Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

စစ်ကိုင်းဦးဘိုးသင်း - မင်းများမှူး

Regular price 2,000 MMK
Regular price Sale price 2,000 MMK
Sale Sold out
မင်းများမှူး
အခန်း - ၁

          မြန်မာနိုင်ငံ၌ ထင်ရှားသော ဝတ္ထုများသည် များသောအားဖြင့် အိန္ဒိယကဝတ္ထုများသာ ရှေးက ဖြစ်လာခဲ့သည်ဟု ခဏခဏဗဟုသုတ လိုက်စားသော ကျောင်းသားကလေးများ အချို့သည် လာရောက်ကာ စောဒနာကြကုန်၏။ ကျွန်ုပ်ကား ထိုစောဒနာချက်တို့ကို မဝံ့။ များ သောအားဖြင့် စုံစမ်းစောဒနာလာသော ကျောင်းသားကလေးများမှာ လည်း အာဂသတ္တိရှင် မီးခဲကလေးများနှင့် တူနေ၍ ကျွန်ုပ်ဖြေဆိုလိုက် ရသော် ဗြောင်းဆူတက်ဖို့ ရှိချေသည်။

          ကျွန်ုပ်ကား ထိုသည့်သဘောကြောင့် မတင်မကျပင် ငါတို့၏ လူမျိုးများမှာလည်း ရှေးဝတ္ထုကောင်းများရှိကောင်းပါသည်။ မျှော်လင့် ပါဟုသာ ဖြေဆိုခဲ့ရသည်အတိုင်း ရှေးအကြောင်းများနှင့် ပတ်သက်သည့် ဝတ္ထုတစ်ခုကို ပျင်းပျင်းရိရိနှင့်ပင် ရေးရပြန်ပါတော့သည်။

          သိဟ်ရာသီသည်ကား လေတိတ်လျက်ရှိ၍ ရာသီဥတုသည် အလွန်သာယာကြည်လင်ဘိ၏။ တောပန်းတောင်ပန်းတို့နှင့်လည်း တောအုပ်များသည် များစွာနှစ်သက်ဖွယ်ဖြစ်၏။ နေသည်ကား အလွန် ကျဲကျဲကြီး ပူပြင်းလင့်ကစား သစ်တောကြီးများသည် စိမ်းလန်းတင့်ပန်း ခြင်းဖြင့် ထိုကဲ့သို့ ပူပြင်းသောဥတုကြောင့်... သာ၍အေးမြသည်ဟု ထင်ရဘိ၏။ တစ်ခါတစ်ရံ နေ့အချိန်၊ ညအချိန်တို့၌ မိုးကြီးသည်းထန်စွာ ရွာသွန်းဘိ၏။ ထိုသို့ မိုးရွာသွန်း၍ တိတ်သည်နှင့် တစ်ပြိုင်နက်ကောင်းကင်ပြင်သည် ကြည်လင်ကာရှိဘိ၏။ နံနက်ချိန်၌ကား ဆီးနှင်း တို့သည် ဝေလျက်ရှိဘိ၏။

          ထိုသို့လျှင် ရာသီ၏ လှည့်စားမှုဖြင့် သောက္ကတဲပြည်မှ မင်းကြီး အောင်နိုင်သည် တစ်ကိုယ်တော်တည်း ရုပ်ဖျောက်ပြုကာ တောအုပ် အတွင်းသို့ မြင်းတစ်စီးနှင့် တော၏အရသာကို ခံစားလျက် လှည့်လည် လာ၏ ။

          မင်းမြတ်အောင်နိုင်သည် တောတောင်ကြီးအတွင်းမှ စီးဆင်းကာ လာသော ချောင်းငယ်ကလေး ကမ်းပါး ဝါးရုံပင်ရိပ်၌ မြင်းကိုလှန်ထား ကာ စိတ်၏ ကြည်လင်အေးမြခြင်းကို ယူနေ၏။

          ချောင်းကလေး၌ကား သဲရှပ်ရှပ်နှင့်အပြင် ကျောက်လုံးကျောက်ခဲ တို့ဖြင့် ရှုခင်းအလွန်သာလျက်၊ ချောင်းထဲ၌ ငါးတို့သည် ဘေးမဲ့ကို ရနေ၍ ပျော်ပါးကာ ကစားနေသကဲ့သို့ ရှိချေ၏။

          မင်းကြီးအောင်နိုင်သည် ထိုအရိပ်၌ ခဏအကြာ၊ အရသာကို ယူပြီးနောက် မြင်းကိုဆွဲ၍ ချောင်းနှင့် မနီးမဝေးသော ရသေ့သင်္ခမ်းသို့ သွားရောက်ကာ ရသေ့နှင့် ချစ်ကြည်စွာသော စကားတို့ကို ပြောဆိုနေ ၏။ ရသေ့သည် မင်းကြီးအောင်နိုင်ကို ပြည့်ရှင်မင်းဟု မသိ။ ပြည့်ရင် မင်းလည်း မိမိကိုယ်ကို ပြည့်ရှင်မင်းဟု မပြော၊ ရသေ့နှင့် စကားရောင်းဖြင့် ချောမောကာ တင့်တယ်နေဘိ၏။

          ထိုခဏ၌ မနီးမဝေးသော တောင်ယာထဲမှ အုန်းမောင်းတီးသံကို မင်းကြီးသည်ကြားရ၍ အလွန်နှစ်သက်ခြင်းဖြစ်၏။ ထို့ကြောင့် စီးတော် မြင်းကို ရသေ့ကျောင်းထဲ၌ လှန်ထားခဲ့ပြီးသော် အုန်းမောင်းသံလာရာ တောင်ယာထဲသို့ သွားရောက်၏။

          ထိုအခါ.. တောင်ယာထဲရှိ တဲပေါ်မှ လူတစ်ယောက်သည် အုန်း မောင်းတီးခြင်းကို ရပ်စဲလျက် ဂါတ်ကြိုးကိုဆွဲခြင်းဖြင့် မှည့်စဖြစ်သည့် စပါးနှံတို့အား စီစီကျွက်ကျွက်နှင့် စားသောက်ပျော်ပါးနေသည့် စာကလေးတို့ကို ခြောက်နေလေ၏။

          မင်းကြီးသည် တောင်ယာထဲရှိ တဲသို့ရောက်သွားရာ ထိုတ်၌ရှိ နေသော လူတစ်ယောက်သည် မင်းကြီးအား ခဏချွေးသိပ်စေကာ နေစဉ် အခိုက် တောင်ယာတွင်းသို့ ဝင်လျက် ချိုသော သခွားသီးမှည့်ကို လည်းကောင်း၊ ပြောင်းဖူးနုနုများကိုလည်းကောင်း ဆွတ်ချိုးကာ သခွား ချိုသီးများကို ကောင်းမွန် သန့်ရှင်းစင်ကြယ်စွာ ခွဲစိတ်၍ ပြောင်းဖူးနု များကို ဖုတ်၍ ယာစောင့်သည် ဧည့်ဝတ်ကိုပြု၏။ ယာစောင့်သည် ထိုသို့ ဧည့်ဝတ်ကိုပြုရာ၌ မင်းကြီးဟူ၍မသိ။ ခရီးသွားအဖြစ်နှင့်သာ အမှတ်မဲ့ ဧည့်ဝတ်ကို ပြုခြင်းဖြစ်၏။

          အခါခပ်သိမ်း၌ သူတော်ကောင်း၏ စိတ်ဓာတ်ကိန်းအောင်း နေသူတို့မှာ ရိုးသားဖြောင့်မတ်သော သူဆင်းရဲတို့၏ အလုပ်ကို မိမိ မလုပ်မကိုင်နိုင်စေကာမူ နှစ်သက်ခြင်းဖြစ်တတ်၏။ တောတောင်စိမ့်စမ်း ရေတံခွန်စသော တောကြီးတောင်ကြီး၏ အသရေကို တပ်မက်စွဲလမ်း တတ်၏။ ထိုသဘောကြောင့် သောက္ကတဲမင်းသည် တောင်ယာစောင့် ပြုသော ဧည့်ဝတ်ကို အလွန်အရသာရှိလေယောင် ဖြစ်နေတော့၏။

          ထိုသဘာဝကြောင့် မင်းကြီးသည် တောင်ယာစောင့်အား ဤသို့ဆိုတော့၏။

          “အမောင် ငါကား သောက္ကတ်ဘုရင်မင်းတည်း၊ ငါ နေပြည်တော် သို့ ပြန်ရောက်က သင့်အား ဆုချီးမြှင့်မည်၊ လာခဲ့လော့ဟု” တစ်ထည် သော မင်းသုံးသလင်းကို ပေးလေ၏။

          တောင်ယာစောင့်လည်း အလွန်အံ့အားသင့်လျက် ကျယ်သော မျက်လုံးနှင့် ဤသို့ဆို၏။

          “အရှင်မင်းကြီး ဆိုတိုင်းသော စကားသည် မှန်ခဲ့ပါသော် အရှင် မင်းကြီးမှာ ပြည်နှင့် ထီးနန်းကင်းတော့ပြီ။ အရှင်မင်းကြီးထံ ကျေးတော် မျိုးသည် လိုက်လာရန်မလို၊ ထို့ကြောင့် အောင်ကြားဖြစ်သော သလင်း တော်ကိုလည်း လက်ခံရန်မလိုပါ။ ပြန်၍ ဆက်ပါသည်” “အမောင် ဘယ်လိုဆိုလိုက်သလဲ”

          “အရှင်မင်းကြီးသည် နေပြည်တော်မှ မည်ကဲ့သို့ ထွက်ခွာတော်မူ လာပါသနည်း...”

          “အမောင် ငါကား ငါ့တိုင်းတော်ပြည်တော်၌ ဆင်းရဲသားများ မည်ကဲ့သို့ လုပ်ကိုင်စားသောက်နေကြသည်။ လုပ်ကိုင်စားသောက်ရာ၌ မည်ကဲ့သို့ သဘောရှိသည်တို့ ကို တပ်အပ်ကျ သိလိုသည့် အပြင်တောကြီးတောင်ကြီး၏ ဗိမာန်ကိုငါသည် များစွာနှစ်သက်ခုံမင်မိသည်။ ပညာရှိသုခမိန်ကိုလည်း ဖူးမြင်လိုသည်”

          “မှန်လှပါ...”

          “ထိုသို့သောသဘောကြောင့် ငါနှင့်တစ်စုံတစ်ရာမျှ ထူးခြားခြင်း မရှိ၊ အသွေးအရောင်ထပ်တူထပ်မျှဖြစ်သော ငါ၏ ရောင်းရင်း (ယောင်းယင်း) ဖက်တစ်ယောက်ကို ငါ့အစား ဘုရင်ပြုလုပ် အုပ်ချုပ် နေရန် လွှဲအပ်ခဲ့လျက် မိဖုရားများ၊ မှူးကြီးမတ်ရာ သေနာပတိများ မည်သူမှ မသိရအောင် ငါသည် ခဏတိတ်တဆိတ် နန်းတော်မှ ထွက်ခွာလာခဲ့သည်”

          “ထိုသဘောကြောင့်ပင် ကျေးတော်မျိုး လျှောက်တင်ခြင်းသည် မှန်ပါပြီတကား..”

          “မောင် ဘယ်သို့ဆိုသနည်း။ ငါ့ရောင်းရင်း (ယောင်းယင်း) ဖက် ကား ငါတို့၏ တိုင်းပြည် ပုရောဟိတ်ကြီး၏သား၊ ငါနှင့် တက္ကသိုလ် ပြည်မှာ ပညာအတူသင်ဖက်၊ နှစ်ကိုယ့်တစ်စိတ်လည်း ချစ်ခင် အလွန် သစ္စာမြဲသောသူတည်း”

          “အရှင်မင်းကြီးဆိုသော စကားအတိုင်း သစ္စာကား လူတွင် ရှိကောင်းပါသတတ်၊ သို့သော် လူတို့၌ရှိသော အလိုရမ္မက်သည်ကား သစ္စာမှအမြဲသွေဖည်ကာရှိပါသည်”

          “အမောင် အဓိပ္ပာယ်နက်ကို ဆိုစမ်းပါဦး...”

          “အရှင်မင်းကြီး၊ ကာမဘုံသားတို့၌ ဝတ္ထုပစ္စည်းများ၌ အလိုရမ္မက်၊ မိန်းမတည်းဟူသော အလိုရမ္မက်ဟူ၍ ရှိပါသည်။ ၎င်းကို ပညာရှိတို့၏ စကားအရ ဝတ္ထုကာမ၊ ကိလေသာကာမဟူ၍ ခေါ်ပါသည်။ ဥစ္စာပစ္စည်း၊ ဆင်၊ မြင်း၊ ကျွဲ၊ နွား၊ လယ်ယာမိုးမြေ၊ ရွှေငွေ၊ ရွှေနန်းစည်းစိမ်စသည်တို့ ၏ အပေါ်၌ အလိုရမ္မက်ကြီးလာသည်ရှိသော် ထိုသူသည် တည်ကြည် ခြင်းမှ ယုတ်လျော့လာ၍ သစ္စာတည်ဖို့ ခဲယဉ်းပါသည်။ ထိုသို့ ဝတ္ထု ပစ္စည်းတို့၌ ရာထူးရာခံစည်းစိမ်၊ ရွှေနန်းစည်းစိမ်တို့၌ကား အလိုရမ္မက် သည် လူတိုင်းလောက်ပင် သည်းခံနိုင်ဖို့ရန် အလွန်ခဲယဉ်းပါသောကြောင့် ရာထူးရာခံ၊ ရွှေနန်းစည်းစိမ်တို့အတွက် သစ္စာတည်ဖို့ရန်သည် တည် သောသူ ရှိတတ်သော်လည်း အလွန်ခဲယဉ်းပါသည်...”

          “အင်း.. ဆိုပါတော့..” “ထိုမိန်းမတို့၏အပေါ်၌ အလိုရမ္မက်သည်ကား သာ၍ ဆိုးပါ

သည်...”

          “အင်း..” “အရှင်မင်းကြီး၏ နန်းတော်၌ မိန်းမတို့၏ အလှထိပ်တင်ဖြစ် သော မိဖုရားကြီးတို့သည်လည်းကောင်း၊ မောင်းမမိဿံ မိဖုရားငယ်တို့နှင့် ကိုယ်လုပ်မောင်းမတို့သည် လည်းကောင်း ရှိကုန်၏။ ထို မတည်းဟူသော၊ (ဝါ) နတ်သမီးတမျှ အဆင်းရှိ၍ ခါးသေးရင်ချီ၊ ကိုယ်လက်အင်္ဂါ မှစ၍ မိန်းမဥက္ကဋ္ဌပီလှသော မိန်းမရတနာတို့၌ အလိုရမ္မက်သာ မရှိရာ သလော၊ အလိုရမ္မက်မည်သည် မိန်းမ၏ အရုပ်အဆင်းအသံ၊ အထိ အတွေ့မှုတို့၌ အကြီးဆုံးဖြစ်ချေသည်။ ထိုအလိုရမ္မက်ထုံလာသည်ရှိ သော် သစ္စာရှိသော သူ အလွန်ရှိခဲလေသည်...” “အင်း ဆိုဦး အစ်ကို...”

          “အရှင်မင်းကြီးသည် အရှင်မင်းကြီးနှင့် အရုပ်အသွင် အဆင်း အင်္ဂါချင်း၊ ခွဲမရအောင် တစ်ထေရာတည်းတူညီသော သူအား မင်းကြီး၏ ကိုယ်စားပြု၍ လွှဲအပ်ခဲ့ပြီးလျှင် ရုပ်ဖျောက်၍လာခဲ့လေသည်။ ထိုသူ ပုရောဟိတ်သားကား မင်းကြီးပြု၍နေခဲ့သည်။ မိဖုရားကြီးလေးပါး၊ မိဖုရားငယ်များ၊ မောင်းမများတို့သည် ထိုပုရောဟိတ်သားကို မင်းကြီး ဟူ၍ အမှတ်ရှိလေတော့မည်”

          “အင်း...”

          “ထိုသို့အမှတ်ရှိခြင်းဖြင့် မိဖုရားတို့သည် ဆွဲတော့မည်။ ငင်တော့ မည်။ အရုပ်အဆင်းအားဖြင့် မိန်းမတို့၏ သဘာဝအရ မြူတော့မည်။ ထိုသူသည် အသို့လျှင် မပါရှိပါတော့အံ့နည်း။ ထိုသူသည် ပါရုံနှင့်မျှ မက ထိုမိန်းမမြတ်ရတနာတို့၌ စွဲလမ်းတပ်မက်ကာရှိနေပြီဖြစ်ခြင်းကြောင့် ဘုရင်မင်းမြတ်ဆိုသော ရွှေနန်းစည်းစိမ်သခင် အရှင်အဖြစ်ကို အသို့လျှင် မတပ်မက်မူ၍ သစ္စာတည်ပါတော့အံ့နည်း”

          ဘုရင်မင်းမြတ်သည်ကား ယာစောင့်သမား တောတွင်းသား၏စကားကိုကြားရသည်ရှိသော် ကျက်သရေရှိ၍ တည်ကြည်သောမင်း မျက်နှာတော်သည် ပါးပြင်းထောင်လျက်နေသည့် မြွေငန်းသည် ဆေးဒန်းခဲကို တွေ့ဘိသည်ကဲ့သို့ ချက်ချင်း ပေါ့သန်းကာသွားလေပြီ။ မင်း၏ ဣနြေတော်သည် ပျက်လေတော့ပြီ။ယာစောင့်သမားကား မင်းကြီး၏ ဣနြေတော်ကို မြင်ရလတ်သော် ဤသို့လျှင်စကားဆက်၍ဆိုပြန်၏။

          “အရှင်မင်းကြီး၊ လူတစ်ယောက်သည် အမှုတစ်ခုကို မပြုလုပ်မီ စဉ်းစားဆင်ခြင်ထောက်လှမ်းရာ၏။ အမှုကိုလုပ်ပြီးနောက်မှ နောင်တ နှလုံးမငြိမ်လျက် မသက်မသာမရှိရာ မနေ့ကသည် မနေ့ကဖြစ်၍ နက်ဖြန်မည်ကဲ့သို့ဟု ယနေ့ ၏ ပြင်ဆင်မှုသည်သာလျှင် လူတို့၏ အောင်မြင်နိုင်ရာ လမ်းကြောင်းပေတည်း။”

          သောက္ကတဲဘုရင်အောင်နိုင်မင်းကြီးသည် ထိုကဲ့သို့ ယာခင်းစောင့် ၏ စကားကြောင့် တုန်လှုပ်ခြင်းဖြစ်လာသဖြင့် ချက်ချင်းပင် ယာသမား ကို နှုတ်ဆက်ပြီးသော် ရသေ့၏ ကျောင်းသို့ပြန်လာခဲ့လေ၏။

          မင်းကြီးအောင်နိုင်သည်ကား ရသေ့၏ ကျောင်း၌ ရသေ့ကို မတွေ့ရ၊ ရသေ့ကား သစ်သီးအလို့ငှာ တောသို့ ဝင်ဟန်ရှိ၏။ ဤရသေ့ ၏ သာယာတင့်တယ်သလောက် ငါ၌ကား မသာယာ၊ မသာယာသော ငါ၌ အဘယ်မည်သော တင့်တယ်ခြင်းသည် ရှိအံ့နည်း။ ရသေ့သည်ကြောင့်ကြစိုးရိမ်ဖွယ်မရှိ။ သင်္ခမ်းကို မပိတ်ဘဲ တောတွင်းသို့ဝင်ကာ လှည့်လည်ဘိ၏။ ရသေ့ကား အေးချမ်းလေစွဟု မင်းကြီးသည်

          အောက်မေ့သော်လည်း ဝတ္ထုကာမ၊ ကိလေသာကာမတို့၏ နှောင်ဖွဲ့ ဆွဲငင်နေခြင်းကြောင့် ပိတ်မှောင်လျက် မြင်းကိုပြင်ပြီးသော် ပြည်တော် သို့ ပြန်လေ၏။

          မင်းကြီးသည် နေလုံးပျောက်လတ်သော် ပြည်တော်သို့ ဆိုက်ရောက်ရာ မြို့တံခါးသည် ပိတ်ထားပြီဖြစ်၏။ မင်းကြီးလည်း ဤသို့ ဆို၏။

          “ဟို တံခါးမှူး၊ တံခါးကိုဖွင့်” “ဘယ်ကအကောင်လဲ၊ သေချင်ပလား”

          “ငါ သောက္ကတဲဘုရင် မင်းကြီးအောင်နိုင်၊ တံခါးကိုဖွင့် အမြန် ဖွင့်” ။

          “ကြည့်စမ်း ခွေးမသား၊ စော်စော်ကားကား၊ သေချင်ပြီထင်တယ်၊ ဘယ်ကမင်းကြီးအောင်နိုင်ရမှာလဲ ဘုရင်မင်းမြတ် ဘယ်ကိုထွက်တော် မူပြီး၊ ဘယ်က ပြန်လာရသလဲ၊ လမိုင်းသားများ”

          “ရှိပါဘုရား၊ ရှိပါဘုရား” မင်းကြီးကား ဤသို့ ကြံဆတော်မူလေပြီ။

          ငါကား လျှို့ဝှက်၍ တိတ်တဆိတ်ထွက်သွားမိခဲ့ပြီ။ ငါ့ကို မင်းကြီး ဟု ပြောသော် မယုံတန်ရာ။ ဤသို့ မင်းကြီးဟုပြောတိုင်း တံခါးကို ဖွင့်ပေးချေသော် ငါ၏နိုင်ငံတော်သည် အမြန်ပျက်စီးပေလတ္တံ့ လမိုင်း သားများကား ငါ့အား လူဆိုး၊ လူဟော့ရမ်း၊ ရန်သူအမှတ်ဖြင့် ပြုတန်ရာ ၏။

          ထိုသို့ကြံဆပြီးသော် မင်းကြီးသည် မြို့တံခါးမှဖယ်၍ ကျုံးအနီး တစ်ခုသော ဇရပ်တွင် သွားရောက်ကာ ညနေရလေတော့၏။

          လမိုင်းသားများလည်း... မလွယ်ဖြင့်ချောင်းမြောင်းကြည့်မိလေ ရာ မြင်းတစ်စီးသည် တုံ့ပြန်သွားခြင်းကို တွေ့မြင်ရသောကြောင့် တံခါးမှူးနှင့်သော၊ တံခါးစောင့်တို့သည် ထိုနေ့ည၌ သတိပြုကာနေကြ ကုန်၏။

          မင်းကြီးသည်ကား ဇရပ်၌ တိတ်ဆိတ်စွာ ညဉ့်ဦးယံ၌ ရုတ်တရက် အိပ်မပျော်နိုင်ဘဲ ဤသို့လျှင် စိတ်ကစားမိနေလေ၏။