စိန်စိန် - ရှုမဝမဂ္ဂဇင်း၀ထ္ထုတိုများ(၂)
အလှသစ်သောနေ့
အင်စပတ်တော် ဦးအောင်ဒင်၏ ရှေ့မှောက်၌ ခြေစုံရပ်မိသောအခါ နွယ်၏ မျက်နှာကလေးမှာ ပိုမိုနွမ်းပျော်သွားလေသည်။ သူ့ရင်ထဲမှာ မည် မျှလောက် ပူပင်သောကဖြစ်နေမည်ကို ကျွန်မသိနေ၏။ သူ့ကိုယ်လုံးကိုထောက်တည်ထားရသော ခြေနှစ်ချောင်းမှာပင် ညွတ်ကျလုယောင်ရှိနေပြီ ထင်သည်။
နွယ်သည် သူ့ရှေ့မှ စားပွဲကို အားပြုမှီတွယ်ရပ်နေ၏။ ဆံယဉ်စ ကလေးများမှာ နဖူးပြင်ထက်ဝယ် စွာကျလျက်ရှိသည်။ ကပိုကရိုထုံးနှောင် ထားသော တစ်ပတ်လျှိုဆံထုံးမှ တစ်ထွာသာသာခန့် ဆံမြိတ်ကလေးမှာ လည်း ပခုံးစွန်းဝယ် ပြန့်ကျဲလျက်ရှိ၏။ ဝင်းညက်နေသော အသားအရေ နှင့် နှာတံစင်းစင်း မျက်ခုံးထူထူ၊ မျက်တောင်ကော့ကော့ကြီးများက လိုက် ဖက်သော အလှများဖြစ်ကြသည်။ အကယ်၍သာ မျက်လုံးညိုညိုကြီးများ တွင် သောကရိပ်မသန်းဘဲ ရွှန်းစိုနေပါမူ၊ ဆေးမကူသော နှုတ်ခမ်းထူ ကလေးများတွင် ပြုံးရိပ်သန်း၍နေပါမူ၊ နွယ်၏ အလှသည် မည်မျှလောက် ကျက်သရေဆင့်ကာ ပွင့်လင်းနေပါလိမ့်မည်လဲ။
ကျွန်မ၏ ရင်မှာပင် ကရုဏာစိမ့်စိမ့်ဖြင့် တသိမ့်သိမ့်လှိုက်ခုန်နေရ သည်။ ဆရာဦးအောင်ဒင်၏ နှုတ်မှ မည်သို့ ‘အဖြေ” ပေးမည်ကိုလည်း မဝံ့တံနှင့်ပင် သိချင်ဇောသန်နေသည်။
နွယ်.. နွယ်.. အသက် ၂၃ နှစ်မျှသာ ရှိရှာသေးသော စာရေး မကလေး နွယ်။ ကျွန်မနားထဲမှာတော့ မနေ့ညက ညဉ့်နက်အောင် သူထိုင် ပြောခဲ့သော စကားလုံးကလေးများကို ကြားယောင်နေဆဲရှိပေသည်။
နွယ့် ဖေဖေက ဉာဏ်ထက်တယ်။ စိတ်ကူးကောင်းတယ်။ တီထွင် တတ်တယ်။ အလုပ်နဲ့ လက်နဲ့မပြတ်နေရမှပျော်တယ်။ သူ့ရဲ့ အဓိကအလုပ် ကတော့ မော်တော်ကားဝပ်ရှော့ပါပဲ။ ဒါပေမဲ့ ရေဒီယို၊ ဓာတ်စက်၊ လက်နှိပ် စက်၊ စက်ဘီးပြင်တာတွေလည်း အားလုံးရပါတယ်။ မော်တော်ကိုယ်ထည် တွေလည်း ပုံဆန်းထွင်ပြီး ဆောက်တတ်သေးတယ်။ ဖေဖေလုပ်တဲ့ အလုပ် ထဲမှာ နှစ်ထပ်မော်တော်ကြီး တစ်စင်းတောင် ပါသေးတယ်။ တပည့်တွေ ကိုလည်းခိုင်း သူကိုယ်တိုင်လည်း ဝင်လုပ်တာပဲ၊ ဒီမော်တော်ကြီး ရေချတော့ နွယ်တို့အရပ်က လူတွေဟာ ဖေဖေ့ကို တော်တော်နဲ့ ချီးမွမ်းလို့ မဆုံးနိုင်ကြဘူး။ နွယ်တို့ မိသားစုတွေလည်း သိပ်ပျော်ကြတာပေါ့။
မိသားစုဆိုတာလည်း များများတော့မဟုတ်ပါဘူး။ မေမေ ဖေဖေနဲ့ နွယ်ရယ် ညီမလေးသွယ်နဲ့ ကြွယ်ရယ်၊ ဖေဖေ့ အစ်မ ကြီးကြီးသက်ရယ် ဒါပဲရှိပါတယ်။
ဒီထဲမှာ နွယ့်ကို အချစ်ဆုံးကတော့ ဖေဖေပါ။ ဖေဖေက နွယ့်ကို နားလည်တယ်။ ရန်ကုန်ဖြစ်စေ၊ ဒီပြင်မြို့တစ်မြို့ဖြစ်စေ ရပ်ဝေးခရီးထွက်တဲ့ အခါမျိုးမှာ ဖေဖေက ဘာမှာမလဲမေးရင် ညီမလေးတွေက သူတို့လိုချင် တာကို တသီတတန်းကြီး မှာကြတာပဲ။ နွယ်ကတော့ ဖေဖေဝယ်ရ၊ ခြမ်းရ ဒုက္ခများမှာစိုးလို့ ဘာမှ မမှာပါဘူး။ ဒါပေမဲ့ ဖေဖေပြန်လာရင် သူတို့မှာ တာတွေသာ အစုံအစေ့ မပါတတ်ပေမယ့် “သမီးကြီးဖို့ သမီးကြီးဖို့”နဲ့ နွယ်ကြိုက်တတ်တဲ့ အစားအစာ အသုံးအဆောင်တွေကို ဦးစားပေးပြီး ဝယ်လာတတ်လွန်းလို့ “သူ့သမီးအကြီးမှ ချစ်တယ်ပေါ့လေ”လို့ မေမေနဲ့ ညီမလေးများရဲ့ အထေ့အငေါ့ကို ခံရတတ်သေးတယ်။
ဒီလိုအခါမျိုးမှာဆို နွယ်က ဝမ်းနည်းရပြန်တာပေါ့။ သူတို့တွေဟာ နွယ့်ကို မချစ်ကြရုံမက၊ ဖေဖေ ချစ်တာကိုတောင် ကြိုက်ပုံမရပါလား”လို့
တွေးမိရင် သိပ်အားငယ်ရတယ်။ ဒါပေမဲ့ နွယ်ကတော့ အားလုံးကို ချစ်တာ ပဲမို့ သူတို့သိကြရင် စိတ်မကောင်းဖြစ်မှာစိုးလို့ ဝမ်းနည်းအားငယ်သမျှကို သူတို့ မသိစေရအောင် ကိုယ့်ဘာသာတစ်ယောက်တည်း ကျိတ်မှိတ်ပြီးခံပါ တယ်။
ကျောင်းပိတ်ရက်တွေမှာဆိုရင်လည်း မေမေနဲ့ ညီမလေးတို့က ပြင်ပ ပြင်လွင် လျှောက်လည်ချင်လည်တယ်။ ရုပ်ရှင်ကြည့်ချင်ကြည့်တယ်။ နွယ့် ကိုတော့ မခေါ်ဘူး။ ပြီးဆုံးပြီလို့မရှိတဲ့ အိမ်မှုကိစ္စတစ်ပုံတစ်ပင်နဲ့ အိမ် မှာ ကျန်နေရစ်ရတယ်။ လုပ်နေကျအလုပ်တွေမို့ အိမ်တွင်းမှုလုပ်ရတာကို နွယ် မပျင်းပါဘူး။ ကိုယ့်အလုပ် သံယောဇဉ်နဲ့မို့ အပြင်ထွက်ဖို့လည်း အချိန် မပေးနိုင်ပါဘူး။ ဒါပေမဲ့ သူတို့က `လိုက်ဦးမလား”လို့ မေးဖော် မရတာကိုတော့ ဝမ်းနည်းမိတာချည်းပါပဲ။
နွယ့်မှာတော့ ဘယ်တော့မှ အားချိန်မရှိတတ်တဲ့ ဖေဖေက “သမီး ကြီးရေ၊ ဒီကားသိပ်ကောင်းတယ်လို့ ကျော်နေတာဘွဲ့၊ တို့သားအဖ တစ်ခေတ် နောက်ကျန်နေဦးမယ်။ ကြည့်ကြဦးစို့ရဲ့” လို့ တမင်လိုက်ပို့ပေးမှသာ ရုပ်ရှင် ကို ကြည့်ရတာမို့ တစ်နှစ်လုံးမှာ သုံးခါထက် မပိုတတ်ခဲ့ပါဘူး။
အခါကြီး ရက်ကြီးများမှာ ကြီးကြီးသက်နဲ့ ဥပုသ်အတူလိုက်စောင့် ချင်ရင်တော့ နွယ်က အိမ်တွင်းမှုတွေကို တစ်နေ့စာကြိုတင်လုပ်ကိုင်ပေးပြီး မှ လိုက်သွားတတ်လေ့ရှိပါတယ်။
နွယ်က ဆယ်နှစ်သမီးလောက်တည်းက ကြီးကြီးသက်အုပ်ချုပ်တဲ့ အိမ်တွင်းမှုနဲ့ စားသောက်ခွင်မှာ ကူညီရသူပါ။ နွယ် ၁၅ နှစ်လောက်မှာတော့ မီးဖိုဆောင်နဲ့ အိမ်တွင်းမှုဟာ နွယ့်လက်နွယ့်ခြေချည်းလိုလို ဖြစ်လာပြီး ကြီးကြီးသက်က ကူညီရုံကူညီရတဲ့ အခြေမျိုး ရောက်သွားပါပြီ။
ကျောင်းစာကိုလည်း ဉာဏ်ထုံထိုင်းတဲ့ နွယ်က ဂရုစိုက်ပြီး ကြိုးစား ရပါသေးတယ်။ ဒီထဲကမှ ကတ်သီးကတ်သတ် လုယူရတဲ့ အချိန်တိုကလေး တွေမှာတော့ ပြင်ပစာနယ်ဇင်းများကို ဖတ်ရှုရပါတယ်။ နွယ့်အတွက် အမျိုး သမီး ဂျာနယ်တစ်စောင်နဲ့ မဂ္ဂဇင်း နှစ်အုပ်လောက်တော့ ဖေဖေက အမြဲ တမ်း ဝယ်ထားပေးလေ့ရှိပါတယ်။ အဲဒီ စာဖတ်ချိန်ကလေးများကတော့ နွယ့်ဘဝအတွက် နှစ်သိမ့်ကျေနပ်စရာ အချိန်ကလေးတွေပါပဲ။
ဒါနဲ့ တိုတိုပြောကြစို့ဆိုရင် နွယ်ခုနစ်တန်းအောင်တဲ့နှစ်မှာ ဖေဖေဟာ အစာအိမ်ပေါက်တဲ့ရောဂါနဲ့ ကွယ်လွန်သွားပါတယ်။
နွယ်တို့မိသားစုထဲမှာ နွယ်ကလွဲရင် အကောင်းကြိုက်ပြီး အသုံးဖြာ တတ်ကြသူတွေချည်းမို့ တိုက်ခံအိမ်တစ်လုံးနဲ့ ထိုက်တန်တဲ့ ပရိဘောဂတွေ ရယ် လှလှပပဝတ်ဆင်ပြီး ချောင်ချောင်လည်လည် သုံးနိုင်ကြတာရယ် ကလွဲလို့ ပစ္စည်းအထုပ်အထည်လည်း မကျန်ရစ်ပါဘူး။
ဒါပေမဲ့ မေမေဟာ အံ့ဩလောက်အောင်တော်တဲ့ မိန်းမသားတစ်ဦး ပါ။ ဖေဖေ့တပည့်ဟောင်းတွေနဲ့အတူ မော်တော်ကားဝပ်ရှော့ကို သူပဲ ဦးစီးအုပ်ချုပ်ပြီး ဆက်လက်လုပ်ကိုင်ခဲ့ပါတယ်။ သံတိုသံစ အသေးအဖွဲ့ ကလေးကစပြီး ကားဘော်ဒီ၊ စက်ပစ္စည်းစတဲ့ ကားနဲ့ပတ်သက်သမျှကိုအားလုံးကုန် ရောင်းဈေးဝယ်ဈေး မေမေ သိပါတယ်။ စီမံခန့်ခွဲတတ်ပါတယ်။ ဒီတော့ ဖေဖေရှိတုန်းကလောက် ဝင်ငွေမကောင်းတော့တဲ့တိုင် နွယ်တို့မှာ လိမ့်လိမ့်လူးလူးတော့ မဖြစ်ရပါဘူး။
အစိုက်အလျှိုဝါသနာပါတဲ့ ကြီးကြီးသက်ကလည်း ခြံထွက်ပန်းမန်၊ သီးနှံရွက်ညွန့်တွေကိုအခါတိုင်းထက် တိုးချဲ့စိုက်ပျိုးပြီး အိမ်သုံးစရိတ်ခု သာခံသာရှိအောင်လို့ ရောင်းချလာပါတယ်။ နွယ်လည်း သမီးကြီးတစ် ယောက်အနေနဲ့ တာဝန်ရှိသလောက် ရှိနေတာမို့ မေမေ့အလုပ်မှာရော၊ ကြီး ကြီးသက်ရဲ့ စိုက်ပျိုးခင်းကိုပါ အားလပ်ချိန်တိုင်းမှာ ကူညီပေးပါတယ်။
ဒီထဲကပဲ နွယ့်အတွက် ရှက်စရာကောင်းလိုက်ပုံက ၉-တန်းကို ၂- နှစ် လုံးလုံးကြီးဆက်ပြီး ကျရှုံးခဲ့ရသတဲ့ရှင် ... ဘယ်လောက်များ မေမေ့ ကို အားနာဖို့ ကောင်းလိုက်သလဲလို့နော်...။ မုဆိုးမတစ်ယောက်အနေနဲ့ မေမေလုပ်ရတဲ့လုပ်စာကို နွယ် ဒါလောက်ဖြုန်းတီးခဲ့ရတယ်ဆိုတော့ မသိ သား ဆိုးဝါးရာ ကျလွန်းမနေပါဘူးလား။ နောက်ပြီးတော့လည်း နွယ်က သမီးအကြီးဆုံးအနေနဲ့ ညီမလေးတွေအတွက် နမူနာစံပြဖြစ်စေသင့်တာပါ။ ခုတော့ အကြီးဆုံးနဲ့ အချောဆုံးဟာ မိနွယ်ပေါ့လို့ ဆွေစဉ်မျိုးဆက် ကမ္ပည်း ထိုးရစ်စရာ ဖြစ်ခဲ့ရပါပြီ။
နွယ်ဟာ ကိုယ့်ကိုယ်အတွက် ရှိုက်ငိုရပေမယ့် ညီမလေးသွယ်အတွက် | ကိုတော့ ဂုဏ်ယူဝမ်းသာရပါသေးတယ်။ နွယ် ၉-တန်း ဒုတိယနှစ်ဖြေတော့နွယ့်ကို မီလိုက်လာတဲ့ သွယ်နဲ့ အတူတူဖြေရတာပါ။ နွယ်ကသာ ၂ နှစ် လုံးလုံးကြီး ဆက်ရှုံးနေပေမယ့် ညီမလေးသွယ်ကဖြင့် နှစ်ချင်းပေါက် အောင် ရုံမက နှစ်ဘာသာဂုဏ်ထူး ထွက်လာပါသေးတယ်။ အငယ်မလေးကြွယ် ကလည်း ၇ တန်းမှာ အတန်းပတ်လည် ဒုတိယချိတ်သတဲ့။ အာဂချစ်စရာ ကောင်မလေးတွေပဲ။
ဒီတော့ နွယ်က တတိယနှစ်မှာ ကျောင်းဆက်နေသင့်၊ မသင့် ချင့်ချိန်ရပါတယ်။ နောက်ဆုံးတော့ မေမေ့ကို အားနာလှပေမယ့် ၉ တန်းမှ မအောင်သေးရင် အလုပ်ရဖို့ မလွယ်တာမို့ ဒီတစ်နှစ်ဖြင့် ဆက်နေပါဦးမယ် လို့ ဇွတ်မှိတ်ဆုံးဖြတ်ရပြန်တာပေါ့။
ဒီနှစ်အဖို့ အိမ်တွင်းမှာ ကြီးကြီးသက်နဲ့ မေမေရော၊ ညီမလေးများ ရော၊ ကြိုက်တတ်တာကလေးတွေ စားရအောင်၊ မကုန်သင့်တာလည်း မကုန်ရအောင် စီမံချက်ပြုတ်လို့ လျှော်ဟယ်၊ ဖွပ်ဟယ်၊ သိမ်းဟယ်၊ တိုက် ဟယ်နဲ့ တစ်နေကုန်သွားတတ်ပေမယ့် နွယ်အဖို့မှာ အမောမဖြေနိုင်အားခဲ့ပါ ဘူး။ တစ်ခါတလေ သနပ်ခါးကို လမ်းလျှောက်ရင်း ပွတ်ပြီး ညကျောင်း ကို ဆက်တက်ရပါတယ်။ ညကျောင်းဆင်းတော့လည်း ဒီနှစ်မှ စာမေးပွဲ မအောင်ရင် မဖြစ်တော့ဘူးဆိုတဲ့ စိတ်ဇောနဲ့ သန်းခေါင်ချဉ်းအောင်စာတွေ ကျက်မှတ်ရပြန်ပါတယ်။ သန်းခေါင်ထက်တော့ ပိုနေလို့မဖြစ်ပါဘူး။ နံနက် ၅- နာရီမတိုင်မီထပြီး အိမ်အလုပ်နဲ့ သံသရာ တစ်ပတ်လည်ရဦးမှာမို့ပါ။
အဖျင်းနိုင်လှတဲ့ နွယ်ဟာနှစ်စတည်းက ဒီလောက် ကြိုးစားနိုင်လွန်း လို့သာ ကိုးတန်းကို အောင်လာခဲ့ပါတယ်။ တော်လိုက်တဲ့ ညီမလေး သွယ် ဆိုတာတော့ ဆယ်တန်းကို ရူပဗေဒဂုဏ်ထူးနဲ့ အောင်ပြန်တာပါပဲ။ ကြွယ် တစ်ယောက်လည်း ရှစ်တန်းအောင်လို့ ၉-တန်းရောက်လာပါပြီ။
ဒီတော့ ညီမလေးသွယ်ကို တက္ကသိုလ်ပို့ရာမှာ အထောက်အကူဖြစ် ပါစေတော့လို့ နွယ် အလုပ်ရှာရပါတယ်။ ကံအားလျော်စွာပဲ ဆိုပါစို့..
ကျောင်းဖွင့်ရက်မတိုင်မီပဲ ပ-လ-က ရုံးမှာ နွယ် အလုပ်ရပါတယ်။ နွယ်ရတဲ့ အောက်တန်းစာရေးလခကို ကိုယ့်အတွက် မုန့်ဖိုး တစ်လ ၁၅ ကျပ်ချန်ပြီး အားလုံးကုန် မေမေ့လက်ထဲ ထည့်ပေးနိုင်တော့မှလည်း အသက်ဖြောင့်ဖြောင့် ရှူနိုင်သွားပါတယ်။
အိမ်မှုကိစ္စ ချက်ရေးပြုတ်ရေးတွေကို အခါတိုင်းထက် ကြိုစော ထလုပ်ပြီး ကိုယ့်အတွက် ထမင်းကို ချိုင့်ကလေးနဲ့ ထည့်ယူ၊ ရေကို ကမန်းကတန်းချို၊ သနပ်ခါးကို မှန်မကြည့်ဘဲ ပွတ်၊ သနပ်ခါး မခြောက်မီ အိမ်က ထွက်တဲ့အခါ ထွက်၊ ဆံပင်ကို လမ်းလျှောက်ရင်းမှ ဖဲပြားနဲ့ချည်လို ချည်ရပေမယ့် နွယ် မညည်းပါဘူး။ အကြီးဆုံး သမီးတစ်ယောက်အနေနဲ့ ဒါလောက်တော့လည်း လုပ်သင့်ပေတာပေါ့။
နောက်ပြီး မနက်ပိုင်းမှာသာ ဒီလို ကသီကရီ ဖြစ်တတ်ရပေမယ့် ညပိုင်းကျတော့လည်း နားချိန်အားချိန် ရပေသားပဲရှင်။ ညပိုင်းမှာ အိပ်ရာ စောစောဝင်ပြီး ကိုယ့်မုန့်ဖိုးထဲက ဝယ်ထားတဲ့ မဂ္ဂဇင်းစာအုပ်ကလေးတွေ ဖတ်ရပြီဆိုမှဖြင့် နွယ့်အတွက် ကျေနပ်လောက်တဲ့ စည်းစိမ်သုခလို့ ခေါ်နိုင် ကောင်းပါပြီ။
ဒါပေမဲ့... ဒါပေမဲ့ နွယ့် ဘဝလေးမှာ ကျေကျေနပ်နပ်နေလို့မှ တစ်နှစ်မပြည့်သေးပါဘူး။ ကြမ္မာရိုင်းဟာ ဆိုင်းမဆင့်ဗုံမဆင့်နဲ့ ဝင်လာလိုက် တာ နွယ့်အတွက် ဆောက်တည်ရာမရတော့ပါဘူးရှင်...။
နွယ့်ကို နွယ့်အိမ်သားစုက တစ်မူခြားလာတယ်လို့ ပြောကြပါတယ်။
ဖေဖေဆုံးပြီးတဲ့နောက်မှာ ကြီးကြီးသက်က မေမေနဲ့ တစ်ခန်းတည်း သွားအိပ်ပါတယ်။ နွယ်တို့ညီအစ်မသုံးယောက်က အစတည်းက တစ်ခန်း တည်းအိပ်ခဲ့တာပါ။ အခု ညီမလေးသွယ် တက္ကသိုလ်ရောက်သွားတော့ နွယ်နဲ့ကြွယ်ပဲ တစ်ခန်းတည်းကျန်နေရစ်တာပေါ့။
ဒါပေမဲ့ နွယ်က “တစ်ယောက်တည်းပဲ တစ်ခန်းနေချင်တယ်”လို့ ဗြုန်းစားကြီး အတင်းအကျပ်ပြောလာတော့ အားလုံးပဲ စိတ်မကျေနပ်ဖြစ် ကြတယ်။ ကြီးကြီးသက်က “ဒီမိန်းကလေးဟာ တစ်သက်လုံးက ညီအစ်မ ချင်း အတူနေလာပြီး ခုမှခွဲထွက်တာ ရိုးမှရိုးပါ့မလား။ ရည်းစားနဲ့ အချိန်း အချက်များ ရှိနေသလား မဆိုနိုင်ဘူး။ ကြွယ့်ကို သူ့အမေဆီပို့ပြီး ငါအရင် ကလို နောက်ဖေးဆောင်မှာ သွားအိပ်မယ်။ ညည်းပဲ စိတ်တိုင်းကျ နေတော် မူ”တဲ့။
“မေမေကလည်း ယောက်ျားမရှိလို့ မိန်းမတွေချည်းနေရတဲ့အိမ်မှာ ဟိုအဆောင်တစ်ယောက် ဒီအဆောင်တစ်ယောက် ခွဲအိပ်လို့ မတော်ပါဘူး။ မိနွယ် မေမေနဲ့ လာအိပ်ရင် ကြွယ်နဲ့ ကြီးကြီးသက်အိပ်မှာပေါ့”လို့ ပြော သေးတယ်။
နွယ်က “ဟင့်အင်း... တစ်ယောက်တည်းဆို တစ်ယောက်တည်းပဲ အိပ်မယ်၊ နောက်ဖေးဆောင်မှာ အိပ်ရ အိပ်ရ မိနွယ်သွားအိပ်မယ်” ဆိုတော့ သူတို့အားလုံး မိနွယ်ကို မျက်ကြတာပေါ့။
နောက်ဆုံးတော့ မေမေက အခန်းချင်းလဲပြီး သူတို့ရဲ့ နှစ်ယောက်ခန်း ကို နွယ့်ကို ပေးပါတယ်။ နွယ်တို့နေတဲ့ သုံးယောက်ခန်းမှာတော့ သူတို့သုံးယောက် ပြောင်းနေကြတာပေါ့။ ဒီလိုပြောင်းရရွှေ့ရနဲ့ အလုပ်ရှုပ်ကြတော့ နွယ့်ကို အလကား အဓိပ္ပာယ်မရှိ “ကြောင်”ရမလားလို့ ဆူနေကြတာပဲ။
ဒီထဲ ပြဿနာပိုတက်လာတာက နွေကျောင်းပိတ်လို့ သွယ် ပြန် ရောက်လာတာကြောင့်ပါ။ တကယ်ဆိုတော့ မိသွယ်ကို နွယ့် အခန်းမှာ အိပ်စေလိုက်ရင် ပြီးတာပါ။ နွယ်က “နွယ့် အခန်းကို ဘယ်သူမှ မလာရ ဘူး”လို့ ‘ဘူး’ ကိုင်ထားတာကြောင့်သာ ကြီးကြီးသက်နဲ့ သွယ်ဟာ ခပ်ကြောက်ကြောက်နဲ့ပဲ အောက်ထပ် တိုက်ခန်းဆင်းအိပ်ရတာပါ။ ဒီတော့လည်း ညအိပ်ရာဝင်ချိန်တိုင်းမှာ ကြီးကြီးသက်က မိနွယ်ကို ဗျစ်တောက်ဗျစ်တောက် လုပ်တာပေါ့။
နောက်ပြီး စားရေးသောက်ရေးနဲ့ ပတ်သက်လို့လည်း “မိနွယ် မီးဖို ဆောင်ကို တာဝန်မယူနိုင်တော့ဘူး။ မိနွယ်ပင်ပန်းလှပြီ။ ကြီးကြီးသက်ပဲ ဒီတာဝန်ကို လုံးလုံးပြန်ယူပါ။ စိုက်ပျိုးခင်းပဲ မိနွယ်လုပ်တော့မယ်”လို့ ဇွတ်အတင်း စီစဉ်ပစ်လိုက်ပါသေးတယ်။
ဒီလိုနဲ့ ကြီးကြီးသက်က ချက်မှု ပြုတ်မှုတာဝန်ယူတဲ့ တိုင်အောင် လည်း နွယ်က ဖြောင့်ဖြောင့်မစားမိသေးပါဘူး။ နံနက်စာရော ညစာပါချိုင့်နဲ့ ထည့်ယူ၊ အခန်းတံခါးပိတ်ပြီး တစ်ယောက်တည်း သတ်သတ်စားပါတယ်။
အလုပ်ခွင်မှာလည်း အမှားမှား အယွင်းယွင်းဖြစ်ပြီး စိတ်ညစ်လာ ရင် မလုပ်ချင်တော့ဘူးဆိုပြီး ခွင့်ယူပြန်လာခဲ့မိတတ်ပါတယ်။ အိမ်ရောက် တော့လည်း အခန်းတံခါးပိတ်ပြီး အိပ်နေလိုက်တာပဲ...။