နောက်တွင် သေနတ်ထမ်းလျက် မားမားကြီးပါလာသူက ကိုမိုးကောင်း။
သည်မျှအရပ်ရှည်ပြီး ထိုးကွင်းမြေစိုက်နှင့် လူကြီးကို ခပ်လှမ်းလှမ်း ကပင် ငလှိုင်းမြင်သည်။ သိသည်။
" “အဖေရေ၊ အဖေ အဖေ” “သား ငလှိုင်း”
အဖေခေါ်သံ မကြားရမီကတည်းက၊ ထိုးကွင်းမြေစိုက် အရပ်ကြီး ကလန်ကလားနှင့်ရဲမက်သည် ငလှိုင်းနှင့် တူချေစွ။ သို့သော် ရမည်းသင်းနှင့် မြင်ကွန်း ဝေးလွန်းသဖြင့် မထင်ရဲ။
အဖေခေါ်သံကြားရချိန်တွင်ကား ဆက်မစဉ်းစား။ သူ့သားအသံ ဖြစ်ကြောင်း သေချာသွားပြီ။ သေနတ်လွယ်လျက် ပြေးလာပြီး တအား ကျုံးဖက်သည်။
“အဖေ အဖေ၊ အဖေ နေကောင်းလား။ အမေကော နေကောင်းလား”
ဖအေ့ရင်ခွင်တွင် ခေါင်းမှေးလျက် အငမ်းမရမေးသဖြင့် “ကောင်း သကွ။ အားလုံးကောင်းကြသယ်” ပြောပြီးမှ “လူလေးရာ၊ ရမည်းသင်းမှာ ကြားရာက ဘယ်လိုလုပ်ပြီး လှမ်းလှမ်းကမ်းကမ်းကွာ”ဟု ဆိုသည်။
“ပြောရမှာ အရှည်ကြီးပဲအဖေရေ။ အမေနေကောင်းလားအဖေ”
“နေကောင်းပါသယ်ကွ။ အေး နေကောင်းသယ် ဆိုသာတောင် အဖေလည်း ရွာကို တစ်ခေါက်ပဲရောက်သယ်”
မယ်ဇလီပင်ရိပ်တွင် သားအဖနှစ်ယောက်သာ ကျန်ခဲ့သည်။ ဗိုလ်ရွဲနှင့် လက်ထောက်ဗိုလ်များသည် ဗိုလ်ဆံရှည်၊ ဗိုလ်ဆေးနီ၊ ဦးစံထွန်းတို့ထံ သွားရောက်နှုတ်ဆက်နေကြပြီ။ ရယ်မောသံများလှိုင်နေသည်။ စကားပြောသံ များ ညံနေသည်။
“ကြုံတုန်းကြုံခိုက် ရွာကိုသွားရ ကောင်းမလား စိတ်ကူးနေသာ အဖေရ။ တပ်ကို စိတ်မချသာနဲ့”
“အမယ် ငါ့သားက ဗိုလ်ဖြစ်နေပြီ”
ဖအေသည် နောက်ဆုတ်သည်။ သားကို ခြေဆုံးခေါင်းဆုံး ကြည့်သည်။ ပီတိဖြစ်လွန်းသောအသံ ဂုဏ်ယူသောအသံဖြင့် မေးသည်။
“ဗိုလ်မဟုတ်ပါဘူး အဖေရာ၊ လူတစ်ရာအုပ်ဆိုရင် သွေးသောက် မဟုတ်လား”
“မှန်တာပေါ့ သွေးသောက်မင်းရာ”
ကိုမိုးကောင်း အူလှိုက်သည်းလှိုက် ရယ်မောသဖြင့် ငလှိုင်းလည်း ရယ်မောရ၏။
“ဟေ့ ဒါထက် မင့်ညီငသိုင်း”
“အတော်ဒုက္ခပေးမဲ့ကောင်ဗျာ။ တွေ့မှ ဖင်လှန်ပြီး ဝါးခြမ်းပြားနဲ့ ရိုက်ဦးမှ”
“ရိုက်ချင်သပါ့ဆို၊ အနောက်ဘက်ကမ်း လိုက်ခဲ့ပေတော့”
“တကယ်ရိုက်ဖြစ်အောင်ရိုက်မှာ အဖေရေ။ အစ်ကိုကို မပန်ကြားဘဲ အိမ်ကထွက်အသွားမှာ မရီးက “ဘယ်ကိုတုန်း”မေးတော့မှ “သရက်ကန်က ဘတို့ဆီ” ဆိုပြီး ထွက်သွားသာ အဖေရှေ့ ၊ ကျုပ်မှာ သရက်ကန်ကို လူလွှတ်စုံစမ်းရသဗျာ။ ဘတို့၊ အမေကြီးတို့က မကျန်းမာဘူးဗျ။ အဲသာ သရက်ကန်မှာလည်း ခုနစ်ရက်လောက်နေပြီး ပျောက်သွားလို့ ၊ ဟိုကအမျိုး တွေလည်း ဒေါင်းတောက်လို့ဗျား”
ထိုသို့ သူကြောင့်ကြခဲ့ရပုံများကို ဆက်တိုက်ပြောပြီးမှ “သူ အခု ဘယ်လိုလုပ်ပြီး မင်းလှကို ရောက်နေသတုန်းအဖေ”ဟု စကားသပ်၏။
“မင်းလှမှာ မဟုတ်ပါဘူးသားရား မင်းကြီးဗိုလ်ဥတ္တမတပ်နဲ့ စကုမှာ ဆုံကြရာမှာ၊ အကြပ်တစ်ယောက်က “ဗိုလ်မင်းနဲ့တူသဲ့ လူတစ်ယောက် တွေ့ခဲ့သယ်”ပြောလို့ မေးကြည့်ခါမှ သူဖြစ်နေသာ”
“အတော် ဝေးသလားအဖေ”
“ဝေးပါသော်ကော လူလေးရာ။ မြင်းနဲ့ မရပ်မနားသွားရင် တစ်ည အိပ်၊ ခြေကျင်မရပ်မနားသွားရင် ငါးညအိပ်”
“တွေ့ချင်လိုက်သာ အဖေရာ” ညည်းရင်း ခေါင်းကုတ်သည်။
ခေါင်းကုတ်ပြီးမှ ထပ်မေးပြန်သည်။
“ဘာမြို့တဲ့တုန်း အဖေ” “သာသနာပိုင်ဆရာတော် သီတင်းသုံးတဲ့မြို့ပါကွာ။ ပါးစပ်ဖျား
တွင်ပါ။ ဘာတဲ့" " ကြာအင်းလား အဖေ"
“အဲ ကျပင်း... ကျပင်း။ အဲသည်အရပ်မှာတော့ မြတောင်ဗိုလ် ဗိုလ်သိန်းတဲ့။ ဗိုလ်သိုင်းတဲ့။ ဗိုလ်ပြန့်တဲ့။ မင်းညီက နာမည်တစ်လုံးနဲ့ပါ မောင်”
မှောင်လာပေပြီ။ သားအဖပင် တစ်ယောက်မျက်နှာ တစ်ယောက် ကောင်းစွာမမြင်ရတော့။ ဗိုလ်ရွဲမှာလည်း ငလှိုင်းကို ငလှိုင်းမှန်းသိသောအခါ အံ့အားလည်းသင့်၏။ဝမ်းလည်းသာ၏။ သို့ရာတွင် သူသည် ဗိုလ်မဲခေါင်ကို ထားခဲ့ကာ အနောက်ဘက်ကမ်းသို့ ပြန်ရမည်။
“ဘကြီးနဲ့ မောင့်အဖေက ဟိုဘက်ကမ်းကို ပြန်ရမယ်။ လိုက်ခဲ့ကွာ”
“ကျွန်တော့်ရဲမက်တွေက ရမည်းသင်း၊ ပျော်ဘွယ်၊ ပျဉ်းမနား ဘက်ကလူတွေ ဘကြီးရဲ့။ သည်အရပ်သားမပါဘူး။ သူတို့ကို မေးရဦးမယ်”
ဤသို့ဖြင့် ငလှိုင်း၏လူကိုးကျိပ်တပ်မှာ ခြောက်ကျိပ်သာကျန်သည်။ ပျဉ်းမနား၊ ရမည်းသင်းဘက်မှ ရဲမက်များသည် ရွာသို့ပြန်ရန်အတွက် ဦးစံထွန်း၏တပ်သို့ ပြောင်းသွားသည်။ ကျန်ခဲ့သူများမှာ ကျောက်ဆည်နှင့် မြင်စိုင်း၊ ကူမဲဘက်မှ ရဲမက်များဖြစ်သည်။ သူတို့ကား မိစ္ဆာဒိဋ္ဌိသုတ်သင်ရေး စစ်ပွဲကို ဆင်နွှဲရေးသာအဓိက၊ မြေရေသည် အဓိကမဟုတ်။
မြင်ကွန်းတွင် ဗိုလ်ရွှဲကြာကြာမနေနိုင်ခြင်းမှာ အကြောင်းရှိသည်။အမ်း ဘက်မှကုလားစစ်ကူများသည် နွားဝန်တင်လမ်းအတိုင်းငဖဲဘက်သို့ လာနေ သည် သတင်းကြားသောကြောင့်ဖြစ်၏။ ထိုလမ်းမှလာသော ရန်သူသာ ရောက်လာခဲ့လျှင် ဖအိုင်း၊ စလင်းအထိ အနှောင့်အယှက် ပေးနိုင်ချေရှိသည်။
သို့ကြောင့် ညဉ့်တွင်းချင်း အနောက်ဘက်ကမ်းသို့ ကူးခဲ့ကြသည်။ တအောင့်တနား နားနေပြီးနောက် နွားဝန်တင်လမ်းသို့ ချီတက်လာခဲ့ကြသည်။ ဆင်ခေါင်းသို့အရောက်တွင် စကုပန်းဆေးခံဗိုလ်၏တပ်မှလူများနှင့်တွေ့သည်။
“ဗိုလ်မင်းခင်ဗျား။ ရေနံချောင်းက ကုလားတပ်တစ်တပ် သံကိုင်းက တက်လာပြီး ပန်းလွှားမှာရပ်နေသယ်။ စလင်းကိုလုပ်ကြံနေသို့ မင်းကြီးတပ် ကို ညှပ်ပူးညှပ်ပိတ်လုပ်လိမ့်မယ်ထင်သယ်လို့ အကြောင်းကြားခိုင်းပါသယ်”
ဗိုလ်ရွဲ စဉ်းစားရသည်။
‘သည်ရန်သူတပ်၊ မင်းကြီးဗိုလ်ဥတ္တမကို နောက်ပိုးသိပ်ရင် မင်းကြီး ခံနိုင်မလား။ မခံနိုင်လို့ရွေ့ ရင် သည်ကုလားဟာ လယ်ကိုင်းအထိ ရောက်လာ နိုင်သယ်။ လယ်ကိုင်းနဲ့စကု ဘာဝေးသတုန်း။ စကုကျရင် မင်းလှ..."
နောက်တစ်နည်း စဉ်းစားရပြန်သည်။ 'အဲသည်လူတွေ စလင်းမှာရှိသဲ့ ရန်သူနဲ့ ပေါင်းမိရင် ဖအိုင်း၊ စေတုတ္တရာကို ရန်မူမယ်။ အဲသည်နောက်မှာ ငဖဲ...'
ဗိုလ်ရွဲသည် အတန်ကြာအောင် စဥ်စားသုံးသပ်သည်။ အမ်းဘက်မှ လာမည့် ရန်သူကို ချမ်းသာမပေးသင့်သည့်နည်းတူ၊ သံကိုင်းမှ တက်လာ သော ရန်သူကိုလည်း လွှတ်မပေးသင့်ကြောင်း နားလည်သည်။ သို့ဆိုက မည်သူကို မဲမည်နည်း ။
ထို့နောက် သူသည် အနောက်အရပ်သို့ ဆက်လက်ချီတက်သွားကာ ကိုမိုးကောင်းသားအဖ နှစ်တပ်နှင့် ဗိုလ်ဝိုင်း၊ ဗိုလ်ချက်တို့တပ်များကို မြောက် အရပ်သို့ လွှတ်လိုက်လေ၏။
တပ်လေးတပ်တွင် မြင်းဆယ်စီးနှင့် လူလေးရာကျော်ပါသည်။ ဗိုလ် ဝိုင်းကို ရှေ့ဖျားတင် ချီတက်လာကြရာ၊ အရုဏ်တက်ချိန်တွင် လယ်ကိုင်း၏ အနောက်မြောက်သုံးတိုင်ကွာရှိ မုန်းမြစ်ဘေး သာစည်ရွာသို့ ရောက်လာ ကြသည်။