Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

စမ်းစမ်းနွဲ့(သာယာဝတီ) - သတင်းဝထ္ထုနှင့်အခြား

Regular price 4,300 MMK
Regular price Sale price 4,300 MMK
Sale Sold out

သတင်းဝတ္ထု (၁)

          “မင်း ငါရဲ့ နောက်ဆုံးသတင်းကို အဆင်သင့် ရေးထားပြီးပြီလား” ပြီး မျှော်လင့်မထားတဲ့ မေးခွန်းကြောင့် မျက်လုံးတွေ မိုက်ခနဲ ပြာသွား တယ်။ ကျွန်မ လက်ဖျားတွေကို ခပ်လျော့လျော့ဆုပ်ထားတဲ့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်ရဲ့ လက်တွေဟာ ဖြုန်းခနဲ တင်းကျပ်လာသလို ခံစားလိုက်ရ တယ်။

          “ဟဲ့ ... စမ်းစမ်း၊ ပြောလေ။ ငါ မေးနေတာ။ ငါရဲ့ နောက်ဆုံး သတင်းကို အဆင်သင့် ရေးထားပြီးပြီလားလို့”

          အန်တီ ဒေါ်ခင်မျိုးချစ်ရဲ့ စရိုက်သဘာဝဟာ အဲသည်အတိုင်းပါပဲ။ စိတ်မြန်တယ်၊ စိတ်ထက်တယ်၊ ဉာဏ်ကြီးသူ၊ ဉာဏ်ထက်သူပီပီ ကိစ္စ တစ်ခုကို ဒိုးခန်၊ ဒေါက်ခနဲ ဖြေရှင်းလေ့ရှိတယ်။ ကျွန်မတို့က နားဝေတိမ် တောင် လုပ်နေရင်လည်း စိတ်မရှည်တတ်ဘူး။

          ခုလို အငေါက်ခံလိုက်ရတော့မှပဲ ကျွန်မလည်း ဘယ်လို အဖြေ ပြန်ပေးရမယ်ဆိုတာ မျက်စိစုံမှိတ်ပြီး ဆုံးဖြတ်လိုက်ရတော့တယ်။

          “ရေး ... ရေးထားပြီးပါပြီ အန်တီ၊ အ ... အဆင်သင့်ပါပဲ” “အေး ... ကောင်းတယ်၊ ဒါမှ မင်း သတင်းစာဆရာကောင်း/ပီသတယ်။ နောက်ဆုံးအချိန်ဆိုတာ အဝေးကြီးရှိပါသေးတယ် အန်တီရယ်။ ဒါတွေ မဆွေးနွေးပါနဲ့ဦး။ ဘာညာဖြေရင် မင်း လူညံ့ပဲ။ အေး ... ဟုတ်ပြီ၊ အဆင်သင့်လုပ်ထား၊ ကြားလား။ ရက်စွဲနဲ့ အချိန်ကိုတော့ ကွက်လပ်ကလေး ချန်ထားပေါ့။ ဟုတ်လား”

          ကျွန်မ ရင်ထဲမှာ “နင့်”သွားတယ်။ အနားမှာထိုင်နေတဲ့ ဆရာမကလေး “စမ်းသူ့မောင်”ဆိုရင် မျက်ရည် တွေ ပိုးပိုးပေါက်ပေါက်ကျလာလို့မို့ သူ့မျက်နှာကို လက်ဝါးနဲ့ မသိမသာ ကွယ်ဝှက်ပြီး ဖြုတ်ခနဲ ထထွက်သွားရှာတယ်။

          ကျွန်မလည်း သည်အနေအထားကြီးကို တစ်ခုခုနဲ့ ဖောက်ထုတ်ပစ်ဖို့ အပူတပြင်း စဉ်းစားနေမိတယ်။

ခ          ပ်လှမ်းလှမ်းမှာတော့ အလှူပွဲလာ ပရိသတ်တွေဟာ စားကြ သောက်ကြ၊ ပြောကြဆိုကြနဲ့ စိုစိုပြည်ပြည် သိုက်သိုက်မြိုက်မြိုက်ပါပဲ။

          ဆရာကြီး ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်တို့က မြေးဖြစ်သူ မောင်မောင်ဝင်း (ဒေါက်တာခင်မောင်ဝင်းနဲ့ ဒေါ်ခင်ညွန့်ရီတို့ရဲ့ သား ကလေး)ကို ရဟန်းခံတဲ့ အလှူပွဲပါ။ တောင်ဥက္ကလာ စွန်းလွန်းဂူရိပ်သာကျောင်းရဲ့ တစ်ခုသော ဇရပ်ကျယ်ကြီးထဲမှာ ဆွေစုမျိုးစုနဲ့ မိတ်သင်္ဂဟ အနည်းငယ်ကိုဖိတ်ပြီး ဆွမ်းကျွေးပါတယ်။

          ခပ်ကျဉ်းကျဉ်း အလှူဆိုပေမဲ့ ပရိသတ်တစ်ရာကျော်လောက်ကို “ရွှေလမင်း”က ထောပတ်ထမင်းနဲ့ ဧည့်ခံပါတယ်။

          မနှစ်က ထမနဲပွဲမှာ ဧည့်ပရိသတ်တွေကြား ကချင်လုံချည် ရွှေချည် တလက်လက် အပြုံးဝင်းဝင်းပြက်ပြက်နဲ့ လှည့်လည်ဧည့်ခံနေတဲ့ အန်တီ ဒေါ်ခင်မျိုးချစ်ဟာ ခုတော့ဖြင့် အလှူတစ်ရပ်ရဲ့ သင့်တင့်လျောက်ပတ်တဲ့ တစ်နေရာမှာ ဒရင်းဘက်ချခင်းပြီး သက်သောင့်သက်သာ လဲလျောင်းလို့ နေရပါတယ်။

          အရင်လို ဧည့်သည်တွေရှိရာ လိုက်ပြီး ဧည့်မခံနိုင်တော့တာမို့ ဧည့်သည် များကပဲ အန်တီနားနေတဲ့အိပ်ရာဆီကို လာရောက် နှုတ်ဆက်ကြရပါတယ်။ အားပေးကြရပါတယ်။ သာဓု အနုမောဒနာ ပြုကြရပါတယ်။

          သည်အလှူပွဲမှာကတော့ စာပေလောကပရိသတ် နည်းပါတယ်။ အန်တီ ကျန်းမာရေးကြောင့် တကူးတကန့်ဖိတ်ကြားဖို့ အခြေအနေ မပေး တာ ဖြစ်ပါလိမ့်မယ်။

          ဘဘဦးခင်မောင်လတ်နဲ့ အန်တီတို့ရဲ့ နိုင်ငံရေး လုပ်ဖော်ကိုင်ဖက် ဟောင်းတွေ အထူးသဖြင့် စုံစုံလင်လင် တွေ့ရတဲ့ပွဲပါ။

          ဗိုလ်ချုပ်အောင်ကြီးလို့ ကျွန်မတို့နှုတ်စွဲနေတဲ့ စာရေးဆရာ သခင် အောင်ကြီးကို အကြာကြီး မြင်လိုက်ရပါတယ်။ ဗိုလ်ချုပ် (ကျွန်မတို့ သတင်းထောက် ဘဝကတည်းက အဲသလိုပဲ နှုတ်ကျိုးခဲ့ပါတယ်)က အချိုပွဲ အလှူပါဝင်ပါတယ်။ စာရေးဆရာမကြီး (ဒေါ်)မမြတ်လေးကလည်း အချိုပွဲ ကုသိုလ် ပါဝင်ပါသေးသတဲ့။

          ဒီအလှူပွဲမှာ ရဟန်းဒါယကာ ရဟန်းအမတွေဖြစ်တဲ့ ဒေါက်တာ ခင်မောင်ဝင်းနဲ့ ဒေါ်ခင်ညွန့်ရီတို့ကို ကမကထပြု ပံ့ပိုးဆောင်ရွက်ပေးသူ ကတော့ ဗိုလ်ကြီးဟောင်းဒေါ်လှသန်း (ဒိုင်းခင်ခင် မလှသန်း) မိသားစု ပါပဲ။

          ရေစက်ချ တရားနာဖို့အချိန်ကျတော့ တရားနာမယ့် ဆွမ်းစားကျောင်း ကို အန်တီက လိုက်ဖို့ ပြင်ပါသေးတယ်။ လမ်းမလျှောက်နိုင်တာမို့ ပွေ့ချီ ခေါ်ရမှာပါ။ အသက် ၇၃ နှစ်ရှိပြီဖြစ်တဲ့ အန်တီကို ဒိုင်ခံပြီး ပွေ့ချီသယ်ချ ပေးနေတဲ့ ဗိုလ်ညီပု (အသက် ၇၈ နှစ်)ကလည်း အနားမှာ အရန်သင့်ပါပဲ။ ဒါပေမဲ့ ဘဘက တားပါတယ်။ ထ“ဒီကပဲ အာရုံပြုပါကွယ်” သ င်သည်သည်တော့လည်း အန်တီက နာခံရှာပါတယ်။ “ဟုတ်ကဲ့ ... ဟုတ်ကဲ့” ဆိုပြီး အိပ်ရာပေါ် ပြန်လှဲချ မှိန်းသွားရှာပါတယ်။ အန်တီ အနားမှာ အမြဲစောင့်ရှောက် ပြုစုနေတဲ့ မဖြူကလေး ရှိနေပေမဲ့ ကျွန်မလည်း အန်တီကို စောင့်မယ်လို့ နေရစ်လိုက်ပါတယ်။

          ကျွန်မတို့ ဇနီးမောင်နှံနဲ့အတူ အန်တီ အင်မတန် ခင်မင်တဲ့ သခင် အုန်းမြင့် (တိုးတက်ရေး အုန်းမြင့်)ပါ ကျန်ရစ်ပါတယ်။

          သခင်အုန်းမြင့်ဆိုတဲ့ ပုဂ္ဂိုလ်ဟာ လောလောလတ်လတ် “စံပယ်ဖြူမဂ္ဂဇင်း”မှာ ဗိုလ်ချုပ်အောင်ဆန်းရဲ့ လက်ရေးမူနဲ့ ပေးစာတစ်စောင်အကြောင်း တင်ပြခဲ့တဲ့ ပုဂ္ဂိုလ်ပါ။

          အန်တီအနားမှာစောင့်ရင်း ရှေးဟောင်းနှောင်းဖြစ်တွေကို မှတ်သား ခွင့်ရလိုက်ပါတယ်။ အသက် ၇၀ ကျော်ပြီဖြစ်တဲ့ သခင်အိုကြီးဟာ ဂျင်းဘောင်းဘီနဲ့ ၊ လမ်းလျှောက်ဖိနပ်နဲ့၊ လွယ်အိတ်နဲ့၊ ကိုင်းနှစ်ဖက် ကြိုးချည် ပြီး လည်မှာဆွဲထားတဲ့ စာကြည့်မျက်မှန်နဲ့၊ ပေါ့ပါးဖျတ်လတ်တဲ့ အသွင် အလျာဟာ အံ့သြစရာပါပဲ။

          သမိုင်းကို အမှန်အကန် မှတ်တမ်းတင်ချင်တဲ့၊ အတိအကျ အခိုင်အခံ့ ကျန်ရစ်စေချင်တဲ့ စေတနာနဲ့ တတ်အားသလောက် အားထုတ်နေသူပါ။

          “ဗိုလ်ချုပ်အောင်ဆန်းရဲ့ အိမ်မှာ တစုတဝေးကြီး လုပ်ခဲ့၊ ကိုင်ခဲ့၊ နေခဲ့၊ ထိုင်ခဲ့တာတွေ အစ်မကြီး အားလုံးသိတယ်။ မေးထား”

          ဒရင်းဘက်ပေါ်မှာ မှိန်းနေတဲ့ အန်တီ လွန့်လှုပ်လာတယ်။

          “ဆိုရှယ်လစ်ဝါဒနဲ့ ဆိုရှယ်လစ်ပါတီ ဘယ်လိုကစပြီး ဗမာပြည်မှာ ပေါ်ပေါက်ခဲ့တယ်ဆိုတာ ကိုလတ်နဲ့ အစ်မကြီး ကောင်းကောင်းသိတယ်။ မေးထား”

          အန်တီက လက်နှစ်ဖက်ကို ကမ်းပေးတယ်။ အလိုက်တသိ ေထူပြီး ထိုင်လျက် အနေအထားဖြစ်အောင် ပြုပြင်ပေးဆဲ။

          “အတိတ်ကို ဘာလို့များ ပြန်ဖွင့်ပြချင်နေရတာလဲ သခင်အုန်းမြင့်ရယ်”

          အန်တီ ဘာကို ဆိုလိုသလဲ၊ မဆုပ်ဖမ်းတတ်ပေမဲ့ အန်တီ မျက်လုံး ကလေးတွေထဲမှာ “အလင်း”တစ်ခုကို ကျွန်မ မြင်လိုက်ပါတယ်။ ယုံယုံ ကြည်ကြည် ဖြတ်သန်းခဲ့တဲ့ အတိတ်ကို ပိုင်ပိုင်နိုင်နိုင် အမှတ်ထင်ထင် ရှိနေတဲ့ “အလင်း”ပါ။

          အိုခြင်း၊ နာခြင်းတို့ရဲ့ သင်္ကေတနိမိတ်တွေကို ယာယီ ဆေးကြော သန့်စင်ပစ်လိုက်တဲ့ အဲသည် “အလင်း”ဟာ ကျက်သရေတစ်မျိုးကို ဆောင် ပါတယ်။

          “ရပ်စကင်း”ရဲ့ ဟောပြောချက်တစ်ခု (ဆရာမြသန်းတင့် ဘာသာပြန်) ကို သတိတရ ရှိလိုက်တာလေ။

          ချမ်းမြေ့ဖွယ်ကောင်းပြီး အကျိုးရှိစွာ ဖြတ်သန်းခဲ့တဲ့အတိတ်ကိုပြန်လည်အောက်မေ့စိတ် ပေါ်လာတဲ့အခါ မိန်းမတစ်ယောက်ရဲ့ မျက်နှာဟာ ကျက်သရေအရှိဆုံး အချိန်ပဲတဲ့။

          နယ်ချဲ့တော်လှန်ရေးကာလ၊ မြေအောက်တော်လှန်ရေးကာလတွေကို အတိတ်ကန့်လန့်ကာလှစ်ပြီး ဒိုးဒိုးဒေါက်ဒေါက် ရှင်းပြနေတဲ့ သခင်အုန်း မြင့်နဲ့အတူ အန်တီက တစ်ခွန်းစ၊ နှစ်ခွန်းစ ဝင်ထောက်ပေးနေတယ်။ စကားများများ မပြောနိုင်လို့ တစ်ခွန်း၊ နှစ်ခွန်း စိတ်လိုက်မာန်ပါပြောပြီးရင် မောမောနေတတ်တဲ့ အန်တီကို သွယ်ဝိုက်လှည့်ဖြားစွာ စကားပြောင်းပြီး အိပ်ရာပေါ် လဲလျောင်းစေရပါတယ်။

          “အင်း ... လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်က ဒီနေရာမှာ ဒီတရားကို စတွေ့ခဲ့တာပါပဲ။ ဘုန်းကြီး ဗိုလ်သိန်းဆွေရဲ့ ကျေးဇူးတော်ပါပဲ” အရ လက်အုပ်ချီပြီး ကျေးဇူးရှင်ကို အာရုံပြုရှာပါတယ်။

          ဝိပဿနာတရားကို စတင်အားထုတ်ခဲ့တဲ့ သည်စွန်းလွန်းရိပ်သာမှာ မြေးဖြစ်သူကို ရဟန်းပြုစေခဲ့တာပါပဲ။

          စက်မှုတက္ကသိုလ်ကျောင်းသားဖြစ်တဲ့ မြေးကလေး မောင်မောင်ဝင်း ဟာ ခုချိန်မှာ “ဦးပညာဝံသ”အဖြစ်နဲ့ ရဟန်းဘောင်ကို ရောက်ရှိလို့နေပါ ပြီ။ ပဉ္စင်းဒါယကာဖြစ်တဲ့ ဒေါက်တာခင်မောင်ဝင်းကလည်း သားပဉ္စင်းနဲ့ အတူ ဆယ်ရက် တရားဝင်မယ်တဲ့။ ။

          ဒါနကုသိုလ်၊ သီလကုသိုလ်၊ ဘာဝနာကုသိုလ်တို့အတွက် အာရုံပြု အမျှအတန်းဝေလျက်က အန်တီဟာ လက်တစ်ဖက်ကို ဆန့်ပေးလိုက် တယ်။ ကျွန်မက အသာဖမ်းဆုပ်ထားဆဲ။

          “မင်း ... သတင်းစာဆရာကောင်း ဖြစ်ပါစေနော်။ မငိုရဘူး၊ မရယ်ရဘူး၊ အဖြစ်မှန်ကို မြင်အောင်ကြည့်။ တိကျအောင် မှတ်တမ်းတင် ပြီး သတင်းရေး၊ ကြားလား”မကြားချင်ပေမဲ့ “ဟုတ်ကဲ့”လို့ ဖြေရပြန်ပါတယ်။

          “နိုင်ငံခြားမှာဆိုရင် သတင်းစာတိုက်ကြီးတွေမှာ မြေအောက်ခန်းရှိ တယ်။ နာမကျန်းဖြစ်နေတဲ့ တိုင်းသိပြည်သိ ပုဂ္ဂိုလ်ကြီးတွေရဲ့ အတ္ထုပ္ပတ္တိ အကျဉ်းကို အသင့်ရေးပြီး သိမ်းထားတယ်။ နောက်ဆုံး သတင်းအတွက် နေ့ရက်နဲ့ အချိန်ကိုသာ ကွက်လပ်ချန်ထားတယ်။ အဲဒီမှတ်တမ်းတွေ သိမ်းဆည်းတဲ့ မြေအောက်ခန်းကို “မော်ကျူရီ”လို့ ခေါ်တယ်ကွ။ ဟက် ... ဟက်”

          ကျွန်မမှာသာ သွေးပူလှိုက်ဆူနေရပေမဲ့ အန်တီကတော့ သွေးအေး အေးနဲ့ ရယ်ကာမောကာ ပြောလျက်ပါပဲ။

          “ပုဂ္ဂိုလ်ကြီးတစ်ယောက် နာမကျန်းဖြစ်ပြီလို့ သတင်းရရင် သတင်း ထောက်ဟာ အဲဒီပုဂ္ဂိုလ်နဲ့ဆိုင်တဲ့ အသင့်ရေးပြီးသား နောက်ဆုံးသတင်းကို မော်ကျူရီထဲကထုတ်ပြီး အသင့်ပြင်ထားရတယ်။ လူမမာသတင်းလည်း မကြာခဏ စုံစမ်းရတယ်ကွ။ ဟက် ... ဟက် သတင်းထောက်တွေ သတင်းလာမေးလို့များတော့ အကောင်းမထင်နဲ့။ ဘယ်တော့ “ကြွ” မလဲ ဆိုတာ အလောသုံးဆယ် သိချင်နေလို့မှတ်။ သတင်းစာ ဖောင်မပိတ်ခင် “ကြွ”မှ လုပ်ရကိုင်ရ လွယ်တာ။ ဖောင်ပိတ်ပြီးမှ “ကြွ”ရင် သွင်းပြီးသား စာဖောင်တွေ ပြန်ဖျက်ရဦးမှာကိုး။ လက်ဝင်တာပေါ့။ အေး ... အဲဒီလို...”

          “အို ... အဲဒီသတင်းမျိုး မရေးခင် အန်တီခိုင်းထားတဲ့ ဝတ္ထုတွေ စမ်းစမ်း အများကြီးရေးရဦးမှာလေ။ ကျော်ကြားတဲ့မိန်းမတွေရဲ့ အိမ်ထောင် ရေးဘဝတို့၊ ကျော်ကြားတဲ့မိန်းမနဲ့ အိမ်ထောင်ရေး တည်ဆောက်မိတဲ့ အိမ်ဦးနတ်များရဲ့ ဘဝတို့ ဝတ္ထုတွေ ရေးရဦးမယ်လေ။ အန်တီ အမှာစာ ရေးပေးမယ်ဆို။ အဲဒါလေးတွေ စဉ်းစားထားပါဦး”

          “အေး ... ဟုတ်တယ်၊ အေး ...”

          အန်တီ ခဏမှိန်းသွားတယ်။ ပြီးတော့ မျက်လုံးမဖွင့်ဘဲ နှုတ်ခမ်း မပွင့်တပွင့်နဲ့ ခပ်ဖြည်းဖြည်း ပြောရှာတယ်။

          “အစာဝင်ရင်တော့ ပြန်ကောင်းလာမလားဘဲ။ နေကောင်းရင် ခင်ဝင်း သိင်္ဂီတို့အိမ် မင်းကို ခေါ်သွားရဦးမယ်”

          ပန်းချီဆရာမ ခင်ဝင်းသိလို့ ကြားဖူးနေပါတယ်။ ၊ သွားကြတာပေါ့ အန်တီ”