Skip to product information
1 of 2

Other Websites

ဆင်ဖြူကျွန်းအောင်သိန်း - ငထွန်းကားတို့ညီအစ်ကို

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စပါးတစ်စေ့ ပဲတစ်စေ့

“ ဟော  လာကြပါပြီ "

ရီးကျီးဒန်သည် မည်မျှပင် မျက်စိမှုန်စေကာမူ နှင်းမှုန်ထဲ၌ တရွေ့ရွေ့လာနေသော ကလေးတန်းကြီးကို တစ်ချက်ကြည့်ရုံဖြင့် သူ့မြစ် တွေဟု သိ၏။ မြစ်များကလည်း အဘေး ရီးကျီးဒန် ပြောစရာဖြစ်၏။ သူတို့အဘွား ဒေါ်ချောစိန်၊ ဒေါ်လှမေတို့ အိမ်သို့ မသွား။ လင်းပြီဆိုလျှင် အဘေး ရီးဆေးရိုး ရီးရီးဒန်တို့အိမ်သို့ သာ တန်းပြီးလာကြတော့သည်။

အချမ်းပြေစေရန် ခါးကို ကုန်းထားသော လူတန်းကြီး၏ ရှေ့ဆုံးတွင် သူရကျော်နှင့် သူရသန်း၊ သူရထွန်း ညီအစ်ကိုသုံးယောက်ဖြစ်သည်။ ဦးဘညိန်း ဒေါ်လှမေတို့၏သမီးဦး မေကြည်၏ သားများ ဖြစ်ကြသည်။ သည်သုံးယောက်၏နောက်မှ ကုပ်ကုပ်ကလေး လိုက်ပါ လာကြသူများမှာ ဦးဘသိန်း၊ ဒေါ်လှမေတို့၏ ဒုတိယသား ကိုခင်မောင်ငြိမ်း၊ မရီရီပြုံးတို့၏ သမီးများ၊ ပြုံးပြုံးငြိမ်းဦးနှင့် ပြုံးပြုံးရည်ငယ်။ ။ သည့်နောက်တွင်ကား ဦးထွန်းရ၊ ဒေါ်ချောစိန်တို့၏ မြေးများ ဖြစ်သော ဟစ်ကြီး၊ သတ္တိခဲနှင့် ရွှေရည်ဝင်းတို့ပေတည်း၊သူတို့က အမေကြီးဟုခေါ်သော ဘေးမကြီး ရီးကျီးဒန် ကြည်ဖြူ သည်ဖြစ်စေ၊ မကြည်ဖြူသည်ဖြစ်စေ၊ မြစ်များကား မီးဖိုကို ဝိုင်းထိုင် ကြချေပြီ။

“ရော့ ရော့ ဒါနဲ့ထိုင်"

ရီးဆေးရိုးသည် 'ထန်းဖုံးဖတ်များကို အလောတော်ဖြစ်အောင် ဖြတ်ထားသော ထိုင်စရာများကို ထိုးပေး၏။

အဝတ်စကို သိမ်းဦးလေ ဖုန်ထဲ မကျပစေနဲ့” ဟူ၍လည်း ပြောသေး၏။

ထိုင်မိကြသည်နှင့် မျက်လုံးတွေက မီးဖိုအောက်ခြေကို မျက်တောင် မခတ်ဘဲ ကြည့်နေကြပြီ။ မီးဖိုကို ပတ်ချာလှည့်လျက် ထိုးထားသော ထန်းပင်မြစ်များဖြစ်ချေသည်။ ထန်းပင်မြစ်များကို မီးတောက်ထဲသို့ မထည့် မီးကျီးခဲပေါ် မတင်ပါ။ ပူနေသော မြေကြီးနှင့် အပူဓာတ်အား ကောင်းနေသော မီးဖို၏ကြားတွင် ထိုးထားခြင်းဖြစ်သည်။

“ကြည့်ကြည့်မနေကြနဲ့။ ဘနဲ့ မေကြီး မစားရသေးဘူး”

မိရင်းဖရင်းနှင့် ဘိုးအဘွားများကို ကျော်ပြီးဘေးများ ထံသို့ရောက်လာသည့်အတွက် ကောင်းစွာ မကြည်ဖြူသော ရီးကျီးဒန်၏ ရှစ်ခေါက်ချိုးမျက်နှာကြီး ပြေပြစ်ကြည်လင်လာအောင် လုပ်လိုက်သောသူမှာ သတ္တိခဲဖြစ်သည်။

မီးဖိုဝန်းကျင်တွင် ထန်းပင်မြစ်အခွံညိုညစ်ညစ်နှင့် မဲမဲသဲသဲတွေ ပေပွမနေပေ။ ဖြူဖွေးသော အူတိုင်တွေ၊ အမျှင်တွေ မရှိသေးသဖြင့် သည်နံနက်တွင် မည်သူမျှ ထန်းပင်မြစ် မစားရသေးကြောင်း ထင်ရှားသည်။

ဘ၏ဘေးတွင် အကြမ်းအိုး မရှိသေး။ အကြမ်းအိုး လက်ခံကရားမှာ ဘ၏ကျောဘက်ရှိ မန်ကျည်းပင်ရင်းတွင်သာ ရှိသေးသည်။ မီးဖိုပေါ်တွင် သဲခနောက်(ခုံလောက်)ဖြင့် တည်ထားသော 'တည်ကရားမှာ နှုတ်သီးမှအငွေ့များ ထွက်စသာ  ရှိသေး၏။

ဤသည်တို့ကိုကြည့်ပြီး သတ္တိခဲက သူ၏ ညီအစ်ကို မောင်နှမ များအား ဆရာလုပ်လိုက်သည်။ ရီးဆေးရိုး ပြုံးသည်။

“မင်းက တော်တော်လာတဲ့ကောင်ပဲကွ ဟေ မင့်အမေကြီး   မကျွေးချင်တာကို ကျွေးချင်အောင် ပြောတာမဟုတ်လား”

“သတ္တိခဲက လူလည် ဘရဲ့”

ဝင်ပြောသူမှာ ညီအစ်ကိုတစ်ဝမ်းကွဲဟစ်ကြီး ခေါ် အောင်ကျော် စံဦး ဖြစ်သည်။ အကောင်သေးသော်ငြား အသံက အသံသြကြီး။

“ဘရေ စက်ရပြီ ဗျို့ "

အိမ်ခြေရင်းအကွယ် နှင်းကမ္ဗလာထဲမှ ဘွားခနဲထွက်လာရင်း | ပြေးပြေး ပြောပြော ပြေးလာသူမှာ မောင်ကိုကြီးဖြစ်သည်။ စွပ်ကျယ် ချိုင်းပြတ်လေးနှင့် ချမ်းဟန်တူသည်။ တူတွေ တူမတွေကြားသို့ အတင်း ပြေးဝင်သည်။ မီးဖိုနားသို့ အတင်းကပ်သည်။

သူကသမီးကြီး မချောစိန်၏ သားကြီးဖြစ်သည်။ ဘေးအေ၏ အိမ်နောက်ဖေးတွင် အဖီဆွယ်ပြီးနေရင်း၊ ဘေးအေကြီး၏လယ်ကို လုပ်ပေးနေသူဖြစ်သည်။

ဒါလောက်ချမ်းတာကို စွပ်ကျယ်ကလေးနဲ့ သေတော်ခေါ်ချင်လို့”

ရီးကျီးဒန် ငေါက်ငမ်းငြား မောင်ကိုကြီး မျက်နှာမပျက်။ အစီအရီ ထိုးထားသော ထန်းပင်မြစ် သုံးချောင်းကို ဆွဲထုတ်သည်။ ထန်းပင်မြစ် အခွံများမှာ မည်းခြစ်မနေပေ။ မူလအရောင်လည်း မပျက်ချေ။ သို့ရာတွင် ကြွပ်ရွနေသည်။ သည်ထန်းပင်မြစ်များကို မောင်ကိုကြီးသည် နှီးစကလေး တစ်စဖြင့် ခြစ်လိုက်ရာ ထန်းပင်မြစ်သားသည် ဖွေးခနဲပေါ်လာ၏။ နှစ်ချောင်း ခြစ်အပြီးတွင် ဘနှင့် အမေကြီးထံသို့ တစ်ချောင်းစီလှမ်းပေး ပြီးမှ သူ့အတွက် တစ်ချောင်းကို အခွံခွာသည်။

“ဘကြီးက ကိုယ့်ဖို့ပဲသိတယ်”

မကြည်မမြ အသံတစ်သံ ထွက်လာတော့မှ မောင်ကိုကြီးသည် တူတွေ တူမတွေအတွက် သတိရသည်။

“ဟဲ ဟဲ ဟဲ ဆောရီး ဆောရီး”

နောက်ထပ် ထန်းပင်မြစ် ငါးချောင်း ထပ်မံဆွဲထုတ်စဉ် ရီးကျီးဒန်က သူ့ဘက်လှည့်လာသော မီးခိုးညွန့်ကို ရှောင်တိမ်းရင်း မြေးအား မေး၏။

“ခုနက နင်ပြောလိုက်ပါတယ်။ ဘာစက်တုံး” “ကောက်ရိတ်စက်ပါ အမေကြီးရာ” “စည်းတွေ မအားလို့ စက်ငှားတာလား လူလေး”

“စက်ရလို့ စည်းမငှားတာ အမေကြီးရေ။ ကောက်ရိတ်စည်းကို ငှားလို့ရရင် စပါးတွေ ကျွမ်းအောင်စောင့်ရမယ်။ ကောက်ရိတ်စက် ငှားတော့ ခြွေစက်ပါ တစ်ခါတည်း ပါလာတယ်ဗျ”

မောင်ကိုကြီးသည် အမေကြီး၏ အမေးကိုလည်း ဖြေ၏။ ထန်းပင်မြစ် ငါးချောင်းကိုလည်း အခွံခွာ၏။ အခွံခွာပြီးသော ထန်းပင် မြစ်များကို ထက်ခြမ်းခွဲပြီး တူတွေ တူမတွေကို ဝေငှလိုက်ရာ တစ်ချောင်းသာ ကျန်တော့သည်။

“ငချိပ်ပေါင်း ကုသိုလ်ပြုပါတယ်” အိမ်ရှေ့ နှင်းမှောင်ထဲမှ ပေါ်လာသော အသံဖြစ်သည်။

“တစ်ဆိတ် လှမ်းလိုက်ကြပါဦး” အော်သံ ဆက်လက်ထွက်ပေါ် နေစဉ်တွင် မောင်ကိုကြီးသည် အသံလာရာသို့ ရောက်ရှိသွားပေပြီ။

“သာဓုတော် သာဓု သာဓု။ ခိုးခိုးခါခါတော် ငချိပ်ပေါင်းတဲ့”

ကောက်ဦးကောက်ဖျားကို အမြတ်တနိုးဖြင့် ဘုန်းတော်ကြီး ကျောင်းများသို့ လှူဒါန်းရုံမက၊ တစ်ရွာဝင် တစ်ရွာထွက် ဝေငှတတ် သည်မှာ သည်အရပ်၏ဓလေ့ဖြစ်သည်။ အချို့မှာမူ ကောက်ညှင်းပေါင်းကို ရိုးသည် ဆိုကာ ကောက်ညှင်းဖြင့်လုပ်သော ‘မုန့်ပေါင်း များ လိုက်လံ ဝေငှတတ်သည်။ မောင်ကိုကြီးသည် ငှက်ပျောရွက်ဖြင့်ထည့်ထားသော ငချိပ်ပေါင်းများကို ယူပြီး မီးဖိုဘေးသို့ အပြေးရောက်လာ၏။ တစ်စလယ် ချက်ခန့် ရှိမည်။ ။

“အင်း ဆီကုန်ဦးမှာပါကလား”

ရီးကျီးဒန် မြည်တမ်းနေဆဲမှာပင် မောင်ကိုကြီးသည် အိမ် ပေါ်သို့ ပြေးတက်သွားသည်။ မှုတ်တပ်ထားသော ဆီအိုးနှင့် ဆားပုလင်း အပြင်၊ သံဇလုံတစ်လုံးနှင့် ပန်ကန်ပြားများပါ ယူချလာသည်။

မောင်ကိုကြီးသည် ဖက်ထဲမှ ကောက်ညှင်းပေါင်းများကို ဇလုံထဲသို့ သွန်ချပြီး ရီးကျီးဒန်သို့ လှမ်းပေး၏။

“အမေကြီး စားနိုင်မှာ မဟုတ်ပါဘူး သားရယ်။ မင်းပဲ ဆီဆမ်း၊ ဆားဖြူး နယ်ဖတ်ပြီး မင်းအမျိုးတွေကို ဝေငှပေးလိုက်ပါ"

“ငချိပ်ပေါင်းက ရင်မခံပါဘူး အမေကြီးရ” “ခံခံ မခံခံဟယ်”

မောင်ကိုကြီးသည် ကောက်ညှင်းပေါင်းပေါ်သို့ ဆားသာဖြူး၏။ မေကြီး၏ပါးစပ်ကို သိသောကြောင့် ဆီမှုတ်ကို မကိုင်။ အမေကြီး လက်ထဲသို့ အိုးပါ ကမ်းသည်။

အမေကြီးသည် ပုန်းညက်သီးကို အရိုးတပ်ထားသော မှုတ်ဖြင့် တစ်မှုတ်ခပ်ကာ ဆမ်းပေး၏။

မြစ်များအတွက် ထန်းပင်မြစ် တစ်ခြမ်းသည် နံမစွတ်ပေ။ ငချိပ်ပေါင်းနံ့ သင်းပျံ့သောအခါ ပါးစပ်တပြင်ပြင် လက်တကမ်းကမ်း ဖြစ်နေကြပြီ။

မောင်ကိုကြီးသည် အမေကြီးနှင့် ဘအတွက် တစ်ဆုပ်စီ ဦးချသည်။ ပန်းကန်တစ်ချပ်စီဖြင့် ထည့်ပေးသည်။ ကလေးတွေကိုကား သည်အတိုင်း တစ်ဆုပ်စီ ဝေငှသည်။ ။

“ပဲတွေလည်း အများကြီးပါကလား”

ဘသည် သွားဖုံးဖြင့် ကြိတ်ခြုံရင်းက ကျေနပ်စွာပြော၏။ အမေကြီးကမူ အလောသုံးဆယ် မျိုချနေသော မြစ်များအား မျက်လုံး ဝေ့ကြည့်၏။ “သပ်သပ်ရပ်ရပ်စားကြ။ အောက်ကို တစ်စေ့ကျရင် တစ်နေ့ ကောက်စားရမယ်” ဟု လှမ်းမာန်၏။

မောင်ကိုကြီးသည် ဆီအိုးနှင့် ဆားကို မန်ကျည်းပင်၏ခြေရင်းတွင် ကျကျနနထားပြီးမှ ကောက်ညှင်းပေါင်းဇလုံကို တင်ပျဉ်ခွေထဲ ထည့် လိုက်သည်။ ကောက်ညှင်းပေါင်းတစ်ဆုပ်ကို ဆုပ်ရာက လှည့်ပြော၏။

“မြေကြီးပေါ် ဖျာပေါ် ကြမ်းပေါ်ကျပြီးသားကို ကောက်စား ခိုင်းတာ မကောင်းပါဘူး အမေကြီးရာ။ သန့်မှ မသန့်တာ”

ထိုအခါ ရီးဆေးရိုးသည် ကောက်ညှင်းပေါင်းပန်းကန်ကို ခုံငယ်ပေါ်သို့ တင်ထားပြီး၊ ရေနွေးကြမ်းပန်းကန်ကို ကောက်ကိုင်၏။ “ဒါက သည်လိုကွ လူလေးရ” ဟု အစချီ၏ ။ ။

မောင်ကိုကြီး မော့ကြည့်ငြား ရီးဆေးရိုးသည် ရေနွေး တရှုပ် ရှပ်ယူလိုက်သေး၏။

“ကိုယ်စားတဲ့ ထမင်းကို အသက်သခင်အဖြစ် ရိုသေစေချင်လို့ကွ။ ပြီးတော့ နှမ်းတစ်စေ့ ပဲတစ်စေ့ စပါးတစ်စေ့ဖြစ်လာဖို့အရေးဟာ ကနေ့ ခတ်လို လွယ်တာမဟုတ်ဘူး။ မင်းတို့ခေတ်မှာ ဆည်တွေ မြောင်းတွေနဲ့၊ လယ်ကွင်းတွေနဲ့ အသာကလေး စိုက်ကြရတာ။ ငါတို့အဖေများ လက်ထက်တုန်းက လင်းဇင်းမြောင်းတောင် မရှိသေးဘူး။ သာဒွန်းဝ မြောင်းဆိုတာပဲ ရေမမှန်တစ်ချက် မှန်တစ်ချက်နဲ့”

“တစ်အိမ်ကို ဆန်တစ်ပြည်၊ ဓားတစ်ချောင်း၊ မီးတုတ်တစ်ခု၊ ဒကပ် (ထွန်ကပ်)နဲ့ နွားတစ်ရှဉ်းဟေ့။ ကနေ့ည သန်းခေါင်အချိန်မှာ ဆည်တက် ကြရမယ်ဟေ့”

သာဒွန်းဝမြောင်းသောက် လယ်သမားများသည် မြောင်းခေါင်း၏ အသံကို နားစွင့်နေခဲ့ကြသည်မှာ သုံးရက်ရှိပြီ။ မြောင်းရေပြတ်သွား ကတည်းကဖြစ်ပေသည်။ ဆန်တစ်ပြည်မှာ ဆည်တက်သော လယ်သမား ချက်စားရန်ဖြစ်သည်။ ဆန်တစ်ပြည်ကုန်အောင် ကြာမြင့်မည်ဆိုသောကြောင့် ဆည်သည်များစွာ ပျက်စီးသွားခဲ့သည်ဟု နားလည်ကြ၏။

မီးတုတ်မှာ ညအချိန်တွင် ထွန်းညှိရန်ဖြစ်သည်။ တုတ်မီးခေါ် လက်နှိပ်ဓာတ်မီးသော်မျှ ကျေးလက်သို့ မရောက်သေး။ ထွန်ကပ်ကား  ထွန်သွားများကို ထန်းပလပ်ပြားဖြင့် ရက်ထားသော ကပ်ဖြစ်သည်။ မြောင်းထဲသို့ စီးဝင်ပို့ချထားခဲ့သော သဲတွေ ယက်ထုတ်ရန် ဆည်ပေါက်ကို ဖို့ရန် ဖြစ်သည်။

ဆင်းရဲသားမြောင်းသည် ကိုယ့်အားကိုယ် ကိုးစားသောမြောင်း ဖြစ်သည်။ ဘုရင်မင်းမြတ်ကိုယ်တော်တိုင်ကြွရောက်ကာ ကြပ်မတ်ပြီး လည်ဖို့ တည်ဆောက် ဖောက်လုပ်ထားခြင်းမဟုတ်။ သို့ကြောင့် ထိုဆည်နှင့်ထိုမြောင်းကို စောင့်ရှောက်သည့် 'ဘင်သား” မရှိပါ။ မြောင်းခေါင်းတွေသာ အလှည့်ကျ ကြီးကြပ်ရသည်။ ရေညာဘက်သို့ မျှော်ကာ သဲပေါင်ကို မျှောထားသော သည်ဆည်တွင် ဆည်တိုင်တွေ တစ်လန်ကွာ တစ်တောင် ခြားပြီး သုံးထပ် ရိုက်ထားသည်။ ဆည်တိုင်တွေကြား၌ သစ်ကိုင်း သစ်ခက်တွေ ထည့်ထားသည့်အတွက် သစ်ခက်ဆည်'ဟူ၍လည်း ခေါ်၏။

ချောင်းရေသည် သင့်တင့်ရုံသာလာ၏။ သစ်ခက်ဆည် ခံထား သော မြောင်းထဲသို့ ကောင်းမွန်စွာ စီးဝင်၏။ လယ်သမားတွေ တေးတကြော်ကြော်ဖြင့် ထွန်ကြစိုက်ကြ။ ချောင်းရေသည် ဒေါသတကြီး စီးဆင်းလာပြီး ကမ်းပါးတွေကို ဖြိုချပြီး သစ်ပင်တွေကို သယ်ပိုးလာ၏။ သစ်ခက်ဆည်ဝတွင် ဒိုက်သရောတွေ ဆို့ကုန်ပြီ။ သဲပေါင်ကြီးနှင့် ဆည်တိုင် များလည်း ရေစီးနောက်သို့ ပါသွားပြီး၊ ပျိုးခင်းထဲက တေးသံ ဆိတ်သွားပြီ။

“ဆည်တက်ကြရမယ်ဟေ့”

သစ်ခက်ဆည်ကား မရေရာမှု လွန်ကဲသည်။

ဆည်တက်သူများ အိမ်သို့ ပြန်ရောက်၍ ဖင်မျှ မနွေးသေး၊ မြောင်းခေါင်း ရောက်လာပြီး “မောင်တို့ရေ၊ ထမခြောက်ရှိရင် ထမခြောက်၊ ထမခြောက် မရှိရင် ဆန်တစ်ခွက်ထည့်ပြီး ဆည်တက်ဖို့ ပြင်ကြပေဦး မောင်တို့ရေ” ဟု အားနာသံဖြင့် ဆင့်ဆိုသည်။ ။

သည်ကဲ့သို့ သောအချိန်တွင် ကျန်ကြီး၊ မကြွယ်စိုးတို့က သာဒွန်းဝ မြောင်းသောက် လယ်သမားဖြစ်လာကြသည်။ သူတို့လုပ်စက ပိုင်ရှင်မရှိသော တစ်ယောက်စိုက် နှစ်ယောက်စိုက် မြေများပေါ်တွင် စမ်းသပ် လုပ်ကြည့်ခြင်းဖြစ်သည်။ သူတို့ အစမ်းလုပ်ကြည့်သောနှစ်တွင်မြောင်းရေက မှန်သည်။ ရာသီဥတုက သင့်သည်။ သို့ကြောင့် ဝမ်းစာ စပါးဆယ်တောင်းခန့် ရလိုက်သည်။

 စပါးဈေးသည် တစ်တောင်းခေါင်း သုံးမတ်လော တစ်ကျပ်လော မယ်ကြွယ်စိုးတို့ မသိပါ။ ဝမ်းစာဖူလုံလုနီးပါး ရသည့်အတွက် လယ်လုပ်သည့်အရသာကို ချိုမြိန်သည် ထင်ကြခြင်း ဖြစ်ပေ၏။

ကိုကျန်ကြီး၊ မကြွယ်စိုးတို့ လောဘ နားရွက်တက်လာပြီ။ မတက်၍လည်း မဖြစ်။ ကြုံရာကျပန်း လုပ်ကိုင်စားသောက်နေရငြား ကလေး သုံးယောက် ရနေပြီ။ အကြီးဆုံးကောင် ငထွန်းကား၊ အလယ်လူ ဆေးရိုး၊ သားနှောင်းမှာ မယ်မျှင်။

လယ်မြေသစ်ရှာဖွေရင်းဖြင့် ကိုကျန်ကြီးနှင့် မကြွယ်စိုးတို့သည် သာဒွန်းဝမြောင်းဖျား၌ မြေအသစ်တွေ့သည်။ တောရှောက်နှင့် ညောင် ပင်ကြီး တစ်ပင်၊ ကုက္ကိုပင် နှစ်ပင်၊ ကသစ်ပင် တစ်ပင် ဖုံးလွှမ်း နေသည်။ မယ်ကြွယ်စိုးက သားနှောင်းကို ခါးထစ်ခွင်လျက် ကူလီလုပ်စဉ် ကိုကျန်ကြီးက ဓားမတစ်ချောင်းဖြင့် တောတိုးသည်။ သားနှစ်ယောက်ကို ဘုန်းကြီးကျောင်းတွင် ထားသောကြောင့် ထမင်းဆာ၍ ငိုယိုမည်ကို မပူပန်ရပေ။ သို့ သော် လယ်တီကျင်းရာတွင် ကိုကျန်ကြီးတစ်ယောက် တည်းဖြင့် အလုပ်မတွင်လှ။ သားနှစ်ယောက်သည် ငယ်ပင် ငယ်ငေါင်းသော်ငြား ငမန်းစွယ်”တစ်ဖက်ကို ထိန်းပေးနိုင်၏။ ကိုင်းဖျား၊ ကိုင်းနားတွေ ခုတ်ထွင်နိုင်၏။ ရေနွေးအိုးတည်၊ ထင်းရှာ၊ ဟင်းရှာ။ သို့အတွက် ကိုကျန်ကြီးမှာ ဆရာဘုန်းတော်ကြီးထံ၌ မရဲတရဲ လျှောက်ရ၏။

“တပည့်တော် သာဒွန်းဝမြောင်းဖျားမှာ တောတိုးပြီး လယ်တည် နေပါတယ် ဘုရား။ ကလေးတွေကို တောက်တိုမယ်ရ ခိုင်းဖို့အတွက် ခေါ်ပါရစေဘုရား”

ဘုန်းကြီးသည် မငေါက်ငမ်းပါ။ သူ့တပည့် အဘယ်မျှ ကသီကြောင်း သိပါသည်။

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)