စစ်ကိုင်းဦးဘိုးသင်း - ပုဂံခေတ်အရည်းမာယာ
အခန်း (၁)
ကျွန်ုပ်တို့သည် ရာဇဝင်စကားအားဖြင့် လည်းကောင်း၊ ပါးစပ် ရာဇဝင် စကားအားဖြင့် လည်းကောင်း၊ အရည်းကြီးများကို ရှုတ်ချဖွယ် ရာသာ ဖြစ်၍ အကောင်းပြောဆို အမွှမ်းတင်သူများတို့ကား မရှိသည် လောက်ပင် ဖြစ်ချေသည်။
မည်သူသည် မည်သို့ သောသူသည် အရည်းကြီးများကို အကောင်းပြောဆို အမွှမ်းတင်ဂုံမည်နည်း။ အရည်းကြီးများ၏ အကြောင်း ကို ပြောဆိုရေးသားကြရာ၌ ပုဂံပြည် အရည်းများကိုသာ ယိုးမယ်ဖွဲ့၍ ရေးသားပြောဆိုခဲ့ကြသည်။ ဧရာဝတီမြစ်မကြီး၏ အနောက်ဘက်၊ သုနာပရန္တတိုင်းမှာကော ထိုခေတ်က ရဟန်းကောင်း ရဟန်းမွန်များ ထွန်းကားနေသလား။ လူများ၏ ကိုးကွယ်ရာသည် အရည်းကြီးများပင် လောဟု အဘယ်ကြောင့် မစဉ်းစားဘဲ နေသင့်ပါသနည်း။
စဉ်းစားခြင်းဖြင့် အပိုအလုပ်ကို လုပ်သည်ဟု ဆိုလိုခဲ့သော် ရာဇဝင်ပညာကို လိုက်စားခြင်းအတွက်ကိုကော ထိုသို့ မဆိုသင့်ရာ သလော။
ရာဇဝင်ပညာကို ကျမ်းကြီးတစ်စောင်ကဲ့သို့ အမှတ်အသား ပြုကာ ပေါ်ထွက်လာနိုင်သည်မှာ စိတ်ကူးနှင့်ကြံဖန်၍ ဖြစ်စေသလော။
သို့တည်းမဟုတ် တစ်ဆင့်စကား တစ်ဆင့်နားအားဖြင့် ကြားဖူးနားဝ အရ ပေါ်ထွက်စေနိုင်သလော။
တစ်စုံတစ်ခုသော အမှတ်အသားအရ ရာဇဝင်ပညာကိုပေါ် ထွက်လာစေသည်ဟု အယူရှိခဲ့သော်၊ ထိုမှတ်သားသောသူတို့သည် မည်သူတို့ပေနည်း။ ပုဂံပြည် အနော်ရထာမင်းစောလက်ထက် ဗုဒ္ဓ ဘာသာသစ်မရောက်လာမီ စာပေပညာတတ်အဖြစ်နှင့် အိမ်ထောင်သား များ၏ အပေါ်၌ ဝင့်ကျယ်နေသူများမှာ အရည်းကြီးများသာ ပုဂံနေပြည်တော်၌ ဖြစ်နေသည်ကို ငြင်းကွက်ထုတ်ဖို့ တော်တော်ပင် ခဲယဉ်းပေလိမ့် မည်။
ထို့ကြောင့် ပုဂံပြည် အနော်ရထာမင်းလက်ထက်တော် မတိုင်မီ စာပေကျမ်းဂန် စသည်တို့သည် အရည်းများ၏ လက်တွင်း၌ များစွာ ရှိရမည်ကို ယုံမှားဖွယ်မရှိပေ။
ပါးစပ်ရာဇဝင်စကားအရ အနော်ရထာမင်းကြီးသည် အရည်း များကို လူတစ်စုက သုတ်သင်ပစ်သည်ဟူ၍လည်းကောင်း၊ အရည်းများ ၏ စာပေကျမ်းဂန် အတတ်ပညာများတို့ကိုလည်း ပယ်ဖျက်ပစ်သည် ဟူ၍ လည်းကောင်း အစဉ်စကားအားဖြင့် သိမှတ်ရခြင်း များစွာသော ပညာရှိများက ပြောဆိုခြင်းတို့ အစဉ်ရှိခဲ့သော်လည်း မှန်နန်းရာဇဝင်၊ ဦးကုလား ရာဇဝင်တို့၌ကား အတိအလင်းမပါချေ။
ကျွန်ုပ်သည်ကား အရည်းများ၏ စာပေကျမ်းဂန်များကို အကြွင်းမဲ့ ဖြစ်အောင် အနော်ရထာမင်းကြီးသည် သုတ်သင်ရှင်းလင်းခဲ့သည်ဟု အစဉ်အဆက် စကားအရ မှတ်ခဲ့ရသည်။ ယုတ္တိလည်း ရှိတန်ပေသည်။
ထိုသို့သောသဘောအရ အနော်ရထာမင်းကြီး၏အဖြစ်အပျက် တိုင် ရာဇဝင်ပညာသည် အရည်းတို့၏ စာပေအမှတ်အသားများမှ ကြွင်းကျန်ခဲ့သောသဘောများသာ ဖြစ်တန်ရာပေသည်။ ထို့ကြောင့်အချို့ အကြောင်းများသည် ဒဏ္ဍာရီဆန်တန်တန်ပင် ဖြစ်နေပေသည်။
အနော်ရထာမင်း၏ နောက်ပိုင်းရာဇဝင် အကြောင်းများမှာလည်း အရင် အရည်းများလက်ထက်ကလောက် မဟုတ်စေကာမူ အရိပ်အငွေ့ မကင်းသော သမိုင်းစကားရာဇဝင်စကားတို့သည် ရှိသည် မရှိသည်ကို တည်းဖြတ်သင့်ပေသေးသည်။
စင်စစ် စာပေနှင့်တင်သော အကြောင်းတို့သည် သာသနာရေးမှ အပပင်ထားတော့၊ ခေတ်၏ သဘောအရဟုဆိုသော် မှားမည်လား။ ခေတ်သည်ကား အများအားဖြင့် စာပေသင်ကြားခြင်းအပေါ်မှာ တည်နေ ပေသည်။
အနော်ရထာမင်း၏ နောက်ပိုင်း စာပေကျမ်းဂန်နှင့်စသည် များမှာ မာဂဓဘာသာစကားရပ်များ များစွာနှင့် ရောနှောကာ ရှိနေလေ တော့ပြီ။ မဇ္ဈိမမှ အရိပ်အငွေ့ သည်လည်း မကင်းပေ။
ပုဂါရာမပြည်ကြီးကို တည်ထောင်မိသောအခါ သမုဒ္ဒရာဇ် မင်းကြီးသည် ဉာဏ်ကြီး၍ အမြော်အမြင်ရှိသောမင်း ဖြစ်သည့်အတိုင်း တက္ကသိုလ်ကျောင်းတော်ကြီးကို တည်ထောင်ရန် ကြံရွယ်သော်လည်း အရည်းများ၏သြဇာကို မလွန်နိုင်သောကြောင့် အထမမြောက်ခဲ့ပေ။
အရည်းများမှာ ရွှေငွေဖြစ်ခြင်း၊ ပဉ္စလက်အတတ်၊ မှော်အတတ် တို့၌ များစွာတတ်ကျွမ်းခြင်းတို့ ရှိကြသဖြင့် လူထုကို ကောင်းစွာ လှည့်စား နိုင်သည့်အတိုင်း အရည်းတို့သည် များစွာ ဩဇာကြီးမားနေလေသည်။
ထို့နောက် ဆက်ခံသော ဘုရင်မင်းမြတ်တို့သည်လည်းများ သော အားဖြင့် အတတ်ပညာ၊ ဉာဏ်တို့၌ မခေပေ။ အတတ်ပညာဉာဏ် ရှိ၍ ဉာဏ်ကြီးသောမှူးမတ်များ၊ ပုရောဟိတ်များလည်းရှိကြသဖြင့် အရည်းတို့သည် အထက် အဆိုပါအတတ်ပညာတို့အားဖြင့် လူထု၏ အပေါ်၌ သြဇာကြီးစေကာမူ ဘုရင်မင်းမြတ်များသည် အတတ်ပညာကြွယ်ဝခိုင်ခံ့သူများသာ များသဖြင့် တိုင်းပြည်နိုင်ငံကို မလွှမ်းမိုးနိုင်ပေ။
ထိုကဲ့သို့ ဘုရင်မင်းမြတ်နှင့် မှူးမတ်များ၊ ပုရောဟိတ်စသည် တို့မှာ အတတ်ပညာ ကြွယ်ဝကုံလုံသော်လည်း ထိုအတတ်ပညာများကို တည်တံ့အောင် ကျောင်းဖွဲ့ ၍သင်ကြားပေးခြင်း မရှိသဖြင့် အတတ်ပညာ တို့သည် တဖြည်းဖြည်း ခန်းလာလေသည်။ ထိုသို့ ခန်းသည်နှင့် အညီ အရည်းများ၏ဝါဒမှာ တက်လာလေသည်။
သမထီးအရပ် တမ္ပဝတီပြည်ကြီး၌ သေည်လည်ကြောင်မင်း နတ်ရွာပြောင်းသွားသောအခါ ညီတော် သည်လည်ပိုက်ငယ်မင်း နန်း တက်လေသည်။ ထိုအခါ သေည်လည်ပိုက်မင်းမှာ အသက်တော် နှစ်ဆယ် မျှသာ ရှိနေသေးရာတွင် အတတ်ပညာမှာလည်း မစုံလင် မကုံငသေးဟန် ရှိချေသည်။ သည်လည်ပိုက်မင်း၏ မရီးတော် စောသုမာမှာလည်း အရည်းများ၏ ဝါဒညစ်ဆိုးအကျင့်မျိုးကို မကြိုက်မနှစ်သက်သော်လည်း အတတ်ပညာကား အရည်းများနှင့် တုပြိုင်နိုင်ရန် မရှိပေ။
နန္ဒာဘိဝံသ အရည်းဆရာတော်နှင့် သုမင်္ဂလာဘိဝံသဆရာတော် နှစ်ပါးသည်ကား ခင်ကြီးမဟာမြိုင်ကို မြိုင်ကြီးဟူ၍ သမုတ်ပြီးသော် စံနေကြလေ၏။ ၎င်းတို့သည် သေည်လည်ပိုက်မင်းငယ်ကား အတတ် ပညာ နုန့်သေးသည်ဟုထင်၍ များစွာ ပမာဏမထားကြချေ။ သို့ရာတွင် သေည်လည်ပိုက်မင်းငယ်ကို မိမိတို့၏ မဟာမြိုင် အတုမဲ့ ကျောင်းတော် ကြီးသို့ ပင့်ချီ၍ လိုက်လျောသမှုပြုယောင်နှင့် ဖြားယောင်းပြီးလျှင် ဘုရင်သည်လည်ပိုက်ကို ညွှတ်ဟန်ပြုကြလေ၏။ ။
သေည်လည်ပိုက်ကား ငယ်သေးသဖြင့် နှလုံးရည် မလုံလောက် ဟန်ရှိသည့်အတိုင်း၊ မရီးတော် စောသုမာက အရည်းများ၏ သဘောနှင့် မရောရန် အမြဲလောက်ပင် သတိပေးခြင်းကို ပြုရလေ၏။ သို့လင့်ကစား အရည်းများ၏ ခြေလက်များကို နန်းတော်သို့အဝင်ခံလေ၏။
နန္ဒာဘိဝံသနှင့် သုမင်္ဂလာဘိဝံသအရည်းဆရာတော်နှစ်ပါးသည် တစ်ခုသော ရွှေဂူ၌ ခြင်္သေ့ကြီးနှစ်စီး အောင်းဘိသကဲ့သို့ ရှိလေ ရကား တန်ခိုးနှင့်သြဇာအာဏာကို မြိုင်ကြီး အတုလကျောင်းတော် ကြီးမှာနေ ကြပြီးသော် စိတ်တွင်းမှ ကောက်ကျစ်ဉာဏ်နှင့်ပြိုင်ကာ ရှိကြလေသည်။
ထိုသို့သော သဘောများကြောင့် နန္ဒာဘိဝံသ၏ တပည့်တပန်း များနှင့် နောက်လိုက် ဒကာ ဒကာမများ၊ သုမင်္ဂလာဘိဝံသ၏တပည့် တပန်း နောက်လိုက် ဒကာ ဒကာမများဟု ကျိတ်ကာ ပြိုင်၍နေသကဲ့သို့ ရှိကြလေ၏။
ထိုအခါ နန္ဒာဘိဝံသကား အကြံဉာဏ်ကြီးသော အရည်း အလိမ္မာ စကားတတ်ဖြစ်သည့်အတိုင်း ဤသို့အကြံဉာဏ်သည်ဝင်လာ လေ၏။
ယခုအခါ၌ စောသုမာသည် လင်မဲ့နေ၏။ အရေအရောင်တို့ကား တိုး၍တောက်ပြောင် ထွန်းပသကဲ့သို့ ရှိနေ၏။ ထို့အပြင် စောသုမာသည် ဘုရင့်အပေါ်၌ အတော် သြဇာညောင်းနေသည်။ စောသုမာသည် မိမိ၏ ဘက်သို့ ပါလာသည်ရှိသော် တန်ခိုးအာဏာကြီး၍ အရည်းဂိုဏ်းကြီး၏ သာသနာပိုင် ဖြစ်ရပေသတတ်။
နန္ဒာဘိဝံသနှင့် သုမင်္ဂလာဘိဝံသတို့ကား တစ်ဦးနှင့်တစ်ဦး သဘောထားကြီးယောင်ကဲ့သို့ စည်းကမ်းရှိစတမ်းဟု သဘောညီကြ ပြီးလျှင် နန္ဒာဘိဝံသ၏ ဒကာ ဒကာမများက ကျောင်းလွှတ်ပူဇော်မှုကို သုမင်္ဂလာဘိဝံသက မခံ၊ ထိုနည်းလည်းကောင်း သုမင်္ဂလာဘိဝံသ၏ ဒကာ ဒကာမများက ကျောင်းလွှတ်ပူဇော်ပွဲကို နန္ဒာဘိဝံသက မခံမယူချေ။ ထို့ကြောင့်ပင် ၎င်းတို့၏ ဒကာ ဒကာမများသည် ကျိတ်၍ကွဲနေသလို ဖြစ်ချေတော့သည်။
နန္ဒာဘိဝံသသည် တစ်နေ့သော် စောသုမာထံသို့ ၎င်း၏အရည်းငယ်တစ်ပါးအားလွှတ်၍ ဤသို့သောပေကို ပို့စေလေ၏။
စောသုမာ။ စောသုမာသည် အလျင်က အရည်းတို့၏ မာတု ကာမကလေး သူတော်သူမြတ်ဖြစ်ခဲ့သဖြင့် ပစ္စက္ခတွင် ချက်ချင်းလက်ငင်း အကျိုးပေးခြင်းကြောင့် မဟေသီ မိဖုရားခေါင်ကြီး ဖြစ်ခဲ့ရ သည်။ ၎င်းကို မမေ့သင့်၊ ယခုလည်း စောသုမာသည် ဘုရင်မတစ်ဆူကဲ့သို့ ဘုန်းတန်ခိုး ကြီးမား၍ ထင်ရှားသင့်သည်ထက် ထင်ရှားစေရန် ဒကာမမြတ်၏ အတွင်းဒါနမှုကို မမေ့သင့်ကြောင်း။
စောသုမာသည် ထိုပေကိုဖတ်ကြည့်မိရာ ပြင်းထန်စွာ ဒေါသ ထွက်၍ သည်အရည်းညစ်ကို သွားရောက်ဖမ်းဆီးကာ သုတ်သင်ပစ်မည် ဟု ရုတ်ခြည်းအကြံပေါ်လာ၍ ထားဝယ်ဗိုလ်ကို ခေါ်တော့မည်ဟုကြံမိ၏။
ထို့နောက် စောသုမာသည် ဆင်ခြင်တုံတရားကိုဝင်၍ ငါ ဤသို့ ပြုသော် အရည်းများနှင့် စစ်ကစားတော့မည်ဟု ကြေညာရာရောက်တော့ ပေအံ့။ ထိုအခါ တိုင်းပြည်ကြီးမှာ ပြည်တွင်းစစ်ကြီး ဖြစ်ရပြီးသော် ကသိကအောက်နှင့် အတွင်းနာ နာရပေလတ္တံ့ဟု အောက်မေ့ပြီးလျှင် တမန်သဖွယ် လာရောက်လာသော အရည်းငယ်အား နောက်တစ်နေ့ ဤအချိန်တွင် လာခဲ့ပါဦးဟု မှာထားပြီးသော် ပြန်လွှတ်လိုက်လေ၏။
အရည်းငယ်သည်လည်း ၎င်း၏ဆရာတော် နန္ဒာဘိဝံသထံ၌ စောသုမာ မှာထားလိုက်သောစကားကို ပြန်ကြားကာ လျှောက်ထား လိုက်လေ၏။
နန္ဒာဘိဝံသကား ငါ့အကြံ အောင်ရပေတော့မည်ဟု အလွန့် အလွန်ဝမ်းသာလျက် နောက်တစ်နေ့တွင် များစွာသော လက်ဆောင်ကောင်းများနှင့် စောသုမာထံ လျှို့ဝှက်ကာ မနေ့က အရည်းငယ်ကို လွှတ်ပြန်လေ၏။
စောသုမာသည်ကား နန္ဒာဘိဝံသထံက လက်ဆောင်များကိုသိမ်းပြီးသော် အောက်ပါအတိုင်း ပေတွင်ရေး၍ ပြန်ကြားလိုက်လေ၏။
နန္ဒာဘိဝံသအရည်း စောသုမာကား သိသည်၊ နားလည်သည်။ စောသုမာအား အထူးတရားပြရန်မလို။ နန္ဒာဘိဝံသနှင့် သုမင်္ဂလာဘိဝံသ တို့သည် တစ်ခုသောရွှေဂူ၌ ခြင်္သေ့ကြီးနှစ်စီးအောင်းသကဲ့သို့ ဖြစ်နေသော ကြောင့် သုမာသည် ဘယ်အရည်း၏ဘက်သို့ မျက်နှာကြီးရပါမလဲ။
အရည်းငယ်ကား ထိုပေကိုယူ၍ ပြန်လေ၏။ စောသုမာကား နန္ဒာဘိဝံသထံမှ လက်ဆောင်များကို မစင်တွင်းသို့ ချပစ်စေလေ၏။
နန္ဒာဘိဝံသသည် စောသုမာထံမှ ပေကိုရလတ်သော် ငါ့ အကြံ အောင်ရတော့မည်ဟု သူဌေးတစ်ယောက်၏ ဥယျာဉ်အတွင်း၌ ခင်ကြီး မြိုင်ဟု သမုတ်ပြီးလျှင် ခမ်းနားသော ကျောင်းကြီးတစ်ဆောင်ကို ဆောက် ပြီးသော် ထိုကျောင်း၌ ထွက်ရပ်လမ်းကို စီရင်အံ့သောငှာဟု အကြောင်းပြ ကာ ခင်ကြီးမြိုင်ကျောင်း၌ ရွှေ့ပြောင်းကာစံနေလေ၏။
နန္ဒာဘိဝံသသည် ခင်ကြီးမြိုင်ကျောင်းကြီး၌ ခုနစ်ရက်ခန့် စံပြီး နောက် တစ်ဖန် အရည်းငယ်တစ်ပါးကို စောသုမာထံသို့ အောက်ပါ အတိုင်း ပေနှင့်လွှတ်ပြန်လေ၏။
မာတုကာမကြီး ဘရဏီ စောသုမာ ... ကျွန်ုပ်သည် ခင်ကြီး မြိုင်ကျောင်းကြီး၌ တစ်ပါးတည်း စံနေမိပြီ။ စောသုမာ၏ မြင့်မြတ်သောဒါနမှုဖြင့် စောသုမာ၏ အခါမလင့် ရအပ်သောကောင်းမှုအကျိုး ကုသိုလ်ထူးကို ယူပါလော့။
စောသုမာသည် ထိုပေကိုဖတ်ပြီးနောက် ဤသို့သောပေကို ပြန်လိုက်လေ၏။