စုထား - ဝထ္ထုတို ၅ ပုဒ်
တိမ်အနီးက ငှက်
ကျောင်းဖွင့်စ ဒုတိယမြောက်နေ့တွင် စတင်ခင်မင်ခဲ့ရသည့် သူငယ်ချင်းမို့ မဂျိုးကို ငယ်သူငယ်ချင်း အရင်းတစ်ယောက်လို သံယောဇဉ် ရှိခဲ့သည်။ သူငယ်ချင်းဟုဆိုသော်လည်း ကြုံကြိုက်တိုက်ဆိုင်၍ သူခင် ကိုယ်ခင် ခင်မင်လာခဲ့ရသော သူငယ်ချင်းမျိုး မဟုတ်ပေ။ သက်သက် ကိုယ်တိုင် မဂျိုးကို ခင်မင်ချင်၍ တကူးတက သူငယ်ချင်း ဖြစ်ယူခဲ့ခြင်း ဖြစ်သည်။
မာမီနှင့် မာမီ၏သူငယ်ချင်းဖြစ်သူ၊ သက်သက်တို့ ဆေး တက္ကသိုလ် ပထမနှစ်တွင် အင်္ဂလိပ်စာ သင်ကြားသည့် ဆရာမလည်း ဖြစ်သူ ဒေါ်တင်တင်ချိုတို့က စာသင်ခန်းရောက်သည်အထိ လိုက်ပို့ သည့်တိုင် ကျောင်းသားအများကြီးကြားမှ ဖြတ်လာရတော့ ခြေလှမ်း တို့က တုန်ခါနေလေသည်။
“သက်ငုံဖူးဆိုတာ သူလေ” “သက်ငုံဖူး” “သက်ငုံဖူး။ တီးတိုးယောက်ျားသံများတွင် သူ့နာမည်ကိုကြားရတိုင်း သက်သက်၏ ခေါင်း ကလေးသည် တဖြည်းဖြည်း ငုံ့လျှိုးသွားခဲ့လေသည်။ မီးယပ်နှင့် သားဖွားအထူးကု ဒေါ်ခင်မျိုးချစ်၏သမီး သက်ငုံဖူးဆိုသည့် သက်သက် က မိဘ၏ ဂုဏ်သိန်ကြောင့်လည်းကောင်း၊ လှပ၍ စိတ်ဝင်စားဖွယ် နာမည်ကြောင့်လည်းကောင်း တက္ကသိုလ်ဝင်ခွင့်စာရင်း ကြေညာ သင်ပုန်းတွင် စတင်ကပ်သည့်အချိန်မှစ၍ ကျောင်းသားဝန်းကျင်တွင် သတင်းကြီးခဲ့သူဖြစ်သည်။ အန်တီချိုက ဗိုလ်မှူးကြီးတစ်ယောက် ၏သမီးဆိုသော မီမီခိုင်ထွန်းနှင့် မိတ်ဆက်ပေး၍ နေရာ၌ ထားပေး ခဲ့သည့်တိုင် ခေါင်းမော်မကြည့်ဝံ့သေးချေ။
“ရိုနံဘား ဝမ်း၊ ရိုနံဘား ဝမ်း” ဆိုသော အပြင်ဘက်မှ ကျောင်း သားကြီးများ၏ အော်ဟစ်သံများကြားတွင် အခန်းဝ၌ တစ်ယောက် တည်း ရပ်နေသော မဂျိုးကို စတင်တွေ့ခဲ့ရသည်။ ပထမအတွေ့အကြုံ လိုဖြစ်၍ ရှက်ရွံ့ခြင်းနှင့် ရင်ခုန်ခြင်းပင် မပြေသေးသော သက်သက် သည် အဖော်မပါ တစ်ယောက်တည်းလာခဲ့သည့် သူ့ကို အံ့သြသလို သနားလည်းသွားမိသည်။ သူကတော့ အော်ဟစ်နောက်ပြောင်နေသည့်ကျောင်းသားများကြားတွင် အေးစက်သော မျက်နှာလေးဖြင့် ရပ်ရင်း အခန်းတစ်ခုလုံးကို ခြုံငုံကြည့်နေသည်။ နေရာရှာခြင်းဖြစ်ပါလိမ့်မည်။ ဘယ်ဘက်ခုံစုများသည် အခန်းတံခါးနှင့် နီးသောကြောင့်လည်းကောင်း၊ ညာဘက်ခုံများသို့သွားသောလမ်းတွင် စာသင်ခုံက ပိတ် နေသောကြောင့်လည်းကောင်း၊ ဘယ်ဘက်ခုံစုများ၌ နေရာအပြည့်ဖြစ် နေသည်။ သူသည် စာသင်ခုံပေါ်မှ ပုံမှန်အနေအထားဖြင့်ဖြတ်ကာ ညာဘက်ခုံများဆီသို့ သွားလေသည်။
ကျောင်းသားများ၏ အော်ဟစ်သံက ပိုမိုကျယ်လောင်လာ သည်။ နောက်ဘက်ခုံများတွင် လာရောက်ထိုင်နေသည့် ကျောင်းသားကြီးများက စားပွဲခုံကို ဘင်ခရာတီးဝိုင်းတွင် ဘင်ထုသလို ထုရင်း
“ရဲရဲတောက်... တို့ဗမာတွေ.. သတ္တိခဲတွေ”ဟု သံပြိုင်အော် ဆိုကြလေသည်။
သူကမူ ကျောင်းသားများဘက်သို့ မျက်လုံးတစ်ချက် ဝင့်ကြည့် ရင်း နေရာလွတ်တွင် အေးဆေးစွာ ဝင်ထိုင်လိုက်သည်။ သူ၏မျက်နှာ သွင်ပြင်သည် ကျောင်းသားများကို တမင်မထီမဲ့မြင် လုပ်ဟန်မျိုးလည်း မတွေ့ရ။ နာမည်ကျော်ကြားလိုသည့် ဟန်ဆောင်သတ္တိရှိပြပုံမျိုးလည်း မတူ။ မိန်းမမာန တလူလူလွှင့်ထူထားပုံလည်းမဟုတ်။ နေ့စဉ်သင်နေ ကျ စာသင်ခန်းသို့ ဝင်ထွက်သွားလာလိုက်သလိုပင်။
“အဲဒါ ရိုနံဘာဝမ်း ခင်လေးနွယ်လေ”
မီမီခိုင်ထွန်းက သက်သက်နား တိုးတိုးလေး ကပ်ပြောလိုက် သည်။
“ခင်လေးနွယ်ဆိုတာ သူလား”
မာမီသူငယ်ချင်း နယ်မြို့လေးတစ်မြို့မှ ဆရာမ ဒေါ်ခင်သီသီ လွန်ခဲ့သည့်လက လာလည်စဉ်
“အန်တီတို့ကျောင်းက “ခင်လေးနွယ်” ဆိုတဲ့ ကလေး မန္တလေး အမ်စီမှာ နံဘာဝမ်းနဲ့ဝင်တယ်၊ သမီးသက်သက်တို့နဲ့ တွေ့ဦးမှာပေါ့။ သက်သက်က လိုတဲ့အကူအညီတွေ ပေးလိုက်ပါဦးနော်”
ဟု ပြောစဉ်ကတည်းကပင် ခင်လေးနွယ်ဆိုသူကို အထင်ကြီးခဲ့မိသည်။
“သီသီတို့ကျောင်းက နယ်ကျောင်းသာဆိုတယ် တယ်ဟုတ်ပါ လား၊ နံဘာဝမ်းဆိုတော့ သမီးတောင် “ဇောတိ” ကျော်တယ်သီရဲ့၊ တန်တော့ သီသီတို့မြို့မှာ ကျူရှင်တွေ သိပ်ကောင်းတယ်ထင်တယ်။ ဒါမှမဟုတ်လည်း ဒီကောင်မလေး ရန်ကုန် မန္တလေးမှာ ကျောင်းလာတက်ပြီး နယ်ပြန်ဖြေတာနေမှာ”
မာမီစကားအဆုံးတွင် အန်တီ ဒေါ်ခင်သီသီက သဘောတကျ ရယ်ရင်း
“သီတို့မြို့မှာ ကျူရှင် ဟုတ်တိပတ်တိ မရှိသေးဘူး ချစ်ချစ်ရဲ့၊ ဘွဲ့ရပြီးတဲ့သူတွေကလည်း သည့်ပြင် စီးပွားရေးပဲလုပ်ကြတာ၊ မြို့ကြီး က ကျူရှင်ဆရာတွေကလည်း သူတို့မြို့ကို မျက်စိမကျသေးဘူး၊ သို့ တပည့်တွေကလည်း ချစ်ချစ်ရယ် မှတ်စုတွေ၊ တစ်ကြိုတွေ၊ အထူး ထုတ်တွေတောင် ဝယ်မဖတ်ကြဘူး၊ တချို့လည်း ရှိပါတယ်၊ သုံးလ ပြတ်တွေ လေးလပြတ်တွေ သွားတက်ကြတာ၊ ခင်လေးနွယ်ကတော့ သူ့မိဘတွေက မတတ်နိုင်ရှာပါဘူး၊ ကျောင်းစာသာ ကျက်တာပါ”
တော်လိုက်တာလို့ ကျောင်းစာနှင့်ပတ်သက်၍ သူများကို သိပ် အထင်မကြီးတတ်သည့် သက်သက်ပင် ရင်ထဲမှတဖွဖွ ရေရွတ်မိသည်။
ကျောင်းမှသင်သည့် သင်ခန်းစာတွေနှင့် ဂုဏ်ထူးငါးခု၊ အမှတ် ငါးရာကျော်နှင့် မန္တလေးဆေးတက္ကသိုလ်မှာ ခုံနံပါတ်တစ်ကိုရခဲ့သူ။
သက်သက်မှာမူ သက်သက်ရှစ်တန်းရောက်သည့်နှစ်မှစ၍ ဆရာသီးခြားခေါ်ကာ အိမ်မှာပင် ဘာသာစုံကျူရှင်ပေးခဲ့သည်။ စာကျက်ချိန်၊ အိပ်ချိန်၊ ကျောင်းသွားချိန်၊ နားချိန်အားလုံးကို မာမီ ကိုယ်တိုင် အချိန်ဇယားဆွဲ၍ မာမီကိုယ်တိုင် စောင့်ကြည့်ကြပ်မတ်ပေး ခဲ့သည်။
သက်သက်သာမက အခု ကိုးတန်းရောက်နေပြီဖြစ်သော ညီမ လေး သက်ဝေကျော်နှင့် ရှစ်တန်းကျောင်းသား သက်အောင်ထွန်းတို့ကို လည်း သည်အတိုင်းပင်။ သက်သက်တို့ စားချင်သည့်အစာ၊ လိုချင် သည့်ပစ္စည်းအားလုံးကို နာရီမဆိုင်းစေရဘဲ စာကြည့်စားပွဲပေါ် ရောက် အောင်အထိ မာမီက လုပ်ပေးခဲ့သည်။
သက်သက် ခုနစ်တန်းရောက်သည့်နှစ်မှစ၍ မာမီ ဆေးခန်း မထိုင်တော့ဘဲ သားသမီးတို့၏ပညာရေးကိုသာ စိုက်စိုက်မတ်မတ် ကြိုးပမ်းခဲ့သည်။ ဒါကြောင့်လည်း မာမီမိတ်ဆွေတွေက မာမီကို သားသမီးတွေအတွက်သာ အသက်ရှင်နေတဲ့သူတဲ့။
နယ်တွင် ဆန်စက်၊ ဆီစက်နှင့် အဝေးပြေးကားများ ပိုင်ဆိုင် သော ဒယ်ဒီ၏စီးပွားရေးသည် မာမီ စိတ်ထက်သန်ရာကို ကြောင့်ကြ မဲ့စွာ လုပ်ကိုင်နိုင်ခွင့်ပေးခဲ့လေသည်။
* * *
နောက်တစ်နေ့တွင် သက်သက်သည် မဂျိုးထိုင်သည့်ခုံသို့ လာခဲ့ သည်။ ကိုယ့်ထက်သာတဲ့ ကိုယ့်ထက်တော်တဲ့လူနဲ့ပေါင်းမှ ကိုယ်ပိုတော်လာမှာလို့ မာမီက ခဏခဏပြောတတ်သည်။ သည်တုန်းက သက်သက် သိသည်က ခင်လေးနွယ် ရိုနံဘာဝမ်း။
“တို့ ဒီမှာ ထိုင်မယ်နော်”
သူက စာအုပ်ဖတ်နေရာမှ တစ်ချက်မော့ကြည့်ရင်း ခုံအပြင် ဘက်သို့ ထွက်ရပ်ပေးလေသည်။ သက်သက် အတွင်းဘက်သို့ ဝင် ထိုင်ပြီးမှ သူ့နေရာပြန်ထိုင်ကာ စာအုပ်ကို ဆက်ဖတ်နေလေသည်။
ဒါကြောင့် သူတော်တာပေါ့။ ကျောင်းဖွင့်စ နေ့မျိုးမှာပင် စာကျက်နေတာဆိုသည့် အတွေးနှင့် သူဖတ်နေသော စာအုပ်ကို ငဲ့ကြည့်မိတော့ စကားထာ တဖြာလှလိမ့်မယ်” တဲ့။ ဝတ္ထုစာအုပ်။
“သက်သက်နာမည် သက်ငုံဖူးတဲ့၊ မင်းက ခင်လေးနွယ်နော်”
ငါးမိနစ်ကျော် ဆယ်မိနစ်ခန့်ကြာသည့်တိုင် လှည့်ကြည့်ဖော် လည်းမရ၊ စကားလည်းမပြောလာဘဲ စာအုပ်ကိုသာ သဲသဲမဲမဲဖတ်နေ လေသည်။ ဒါကြောင့် သက်သက်ဘက် မျက်နှာအင့်တွင် သက်သက်ကပင်စ၍ ကမန်းကတန်း မိတ်ဆွေဖွဲ့လိုက်ရသည်။
“ ဪ ”
သူက စိတ်ဝင်စားမှုမရှိစွာ ရေရွတ်လိုက်သည်။ တချို့များ သက်ငုံဖူးပါလို့ မိတ်ဆက်ရုံနှင့် “ဒေါက်တာဒေါ်ခင်မျိုးချစ် သမီး မဟုတ်လား” ဘာညာဘာညာနှင့် ပျာပျာသလဲ ဖြစ်သွားတတ်ကြ သည်။ သူကတော့ သာမန်နာမည်တစ်ခုလို့ပင် မှတ်ထင်သည်ထင် သည်။ ကျော်ကြားခဲ့သော သက်ငုံဖူးကို တကယ်မသိတာလည်း ဖြစ် နိုင်ပါသည်။
“နောက်ဆို တို့ဒီနေရာပဲ လာထိုင်မယ်လေ”
“ရတယ်လေ၊ လာထိုင်ပေါ့၊ ဘယ်သူမှမရှိဘူး”
သည်တော့မှ သူနှင့်စကားပြောဖြစ်လေသည်။
“အန်တီသီသီက သက်သက်ကိုပြောထားတာ၊ ညနေကျရင် မာမီကိုပြောလိုက်တော့မယ်၊ ခင်လေးနွယ်နဲ့ သူငယ်ချင်းဖြစ်သွားပြီလို့”
သူက သက်သက်ကို ပြုံးကြည့်ပြီး ၊ “တို့သူငယ်ချင်းတွေအားလုံးက တို့ကို မဂျိုးလို့ပဲ ခေါ်တယ်” “ဒီလိုဆို သက်သက်လည်း မဂျိုလို့ပဲ ခေါ်မယ်လေ”
မဂျိုးက သက်သက်ကို ခေါင်းညိတ်ဖြေလိုက်သည်။ ထိုနေ့မှ စ၍ သက်သက်နှင့်မဂျိုး သူငယ်ချင်းဖြစ်ခဲ့လေသည်။