ဆင်ဖြူကျွန်းအောင်သိန်း - နေမင်းတစ်ထောင် (၄)
“မမလေးကိုတဲ့ ချစ်လို့ပါ၊ မမလေးကိုတဲ့ ကြိုက်လို့ပါ။ ဆေးမင်ကြောင် ရုပ်စုံမျိုး ထိုးနှံရပါ။ မထိုးချင်လို့ နေရရိုးလား။ မနှံချင်လို့ နေရရိုးလား။ မလေးရက်တဲ့ မင်ခံပုဆိုး တန်းသွယ်လို့မိုး”
မင်ကြောင်ရုံကို ရှစ်နေ့သမီးတို့၏ ယက်ဖျင်များဖြင့် မိုးပြီးပြီ။ ထိုနေ့ သမီးတို့၏ လက်ရာများဖြင့် ကာပြီးပြီ။ ထိုနေ့သမီးတို့ထံမှ စုဆောင်းရရှိ
သော ချည်မျှင်များဖြင့် ပုဆိုးတန်း တန်းပြီးပြီး ထိုနေ့သမီး အပျိုစင်များ၏ ပရိတ်ချည်များဖြင့် အရံအတား လုပ်ထားပြီ။
ရာဇမတ်တိုင်များတွင် ငှက်ပျောပင်ရှင်၊ ကြံပင်ရှင်များ စိုက်ထူထား သည်။ ဘုရားစင်တွင် ဆေးဘုရားများ၊ ဂဝံရုပ်များ၊ ပန်းပေါင်းဘုရားများ၊ ဂမုံးပေါင်းဘုရားများနှင့် ကန်တော့ပွဲများ ထိန်ညီးနေသည့် ဆေးဖယောင်း တိုင်များ ရောက်နေပြီ။ သဲပြင်ပေါ်တွင် ငှက်ပျောရွက်များ ထပ်ခင်းထားပြီးပြီ။
မင်ကြောင်ဆရာသည် ပရိတ်တော်များ ရွတ်ဖတ်ပြီးနောက် မေတ္တာ ပို့ရင်း ပေါက်ပေါက်များကို ကြဲပက်သည်။ ထိုအထဲတွင် ဆေးဆိုးထားသည့် ဆန်ပန်းများ ပါဝင်သည်။ ဂါထာမန္တာန် မန်းမှုတ်ထားသည့် 'ဆန်မန်း' များလည်း ပါသည်။
မင်ကြောင်ထိုးမည့် ကာလသားများသည် မင်ကြောင်ဆရာနှင့် လက်ထောက်များ၏နောက်တွင် ကျောအပြောင်သားဖြင့် ဆောင့်ကြောင့် ထိုင်လျက် လက်အုပ်ချီကာ၊ မြတ်စွာဘုရားကို အာရုံပြုနေကြ၏။
ထိုအခိုက်တွင် ရုတ်တရက်ပေါ်လာသော ဒိုးပတ်သံကြောင့် စိတ် ပျံ့လွင့်သည်။ အတီးတွင် တေးချင်းပါ ပါလာသည့်အတွက် ငသိုင်းမှာ မလုံမလဲ ဖြစ်သွားရတော့သည်။
ကြည့်ပါဦး၊ ဆေးမင်ကြောင်ထိုးနှံခြင်းမှာ ယောက်ျားပီသလို၍ မဟုတ်၊ လှပလို၍လည်းမဟုတ် မမလေးကို ကြိုက်သောကြောင့် ဟူ၏။
သူကဲ့သို့သောသူ မည်မျှပါချေမည်နည်းဟု ငသိုင်း စွေစောင်းကြည့်၏။ ငမှန်၊ ငထိုက်၊ ထွန်းဇံ၊ ငကဲတို့ မျက်တောင် ပုတ်ခတ်ပုတ်ခတ် ဖြစ်နေကြ၏။ ငမန်း၊ သာခိုင်၊ ငကျားတို့ကား လည်ပင်းရှည်လျက် မင်ကြောင်ရုံအပြင်သို့ မျှော်ကြည့်ကြ၏။
ထိုမထိတထိ တေးချင်းသံဖြင့် စောင်းမြောင်းနေသော ဒိုးပတ် ဝိုင်းမှာ နေ့ချင်းပြီး ဆောက်လိုက်သော အမျှော်တဲ” မှပေတည်း။
ကာလသားခေါင်း တောက်တဲ့နှင့် ကာလသမီးခေါင်း မကြီးပုတို့မှာ အော်ကျယ်ဟစ်ကျယ်ပြောလိုက်၊ ရယ်မောလိုက်ဖြင့် သည်တဲမှာ သူတို့၏ ဖြစ်ကြောင်း ကြေငြာနေဘိသို့ရှိ၏။
တဲတွင် အကာမရှိငြား၊ ရှန်ပန်းထည်တစ်ထည်ကို နဖူးစည်း လုပ်ထားသည်။ နေရောင်လာမည့်ဘက်၌ ကန့်လန့်ကာတစ်ထည် ဖြန့်မိုး ထားသည်။ ဤအနီရောင်နှစ်ခုမှအပ တစ်တဲလုံး ဝင်းထိန်နေ၏။ ဖွားဖက် ရွှေပွင့်များနှင့် ပိတောက်များ အဝင်းအထိန်ပြိုင်နေကြခြင်းဖြစ်သည်။
“အမယ်လေးဟဲ့၊ မင်ကြောင်ထိုးသာ လွယ်သယ်များမှတ်လား။ ကိုတောက်တဲ့အဖေမှာ ပေါင်တစ်ဖက်တောင် ထိုးကွင်းအပြည့်မရှိသာ ကိုတောက်တဲ့ အမေပဲ သိသဘော”
မကြီးပု အော်ကျယ်အော်ကျယ်နှင့် ငယ်ကျိုးငယ်နာဖော်သောကြောင့် မင်ကြောင်ရုံဘက်သို့ တောက်တဲ့ထွက်ပြေးတော့သည်တွင် ကာလသမီးတွေ အုန်းခနဲ ရယ်မောကြ၏။ ပြေးသော်လည်း အပြောမရပ်။
“နာလွန်းမကနာတော့ တောက်တဲ့အဖေ သေလုမျောပါးအော်သတဲ့။ ဘေးက ကိုင်ပေးသူတွေရော၊ မင်ကြောင်ဆရာပါ စိတ်ညစ်သာပေါ့ ။ မင်ကြောင်ဆရာ မောမောနဲ့ နောက်ဆုဘ်ပြီး နားနေတုန်း ထပြေးသာ တစ်သက်လုံး ရွာကို မပြန်တော့ဘူးတဲ့”
ရယ်မောသံကြီးအဆုံးတွင် ဘယ်အရပ်ကတုန်း မကြီးပုရဲ့” ဟု မေးသံ ပေါ်လာပြန်သည်။
“ဂဒန်းဘက်ကတဲ့ဟယ်။ ရှင့်အမေလည်း အိမ်ထောင်ပြုပြီးမှ ပေါင် တစ်ဖက်တောင် ပြည့်အောင် မင်ကြောင်မထိုးသူမှန်းသိလို့ ကွာမယ်အလုပ်မှာ တောက်တဲ့ကို မွေးသာနဲ့ မကွာဖြင်သာတဲ့တော်”
ဝေါခနဲ ရယ်မောကြသည်။ မကြီးပု ပြော၍မပြီးသေး။
“ညည်းတို့ တောက်တဲ့အဖေ အောက်ပိုးကျိုက်သာ ဘယ်နှစ်ခါမြင်ဖူး ကြသတုန်း။ ကျုပ်ဖြင့် မမြင်ဖူးပေါင်ဘော်”
ကာလသမီးတွေ တသောသော ရယ်မောသံမစဲမီ မျှော်တော်ယောင် တဲထဲသို့ အမောတကော ပြေးဝင်လာသူမှာ ငကျိုင်း။ ပုဆိုးသစ်တစ်ထည်ကို ပိုက်ထားသည်။ အပြေးလာရသည့်အတွက် နံနက်အစောကြီးမှာပင် ချွေး ရွှဲနေသည်။
“အကျွန်လည်း မင်ကြောင်ထိုးချင်လို့ဗျာ” “ဟဲ့ မောင်လေး”ဟု အစချီကာ ကျော့ခင်က လမ်းညွှန်မည်အပြုတွင် မကြီးပုက လက်ကာပြလိုက်ပြီးမှ မှင်နှင့်မောင်းနှင့်မေးသည်။
“အမောင်က မင်ကြောင်ထိုးသာ ဘယ်လိုထိုးမှာတုန်း။ မှောင်ထဲမှာ ထိုးမှာလား။ အလင်းထဲမှာ ထိုးမှာလား”
“ဗျာ”ခံပြီးနောက် မကြီးပု၏အမေးကိုငကျိုင်း ဖြေကြားရန် ကြိုးစား၏။ သို့ရာတွင် အပိုးမသေသော မျက်နှာများကိုသာ မြင်ရသဖြင့် ဟိုဟိုသည်သည် မျက်စိကစား၏။ မြင်ရပြီ။ ခန့်ညားတင့်တယ်သော မင်ကြောင်ရုံ။
“မသိလို့မေးသာ ကောင်းကောင်းမဖြေဘူး။ အမေ့တိုင်မယ်” ငကျိုင်း ကြုံးဝါးပြီး ထွက်သွားသည်။ ကာလသမီးတွေ ပါးစပ် ဟောင်းလောင်းဖြစ်ကာ ကျန်ခဲ့သည်။ ကျန်ခဲ့ခြင်းမှာ သည်ရွာတွင် သည် အရွယ်ဖြင့် မင်ကြောင်ထိုးသူ မရှိဖူးသောကြောင့်ဖြစ်၏။
ငကျိုင်းသည် ဒေါနှင့်မောနှင့် မကြီးပုအား ခြိမ်းမောင်းပစ်ခဲ့ကာ မင်ကြောင်ရုံဘက်သို့ အသော့နှင်၏။ သို့စဉ်တွင် မင်ကြောင်ရုံဘက်မှ ပြေးလာသူက သူ့ကိုဝင်တိုက်သည်။ လေပွေဖြစ်သည်။
“ဟာ၊ မင်း ကျောင်းမသွားဖူးလား” “စာမှ မသင်သာကွာ။ မသွားပါဘူး။ ငါ အခု မင်ကြောင်ထိုးမလို့”
လေပွေနောက်ဆုတ်ကာ ငကျိုင်းမျက်နှာကို မော့ကြည့်၏။ ခြေဆုံး ခေါင်းဆုံး သုံးသပ်သောအခါ၊ မင်ခံပုဆိုးကိုမြင်ရသဖြင့် မယုံ၍မဖြစ်။
“ဟ မင်ကြောင်ထိုးသယ်ဆိုသာ လူပျိုဖြစ်မှ ထိုးရသာ”
“လူပျိုဖြစ်မှ ဟုတ်လား။ ဟာကွာ လူပျိုဖြစ်အောင် စောင့်မနေနိုင် ပါဘူး”
“သိပ်ပြီး နာသာတဲ့” ကလေးပီပီ ကလေးသံဖြင့် ငကျိုင်းရယ်မော၏။ “ဦးဇင်းကြီးရိုက်သာမလောက် နာမထင်ပါဘူးကွာ” ထိုစကားကြောင့် လေပွေ တွေခနဲဖြစ်သွားတော့မှ ငကျိုင်း မေးနိုင်၏။
“မင်းက ငါ့ကိုမေးလို့၊ မင်းကော ဘာလုပ်နေသတုန်း။ မင်ကြောင် ထိုးမှာလား”
“ဟင့်အင်း။ အပျိုတွေက မုန့်ပေးမယ်ဆိုလို့ အောင်သွယ်လုပ်နေသာ”
သူ့ဘာသာသူပြောပြီး လေပွေသည် သူ့ဘာသာသူ ရယ်မော၏။ အဓိပ္ပာယ်ကို နားမလည်း ငကျိုင်း မမေးတော့ပါ။ “အေး အေး” ဆိုကာ ထွက်သွားလေ၏။
မျှော်တော်ယောင်တဲထဲမှ အပျိုများသည် လေပွေပြေးလာသည်ကို မြင်ကတည်းက သူ့ကိစ္စလော၊ ငါ့ ကိစ္စလောဟု လည်ဆန့်၍ကြိုလင့်ကြ၏။
“လေပွေ ဘာတုန်းဟဲ၊ ပြောလေဟယ်” အပျိုခေါင်းသည် သူ့အပျိုများကိုယ်စား သွက်လက်စွာမေး၏။ “ကိုငကျား ထိုးတော့မှာဗျာ” “ဝဲမှောင်လား ယာမှောင်လား” “ယာမှောင်ဗျာ။ ကွမ်းသီးနဲ့ ပန်းညိုရွက်ပေးပါ”
ဝဲမှဝင်သည်ဖြစ်စေ၊ ယာမှဝင်သည်ဖြစ်စေ သည်ကြေးစုတ်ကြီးဖြင့် ဆောင့်ထိုးသဖြင့် နာသည်ချည်းဖြစ်၏။ အပျိုခေါင်းသည် သူ့အပျိုတွေကို လှည့်ပြီး အကဲခတ်နေစဉ် လှုပ်ရှားသူမှာ မိစော။
မိစောသည် ကွမ်းသီးသုံးလုံးနှင့် ပန်းညိုရွက်သုံးရွက်ကို ကိုင်လျက် လေပွေ ဘေးသို့ တရွေ့ရွေ့တိုးကပ်လာပြီး တိုးတိုးသက်သာပြော၏။
“ဘယ်လောက်ပဲနာနာ မအော်ပါနဲ့လို့ ပြောနော် မောင်လေး၊ နာရင် ဟောသည်ကွမ်းသီးတွေခဲထားပါလို့။ ဟောသာတွေက ရှူဖို့။သည်နှမ်းပျစ်က မောင်လေးစားဖို့ ”
လေပွေသည် နှမ်းပျစ်ကို ပါးစပ်ထဲထည့်ရင်း ပြောသည်။ ငကျားမှာ ချစ်ပါပြီ၊ ကြိုက်ပါပြီ တစ်ကြိမ်မျှမပြော။ မျက်စောင်းတခဲခဲဖြင့် ငေါက် ဆတ်ဆတ် အပြောကိုသာ သီကုံးပန်းသွင် အမြဲဆင်နေခဲ့ရသူဖြစ်ရာ မိစော ထံမှ အမှာစကားနှင့် လက်ဆောင်ရသောအခါ ကျေနပ်ဝင့်ကြွားစွာဖြင့် မင်ကြောင်ရုံထဲသို့ ဝင်သွားလေ၏။ ကွမ်းတစ်ယာညက်ပင် မကြာ၊ “အမယ်လေး၊ သေပါပြီဗျာ။ အဟူး နာလိုက်သာ” အော်သံကြီးက ရုံ အပြင်သို့ လျှံထွက်လာတော့သည်။
ဒိုသမားများကား နားပါးလှသည်။
“အမေလေးရယ်က စိတ်မတူ”ကို အဆိုဖြင့် စောင်းချိတ်တီးနေရာက တိခနဲ ရပ်သည်။ ““မိုးမင်း ဘယ်တော့သောက်ပါ့မယ်၊ ပန်းပဲဘယ်တော့ခေါက်ပါ့မယ်"
အခါကြီးရက်ကြီးတွင် မဦးမချွတ် မျောက်မင်းအူသံကို တီးငြား မကြီးပု မတားမြစ်။ ဒိုးပတ်သံကြားမှ အော်သံကို နားစွင့်၏။ ငကျားကား အော်မြဲအော်နေစဉ် လေပွေ ပြေးလာပြန်၏။
“ကိုရင် ငထိုက် ဝင်တော့မှာဗျ”
“ဟေ ဟုတ်လား၊ ရော့ရော့ မောင်လေး၊ အံမှာ ခဲဖို့ ကွမ်းသီး။ ဟောသည်မှာ ရှူဖို့ ပိတောက်ပန်း”
“ဟင် ကျုပ်ဖို့ကော ဘာမှမပေးတော့ဖူးလား”
“မေ့နေလို့ပါတော်၊ ရော့ပါ” ဟု ပဲလှော်တစ်ဆုပ်ပေးသူမှာ မိချော ဖြစ်၏။ “အော်ရင် ရှက်စရာကြီး၊ မအော်ပါနဲ့လို့ ပြောနော်” ဟူ၍လည်း မှာလိုက်သေး၏။ ငကျား၏ အော်သံများကား မစဲသေးချေ။ သို့ စဉ်တွင် ငထိုက် ဝင်သွား၏။ ဒိုးသမားများသည် မျောက်မင်းအူသံမှ အစောင်း တေးချင်းကို ပြောင်းရင်း နားစွင့်၏။
တစ်အောင့်ဖြင့်လည်း အော်သံမကြားရ၊ ကွမ်းတစ်ယာညက် ကြာ ညောင်း၍လည်း ငထိုက်အသံ မကြားရ။ မိချော ပြုံးနိုင်ပြီ။ မိချော ပြုံးသည်ကို မိစော မနာလို။ ဒိုးသမားထံ ဆေးလိပ်နှစ်လိပ် လှမ်းပေးသည်။
“တော်ရို့ ဟာက ပျင်းစရာကြီးတော်။ ဗိန်းမောင်းလေးဘာလေး”
ဒိုးဆရာ သိပါသည်။ ဟေမောင်ရို့ 'ဒါး”ဟု တိုင်ပေးလိုက်ရာက 'ကျား' ဟုအော်ခြင်းဖြင့် လေးကင်းတီးသည်း ဆက်၍ ဗိန်းမောင်းတိုက်သည်။ တစ်ချက်ချင်း ပေါက်နေရာက မင်ကြောင်ဆရာသည် ဗိန်းမောင်းသံနောက်သို့ လိုက်ကာ တရကြမ်း ထိုးစေရန်ဖြစ်သည်။ သို့နယ် မိစော လုပ်ကြံငြား ငထိုက်၏ အသံ ထွက်မလာ။
ထိုနှစ်ယောက် မပြီးမီ နောက်ထပ်နှစ်ယောက်။ ထိုနှစ်ယောက်လည်း ငထိုက်နည်းတူပင် သတ္တိကောင်းကြသည်။
“အမေ့ကိုတဲ့ ချစ်လို့ဗျာ၊ အဖေကိုတဲ့ ချစ်လို့ဗျာ။ ဖမိအပြင် မယ့်ကို အစစ် ချစ်ပါရဲ့ဗျာတဲ့လေ”
သမီးရည်းစား အရှုပ်တော်ပုံတစ်ခုကို ဖွဲ့သီထားသော တေးချင်း တစ်ပုဒ်ကို ဒိုးဆရာတို့ ပြောင်းလွဲတီးသည်။
“စကားရယ်ဝါ၊ မင်သေ့ဆရာ လာခါမှ ကိုလူညာ ထောင်ပုဆိုးနဲ့ မျိုးဇာတိ ပေါ်လာသလေလေ့”
ထိုအခါ ဝါးလက်ခုပ်သမားများနှင့် လင်းကွင်းသမားတို့က ညာသံ ပေးပြီး ဝင်တောကြ၏။
“ထောင်ပုဆိုးပေလော့၊ ရာပုဆိုးပေလော့ စိုးရွံ့ရွံ့ မေးမိပါ” “ချစ်စိတ်ဖြင့် နာသလေတော်”
“ပြုရက်လေသာ မောင့်ကိုယ်မှာ ထောင်ပုဆိုးနဲ့ ဝဲမှောင်မှာ ထိုး သလေတော်”
အဆိုသမား၏ သံအေးသံနွဲ့ ကို လူးလှိမ့်ခေါက်ပြန် တီးအပြီးတွင် ဝါးလက်ခုပ်သမားနှင့် လင်းကွင်းသမားတို့အသံ ပေါ်လာပြန်သည်။
“ကွယ်လေးရဲ့ မင်ကြောင် ဘယ်မှောင်မှာ ထိုးထိုး” “တော့်မင်ခံ ထောင်ပုဆိုးကြောင့် မယ့်ရင်ဘတ် ကျိုးကျိုး” ဤတေးချင်းသံကြောင့် ကျော့ခင် ငေးမောရ၏။ ငသိုင်းသည်
သူ့ပယောဂကြောင့် မင်ကြောင်ထိုးသည်ဟု ကျော့ခင် ယုံကြည်၏။ ယခုသော် ကျော့ခင်၏ ယုံကြည်မှုကို တေးချင်းက ဖျက်ပြီ။ ။
ငါခိုင်းလို့ မင်ကြောင်ထိုးသာမှန်ရင် ငါ့ဆီလာပြီးပုဆိုးအရက်မခိုင်းပါ ကလား။ ငါ့လိုပဲ မင်ကြောင်ထိုးခိုင်းသူရှိလို့ သူ့ဆီကများ မင်ခံပုဆိုး ရသွား လေသလား....”
အတွေးသည် ကျော့ခင်အား များစွာ နှိပ်စက်သည်။ သို့သော် သူသည် အကောင်းဘက်မှလည်း လှည့်ပြီး တွေးပြန်သည်။
ငါဆီကို မင်ခံပုဆိုး လာမတောင်းသာဟာ သူ့အမေနဲ့ နှမတွေ ကများ ရက်ပေးကြလို့များလား..'
ကျော့ခင်ရင်ထဲ အေးချမ်းယောင်ရှိရ၏။ ရှိသော်ငြား ရဲရဲ မအေးဝံ့။ ပထမအတွေးက ခြိမ်းခြောက်နေသည်။
“အေးလေ၊သူ ဘာပုဆိုး ဝတ်သတုန်း၊ ၁၅ဝဝ ကို အခြေခံသဲ့ ရည်းစား ရက်ပေးမဲ့ ထောင်ပုဆိုးလား၊ ၅၂၈ ကို အခြေပြုမဲ့ ၅၂၈ ရာပုဆိုးလား ဆိုသာ လေပွေကို မေးရမှာပဲ....”
သူသည် လေပွေပြေးလာတိုင်း မျှော်၏။ လေပွေ၏ ပါးစပ်မှ ငသိုင်း အမည် ထွက်မလာသေးချေ။ ငကျား သွေးရဲရဲ မင်မဲမဲဖြင့် ယာမှောင်မှ ထွက်လာချိန်တွင် နောက်နှစ်ယောက် ဝင်သွားသည်။ ထိုအထဲ၌ ငသိုင်း မပါသေး။
တစ်အောင့်ကြာမျှ လေပွေ ပြေးလာသည်။ “ဝဲမှောင်က ဝင်မယ့်လူ ဘယ်သူတုန်း သိလား”
ယာမှောင်သည် သာမန်သမားများ ဖြစ်ကြ၏။ မင်ကြောင်ဆရာ ကိုယ်တိုင် အစအဆုံး ဂရုတစိုက် ထိုးပေးရသည့် ဝဲမှောင်သမားကို မျှော်နေခိုက် ဖြစ်သဖြင့် ဒိုးပတ်ဝိုင်းပါ ရပ်စဲ၏။
“ဘယ်သူတုန်း လေပွေ၊ မြန်မြန်ပြောစမ်း”
“ကိုရင် ငသိုင်းဗျ၊ ကိုရင်သိုင်း”
ကျော့ခင်ရင်ထဲ ဒိန်းခနဲဖြစ်၏။ ငသိုင်းအတွက် မည်သူသည် တစ်စုံ တစ်ရာ ပေးချေမည်နည်း စောင့်ကြည့်၏။ လှုပ်ရှားသူမရှိ။
“ဝင်သွားရင် မပေးလိုက်ရဘဲ ဖြစ်ကြမနော်”
လေပွေသည် ကာလသမီးများကို ဝေ့ကြည့်ရင်း သတိပေးသည်။ ကျော့ခင် စိတ်တစ်ဝက်အေးသွားငြား ရှက်သည်။ ရှက်ရှက်ဖြင့် လေပွေ၏ လက်ထဲသို့ အထုပ်တစ်ထုပ် လှမ်းပေးလိုက်ရတော့သည်။
ငသိုင်းမှာ အထုပ်တစ်ထုပ်ကိုင်မြှောက်လျက် လေပွေပြေးလာသည်ကို မြင်ကတည်းက ဝမ်းသာနှင့်ပြီ။ သူသည် ကျော့ခင်ထံမှ ရလိမ့်မည် မထင် သဖြင့် မင်ခံပုဆိုး မတောင်း။ ယခု ကွမ်းသီးနှင့် အမွှေးနံ့သာ ပေးလိုက်သည် ဆိုသည့်အတွက် ရင်ထဲ၌ ပျော်ပွဲ ကျင်းပပြီ။ ။
“ဝဲမှောင်က အချိန်ကျပြီး၊ ဝင်တော့ဟေ့”
ဝဲမှောင်မှဝင်သူ ရှားရှားပါးပါး သည်တစ်ယောက်သာ ရှိသဖြင့် ဒိုးပတ် ဝိုင်းက မပီမသဗြောသံတီးပေး၏။ သည်တီးသံကို ငသိုင်း တန်ဖိုးထားသည်။ ဝဲမှောင်၏ အကာ တင်းတိမ်ကို ဝင့်ကြွားစွာ တွန်းဖယ်လျက် ဝင့်ကြွားစွာ ဝင်သွားသည်။
ဘသာဌေးသည် ဆေးစင်အနီး၌ မားမားရပ်ကာ ပြုံးပြုံးကြီးကြိုလင့်၏။ “ယာမှောင်သမားတွေ သုံးယောက်လောက် ဟိုဘက် တိုးပေးကြလော့။ သိပ်လည်း မအော်ကြနဲ့လကွ”ဟု သတိပေးပြီးနောက် ငသိုင်းကိုမေးသည်။
“ခေါင်းဆော်ခဲ့ရဲ့လား” “မနေ့တုန်းက လျှော်ထားပါသယ် အဘ” “ကနေ့ ရေချိုးခဲ့သလား” “ကျကျနနန ချေးညှော်တွန်းပြီး ရေချိုးခဲ့ပြီးပါပြီ အဘ” “ကောင်းပြီ၊ ထိခြင်းငါးပါးနဲ့ ထိုင်ပြီး ငါးပါးသီလ ခံယူပေတော့”