Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

စောဦး - ဝထ္ထုတို ၅ ပုဒ်

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out
လွတ်လူ
(၁)

          ထိုနေ့က ကျွန်တော်တို့ နှစ်ယောက်သည် ထောင်နံရံ၏ခြေရင်း ၌ ကပ်၍ ဖောက်ထားသော မြေလမ်းကလေးပေါ်၌ စကားတပြောပြော နှင့် လမ်းလျှောက်လျက်ရှိပေ၏။

          ပုဒ်မ ၅ အကျဉ်းသားများသည် ထိုစဉ်က အတော်အသင့် လွတ်လပ်ခွင့် ရနိုင်သေးသည်ဟု ဆိုနိုင်လောက်အောင်ပင် ချုပ်ချယ်မှု များ ကမ်းမကုန်သေးရကား... ထောင်နံရံကို ကျော်တက်ရန် အား မထုတ်သေးသမျှ အိပ်ထောင်သံတိုင်ကို လွှနှင့် မတိုက်ဖျက်သေးသမျှထောင်စည်းဝိုင်းအတွင်း၌ အညောင်းပြေလမ်းလျှောက်ခွင့်၊ အချင်းချင်း စကားပြောခွင့်၊ ညောင်ပင်ပေါ်တက်ခွင့်၊ (မှန်ပါသည်၊ ထောင်စည်းဝိုင်း အတွင်း၌ မြင့်မားသော ညောင်ကျပ်ပင်ကြီးတစ်ပင်ရှိရာ ထိုအပင် ထိပ် ဖျားသို့ တက်ရောက်ရခြင်းသည် ကြီးမားသော အခွင့်အရေးတစ်ရပ်ပင် ဖြစ်ပါသည်။ ငယ်ရွယ်သော ပုဒ်မ ၅ ကလေးများနှင့် နှစ်ကြီး ပုဒ်မ ၅ အကျဉ်းသား သခင်ဘုန်းကြီး ဦးဉာဏတို့သည် ညနေတိုင်းပင်ညောင်ပင်ထိပ်ဖျားသို့တက်၍ လမ်းပေါ်မှ အပျိုချောကလေးများကို မှန်ပျောင်းဖြင့် ကသိုဏ်းရှုလေ့ရှိပါသည်။) ဖဲရိုက်ခွင့် (၎င်းကိုမူ ပြည်သူ့ ပစ္စည်းအလွဲသုံးစားမှုဖြင့် အချုပ်ခံနေရသူများ အပျင်းပြေကျင့်သုံးတတ် ကြပါသည်။) သီချင်းအော်ဆိုခွင့်၊ အလေးမ ဘောလုံးကန်၊ ခြင်းခတ်မှ အစ၊ ကြိုက်နှစ်သက်ရာကို တစ်ကိုယ်တည်းဖြစ်စေ၊ အစုအဝေးနှင့်ပင် ဖြစ်စေ လုပ်နိုင်ကိုင်နိုင်ခွင့် ရရှိနိုင်သည့်အချိန်ပင် ဖြစ်ပါပေ၏။

          တစ်ခု ကျန်ပေသေး၏။ ရေချိုးလျှင် ခွက်ခြင်စံပုံစံစနစ် မရှိ သေး။ ဝဝလင်လင် ရေချိုး အဝတ်လျှော် ချေးတွန်းခြင်း ပြုနိုင်ဆဲအခါ လည်း ဖြစ်ပေ၏။

          ကိုဖေအောင်နှင့် ကျွန်တော်ဆိုလျှင် ပုဒ်မ ၅ သမားချင်းလည်း ဖြစ်၊ သက်တူရွယ်တူလည်း ဖြစ်၊ ခုတင်ချင်းလည်း ကပ်နေလျက်၊ထောင်ဝေါဟာရအားဖြင့် “မဲ့စ်” ခေါ် ထမင်းဝိုင်းအစုတွင်လည်း တစ်စု တည်းသာ ဖြစ်ကြသောကြောင့် ထောင်ထဲ ရောက်လာမှ သိကျွမ်းခြင်း ဖြစ်စေကာမူ သံယောဇဉ် ငြိတွယ်လျက်ရှိနေကြပေ၏။ ကိုဖေအောင်မှာ ကျွန်တော့်ထက် တစ်နှစ်နီးပါးစော၍ ထောင်နန်းစံနေရခြင်းကြောင့် လည်း၊ ကျွန်တော့်မှာ မစုံလင်မပြည့်သေးသော ထောင် ဗဟုသုတ တို့ကို ကို အောင်ထံမှ ဆည်းပူးမှတ်သားနိုင်ခွင့် ရရှိနေပေ၏။

          စိတ်အထင်၊ ထိုနေ့သည် သင်္ကြန်အကြိုနေ့ဟု အောက်မေ့မိ၏။ ထောင်နံရံ၏ တစ်ဖက်၊ စစ်ပုလိပ်တန်းလျားဆီမှ တစ်ချက်တစ်ချက် တွင် အိုးစည်စမ်းနေသံကို ကြားရပေ၏။ ကံ့ကော်နှင့် ပိတောက်နဲ့ ကလေးများသည်လည်း လေထဲ၌ သင်းပျံ့ပျံ့ရှိနေပေ၏။

          ကျွန်တော်တို့နှစ်ယောက်သည် စကားတပြောပြောနှင့် ထောင် ဆေးရုံအနီးသို့ ရောက်လာခဲ့ကြရာ အထက်ထပ်ပြတင်းပေါက်တစ်ခု ၌ အပြင်သို့ မျှော်နေသော အသက် ၆၀ နီးခန့်ပါးရောင်နှင့် အဘိုးတည်းသာ ဖြစ်သောဇဉ် ငြိတွယ်၍ ထောင်နန်းဆောင် ဗဟုသုတ ဖြစ်စေကောက်တစ်နှစ်ပင်မပြည့်ဝသွားနိုင်ခွင့် အောက်မေ့မိ၏။ သည်း၊ ကျွန်တော်ထံမှ ဆည်းကြန်အကြိုနေ့ အချက်တစ်ချက်ကြီးတစ်ယောက်၏မျက်နှာကို မော်ကြည့်မိကြပေ၏။ နဖူးရည်များ တွန့်လျက် ပါးများပင် ခွက်ဝင်နေပြီဖြစ်သော ထိုမျက်နှာတွင် ဖျော့တော့သော မျက်လုံးနှစ်လုံးမှာ ကျွန်တော်တို့ကို မြင်ဟန်ဘဲ ရွာတော့မည့် မိုးကဲ့သို့ မှိုင်းညို့ဆိုင်းဆို့လျက်ရှိပေ၏။ ။

          “တော်တော် နေကောင်းပလား.. ဘကြီးထွန်း” ဟု ကိုဖေအောင် က မော့၍ နှုတ်ဆက်လိုက်၏။ သို့သော် ကျွန်တော်တို့၏အသံကို ကြားဟန်မတူသောကြောင့် အဖြေမရခဲ့ပေ။

          ကိုဖေအောင်သည် မီးသေနေသော ဆေးပြင်းလိပ်ကို မီးညှိ လိုက်ပြီးနောက်... ။

          “ဒီအဘိုးကြီးကို ကျုပ်ဘယ်နည်းနဲ့မှ ဖွင့်မပြောတော့ဘူး” ဟု အဆုံးအစမရှိ ငုံးတိတိပြောဆိုလိုက်ရာ...

          “ဘာကို မပြောမှာလဲဗျ” ဟု ကျွန်တော်က ပြန်၍ မေးခွန်းထုတ် နေရတော့ပေ၏။

          ထိုအချိန်တွင် ကျွန်တော်တို့သည် ထိုင်နေကျ သရက်ပင်ခြေရင်း သို့ ရောက်လာပြီ ဖြစ်သောကြောင့် နှစ်ယောက်သား ဝင်၍ ထိုင်လိုက် ကြပြီ၊ မီးခိုးများ ထောင်းထောင်းထလာအောင် ဆေးလိပ်များကို ကိုယ်စီ ဖွားလျက်ရှိပေ၏။

(၂)

          “သေနတ်ကို မပြောနဲ့၊ ကိုယ့်တောင်ဝှေးကိုတောင် ကိုယ် အနိုင် နိုင် သယ်နေရတဲ့ လူအိုကြီးတစ်ယောက်ကို သူတို့ ဘာများ ကြောက် နေကြပါလိမ့်..” ဟု ကိုဖေအောင်က စကားဆက်၍နေ၏။

          ကိုဖေအောင်သည် စောစောက ကျွန်တော်တို့ တွေ့ခဲ့ရသော ဘကြီးထွန်း၏ ကိုယ်ရေးကိုယ်တာကို ရည်ညွှန်းပြောဆိုနေခြင်း ဖြစ်ရာဘကြီးထွန်း၏ အဖြစ်အပျက်ကို ဇာတ်စုံ မသိရသေးသော ကျွန်တော် သည် ကိုဖေအောင်၏ စကားတွင် ကြားမဝင်ဘဲ စူးစူးစိုက်စိုက် နား ထောင်နေမိပေ၏။

          ဘကြီးထွန်းသည် ကိုဖေအောင်နှင့် တစ်ရွာတည်းသား ဖြစ်၏။ အသက် ၆၂ နှစ် သားထောက်သမီးခံမရှိ၊ ဇနီး ဒေါ်သီတာအမည်ရှိ ပန်းနာသည် အဘွားအိုနှင့်အတူ တောင်ယာပဲခင်း လုပ်ကိုင်စားသောက် ၏။ ရွာတွင် ရွာမိရွာဘ တစ်ဦးဖြစ်လျက်။ သူ၏ရိုးဂုဏ်ကြောင့် တောင် သူ လယ်သမားသမ၌ ငွေထိန်းလူကြီးအဖြစ် သမဂ္ဂက တင်မြှောက် ထား၏။ ကိုဖေအောင်မှာ အတွင်းရေးမှူး ဖြစ်လေသည်။ ကျွန်တော် သိထားသမျှမှာ ဤအထိသာ ဖြစ်၏။ ကိုဖေအောင်က သူ့စကားကို သူဆက်၍ ရှင်းပြန်လေသည်။

          “အဘိုးကြီးက ခင်ဗျားကို ကျေးဇူးတင်တဲ့အကြောင်း ခဏခဏ ပြောရှာတယ်” ။

          “ဘာဖြစ်လို့လဲ”

          “သူ့အသက်ကို ခင်ဗျားက ကယ်လိုက်တာကိုး”

          ဘကြီးထွန်း ထောင်ကို ရောက်စက ငှက်ဖျားတက်ရင်း ရောက်လာ၏။ အသက်က ကြီး၊ ငှက်ဖျားခံကလေးကလည်း ရှိနေ သည့်အထဲတွင် ဂါတ်အချုပ်၌ သမံတလင်းပေါ်တွင် ၅ ရက်တိတိ နေခဲ့ ရပြန်သည့်အကြောင်းကြောင့် ငှက်ဖျားပြန်ထ၏။ ကျွန်တော်တို့ထံသို့ ရောက်လာစနေ့ကမူ ညသန်းခေါင်ကျော်လောက်၌ အပျင်းဖျားတော့ ၏။ ကျွန်တော်သည် ဆည်းပူးမှတ်သားထားသမျှ ဆေးနည်းကလေး အရ အသင့်ဆောင်ထားသော ထန်းလျက်နှင့် လေးညှင်းပွင့်ကို ပြုတ်၍ တိုက်ခြင်းဖြင့်လည်းကောင်း၊ ရှောက်ရည် က်စဉ်းခတ်ပေးခြင်းဖြင့် လည်းကောင်း၊ ငရုတ်ကောင်းနှင့် ခပ်ပြင်းပြင်း မှိုင်းတိုက်ပေးလိုက်ခြင်းဖြင့်လည်းကောင်း၊ နောက်တစ်နေ့ ညနေတွင် လူကောင်းပကတိ ဖြစ် သွားခဲ့၏။ ကျွန်တော်တို့အိပ်ထောင်တွင် လူငယ်များချည်း ရှိသဖြင့် ဧဧလူ နေချင်သော ဘကြီးထွန်းသည် နောက် ၅ ရက်ခန့်အကြာတွင်ထောင်ဆေးရုံဟောင်းဖြစ်သော လူရှင်းသည့်အိပ်ထောင်သို့ ပြောင်းရွှေ့ သွားရာ ကျွန်တော်နှင့် ကိုဖေအောင်တို့သာမက တစ်ထောင်လုံးကပင် ဘကြီးထွန်းအား စိတ်ချမ်းသာအောင် စောင့်ရှောက်အားပေး နေထိုင် လာခဲ့ကြလေသည်။

          “ကံတူ အကျိုးပေးချင်းပဲ၊ ကျေးဇူးတင်နေစရာ မလိုပါဘူးဗျာ။ စိတ်ကောင်းကောင်းထား... ကောင်းကောင်းစား၊ ကောင်းကောင်းအိပ် ကျန်းမာရေး ဂရုစိုက်ထား။ အခုနေမှာ ဒါပဲ အရေးကြီးပါတယ်” ဟု ကျွန်တော်က ပြန်ပြောလိုက်၏။

          “စိတ်လား... ဟာ အဘိုးကြီးက လူသာအိုဟာ စိတ်က အင်မတန်ခိုင်တဲ့ အဘိုးကြီးပဲဗျာ။ အမယ်ကြီး မမာမကျန်းနဲ့ သဲ့သဲ့ ကလေး ကျန်ရစ်ခဲ့တာကို ဒီကနေ့အထိ စကားတစ်လုံးစပ်လို့တောင် မပြောဘူး။ သူ့တစ်သက်မှာ မတရားမှုဆိုလို့ တစ်ခါဘူးမှ မလုပ်ခဲ့ဘူး တဲ့။ သူလုပ်ခဲ့သမျှ သူ့ယုံကြည်ချက်အရ အားလုံး တရားတယ်တဲ့”

          “သမဂ္ဂကို သူ တော်တော်ရိုင်းပင်းသလား”

          “သမဂ္ဂဟာ သူ့အသက်ပဲလို့ ခဏခဏ ပြောလေ့ရှိတယ်”

          “မြေယာ တော်လှန်ရေးကို သူ ထောက်ခံသလား”

          “အဘိုးကြီးဟာ ဟိုအနှစ် ၅၀ လောက်တုန်းကလည်း လယ် ကူလီပဲ၊ အခုအဖမ်းခံရတော့လည်း လယ်ကူလီပဲ။ သူ့အဖေလည်း လယ်ကူလီ။ သူ့အဘိုးလည်း လယ်ကူလီ။ မြေယာတော်လှန်ရေးကို သူ ဘယ်မှာ မထောက်ခံဘဲ ရှိမလဲ။ သူ့ဘဝဟာ သူ့ယုံကြည်ချက်ရဲ့ ဓားသွေးကျောက်ပဲ။ ရန်သူတွေဟာ သူ့ရဲ့ ခွန်အားကို ကြောက်တာမဟုတ်ဘူးဗျ၊ သူတို့ကြောက်တာက သူ့ရဲ့ ယုံကြည်ချက်နဲ့ သူ့ရဲ့ အသိတရားကို ကြောက်ကြတာ...”

          “ယုံကြည်ချက်လက်ထိပ်နဲ့ ထောင်နံရံတွေက တိုက်မချနိုင်ပါ ဘူးဗျာ”

          “စိန်ပြောင်းနဲ့ တင့်ကားတွေကလည်း မဖျက်ဆီးနိုင်ပါဘူး”

          “ဗုံးကြဲလေယာဉ်ပျံလည်း အလကားပဲ”

          “အဘိုးကြီးဟာ သံမဏိကြီးပဲ”

          တရားမျှတမှုကို မြတ်နိုးတဲ့ သူ့စိတ်ဓာတ်ဟာ သံချပ်ကာ ကား တွေထက် မာပြီး ကျည်ချွန်တွေထက် ချွန်မြနေတော့ ဓားတွေကို သူ ဘယ်မှာ မှုတော့မလဲ။ အသက်ဆိုတာ ဒီနေရာမှာ နှမြောတွန့်တိုစရာ ပစ္စည်းတစ်ခု မဟုတ်တော့ဘူးဆိုတာ သူ နားလည်နေပြီ။

          ကိုဖေအောင်သည် သူ့ရှေ့ရှိ ထောင်ဆေးရုံအပေါ်ထပ်သို့ မျှော် ကြည့်လျက်ရှိ၏။ သူ့နှုတ်ခမ်းများမှာ နဂိုက ခပ်ပါးပါးတွင် တင်း ကျပ်စွာ စေ့ထားသဖြင့် အတွင်း၌ရှိသော သွားများပင် ပေါက်ထွက် လာလုမတတ် ရှိပေ၏။ ။

          “ဘကြီးထွန်းဟာ တကယ့်လူပဲ” ဟု ကျွန်တော်က ကောက် ချက် ချလိုက်ပေ၏။

          “တချို့လူတွေဟာ သူ့လောက် စိတ်မခိုင်ကြဘူး ကိုစိုးမြင့်” ဟု ကိုဖေအောင်က ပြောပြန်၏။

          သရက်သီးကင်းကလေးများကား ကျွန်တော့်တို့အနီး၌ တဖုတ် ဖုတ် ကြွေကျလျက်ရှိ၏။

          “ကျွန်တော်လည်း နည်းနည်းတော့ သတိထားမိသားပဲ။ ထောင် နံရံကို ကျော်တက်ချင်တဲ့ လူတွေ ဗူးဝက “လွတ်လူ” စာရင်းအော်ရင် ကိုယ့်နာမည်များ ပါမလားလို့ နေ့စဉ်နားစွင့်နေတဲ့ လူတွေ...”