Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

စိန်စိန် - သားလိမ္မာ

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
အခန်း (၁)
(အမွေပြတ်ကြော်ငြာ)

           ရန်ကုန်မြို့ ဟယ်လ်ပင်လမ်း မင်းကတော် ဒေါ်သိန်းရှင်၏ တစ်ဦးတည်းသောသား မောင်တင်အောင်(အောင်) သည် မိဘ စကားကို နားမထောင်၊ ပစ္စည်းများ သုံးဖြုန်း၍ အမျိုး၏ ဂုဏ်သရေ ကို ပျက်စီးအောင် ပြုမူနေသဖြင့် ယနေ့မှစ၍ အမိ ဒေါ်သိန်းရှင်၏ အမွေဟူသမျှမှ ပြတ်စဲပြီး ဖြစ်ကြောင်း။

(ပုံ) မင်းကတော် ဒေါ်သိန်းရှင်

           မြေနီကုန်းလမ်းရှိ တိုက်ခံအိမ်တစ်လုံး၏ အပေါ်ထပ် ဧည့်ခန်းတွင် ခေါင်းတုံးဆံတောက်နှင့် ဝဖိုင့်ဖိုင့် အသက် ၅၀ ကျော် လူတစ်ယောက်သည် သတင်းစာထဲမှ ထိုအမွေပြတ်ကြော်ငြာကို ဖတ်ပြီးလျှင် ခေါင်းကို ဖြည်းလေး ညင်သာစွာ ညိတ်ရင်း “မောင်စိန်ရေ .. ခဏ” ဟု လှမ်းခေါ်လိုက်လေသည်။ မောင်စိန်သည် မီးဖိုထဲမှ “ဟုတ်ကဲ့၊ လာပါပြီ ဦးလေးဖေ” ဟု ပြောပြီး ခပ်မြန်မြန် ကလေး ထွက်လာကာ ဦးလေးဖေ အနီးတွင် ရပ်လျက် စောင့်နေလေသည်။

           ဦးလေးဖေသည် မျက်မှန်ကိုချွတ်၍ သတင်းစာပေါ်တွင် တင်လိုက် သည်။ ထိုနောက် မောင်စိန်ကို ခဏမျှ လှည့်ကြည့်ကာ စဉ်းစားနေပြန်သည်။ အတန်ကြာမှ ညင်သာစွာ ခေါင်းညိတ်ပြီး “တင်အောင်ကို လိုက်ရှာစမ်း .. ခုအချိန်ဆိုရင် “အဝိန်”တို့ ဘိလိယက်ခုံမှာ ရှိလိမ့်မယ်ထင်တယ်။ မရှိလည်း ရှာလေကွာ၊ ငါက ခေါ်တယ်လို့ ဟုတ်လား။ အေး သွားတော့၊ ကားလည်း ဓာတ်ဆီထည့်ပြီးသား မဟုတ်လား”

           “ဟုတ်ပါတယ်”

           မောင်စိန် ထွက်သွားလေသည်။ နောက် သတင်းစာကို ပြန်ဖတ်ပြန် သည်။ ခေါင်းကို တဆတ်ဆတ်ညိတ်၍ တွေဝေ စဉ်းစားနေပြီးမှ ဧည့်ခန်းထဲ တွင် သတင်းစာကို ကိုင်ရင်း ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေလေ သည်။ ကားသံကြားတိုင်း လမ်းဘက်သို့ လှမ်း၍ ကြည့်လိုက်ပြန်သည်။ အတော်ကလေး ညောင်းလာမှ “မသောင်း ... ခြံထဲမှာ ကုလားထိုင် ချစမ်း ဟေ့” ဟု အတွင်းခန်းဘက်သို့ လှမ်း၍ပြောလိုက်သည်။ “ဟုတ်ကဲ့ ဦးလေးဖေ” ဟု ပြန်ပြောသံကြားမှ လက်ထဲက သတင်းစာကို စားပွဲပေါ်တင်ပြီး မျက်မှန် ကို ကောက်၍ တပ်လိုက်သည်။ ပြီးမှ သတင်းစာကို ယူ၍ လှေကားထိပ်မှ လေယာဉ်ပျံဖိနပ် နက်ပြာရောင်ကိုစီးပြီး လှေကားမှ ခပ်ဖြည်းဖြည်း ဆင်း သွားလေသည်။

           ဦးလေးဖေခေါ် ဦးသိန်းဖေမှာ တင်အောင့်မိခင် ဒေါ်သိန်းရှင်၏ မောင်အငယ် ဖြစ်လေသည်။ သူတို့နှစ်ဦးပိုင် “ဖေသိန်း” ကုမ္ပဏီတွင် သူ့သား ၂ ယောက် က ဦးစီးလုပ်ကိုင်နေသဖြင့် တစ်ခါတစ်ရံလောက်တွင်သာ သူ ကုမ္ပဏီသို့ သွားတတ်လေသည်။ သားနှစ်ယောက်စလုံးပင် စီးပွားရေးဘက်၌ စိတ်ဝင် စားစွာ ကြိုးစားကြသည်ကို ဦးသိန်းဖေမှာ ဝမ်းသာစွာဖြင့် သားများအတွက် ဂုဏ်ယူခဲ့သည်။

           သူ့ဇနီးကား အငယ်ဆုံး သမီးပျိုကလေး ဆုံးပါးသွားသည့်နောက် စိတ်မငြိမ်မသက် ဖြစ်ရာမှ တဖြည်းဖြည်းနှင့် စိတ်နောက်သွားကာ အစား မမှန်၊ အအိပ်မမှန် ဖြစ်လာပြီး တစ်ခါတစ်ရံ လူအလစ်တွင် စိတ်ထင်ရာသို့ ထွက်ပြေးတတ်သောကြောင့် ဦးလေးဖေတွင် ဇနီးသည်အား စောင့်ရှောက် ရင်းနှင့်ပင် အိမ်မှာနေ၍ သား ၂ ယောက်ကို ကုမ္ပဏီတွင် လွှဲထားလိုက်ရ သည်။

           သူ့တူ တင်အောင်အား သူ့သားနှစ်ယောက်ကို စံပြကာ လိမ္မာရေးခြား ဖြစ်ဖို့ ဆုံးမသည်။ ကုမ္ပဏီတွင် အလုပ်သွင်းပေးခဲ့သည်။ သို့သော် တင်အောင် က အလုပ်တွင် ဝါသနာမပါ။ ဘိလိယက်ခုံ၊ ဟိုတယ်၊ ရုပ်ရှင်၊ ပြဇာတ်၊ ပြေးပွဲ ခုန်ပွဲ၊ ပျော်ပွဲရွှင်ပွဲတို့တွင်သာ အချိန်ဖြုန်း၍ နေလေသည်။ သားအတွက် အစ်မကြီးမှာ စိတ်အတော်ထိခိုက်သည်။ “ဘယ်တော့များမှ လိမ္မာ ပါ့မလဲ” ဟု တစ်ခါက ညည်းဖူးသည်။ သားဆိုးတစ်ယောက်ရဲ့ အဆိုးအတေ ကို မိခင်လုပ်သူမှာ တပေပေ ခံခဲ့ရပြီ။

           တင်အောင့်အဖေ ပညာဝန်ထောက် ဦးကျော် ဂျပန် အုပ်စိုးစဉ်က သေဆုံးသွားသည်။ သို့သော် ကံအားလျော်စွာ ရန်ကုန်တွင် သူတို့ပိုင် တိုက် သုံးလုံးမှာ မပျက်မစီး ကျန်ခဲ့သည်။ ဒေါ်သိန်းရှင် စုဆောင်း၍ ထားရှိသော ငွေကို မောင်နှမ ၂ ဦးစပ် ကုမ္ပဏီဖွင့်၍ လခအတော်ကောင်းသော တိုက် ၂ လုံးကို အငှားထားပြီးလျှင် တင်အောင်ကို ကျောင်းထားခဲ့သည်။ တင်အောင် မှာ ပညာသင်သည့်အခါ ကြိုးကြိုးစားစား သင်သည်။ အခြား စာပေ ဗဟု သုတကို လေ့လာသည်။ ကာယဗလ အတော်အတန် လိုက်စားသည်။ ဒေါ် သိန်းရှင်မှာ သားတစ်ယောက်အတွက် အတော်အားတက်၍ ပျော်ရွှင်ခဲ့သည်။ အောင် ... သားလေး ... ကိုအောင်နှင့် တအောင်တည်း အောင်ကာ၊ ပီတိတွေ ဝေဖြာပြီး တင်အောင်ကို မိခင်စိတ်နှင့် မျိုမတတ် ချစ်သည်။

           ကောလိပ်သို့ ရောက်သည့်နှစ်တွင် တင်အောင် ၂၁ နှစ်ရှိ၍ လူပျိုကြီး ဖားဖား ဖြစ်နေပြီ။ အပေါင်းအသင်း မိတ်သင်္ဂဟများ၍ အပျော်အပါးဘက် သို့ ရေလိုက်မှားသွားသည်။ ပညာကိုလည်း မကြိုးစား၊ အသုံးအဖြုန်းကြီး၍ လာသည်။ မိခင်ကို ငွေခဏခဏ တောင်းတတ်သည်။ ကျောင်းချိန်မမှန်အောင် အလည်လွန်လာသည်။ တစ်ခါတစ်ရံ သုံးလေးရက် အိမ်မပြန်ဘဲ နေတတ် သည်။

           “ကိုအောင် ... မင်း ခြေလှမ်းမှားပြီထင်တယ် သားရယ်၊ အရင်ကနဲ့ မတူဘူး၊ အိမ်မကပ် ရာမကပ် ဖြစ်အောင် အလည်လွန်တာ ဆင်ခြင်ပါ သားရယ် ... မေမေ စိတ်မချလို့” ဟု ပြောလိုက်သည့်အခါ

           “သူငယ်ချင်းတစ်ယောက်က အလည်ခေါ်သွားလို့ ပဲခူးကို ရောက် သွားတယ်။ ဘုရားတွေ လိုက်ဖူးလိုက်တာ စုံလို့၊ သိပ်ပျော်တာပဲ မေမေရဲ့” ဟု ချိုပြုံးသော မျက်နှာနှင့် အားရပါးရ ပြန်ပြောလိုက်လျှင် သားမျက်နှာကို စူးစူးစားစားကြီး စိုက်ကြည့်ရင်း ငြိုငြင်စိတ်တွေ ပျောက်၍သွားကာ “မေမေ က စိတ်ပူလို့ ပြောတာပါ သားရယ် ...” ဟု သားကို နှစ်သိမ့်လိုက်လေသည်။

           “မေမေ ကျွန်တော် ပိုက်ဆံနည်းနည်း ယူတယ်နော်၊ သုံးစရာကလေး ရှိလို့ ...” ဟု ပြောပြီး ထွက်သွားပြန်လျှင် သားကို ငေးကြည့်ရင်း “ပိုက်ဆံလည်း သုံးတတ်လာပြီ။ အရင်ကလို မဟုတ်ဘူး” ဟု ထင်လိုက်မိသည်။ “အပေါင်းအသင်းနဲ့ဆိုတော့ သူ့နေရာနဲ့သူ သုံးရဦးမှာပေါ့လေ။ လူပျိုကလေး လည်း ဖြစ်လာပြီဟာပဲ၊ သုံးပါစေ ... သုံးပါစေ ... သူတစ်ယောက်ပဲ သုံးမယ့်လူရှိတာ၊ ငါ့သားကလေး အဖေလည်း မရှိရှာဘူး ...” ဟု သူ့စိတ်ကို သူ့အဖြေ၊ သူ့အတွေးနှင့်ပင် ဖျောက်ဖျက်ပစ်လိုက်ကာ၊ သားအပေါ်တွင် ကရုဏာ မေတ္တာတွေ တိုး၍နေလေသည်။

           တစ်နေ့တစ်နေ့နှင့် ရက်မှ လသို့ ၊ လမှ နှစ်သို့ ကူးပြောင်းကာ အချိန် တွေ ကုန်လွန်ခဲ့လေသည်။ ဒေါ်သိန်းရှင်လည်း သားကို အရိပ်တကြည့်ကြည့် နှင့် နေခဲ့သည်မှာ တစ်နှစ်မြောက်ခဲ့ပြီ။ သား၏ အလိုကို ဆန့်ကျင်ဘက် မပြုဘဲ လိုက်လျော၍သာ နေခဲ့သည်။ သူ့စိတ်တွင် အားရကျေနပ်ဖွယ် မတွေ့ ခဲ့ရ။ ၁၉၅ဝ ခု နှစ်ဦးတွင် ငွေသုံးထောင် ပျောက်သည်။ သားလေး စာရိတ္တတွေ ပျက်ကုန်ပြီ ထင်ပါရဲ့ဟု ငွေသုံးထောင်ထက် သားကလေး စိတ်ဓာတ်ပျက်မှု အတွက် ပူပင်မိရာ နေမထိထိုင်မထိ ဖြစ်လိုက်သည်ဟု သူ့နေ့စဉ်မှတ်တမ်း မှာ ရေးခဲ့သည်။

           “ငွေ သုံးထောင် မင်းသုံးသလား ..” ဟု သားကလေးကို မေးလိုက် လျှင် သားကလေး မျက်နှာငယ်ငယ်နှင့် ဝမ်းနည်းရှာတော့မည်။ သုံးပြီးသား ငွေမို့ မေးလည်း သားကလေး စိတ်မကောင်းရုံပဲ။ သူ ပေးမယ့် အဖြေက ရေရေရာရာ ဟုတ်မှာ မဟုတ်ပါဘူး ဟု မေးရမှာကိုပင် ရင်ထဲတွင်နှင့်အောင် စိတ်မချမ်းမသာ ဖြစ်ရမည်ကို အတွေးနှင့်ပင် နှလုံးသွေးခုန်လာ၍ မမေးဘဲ မျိုသိပ်ကာ သားကိုသာ တစေ့တစောင်း အကဲခတ်နေသည်။

           အတွင်း အပြင် ပစ္စည်း ဟူသရွေ့ တင်အောင် အကုန်သိသည်။ အကယ်၍ ပစ္စည်းကို ပစ္စည်း မမှတ် ဟော့ဟော့ရမ်းရမ်း သုံးဖြုန်းပစ်မည် ဆိုပါက အလွယ်ကလေးနှင့် ဖြစ်နိုင်သည်။ ထိုသို့ကားမဟုတ်၊ ငွေ သုံးထောင် ကို မသုံးမဖြစ်၍သာ သုံးလိုက်သည် ထင်သည်။ သုံးပါစေလေ သုံးပါစေ ... ဘာအတွက် သုံးရတယ် ဆိုတာရယ်၊ မေမေ မသိအောင် ယူတာရယ်၊ ငွေသုံးထောင် ကုန်လောက်အောင် ဖြစ်ပေါ်ရတဲ့ ကိစ္စရယ်၊ ဒါတွေကို မသိရ၍ သာ အောင့်သက်သက် ဖြစ်နေသည်။

           တင်အောင်အတွက် စိတ်ပူပင်စ ပြုရပြီ။ ညအိပ်ရာဝင်လည်း ပိတ် ထမင်းစားလည်း ဒီစိတ်။ သားလေး၏ နောင်ရေးကို တွေ့ရသည်မှာ ထမင်းဘယ်လို အရသာရှိလိုက်သည် မသိ၊ ဝမ်းပြည့်မှပင် သတိရကာ ထမင်းပွဲမှ ထရတော့သည်။ စာမေးပွဲကလည်း ရှုံးသွားသည်။ စာမတော်၍ ရှုံးသည်ကို ဝမ်းမနည်း၊ စာမတော်အောင် ဖြစ်နေသည့် စိတ်ဓာတ် ပျက်ပြားမှုကိုသာ စိုးရိမ်နေသည်။ သား စိတ်တွေ လေလွင့်ကုန်ပြီ ထင်ပါရဲ့ ...။

အခန်း (၂)

          ယခုနှစ်တွင် သား ... သား .. ကိုအောင် ကျောင်းတက်တဲ့ မော်တော်ဆိုင်ကယ် ကို ရောင်းပြီး သုံးလိုက်ပြန်ပြီ။ မိခင် အသည်းမှာ ဒဏ်ရာတစ်ချက် ထိပြန် ပေါ့ကွယ်။ မဖွယ်မရာ မင်း လုပ်လိုက်တဲ့ကိစ္စက လူကြားလို့မှ တော်ပါဦး မလား၊ အင်မတန် ရမ်းကားတဲ့ တေလေ ကြမ်းပိုးကလေးလို့ လူတကာက ထင်ကုန်ကြပြီ။ သားလေး ဒါတွေကိုတွေးပြီး မရှက်ရော့သလား။ မေမေ မင်းရဲ့ တည်ကြည်တဲ့ စိတ်နှလုံးကလေးမှာ အကျင့်ဆိုးတွေ ဝင်လာပြီး ပျက်စီးမှာ စိုးလှတယ် သားရယ်။ မင်း ဖေဖေသာရှိရင် သားကလေး ဒီလို စိတ်တွေ မဖြစ်အောင် သွန်သင်ဆုံးမမှာပဲ ထင်ရဲ့ နော်။ မေမေမှာတော့ အားကိုးရာမဲ့တဲ့ မိန်းမသားမို့ သားလေးရဲ့ စိတ်ဓာတ် ကောင်းမွန်ရေးကို လက်တွေ့ မတားဆီးနိုင်လို့ မေမေရဲ့ ဖြူစင်တဲ့ မေတ္တာစိတ်ကိုသာ သား အပေါ်မှာ လွှမ်းခြုံပြီး သားလေးရဲ့ စိတ်ဓာတ်ကို မေမေ ပြုပြင်ခဲ့ရတယ်။ သားလေးက မထီမဲ့မြင် ပြုရက်တယ်နော်၊ သား .. သား။

          ဒေါ်သိန်းရှင်မှာ ဤလို အတွေးတွေကိုသာ တွေး၍ ေခဲ့ရသည်။ သူ့သားကိုတော့ သူ ငေါက်ငေါက်ငမ်းငမ်း မပြောရက်။

          “ဆိုင်ကယ်ကို လူကလေး မစီးချင်တော့လို့ ရောင်းလိုက်သလား”

          ဟု မျက်နှာကို ချိုချိုထား၍ မေးလိုက်သည်။

          “မရှိတော့လည်း မစီးဘူးပေါ့ မေမေရယ် ... အသုံးလိုတာနဲ့ ရောင်းလိုက်တာပါ”

          ခပ်ရိုးရိုးကလေး ပြောပြီး သူ ဒီလို ပြုမူလိုက်သည့်အတွက် စိတ် မကောင်းပုံ မျက်နှာသေကလေးနှင့် ခေါင်းကလေးငုံ့ကာ တစ်လှမ်းချင်း လှမ်းပြီး အိမ်ခန်းထဲသို့ ဝင်သွားသော တင်အောင်ကို မြင်ရပြန်တော့လည်း နောက်မှကြည့်ရင်းသာ သက်ပြင်းတစ်ချက် ချလိုက်မိတော့သည်။ လူကလေး