စိတ်ကူးချိုချိုစာပေ
ဆင်ဖြူကျွန်းအောင်သိန်း - ဂဠုန်ဆရာစံ
ဆင်ဖြူကျွန်းအောင်သိန်း - ဂဠုန်ဆရာစံ
Couldn't load pickup availability
(၁)
မဟာပထဝီမြေကြီး သိမ့်သိမ့်တုန်သွားသတည်း။
မြေတုန်ဟည်းသည့်နှယ် အောင်မြင်သော မောင်းသံကြီးသည် ရိုးပြတ်လယ်ကွင်းတစ်ခုလုံးကို ဖုံးလွှမ်းသွားလေ၏။
မြေကြီးထဲက ဖောက်၍လာသည့်နှယ်၊ မိုးယံဝမှ ပြိုဆင်းသော့နှယ် ဟိန်းထွက်လာသော မောင်းသံကြောင့် အရေးပိုင် ဒဗလျူဗာရက်တိုးသည် မျက်မှောင်ကြုတ် လျက် ရာဇဝတ်ဝန်ဦးမောင်ကလေးအား ဘာသံလဲမောင်မင်းဟူသော အကြည့်ဖြင့် လှမ်းကြည့်သည်။
“တက်ပေး .. တက်ပေး”
“ချပေး .. ချပေး .”
ရုတ်တရက် ချုံအုပ်များ၊ လယ်ကန်သင်းအကွက်များမှ သားရဲ ဟိန်းဘိအလား ကြောက်မက်ဖွယ်ရာအသံများ ထွက်ပေါ်လာကာ ပြာမောင်းသောအရောင်ရှိ သူပုန်များသည် ညာသံပေးလျက် ချီတက်လာ ကြလေ၏။ သူပုန်များသည် ရာဇဝတ်ဝန်နှင့် အရေးပိုင်တို့၏ ထန်းတစ် ပင်ရွာအနီးသို့ ရောက်လာစက စတင်၍ စောင့်ဆိုင်းနေကြပြီး ရန်သူ အရောက်၌ ပြိုင်တူထ၍ သုံးဘက်ဝိုင်းတိုက်ကြခြင်းဖြစ်သည်။
“တက်ပေး .. တက်ပေး”
တပ်ဗိုလ်မင်း ရဲရဲအောင်ထင်၏ ခန့်ညားမာကျောသော အသံ ကြီးသည် ကွင်းလုံးဖုံးတော့သည်။ မောင်းသံသည် သူပုန်တို့၏ သွေးကို ဆွပေးသည်သို့ရှိ၏။ အနီရောင်အောက်ခံ၏ဗဟိုတွင် အဖြူကွက်ရှိ၍ နဂါးကို ဂဠုန်သုတ်ချီနေသော သူပုန့်အောင်လံတော်ကြီးသည် လေဝယ် လွှင့်ကြွားနေ၏။ ဝင်လုဆဲနေရောင်အောက်ဝယ် သူပုန်အလံသည် ရန်သူ့ သွေးကို ဆာလောင်နေဘိအလား အဟုန်ပြင်းစွာဖြင့် ရှေ့သို့ ထိုးတက် လာလေ၏။
“ချပေး.. ချပေး”
ဒူးလေးမြားများသည် စစ်ပုလိပ်များကို ထိမှန်လေသည်။ ဓား ရောင်၊ လှံရောင်များသည် နေခြည်၌ လျှံတောက်နေပေ၏။
“မိစ္ဆာတွေကို သတ်ပေး”
“ချပေး တက်ပေး”
စစ်ပုလိပ်များသည် ဝမ်းလျားမှောက် အနေအထားဖြင့် တစ်တန်း၊ ဒူးထောက်လျက်နှင့် မတ်တတ်ရပ်လျက် တစ်တန်းစီနေရာယူကာ ပြန် လည်တိုက်ခိုက်ကြလေ၏။
သေနတ်သံသည် ကွင်းကိုလျှံ၍ တောစပ် တိုင် ရိုက်ခတ်ဆူညံနေသည်။
အိပ်တန်းတက်ရန် ပျံလာသော ငှက်တစ်အုပ်သည် နောက် ကြောင်းသို့ ပြန်လှည့်သွားလေ၏။
“တက်ပေး တက်ပေး..”
သဲဖြင့်ဆုပ်ပက်သည်သို့ တရကြမ်းပျံဝဲလာသော ရန်သူ့ကျည် ဆန်ကို သူပုန်များသည် မည်သို့မျှ အရေးထားခြင်းမရှိဘဲ ဓားသမားများ သည် လက်လှမ်းမီအောင် အတင်းပြေးတက်လာကြ၏။
လှံသမားများ သည်လည်း လှံကိုကိုင်မြှောက်၍ ပြေးတက်လာကြသည်။
ပင်လယ်ထဲမှ လှိုင်းလုံးကြီးတစ်လုံး လိမ့်တက်လာဘိသို့ တဖျော ဖျာပစ်ခတ်နေသော ရိုင်ဖယ်သေနတ်များ၏ အောက်မှာ တရကြမ်း လှိမ့်တက်လာသော လူလုံးကြီးကြောင့် စစ်ပုလိပ်နှင့် ပုလိပ်များမှာ ကြောက်ရွံ့ လာလေ၏။
သူပုန်ဘက်၌ ဟိုမှသည်မှ တိုက်ခိုက်၍ရထားသော နှစ်လုံးပြူး သေနတ်သုံးလက်နှင့် လက်လုပ်သေနတ် လေးလက်သာပါပေ၏။ ပါပင် ပါသော်ငြားလည်း သူတို့၏ သေနတ်မှကျည်သည် ရန်သူစစ်ပုလိပ်တပ် အား မထိမှန်ပေ။
သုံးတန်းတန်း၍ နေရာယူထားသော စစ်ပုလိပ်တပ်မှာ ပုံပျက် သွား၏။
သူပုန်များ၏ လှံတစ်ချောင်းတလေသည် စစ်ပုလိပ်များကို ထိမှန် လေ၏။
မြားများသည် တသဲသဲပျံဝဲလာလေ၏။ မောင်းသံနှင့် ညာသံမှာ ကမ္ဘာပျက်သည့်အလား သဲ၍သဲ၍လာကာ နီး၍နီး၍လည်း လာလေ၏။
ဘယ်နေရာကိုပဲပစ်ပစ် စစ်ပုလိပ်တို့၏ ရိုင်ဖယ်ကျည်ဆန်သည် အလဟဿဖြစ်မသွားပေ။ ကွင်းနှင့်အပြည့်ဖြစ်နေသော သူပုန်များအား ထိမှန်သည်ချည်းပင်။
သို့ရာတွင် သေနတ်မှန်၍ အတုံးအရုံးလဲကျသူများ ကို သူပုန်တို့သည် သစ်တုံးဟု သဘောထား၏။
မသိမမြင် ရှေ့သို့သာ ဓားတဝင့်ဝင့်ဖြင့် ပြေးတက်လာကြသည်။
ဤရွေ့ဤမျှပစ်ခတ်၍ ထိုရွေ့ထိုမျှ သဲ၍ မဲ၍ တက်မြဲ တက်လာ သည်ကို မြင်ရသော် စစ်ပုလိပ်များမှာ နောက်သို့ဆုတ်ပြေးကြ၏။ ပြေးရန် ပြင်သူကပြင်သည်။ အရာရှိသည် အော်ဟစ်ငေါက်ငမ်းပြီး ပြန်လည် ခုခံခိုင်း၏။
“တက်ပေး.. တက်ပေး”
မင်းရဲရဲအောင်ထင်ဘွဲ့ခံ ဗိုလ်မှူးဘအေးသည် ငှက်ကြီးတောင်ဓားကို ဝင့်ကာဝင့်ကာဖြင့် အမိန့်ပေး၍ ရှေ့ဆုံးမှတက်လာရာ ကန်သင်း တစ်ခုပေါ်အရောက်၌ ရင်ဝမှ စူးခနဲဖြစ်ကာ ယိုင်ဆင်းသွား၏။
ရင်ဝမှ သွေးပွက်ကြီး အန်ထွက်လာသည်။
“ဗိုလ်မှူး ဗိုလ်မှူး ..”
လက်ထောက်ဗိုလ်တစ်ယောက်က ပြေးလာပြီး ၏။ ဗိုလ်မှူး မင်းရဲရဲအောင်ထင်သည် လက်ထောက်ဗိုလ်အား ဆီး၍တွန်းပစ်လိုက် သည်။ ရင်ဝဖိထား၍ ထရပ်ကာ ရှေ့သို့ ပြေးတက်လာ၏။
“တက်ပေး .. တက်ပေး...”
မင်းရဲရဲအောင်ထင်၏ အသံကြောင့် လက်ထောက်ဗိုလ်မှာ အံ့သြ သွားသည်။ သူသည် ကြာရှည်အံ့အားသင့်နေနိုင်ခြင်းမရှိဘဲ တစ်ချက်ပြုံး လိုက်ကာ မိမိ၏တပ်စုနောက်သို့ ပြေးလိုက်သွား၏။
“ချပေး ချပေး .” စစ်ပုလိပ်နှင့် လက်တစ်ကမ်းသို့ ရောက်သွားပေပြီ။
“မိစ္ဆာကောင်တွေ သတ်ဟ”
စစ်ပုလိပ်များ၏ပြန်လည်ပစ်ခတ်သံ၊ သူပုန်တို့၏ခုတ်သံ၊ ထစ်သံ အော်ဟစ်သံများသည် ထန်းတောရွာအနီး ကမ်းစပ်ဝယ်ညံနေ၏။
“သူခိုး မုဒိမ်းကောင်တွေ .. ခုတ်ဟ”
သူပုန်တို့သည် သရဲမင်းရဲစီးတော့၏။ စစ်ပုလိပ်များ၏ သေနတ် ကို လုသူကလု၊ လှံစာကျွေးသူကကျွေး၊ ဓားစာကျွေးသူကကျွေးဖြင့် လှလှကြီး အောင်ပွဲခံနေကြလေသည်။ ။
ရာဇဝတ်ဝန်ဦးမောင်ကလေးသည် အရေးပိုင်နှင့်အတူ ပြေးခဲ့၏။
ထိုစဉ်တွင် သူပုန်တပ်သားသုံးယောက် လွှားခနဲရောက်လာကာ ဦးမောင် ကလေးနှင့်ဗာရက်တိုးအား ခုတ်ကြထိုးကြသည်။
သူပုန်တစ်ယောက်မှာ ဦးမောင်ကလေးက ဆီးကြိုပစ်ခတ်သဖြင့်လက်ကိုထိမှန်ပြီး လှံလွတ်ကျသွားစဉ် အခြားတစ်ယောက်၏ ဓားဦးက ဦးမောင်ကလေး၏ အသည်းကြားကို ဝင်မွှေလိုက်လေ၏။
အရေးပိုင် ဗာရက်တိုးမှာကား သူပုန်တစ်ယောက်၏ လှံချက်ကို ရှောင်ရင်း ကမ်းစပ်ရွှံ့ထဲသို့ ကျသွားလေသည်။
“ခုတ်ဟ .. သတ်ဟ”
ဗာရက်တိုးနောက်သို့ သူပုန်သုံးယောက်က ထပ်မံမဲ၍ ပြေးလိုက် လာသည်တွင် ပုလိပ်များက တရကြမ်း ပစ်ခတ်ကာကွယ်ပေးကြသဖြင့် ရှေ့သို့မတိုးနိုင်ကြပေ။
“ဟေ့.. မိအောင်သတ်၊ မျောက်စုတ်ကို အသေသတ်ပေါ့၊ "
" တက် ပေး ... ချပေး”
အောင်မြင်စွာ အမိန့်ပေးလိုက်သော အသံကြီးကြောင့် သူပုန်ဆယ် ယောက်ခန့်သည် အပြင်းပြေးဝင်လာကြ၏။ ပုလိပ်တို့၏ ကျည်ဆန်ဖျား တွင် ခွေခနဲ ခွေခနဲ လဲကျသွားကြသော်လည်း အတင်းနင်းတက်လာ ကြသဖြင့် ဆာဂျင်ကြီးတစ်ယောက်နှင့် ပုလိပ်နှစ်ယောက်မှာ ကျန်ပုလိပ် များအား ကာပစ် ပစ်ပေးခိုင်းပြီး အရေးပိုင် ဗာရက်တိုးကို ဆင်းဆွဲကြရ လေ၏။
“ချပေး ချပေး ..”
“တက်ပေး .. တက်ပေး ...”
အရေးပိုင်ဗာရက်တိုးအား ကယ်သူများအနက် ပုလိပ်တစ်ယောက် မှာ သူပုန်ဓားစာမိ၍ ကျန်ခဲ့သည်။
အရေးပိုင်လွတ်သွားသော်လည်း သူပုန်များသည် ပြုံ၍ ပြေးတက် လာကြပြန်၏။ တစ်ခဲနက် အော်ဟစ်ကြွေးကြော်သံကြီးများဖြင့် သူပုန် များ ပြေးတက်လာသည်တွင် ဆုတ်ပစ်ပစ်သွားသော ကျည်ဆန်ဖျားတွင် ကားခနဲ ကျသူကျဖြင့် သူပုန်များမှာ အော်ဟစ်လျက် ကျန်ရစ်ခဲ့ကြလေ၏။
“ဟေ့ .. သေနတ်သမားတွေ၊ သေနတ်နဲ့ပစ်ပါလား”
မင်းရဲရဲအောင်ထင်သည် ဒဏ်ရာကို လက်ဝါးဖြင့်အုပ်လျက် လဲကျနေရာက အမိန့်ပေးသည်။
သေနတ်ကိုင် တပ်သားများသည် အရေးပိုင်ကို လှမ်း၍ပစ်ခတ်ကြ၏။
သို့ရာတွင် မထိရောက်ချေ။ နှစ်လုံး ပြူးနှင့် ယမ်းထိုးလက်လုပ်သေနတ်က မည်သို့မျှ ထိနိုင်စွမ်းမရှိချေ။
“လက်နက်တွေသိမ်းကြ၊ ကျဆုံးတဲ့ သွေးသောက်တွေကို သယ်ကြ”
ဗိုလ်မှူးဘအေး ခေါ် မင်းရဲရဲအောင်ထင်သည် ထရပ်၍ အမိန့် ပေးရင်း ခွေခနဲလဲကျသွားလေ၏။
“ဗိုလ်မှူး . ရာဇဝတ်ဝန် ဦးမောင်ကလေးရဲ့ အလောင်း တွေ့ တယ်”
“ဟေ .. ဟုတ်လား” ။
ဗိုလ်မှူးဘအေးမှာ ရန်သူတို့၏အကြီးအကဲကို အသေရမိလိုက် သဖြင့် ဝမ်းသာအားရ ထရပ်လေသည်။
“အောင်ပြီ၊ ဒီတိုက်ပွဲမှာ ငါတို့အောင်တယ်၊ တပ်ပြန်ခေါက် ခေါက်”
ဗိုလ်မှူးဘအေး၏ အသံသည် တိမ်ဝင်သွားကာ လူမှာလည်း အရုပ်ကြိုးပြတ် ပြိုလဲကျသွားလေ၏။
ကျွဲချိုမှုတ်သံသည် ပျံ့လွင့်လာသည်။ သူပုန်များသည် အလောင်း များကို ထမ်းသူထမ်း၊ နာသူများကို ထမ်းစင်ဖြင့်သယ်သူက သယ်ကာ တပ်ခေါက်လာကြလေသည်။ တပ်ဦးတွင်တော့ နဂါးခေါင်းကို ခြေဖြင့် နင်း၍ အမြီးကို လက်ဖြင့်ဖမ်းလုပ်ထားသော ဂဠုန်ရုပ်ပါသည့် အောင်လံ နီကြီးသည် ကြွားဝင့်လူးလွင့်နေပေသည်။
တပ်၏ အလယ်တွင် ဗိုလ်မှူးဘအေး၏ အလောင်းပါလာ၏။ လက်ထောက်ဗိုလ်များနှင့် တပ်သားများမှာ ဗိုလ်မှူး၏အလောင်းကို ညှိုးငယ်စွာကြည့်၍ လိုက်ပါလာကြရာက ရှေ့သို့မျှော်ကြည့်မိသောအခါ ၌ ရွှင်ပြုံး၍လာကြရ၏။
ရွာသားများသည် ရွာထိပ်မှထွက်၍ သူပုန်များအား ဆေးလိပ်၊ သောက်ရေ၊ ကြံသကာတို့ဖြင့် အမောပြေကြိုဆိုနေကြသည်။
“မိစ္ဆာဆယ်ကောင်နဲ့ အကြီးအကဲတစ်ယောက် သေကျန်ခဲ့တယ် ဟေ့”
တပ်သားတစ်ယောက်က တပ်ဦးမှ အားရပါးရ သတင်းပေးလိုက် သည်။
ဟေးခနဲ အော်လိုက်ကြကာ ရွာသူရွာသားများမှာ ဝမ်းသာလွန်း သဖြင့် ဆွေဆွေ ခုန်နေကြသည်။
“သာဓုကွယ် .. သာဓု .. သာဓု ...”
အသက် ၇၀ အရွယ် အဘိုးအိုတစ်ဦးက ကြေးစည်ရိုက်၍ ကောင်းမှုကုသိုလ်တစ်ခုကို အမျှဝေသော အသံကြားလိုက်ရဘိသို့ သွား မရှိတော့သော ပါးစပ်ကို အားရပါးရဖွဲ့လျက် ကောင်းချီးအနုမောဒနာ ပြုသည်။
“ဝမ်းသာလိုက်တာဟယ်၊ ငါ့ငါးပိအိုးကို သေးနဲ့ပန်းသွားတဲ့ခွေး တွေ သေတာကောင်းပါတယ်၊ ဝမ်းသာလိုက်တာတဲ့”
မိန်းမရွယ်တစ်ဦးက အားရပါးရ ကခုန်ကျူးရင့်ပြန်လေသည်။
သူပုန်တပ်သည် ဌာနချုပ်သို့ ရုတ်တရက် မချီတက်နိုင်သေးဘဲ ရွာထိပ်တွင်တန့်နေ၏။
တစ်ဦးချင်း မိမိတို့ တိုက်ခိုက်ခဲ့ရပုံများကို ပြောပြ သူများအား ဟိုတစ်စု သည်တစ်စု အစုကလေးများ ဝိုင်းဖွဲ့၍ နားထောင် ရင်း တစ်ယောက်တစ်ပေါက် မေးမြန်းကြသံဖြင့် ဆူညံနေလေ၏။
တိုက်ပွဲသို့ ပါသွားသော မိမိတို့၏ လင်သားဆွေမျိုးများကိုလိုက်လံမေးမြန်းကြသူများသည် မေးမြန်းနေကြပေသည်။
“ကျော်ဇံရဲ့.. ငါမေးတာများ ပြောစမ်းပါဦး၊ နင်က ဗိုလ်ဖြစ်လို့ စိတ်ကြီးဝင်နေသလား”
“ဪ .. ဘာလဲဗျ၊ ဘာလဲ”
တပ်၏ ခါးလယ်လောက်တွင် အသက်သုံးဆယ်အရွယ် မိန်းမ တစ်ယောက်က လက်ထောက်ဗိုလ်ကလေးတစ်ဦးအား ရန်တွေ့နေခြင်း ဖြစ်သည်။
“မကြားလို့ပါ အစ်မရယ်” “
ငါ့ယောက်ျား ဘယ်မှာလဲ၊ ရှေ့မှာတော့ မတွေ့ခဲ့ရဘူး၊ နောက် ပိုင်းမှာလား”
“ခင်ဗျား ယောက်ျား”
“ဘာလဲ .. တိုက်ပွဲမှာကျခဲ့သလား”
လက်ထောက်ဗိုလ်ကလေးမှာ ရုတ်တရက် အဖြေပေးရန် ဝန်လေး နေသည်။ ။
“သေခဲ့သလား၊ သေနတ်မှန်ခဲ့သလား၊ မြန်မြန်ပြောစမ်းပါကွယ်”
“ခြေသလုံးရိုးကြေပြီး ကျိုးသွားတယ်၊ မသေတောင် ခြေတစ်ဖက် ဖြတ်ပစ်ရမယ်” ။
“အမယ်လေးဟယ်၊ ကျိုးတော့လည်း ငါတစ်သက်လုံး လုပ်ကျွေး မယ်ဟေ့၊ ငါ့တူမလေး နုနုထွတ်ထွတ်ကို ခွေးကျင့်ခွေးကြံ ကြံသွားတဲ့ မအေတွေကို ငါတွေကို ငါ့ ယောက်ျား ကိုယ်တိုင်သတ်ခဲ့ရလို့ ဝမ်းသာ တယ်၊ ခြေထောက်ကလေး ကျိုးသွားတာများ ဘာဖြစ်သေးလဲ”
ထိုသို့ပင် သားဆုံးသူများ၊ လင်သေသူ၊ ညီကျသူများ၏ အသံ သည်လည်း လွင့်ပျံလာ၏။
“ငါမငိုဘူးဟေ့”
“ငါတို့ကိုယ်စား လက်စားချေရင်း ငါတို့မောင်ကျခဲ့တော့ ဘာဖြစ် လဲ၊ တို့ဝမ်းမနည်းဘူး”
“အိပ်ရာထဲမှာ အိပ်နေရင်းလည်း မြွေကိုက်လို့၊ လေဖြတ်လို့ သေ သေးတာပဲ၊ အခု ငါတို့ကိုနှိပ်စက်တဲ့ မိစ္ဆာတွေကို သုတ်သင်ရင်း သေတာ ဝမ်းသာစရာတောင် ကောင်းသေးတယ်”
ငိုချင်သူတို့၏ ပူပြင်းသောနှလုံးသားသည် မာကျောလာ၏။ ရှိုက်သံကို ကြုံးဝါးသံက လွှမ်းသည်။ အမေ့ကို အပြုံးက အနိုင်ယူသွားသည်။
ကျွဲချိုမှုတ်သံ ပေါ်လာသောအခါတွင်ကား သူပုန်တပ်မတော် သည် ရွာမှ ထွက်ခွာလာခဲ့လေ၏။ အမှောင်ရိပ်သည် ကွင်းကို ဝါးမျိုစ ပြုပေပြီ။ သူပုန်တပ်ကြီးကား စခန်းသို့ အရောက် ပြင်းထန်စွာ ချီတက် နေ၏။ ။
“သွေးသောက်တို့ မြန်မြန်ချီကြဟေ့”
ဗိုလ်မှူးဘအေး ကျဆုံးပြီးနောက် တပ်ကို ဗိုလ်မှူးဘစိန်က ကွပ် ကဲ၍ တပ်ခေါက်ခဲ့ရသည်။ ဗိုလ်မှူးဘစိန်သည် ဗိုလ်မှူးဘအေးဘေး၌ ကပ်လျက်လိုက်ပါလာရင်း ဗိုလ်မှူးဘအေး၏အသက်ကို သေမင်းထံမှ လုယူနိုင်ရန် အရန်သင့်ပါလာသော သမားတော်များနှင့် အပြင်းအထန် ကြိုးစားနေခဲ့ရသောကြောင့် တပ်ကို မကြည့်မိ၊ လက်ထောက်ဗိုလ်များ ကိုသာ လွှဲထားခဲ့သည်။ ယခု ဗိုလ်မှူးဘအေးဆုံးပြီ။ သည်အခါတွင် တပ်ကိုကွပ်ကဲရန် သတိရလာကာ လက်ထောက်ဗိုလ်များထံသို့ ခြေမြန် တော်လွှတ်၍ အမိန့်ပေးခြင်းဖြစ်သည်။ သည်
“သွေးသောက်တို့ မြန်မြန်ချီကြဟေ့”
တပ်စုတိုင်း၌ ဆော်သြသံများ လွှမ်းသွားပေ၏။ တပ်သားတို့၏ ခြေသည် စောစောကထက် သွက်လက်လာတော့သည်။ ရှေ့ဆီ၌လည်းစခန်းမှ မီးရောင်ကို မြင်နေရပြီမဟုတ်ပါလား။
စခန်း၌ ခ-တပ်သားများသည် တိုက်ပွဲပြန် က-တပ်သားများ အတွက် ထမင်းဟင်း အသင့်ချက်ပြုတ်ပြီးစီး၍ တိုက်ပွဲပြန်များအား
မျှော်ငံ့နေကြသည်။ ကောင်းသတင်းကို ကြားရသောအခါ ခ-တပ်သား များသည် တစ်ချီတစ်မောင်း ကခုန်မြူးထူးကြပြန်လေ၏။
သူတို့တစ်တွေ ပျော်မြူးနေချိန်၌ ထွက်ပြေးပြီဟု သူတို့ထင်ခဲ့ သော အရေးပိုင်ဗာရက်တိုးသည် နောက်တစ်ခေါက်ပြန်လာပြီး မောင် ကလေးနှင့် ပုလိပ်တို့၏ အလောင်းများကို သယ်ယူသွားကြ၏။
ဗိုလ်မှူးဘစိန်သည် အလံတောင်ပေါ်သို့ နွမ်းနယ်စွာ တက်လာ ခဲ့သည်။ သူသည် ကင်းစခန်း အထပ်ထပ်ကို ဖြတ်ကျော်လာ၏။ ကင်း စခန်းတိုင်းမှ တိုက်ပွဲသတင်းကို ဆီးကြိုမေးကြသည်။
“ရာဇဝတ်ဝန်မောင်ကလေးနဲ့ ပုလိပ်ဆယ်ကောင် ကျကျန်ခဲ့တယ်”
ဗိုလ်မှူးဘစိန်သည် သည်မျှသာဖြေ၏။ သို့ရာတွင် သည်မျှနှင့် မပြီးသေး။
“ကျုပ်တို့ဘက်ကရော ..”
ဆက်၍ မေးကြသည်ကိုကား ဗိုလ်မှူးဘစိန်သည် အဖြေပေး ရန် ဝန်လေးလှ၏။
“ရှိတာပေါ့လေ”
ဟု ဆိုကာသာ တောင်ပေါ်သို့ တက်ခဲ့လေ၏။
စေတီငယ်မှ ဆည်းလည်းလှုပ်မြူးသံသည် မြစိမ်းတောင်၏ သာယာခြင်းကို ဆောင်ပေသည်။ မြူးလန်းဖွယ်ရာ လေပြည်သည် ဗိုလ် ဘစိန်အား အမောပြေစေ၏။ စေတီအနီးရှိ တန်ဆောင်းကလေးဘေး တွင်ကား ကြီးမားကျယ်ပြန့်သော တဲကနားကြီးတစ်ခုအတွင်း၌ လက်
Share





















