Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

စစ်ကိုင်းဦးဘိုးသင်း - အလောင်းမင်းတရားကြီးဦးအောင်ဇေယျ

Regular price 2,300 MMK
Regular price Sale price 2,300 MMK
Sale Sold out

အချီး

          အို... ကိုယ်တို့ အချိန်... ကမ္ဘာလောကကြီးသည် ပွင့်လျက် နေမင်းသည် လောကသားတို့အား အချိန်ကိုပေးဝေနေပါသော်လည်း ကိုယ်တို့တစ်စုမှာ ကိုယ်တို့အတွက် အချိန်ကောင်း အချိန်မွန်ကို ရနိုင် ပါဦးမည်လော။ မည်သည့်အခါသို့ ရောက်မှ ကိုယ်တို့၏အချိန်သည် ဖြစ်နိုင်ပါမည်နည်း။ တို့ခေတ်ဟူ၍ ပြောရပါဦးမည်လော။ သဘာဝ ဓမ္မအားဖြင့် မှန်ကင်းတစ်လှည့် ထင်းတစ်လှည့်ဆိုသော စကားအတိုင်း ထင်းဖြစ်နေရသော ကိုယ်တို့ တစ်စုသည် ကြာမြင့် နေလှလေပြီ။

          ကောင်းစားအံ့သော သားငယ်များအတွက် လယ်ယာမြေကောင်းတို့ သည် အဘယ်မှာနည်း။ မျိုးစေ့နှင့်တူသော လူငယ်များအတွက်ကျောင်းသားများတို့သည် မည်သည့် လယ်ယာလယ်ကောင်းတို့တွင် စိုက်ပျိုးခြင်းခံရ၍၊ ရင့်မာထွားကျိုင်းဖွံ့ဖြိုးသော ကောက်ပဲသီးနှံတို့ အဖြစ်နှင့် တည်ရပါအံ့နည်း။ ကိုယ်တို့တိုင်းပြည်၌ တိုင်းပြည်နှင့်အမျိုး သားတို့၏ ဂုဏ်သတင်းကို ဆောင်၍ မြန်မာတို့၏လောကကြီးကို ကောင်းစားစေလျက်၊ မြန်မာတို့၏ အချိန်ကို ထွန်းတောက်ထိန်လင်း စေခြင်းဖြင့် မြန်မာတို့ခေတ်ဟု ထင်ပေါ်ကျော်ကြား၍ ကမ္ဘာကြီးတွင် နေမင်းမျိုးဟု သရေပြောင်ခဲ့စေသည့် ကမ္ဘာကြေသော်လည်း ဥဒါန်းမကျေနိုင်သော၊ အလောင်းမင်းတရားကြီးဘွဲ့ခံ ဦးအောင်ဇေယျဝတ္ထုတော်ကြီးကို ဖတ်ရှုသိရှိရခြင်းဖြင့် တိုင်းပြည်အမျိုးသားပျက်စီးခြင်း သည် အဘယ်သို့နည်း၊ ကောင်းစားခြင်းသည်လည်း အသို့နည်း။ တန်ခိုးကြီးသော တိုင်းပြည်အမျိုးသား ဆိုသည်ကား အသို့နည်း။ စစ်ကြီးဆင်၍ လူကို သတ်ခြင်းလော။ မည်သည်ကို ဆိုလိုသနည်း။ အစိုးရဆိုသည်ကား မည်သည်နည်း။ မည်သည့်တိုင်းပြည်၏ ဘုရင် ပါနည်း။ သရဖူဆောင်းသော သူသည် ဘုရင်ပါလော။ မြန်မာ တိုင်းပြည်ကြီးသည် အဘယ်ကြောင့် ဘယ်ကဲ့သို့ ပျက်စီးလေ၍၊ အဘယ့်ကြောင့် ဘယ်ကဲ့သို့ ကောင်းစားလာပြန်သနည်း။ ဦးအောင်ဇေယျ သည် မွန်တို့ကို နှိမ်နင်းသည်မှာ သူသည် ဘုရင် ပြုလုပ်လို၍လော။ အဘယ်ကြောင့်နည်း။ ကိုင်း... ကျွန်တော်တို့သည် စဉ်းစား၍ ဤ ဝတ္ထုကို ဖတ်ကြပါစို့။ ။

          ဤဝတ္ထုကို ရေးခြင်းသည် ကိုယ်ကျိုးကိုယ်စီးပွားထက် တိုင်းပြည် အမျိုးသားအကျိုးကို မျက်နှာမူ၍ ရှေးရှုကာ ရေးထားပါသဖြင့် ကုန်းဘောင်ဆက်ရာဇဝင်တွင် မပါမရှိသောအကြောင်းစကားတို့ကို များစွာ ထည့်သွင်းဖော်ပြထားပါသည်။ ဤဝတ္ထု အားမည်မျှလောက် အပင်ပန်းခံ၍ ဗဟုသုတရှာဖွေစုဆောင်းပြီးလျှင် ရေးသားခြင်းကို လည်း စီကာပတ်ကုံး ဖော်ပြရပါမူ စကားသာများ၍ ဝတ္ထုသားမပါ။ လက်တန်ဆာ ရှည်သွယ်လျက် အိုးမကျယ်သောစောင်းကဲ့သို့ အသံ မကောင်း မပျော့ပျောင်းဘဲ နားညောင်းဘွယ်ဖြစ်မည်စိုးသဖြင့် အခွင့် ကို ချင့်ပြီးလျှင် အသင့်အတင့်နှလုံးသွင်းကာ အကျိုးကိုရှာဖွေရန် မင်းနှင့် တူသောမင်း၏ အတ္ထုပ္ပတ်ကို လိပ်ပတ်လည်ရုံ ရေးသားပါ တော့အံ့။ ကျွန်ုပ်တို့တိုင်းပြည်မှာလည်း စာအုပ်ပါအကြောင်းတို့ကို စဉ်းစားရှည်ဖွေနည်းစိစစ်၍၊ ကိုယ်အဖို့၊ ခေတ်အဖို့ အသုံးဝင်သည်မဝင်သည်။

          တော်တန်သည် မတော်တန်သည်ဟု မတိုင်းဆဘဲ အမြဲတကုတ် မှတ်ပိုက် ယူဆကျင့်ကြံလိုက်နာစေတတ်ကြ၏။ ထိုသို့ ပြုမူချက်သည် ဉာဏ်ကိုအသုံးမပြုစေရာရောက်၍၊ လူမျိုးညွန့်၊ လူမျိုးစတို့တုံးတတ်လေ၏။ ဥရောပတိုက်ကြီး၏ ကြီးပွားရာရေသောက်မြစ်ကြီးဖြစ်သော ဂရိတ်တိုင်းပြည်ကြီး ကြီးပွားလာရခြင်းမှာလည်း အဘယ်ကြောင့်၊ ဘယ်လို၊ ဘယ်ကဲ့သို့ ၊ ဘယ်နည်းစသည်ဖြင့် မေးခွန်းနှင့် ဆင်ခြေတို့ ကို အသုံးပြုတတ်ခြင်းကြောင့် ဖြစ်လေသည်။ ထိုသို့ အသုံးပြုလေ့ အသုံးပြုထရှိခြင်းဖြင့် ဟုတ် မဟုတ်၊ မှန် မမှန်၊ သင့် မသင့်၊ လျော် မလျော်၊ ဆီလျော်သည် မဆီလျော်သည်တို့ကို အကြောင်းရှာလာတတ် ၍ တိုင်းပြည်လူမျိုးကြီးပွားကောင်းစားရေးအတွက် အထောက်အပံ့ကောင်းကြီးဖြစ်လာပေလိမ့်မည်။ လူတို့၌ မကောင်းသောထုံးနည်းကို မပယ်၍မကောင်းသော သစ်ကိုလောင်းခြင်းသည်လည်း ထိုကဲ့သို့သော မေးခွန်းမျိုးနှင့် ဆင်ခြေမျိုးကို အသုံးမပြုတတ်ခြင်းကြောင့်ပင် ဖြစ်လေသည်။ ထို့ကြောင့် ဆင်ခြေထုတ်ခြင်း ဆင်ခြေထုတ်နည်း၊ ကိုယ်နှင့်သော်လည်းကောင်း၊ ခေတ်နှင့်သော်လည်းကောင်း၊ တိုင်းဆ နိဿရည်းတို့ကိုလည်း ထည့်သွင်းရေးသားပါရှိစေသည်ဖြစ်ပါ၍ ၎င်း စံထားပြီးလျှင် စာအုပ်ဖတ်ခြင်းဖြင့် ကိုယ်နှင့်ခတ်ကို တောက်ပထွန်း လင်း တန်ခိုးကြီးလျက် ကောင်းစားခြင်းဖြစ်နိုင်ပါစေလို။

          အထူးသတိပြုရန်

          လယ်ယာနှင့် လယ်ရာ၊ လယ်တာတို့သည် မတူကြချေ။ လယ်ယာ ဆိုသည်ကား လယ်၊ ယာ ဟူ၍ဖြစ်လေသည်။ ယာဆိုသည်ကား စပါး မစိုက်နိုင်ဘဲ နှမ်း၊ ပြောင်း စသည်တို့ကိုပြုလုပ်ရသည့် မိုးဥတုလုပ်ခင်းဖြစ်လေသည်။ ထိုယာသည် တောင်ယာနှင့်ခြားနားပြန်လေသည်။ တောင်ယာကား တောင်ပေါ်တောင်ကုန်းမြင့် စသည်တို့ခုတ်၍မီးရှို့ပြီး လျှင် စူးထိုးပြီးသော် စပါးစသော ကောက်ပဲသီးနှံတို့ကို စိုက်ပျိုးရသည့် လုပ်ခင်းများကိုခေါ်ဆိုလေသည်။ လယ်ရာကား လယ်လုပ်ထားသော အကွက်၊ လယ်လုပ်ထားပြီးသောအကွက်ဖြစ်လေသည်။ လယ်တာ ကား လယ်လုပ်ရန်-ဝါ-လယ်လုပ်ကိုင်ရန်ငန်းတာမြေကွက်များကို ဆိုလိုသည်။ ဤစာအုပ်တွင် လယ်ယာ၊ လယ်တာဟု အရေးနှစ်မျိုး ပါရှိသည်ကို သတိပြုပါလေ။ ထိုကဲ့သို့ နှစ်မျိုးနှစ်ဝါဒ ရေးထားသော စကားအနည်းငယ်ကို သတိပြုရန် အောက်တွင် ရှင်းလင်းဖော်ပြထား ပါသည်။

                    လိဌ်ပတ်လည် -           သာယာပြေပြစ် လည်လည်ပတ်ပတ် ပြောဆို ခြင်း၊ ဝါစာသီလိဌ ဆိုသောစကားကို အထောက်အထားပြု၍ ရေးသား ကြသည်။

          လိပ်ပတ်လည် -           အစ စကားနှင့် အဆုံးစကား အုပ်မိခြင်း၊ အချီ အချ ဆီလျော်ခြင်း စသည်တို့ကို လိပ်ပတ်လည်သည် ဆိုလေသည်။ ထိုစကားမျိုးသည် ရက်ကန်းလိပ်ကို ပမာပြု၍ နှိုင်းပြုပြောဆိုခြင်း ဖြစ်လေသည်။

          လုပ်ကိုင်စားကျင်း = လုပ်ကိုင်စားသောက်နေသော လယ်ယာမြေကွက်များ။

          လုပ်အိုင်စားကျင်း = ရေဝင်ချိုင့်ဝှမ်းသော ကန်၊ အင်းတို့ကို အမှီပြု၍ လုပ်ကိုင်ရသော မြေရာများ၊ လုပ်ခင်းကိုင်တာများ။ လာဘ် = လာဘဟူသော ပါဠိကို အထောက်အထားပြု၍ ရေးကြသည်။           လပ် = လွတ်လွတ်လပ်လပ် ရရှိသော ပစ္စည်း၊ အပိုရရှိသောပစ္စည်း၊ တို့ဖြစ်၍-ပသတ်နှင့် အချို့ ရေးလျက်ရှိကြသဖြင့် ဤစာအုပ်တွင် လာဘ်ဟုလည်းကောင်း၊ လပ်ဟု လည်းကောင်း ကြိုက် ရာယူရန် နှစ်မျိုးနှစ်ဝါဒ ရေးထားပါသည်။ (မတရားသဖြင့် အပိုရ သော ပစ္စည်းကို လပ်ဟုမခေါ် တံစိုးဟုခေါ်လေသည်)။

          ဖေါင် = ဘောင်။

           သက္ကရစ် = သက္ကရာဇ်။

          အစ။ ။ စာရေးခြင်းဖြင့် အကျိုးမပွားလူးသော ကျွန်ုပ်သည် မိခင်များ၏ ကျင့်ဝတ္တရားများ၊ မိခင်များတို့၏ ဂုဏ်တန်ခိုးများတို့ကို ရန်ကုန်မြို့ မြန်မာစာပေ ပရိယတ္တိကုမ္ပဏီမှ ထုတ်ရောင်းသော သား သမီးများ ကြီးပွားရေးလက်စွဲစာအုပ်၊ သူရိယသတင်းစာပုံနှိပ်တိုက်က ပုံနှိပ်ရောင်းချသော မိန်းမများအတွက် စာအုပ်တို့တွင် ထိုက်သင့်သည်လောက် ရေးသားဖော်ပြခဲ့လေပြီ။ ဤစာအုပ်အစ၌လည်း ကျွန်ုပ်ဖော် ထုတ်လိုသည်မှာ မိခင်များသည် တိုင်းပြည့်သူဖျက်များ ဖြစ်သည် အလားတူ၊ တိုင်းပြည့်သူတော်များ၊ တိုင်းပြည့်အကျိုးဆောင်များလည်း ဖြစ်ကြရပေလိမ့်မည်။ မိခင်များသည် မျိုးစေ့တို့၏အကျိုးကြီးမြင့်ပွား လူးရာဖြစ်သည့် လယ်ယာမြေကောင်းသဖွယ် ဖြစ်နိုင်သောကြောင့် မိခင်ကောင်းတို့တည်ထွန်းသော တိုင်းပြည့်ကံကြမ္မာနှင့် ဇာတာသည် ဆိုးယုတ်ညံ့ဖျင်းဖို့ရန် အလွန်ခဲယဉ်းပေလိမ့်မည်။ မိခင်ကောင်းတို့ သည် သားသမီးတို့၏ တစ်သက်ပန်လုံးအတွက် လူလုပ်ရေးကို မွမ်းမံ ခြယ်လှယ်လိုက်သည် ဖြစ်သောကြောင့် (၁) သားကောင်းသမီးကောင်း ရနိုင်ရန် အာရုံပြုတတ်ခြင်း၊ (၂) ပဋိသန္ဓေကို ကောင်းမွန် မြင့်မြတ်လေအောင် စောင့်ရှောက်တတ်ခြင်း၊ (၃) သားသမီးတို့ကို အစဉ်သဖြင့် ကောင်းစားနိုင်အောင် မွန်မြတ်စွာဆုံးမတတ်ခြင်းတို့နှင့် ပြည့်စုံလေသည့်ရာမညတိုင်းတစ်လိုင်း သုံးရပ်တွင်သော မွန်တို့၏။

တိုင်းပြည်မြို့ရွာဒေသတို့တွင် မြန်မာမင်းတို့၏ ထီးနန်းကိုစိုက်ထူ၍ မွန် မြန်မာလူမျိုးကွဲပြားခြားနားခြင်းမရှိစေဘဲ အောင်မြင်စိုး အုပ်သိမ်း ချုပ်ပိုက်လုပ်နိုင်တော်မူခဲ့သော ဟံသာဝတီဆင်ဖြူရှင် မင်းတရားကြီး သည် မိခင်ကောင်း၏ဆုံးမဩဝါဒဖြင့် အင်ဒိုချိုင်းနား ကျွန်းဆွယ်ကြီး တွင် တန်ခိုးအာဏာကြီးမြင့်တော်မူခဲ့သော မင်းကောင်းမင်းမြတ် တစ်ပါးဖြစ်ခဲ့သည့်အပြင် အိန္ဒိယနိုင်ငံနှင့် အရှေ့ဘက်တစ်ခွင်တွင် ထင်ပေါ်ကျော်ကြား၍ ဥရောပတိုက်တွင် တန်ခိုးကြီးမားနေသော သင်္ဘောသား ပေါ်တူဂီလူမျိုးများတို့ပင်လျှင် အရှေ့တစ်ခွင်သို့ ရောက်သောအခါ၊ ကျိုးနွံပျပ်ဝတ်ကြရလေတော့သည်။ မြန်မာပြည်သို့ သီဟိုဠ်ကျွန်းမှ တစ်ဆင့် ဒုတိယအကြိမ်ရောက်လာသော ဗုဒ္ဓဘာသာ ကို ယနေ့တိုင်အောင် တည်ထွန်းပြန့်ပွား စည်ကားတိုးတက် ဝေဆာနေ လေအောင် အခြေစိုက်၍ ထူထောင်ခဲ့သည့် အနော်ရထာမင်းစော၏ မိခင်နှင့် ထိုမင်းကြီး ခမည်းတော် ကွမ်းဆောင်ကျောင်းဖြူမင်း၏ မယ်တော်တို့မှာလည်း ထူးမြတ်သော၊ လိမ္မာ၍ မိခင်ပီသသော မိန်းမ မြတ် ရတနာတို့၏အဖြစ်နှင့် ယနေ့တိုင် ထင်ရှားနေသော မြန်မာတို့၏ ဂုဏ်ကျေးဇူးကို အခြေရရှိစေသည့် မိခင်မြတ်တို့ ဖြစ်ကြလေသည်။ ဦးအောင်ဇေယျဝတ္တု၌လည်း ဦးအောင်ဇေယျအဖြစ်နှင့်၊ ကြီးမြင့်ရန် အခြေသည် မည်ကဲ့သို့ ဖြစ်ပွားလာသည်။ ဦးအောင်ဇေယျ ဖြစ်မည့် သူငယ်ကလေးအိပ်သည့် သားလှောင်ပုခက်သည် မည်ကဲ့သို့သော ကျက်သရေမင်္ဂလာတို့နှင့် သန့်ရှင်းကြည်လင် ဖြူစင်သော လေလဟာ တွင် ယိမ်းနွဲ့ ပျံဝဲနေသည်တို့ကို စဉ်းစားနိုင်ရန် ဤဝတ္ထု၏ အစဖြစ်သော မိခင်တောသူမကလေးနှင့် သူ၏ သားငယ်များအကြောင်းကို ဆက်လက်၍ ဖတ်ကြပါဦးစို့။ ။