စစ်ကိုင်းဦးဘိုးသင်း - မာယာကေသီ
ခေတ်အလျောက်ဒဏ္ဍာရီများသည် ကလေးသူငယ်များဖတ်ရန်နှင့် အပျော်ဖတ်ရန်အတွက်သာမဟုတ် တစ်ခါတစ်ရံ လူတစ်ယောက် အတွက် ဖြစ်စေ၊ လူတစ်စုအတွက်ဖြစ်စေ အတော်ပင် အဖိုးတန်ပေသည်။
ဒဏ္ဍာရီများသည် များသောအားဖြင့် မဖြစ်ကောင်းဖြစ်ခြင်း၊ မဖြစ် နိုင်ခြင်းတို့ကို ဖော်ပြခြင်းတို့ ဖြစ်ချေသည်။ အကြောင်းကို ဖော်ပြရသည်ရှိသော် ကုလားအုပ်နှင့် မြေခွေး၊ ယုန်တို့စကားပြောခြင်း၊ ကျားနှင့်ယုန် တို့ စကားပြောခြင်း၊ နဂါးနှင့်လူအကြောင်းပါခြင်း၊ ဘီလူးနှင့်လူအ ကြောင်းပါခြင်း၊ လူနှင့်တိရစ္ဆာန်အကြောင်းပါခြင်းတို့ ဖြစ်လေသည်။
၎င်းတို့ကို အချို့ လူကြီးများနှင့် ခေတ်မောင်မယ်တို့ “အလကား မဟုတ်မဟတ်များဟုဆိုကြသော်လည်း ထိုဒဏ္ဍာရီတွင်ပါဝင်နေသော ဝမ်းစာဖြစ်သည့်အကြောင်းများနှင့် အဓိပ္ပာယ်တို့သည်ကား အလွန်လေးနက်ခြင်းရှိနေ၍ လောကတွင် များစွာအသုံးဝင်နေပေသည်။
အကယ်၍ ထိုကဲ့သို့ အနက်အဓိပ္ပာယ်တို့ မပါမရှိစေကာမူ ထို ဒဏ္ဍာရီများသည် အချို့လူများတို့အတွက် များစွာအသုံးဝင်ပေသည်။ အဘယ်ကြောင့်ဆိုသော် ထိုဒဏ္ဍာရီများကို အဟုတ်အမှန်ထင်နေတတ် ခြင်းကြောင့် ဖြစ်ချေသည်။
အချို့ ဒဏ္ဍာရီများမှာ ဇာတိမမှန်၍ ပျက်စီးတတ်ခြင်း၊ ဂုဏ်ရှင်တို့ ၏ ရမ်းကားခြင်း၊ အုပ်စိုးနေသော အာဏာပိုင်တို့၏ တရားမဲ့ပြုခြင်းတို့ ကို ပြစ်မှုကင်းစေရန် ဒဏ္ဍာရီပြုလုပ်၍ ဖော်ထုတ်ပြဆိုရလေသည်။
ထို့ကြောင့် ဒဏ္ဍာရီသို့မဟုတ် မဟုတ်သောအကြောင်းတို့ကို ဖွဲ့နွဲ့ ဆင်ထုတ်သော ဝတ္ထုတို့သည် ပညာရှိများ၏ အဆီအနှစ်ဖြစ်နေခြင်းကြောင့် အကျိုးရှိသောစာပေများပင် ဖြစ်နိုင်သောစာများလည်း ရှိကောင်း ရှိပေသည်။
ထိုသို့သဘောအရ ဤဝတ္ထုကို စဉ်းစားကာ သတိပြုရာသည်။
ပုဂံခေတ် ပုဂံပြည် ကုက္ကိုတောင်ပဲ့ရွာ၌ တောင်သူကြီးလင်မယား ဦးတုတ်ပေါနှင့် ဒေါ်ချောတို့မှာ သမီးကလေး စောစောသည် အသင့်အ တင့် ချောသော မိန်းကလေးတစ်ယောက်ဖြစ်လေသည်။ တစ်နေ့သော် ဦးတုတ်ပေါသည် ဤသို့ညည်းညူနေလေ၏။
အင်း.. သည်ဆင်းရဲတွင်းကြီးကလည်း နက်လှချည်လား ဘယ် တော့များ သည်ဆင်းရဲခြင်းက လွတ်ပါ့မလဲ...။
တော်... ကိုတုတ်ပေါ ညည်းမနေနှင့် အလုပ်လုပ်မှ သူများနည်းတူ ကြေးငွေ ချမ်းသာမှာပေါ့..။
မယ်ချောရယ် ငါလည်းကြိုးစားပြီးလုပ်တာပါပဲ။ ယာလည်းခုတ် တာပဲ၊ ဒါပေမဲ့ ဝမ်းစာကောင်းကောင်းလောက်တယ်လို့ကို မရှိဘူး၊ သမီး ကလေးကလည်း အပျိုကြီးဖားဖား ဖြစ်လာပြီ၊ သူများနည်းတူ ဝတ်ချင်တုပချင်တဲ့အရွယ်ပေါ့ကွယ်။ မရှိလို့မဝတ်ရတော့ ငါဘယ်မှာစိတ်ကောင်း မှာလဲ...။
“လာ သည်အနားတိုး ကျုပ်ပြောပြမယ်...” “ဘာလဲကွဲ....” “ဟို မ,သက်ပုံတို့ လင်မယားရှိတယ် မဟုတ်လား...” “အေး၊ ဒါဘာဖြစ်သလဲ...”
“သူတို့ အရည်းတစ်ပါးကို ကိုးကွယ်တယ်။ ဒါနှင့်ပဲ စီးပွားချမ်း သာတိုးတက်လာတာပဲ...”
“အေး၊ တို့လည်းကိုးကွယ်တာပေါ့ကွယ်။ ငါ အရည်းတစ်ပါးကို ပင့်ခဲ့ပါမယ်..”
ထိုသို့လျှင် ဆင်းရဲလှသော ဦးတုတ်ပေါနှင့် ဒေါ်ချောတို့သည် ချမ်းသာလိုသောသဘောနှင့် အရည်းတစ်ပါးကိုပင့်၍ ကိုးကွယ်ဆည်း ကပ်နေလေ၏။
တစ်နေ့သော် ချမ်းသာလိုသော ဒေါ်ချောသည် အရည်းဆရာ တော်အား ဤသို့ လျှောက်ထားလေ၏။
“တပည့်တော်မတို့အား ချမ်းသာလာအောင် မစတော်မူပါ ဘုရား” “အင်း... ဒကာမကြီး ချမ်းသာအောင်ဆိုတာ မခဲယဉ်းဘူး...” “အမိန့်ရှိတော်မူပါ ဘုရား...” “ဒါနပြုရတယ်ဘွဲ့...”
“တပည့်တော်မတို့ နေ့စဉ်ကိုယ်တော့်အား ဆွမ်းလောင်းနေတာပါပဲ ဘုရား...”
“အေး... အဲဒီအလှူကို အပြင်အပအလှူလို့ခေါ်တယ် ကြားလား..” “တင်ပါ့...” အပြင်အပအလှူဆိုတာ ဟိုဘဝမှအကျိုးပေးတယ်”
“ယခုဘဝအကျိုးပေးတာကို လိုပါတယ် ဘုရား.....” မခဲယဉ်းဘူးပေါ့ကွယ်” “အမိန့်ရှိပါ ဘုရား...”
“အတွင်းအလှူကိုလှူရတယ်။ အတွင်းအလှူကို လှူမှ ချက်ချင်း အကျိုးပေးတယ်....” “ဘယ်လိုလှူရမှာလဲ ဘုရား”
ဆွမ်းဘောဇဉ်ဆိုတာဟာလည်း အရသာပဲ၊ လူတို့မှာ အရသာ တကာမှာ မေထုန် အရသာဟာ အမွန်မြတ်ဆုံး။ အရသာအရှိဆုံး။ ဒါကို လှူရတယ်။ သည်အလှူကို ကျောင်းလွှတ်ပူဇော်ခြင်းလို့ ခေါ်တယ်...”
“တင်ပါ့ တပည့်တော်မလှူပါ့မယ် ဘုရား...”
ဒကာမကြီး၊ အသင်ဒကာမကြီးကတော့ ဒကာကြီးနှင့်ရှိနေလို့ မစင်ကြယ်ဘူး အပျိုစစ်စစ်ကိုလှူမှ စင်ကြယ်လို့ အကျိုးမြန်မြန်ပေးတယ်”
“တပည့်တော်မ ကိုတုတ်ပေါနှင့် တိုင်ပင်ပါဦးမယ် ဘုရား...”
“ဒကာမကြီး ကျုပ်တို့မှာလည်း သည်အလှူကိုခံရမယ်ဆိုတော့ အလွန်ဝန်လေးတယ်။ ဘာကြောင့်လဲဆိုတော့ သည်လိုအလှူမျိုးကို ခံယူ ရမယ့်ရဟန်းဟာ.. ယူထိုက်အောင်တရားကို အထူးအားထုတ်ရတယ်။ ကျုပ်ဝန်ခံတာကတော့ ဒကာမကြီးတို့ကို အထူးစေတနာထားလို့ ဝန်ခံတာ”
“တင်ပါ့ဘုရား.....” အရည်းဆရာတော်ကား ကျောင်းသို့ ပြန်ကြွသွားလေ၏။
ဒေါ်ချောကား ဦးတုတ်ပေါ် ပြန်လာသောအခါ မိမိတို့ ချက်ချင်း ချမ်းသာနိုင်ရန် သမီးကလေးစောစောကို မိမိတို့ကိုးကွယ်သော အရည်း ဆရာတော်ဘုရားထံ ကျောင်းလွှတ်ပူဇော်ရန်တိုင်ပင်လေ၏။ ဦးတုတ် ပေါလည်း ပုဂံပြည်၌ မျက်မြင်သာဓက ထင်ရှားနေသကဲ့သို့ဖြစ်သောကြောင့် သဘောတူညီလေ၏။
စောစောကား မိဘတို့၏အလိုရှိသည်ကို သဘောမတူနိုင်သဖြင့် မိခင်ဖြစ်သူဒေါ်ချောသည် ဤသို့လျှင် သမီးအားနားချပြောဆိုရလေ၏။
ငါ့သမီးလိမ္မာမှပေါ့၊ သိတတ်ရတယ်၊ ပုဂံရွှေမြို့တော်မှာ သူဌေး ကြီးဦးသာဘေးဆိုတာ ကျိကျိတက်ချမ်းသာပြီး မင်းသုံးတဲ့ သူဌေးကြီး ဖြစ်နေတယ် သူ့မှာသမီးချောကလေးတွေ ငါးယောက်တောင်ရှိတယ်။ အကုန်လုံး သူတို့ကိုးကွယ်တဲ့ ဆရာတော်ဘုရားထံ လှူပြီးသားချည်းပဲ တဲ့ တို့ရွာထဲက ကိုသာဗြောနှင့် မိမိထူးတို့ကောအေ တို့မျက်စိရှေ့တွင် ပင် ချမ်းသာလာတယ်မဟုတ်လား။ အမြဲအတည်ယူရတာမှ မဟုတ်ပဲ ခုနစ်ညလောက်ပဲဟာ တစ်ညတစ်ညမှာလည်း ခဏကလေးပါအေ..”
စောစောကား အထူးအထွေ သူ့အမေအား မည်သို့မျှပြန်မပြော တော့ပေ။
လူတို့၌ အသိဉာဏ်သည်များစွာ အရေးကြီးလေသည်။ လူထု အသိဉာဏ် ခေါင်းပါးသောခေတ်၌.. ယုတ်ညံ့သောအယူ၊ ယုတ်ညံ့သော ဝါဒတို့သည် လွယ်လင့်တကူနှင့် တိုးဝင်လာတတ်လေသည်။
ခေတ်အလျောက် လူတို့အား ပညာသင်ပေးသည်ဆိုရာ၌ အရေး အကြီးဆုံးမှာ အသိဉာဏ်ရှိ၍ အကြောင်းမှန် အကျိုးမှန်ကို အနီးကပ်ဆုံး ရနိုင်သမျှရအောင် အတတ်ပညာကို သင်ရလေသည်။
ယခုတရားမှန်ဟူ၍ ထွန်းကားသောခေတ်တွင်ပင် ရတနာသုံးပါး နှင့် ပတ်သက်ပြီးလျှင် ကိုးကွယ်ရာ၌ လောဘဇောကိုရှေးရှုကာ အချို့ မှာ နေ့နံသင့်သစ်သားကို ရှင်သီဝလိကိုယ်တော်ပုံထု၍ လာဘ်သပ်ပကာ ရွှင်စေခြင်းငှာဆောင်ထားခြင်း ကိုးကွယ်ခြင်းတို့ကို ပြုလေသည်။ အချို့ မှာလည်း လာဘ်သပ်ပကာရွှင်အောင် အိမ်ကိုမီးကွင်းအောင် စသည်တို့ ဖြင့် ဒက္ခိဏသာခါ မြတ်စွာဘုရားရုပ်တုတော်ကို အိမ်တွင်ကိုးကွယ်လေသည်။ ထိုသဘောသည် ဗုဒ္ဓဘာသာတရားနှင့် မည်ကဲ့သို့သဘောသက် ရောက်နေပါသနည်း...။
ယခုခေတ်၌ပင် အချို့ အချို့ ဈေးသည်များသည် ကုန်ရောင်း တွင်ကျယ်စိမ့်သောငှာ လူသူတော်ထံမှဖြစ်စေ၊ ဆရာတစ်ယောက်ယောက် ထံမှ ဖြစ်စေ လောကီကိုလိုက်စားနေသော ရဟန်းတစ်ပါးပါးထံက ဖြစ်စေ လက်ဖွဲ့များ၊ ရေမန်းများစသည်တို့ကို အရယူ၍ တောင်းဆိုကာ အသုံးပြုကြသည်။
လူတို့၌ အသိဉာဏ်အားလျော်စွာ အကြောင်းအကျိုးကိုမလိုက်စား ခဲ့လျှင် လမ်းမှားကိုလိုက်သွားတတ်မိသည်မှာ သဘာဝကဲ့သို့ပင်လျှင် ဖြစ်ရတတ်ပေသည်။
စောစောသည်ကား မိဘများသဘောကျအောင် ကျောင်းလွှတ်ပူ ဇော်မှုကို သဘောတူရလေတော့ပြီ။ ထိုသို့ကျောင်းလွှတ်ပူဇော်ပြီး နောက် တစ်နေ့နေ့လယ်၌ ယာတောသို့သွား၍ ယာအမှုကို လုပ်နေ၏။ ထိုအချိန် တွင် ၎င်း၏ဆရာအရည်းသည် ရောက်လာ၍ ဘော်နီသာခွာတစ်ခွက်ကို ပေးကာ ဤသို့ပြောလေ၏။
မိစော။ နင့်အတွင်း ဒါနမှုကြောင့် ငါ့ကျောင်းနားက ညောင်ပင်မှာ စောင့်နေတဲ့ ရုက္ခစိုးက နှင့်အားပေးရန် ငွေတစ်ခွက်လာပို့တာနဲ့ နှင့်ထံ ငါလာပို့တယ်...”
သည်အကြောင်းကို ဘယ်သူ့အားမှ မပြောနှင့် ငါ့ထံဒကာမတွေ ဝိုင်းနေမယ် နင့်အမေကိုတောင် မပြောနှင့် ဥစ္စာစောင့်ဘီလူးကြီးတစ် ကောင်က ဒါနအကျိုးလာပြီး ပူဇော်သွားတယ်လို့ပြော ကြားလား..” “တင်ပါ့...” အရည်းကား စောစောကို မွှေးပြီးသော်ပြန်လေ၏။ ဤနည်းဖြင့် အရည်းသည်တစ်ယောက်တည်း ယာစောင့်နေသောစောစောထံသို့ ခဏခဏလာရောက်လေ၏။ အရည်းလည်း ဥစ္စာစောင့် ဘီလူးကပေးသည်ဟု စောစောအား ငွေခွက်အစိတ်ခန့်ထိအောင် ပေး လေ၏။
ထိုသို့နှင့် စောစော၌ ကိုယ်ဝန်ရှိလေ၏။ ထိုအခါ စောစောသည် အရည်ထံ သွားရောက်ပြီးသော် ဤသို့ လျှောက်ထားပြောဆိုလေ၏။
“ကိုယ်တော် တပည့်တော်မှာ ကလေးရှိနေပြီ” “အလို..” “အလိုလုပ်မနေနှင့် ကိုယ်တော်လူပြု လူဝတ်လဲပါ...” “ဟယ် စောစောနင်နားထောင်...” “ဘာလဲ...”
“ငါ လူဝတ်လဲလို့ ယာမလုပ်ချင်ဘူး ပျင်းတယ်။ ဈေးမရောင်းတတ် လက်သမားလည်း မလုပ်တတ် ငါဘာကိုမှ မလုပ်ချင်ဘူး ပျင်းတယ်..”
“ဘယ့်နှယ်လုပ်မလဲ..."
“ငါလူဝတ်လဲရင် သူတစ်ပါးထံမှ ပူဇော်မှု၊ သမိုင်းရွတ်မှု၊ ဝါဆိုမှု၊ တရားဟောမှုဖြင့် လာဘ်ရမည်မဟုတ်.....”
“မှန်ပါတယ်...”
“လာဘ်မရသော် နင့်အားငါထောက်ပံ့နိုင်ပါ့မလား။ နင်ဒါကို စဉ်းစား၊ ခုနင်တို့ ကြေးငွေအတော်ပင်တောင့်တင်းလာတယ် မဟုတ် လား..”
“ဒါဖြင့်ဘယ့်နှယ်လုပ်မလဲ ဘယ်သူ့သားရယ်လို့ ပြောမလဲ...” “အေး ငါပြောမယ်မှတ်ထား.....” “ဟုတ်ကဲ့....”