Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

စစ်ကိုင်းဦးဘိုးသင်း - ပင်လယ်ပျော်သီသီ

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out

          ဗြိတိသျှအစိုးရမင်းသည် မြန်မာပြည်အထက်ပိုင်းကို လက်နက် နိုင်ငံတော်ပြုလုပ်ပြီးသောအခါ အုပ်ချုပ်စီမံရေး၌ အထောက်အပံ့ ရစိမ့် သေ ငှာတိုင်းရင်းသားဘာသာ စာသင်ကျောင်းတို့ကို တိုက်တွန်းနှိုးဆော်၍ တည်ထောင်လေ၏။ ထိုကဲ့သို့ စာပေသင်ကြားရန် စာသင်ကျောင်း တည်ထောင်ရေးကိစ္စ၌ ရဟန်းတော်များသည် အရေးပါပါ ဆောင်ရွက်နိုင် ကြသောကြောင့် ရဟန်းတော်များ ကျောင်းကို အထူးအားပေးအရေးယူ သည်အတိုင်း စစ်ကိုင်းမြို့၌ ရွှေတောင်ဦးမော်ကျောင်း၊ ဦးသီလာစာရ ကိုယ်တော်သည် သတ္တမတန်းကျောင်းအုပ်ကိုယ်တော်အဖြစ်နှင့် များစွာ ထင်ရှားလာလေ၏။ ထိုကိုယ်တော်ကြီး၏ တပည့်တို့မှာလည်း စာရေး၊ မြို့အုပ် အစရှိသော အရာရှိကြီးငယ်တို့ များစွာဖြစ်ကြလေ၍ စစ်ကိုင်း စီရင်စု၌ အထူးစည်ကားသော ကျောင်းကြီးတစ်ကျောင်းဖြစ်သည့်အတိုင်း အစိုးရမင်း၏ ဂုဏ်ထူးဆောင်လက်မှတ်နှင့် ပိုးသင်္ကန်းလှူဒါန်းခြင်းကို ဦးသီလာစာရကိုယ်တော်သည် ခံယူရရှိလေ၏။ ထိုကျောင်းကြီး အဆက် သည်လည်း မပျက်မစီးဘဲ ယခုတိုင်အောင်ပင် ဦးတိုး၏ အထက်တန်း ကျောင်းအဖြစ်နှင့် တည်မြဲနေလေသည်။ ။

          ဦးသီလာစာရကိုယ်တော်မှာ အတ္တဟိတကိုထက် ပရဟိတကို များစွာလိုလားတော်မူ၍ ဝေးနီးမြို့ရွာ၊ ရပ်ကွက်တို့မှ မိဘမဲ့ကလေးလူငယ်တို့၏ ကိုးကွယ်ရာလည်းဖြစ်၍ နှစ်စဉ် ကျောင်းသား ၅ဝ ခန့်ထက်မနည်း စရိတ်စကခံလျက်လည်း စာပေပညာသင်ပေးခြင်းကို ပြုတော်မူလေ၏။ ထိုကဲ့သို့သော ဦးသီလာစာရ၏ မိဘမဲ့တပည့်တို့အနက် မိဘမရှိ၊ ဉာတိဟူ၍လည်း ထင်ထင်ရှားရှားမရှိသော မောင်တုန်းတာနှင့် မောင် နံပိန် ဆိုသော ကျောင်းသားကလေးနှစ်ယောက်သည် ဤဝတ္ထု၏ အစ ပင် ဖြစ်ပေတော့သည်။

          မောင်တုန်းတာနှင့် မောင်နံပိန်မှာ ဦးသီလာစာရကိုယ်တော်၏ အထောက်အပံ့ကိုခံ၍ ထိုကျောင်းတွင် ပညာသင်ကြားလာလေရာ စတုတ္ထတန်း အောင်မြင်ကာလ အသက်အရွယ်မှာ ၁၅ နှစ် ကျော်လွန်ပြီဖြစ် သဖြင့် ရှင်သာမဏေဘောင်သို့ ဝင်ရောက်ကြရလေ၏။ ထိုအခါ မောင် တုန်းတာနှင့် မောင်နံပိန်တို့မှာ ရှင်သာမဏေဘောင်၌ ဆွမ်းသင်္ကန်းတို့မှ စ၍ မလုံလောက်ကြသောကြောင့် လူဝတ်လဲပြီးလျှင် ရွှေတောင်ဦးမော်ကျောင်းမှ ဆရာတော်ဘုရားမသိရလေအောင် တိတ်တဆိတ် ထွက်ခွာ သွားကြလေ၏။

          မောင်နှံပိန်သည် ထိုကဲ့သို့ ကျောင်းမှထွက်ခွာခဲ့၍ မောင်တုန်းတာ နှင့် ခွဲခွာပြီးလျှင် အလုပ်အကိုင်ပေါများသော အောက်အရပ်ဒေသသို့ ထွက်သွားလေရာ မော်လမြိုင်မြို့သို့ တစ်ကိုယ်တည်းကားလာအဖြစ်နှင့် ရောက်သွားရှာလေ၏။ ထိုခေတ်ထိုအခါ၌ မော်လမြိုင်မြို့သည်လည်း စပါးဈေး၊ သစ်ဈေးတို့ အလွန့်အလွန်ကောင်းလေ၍ သူဌေးသူကြွယ် ပေါများသော မြို့ကြီးတစ်မြို့ဖြစ်လေ၏။ မောင်နံပိန်လည်း ထိုမြို့၌ အညာသားတို့၏ ထုံးစံအတိုင်း ရဟန်းတော်ကျောင်းတစ်ကျောင်းတွင် မှီခို၍ အလုပ်အကိုင်ရှာဖွေနေသောအခါ အကြောင်းအားလျော်စွာ သစ် ခေါင်းကြီးတစ်ဦးနှင့် တွေ့လေ၏။ သစ်ခေါင်းကြီးသည်လည်း မောင် နံပိန်၏ ခွန်အားဗလကိုကြည့်၍ လူပုံပန်းကို အကဲခတ်ပြီးလျှင် ရိုးသား ဖြောင့်မတ်ပုံရသည့်အတိုင်း မိမိထံတွင် အလုပ်ကြမ်းကို လုပ်ကိုင်ဆောင်ရွက်ရန် အစေခံတစ်ယောက်အဖြစ်နှင့် ထမင်းကျွေး၍ အဝတ် အစားပေးကာ ထားလေသည်။

          မောင်နံပိန်သည် သစ်ခေါင်းကြီးထံ၌ အလုပ်အကိုင်တို့ကို ခိုကတ်တွက်ချက်ခြင်းမရှိဘဲ ရိုးသားဖြောင့်မတ်စွာ လုပ်ကိုင်ဆောင်ရွက် သောကြောင့် နှစ်လခန့်ကြာရှိသောအခါ သစ်ခေါင်းကြီး၏ ယုံကြည် အားကိုးထားခြင်းကို ခံရပြီးလျှင် သစ်ခေါင်းကြီးနှင့်အတူ တောသို့ အမြဲကဲ့သို့ပင်လျှင် လိုက်ပါသွားရလေ၏။ ထိုအခါ မောင်နံပိန်မှာ တစ်လလျှင် လခငွေငါးကျပ် ရရှိပြီဖြစ်သော်လည်း သစ်ခေါင်းကြီးက ကျွေးသောထမင်းနှင့် မုန့်ပဲသရေစာတို့ကိုလောက်သာစား၍ သစ်ခေါင်း ကြီးကပေးသော အဝတ်မျှကိုသာလျှင် ဝတ်လျက် မိမိ၏လစာငွေကို သစ်ခေါင်းကြီး၏ ထံ၌ပင်လျှင် ပြန်၍အပ်ထားခြင်းကို ပြုလေ၏။ အလုပ်အကိုင်တို့၌မူကား မောင်နံပိန်သည် သစ်,ခေါင်းကြီး ခိုင်းစေတိုင်း ကို တည်ကြည်ဖြောင့်မတ်စွာ လုပ်ကိုင်ဆောင်ရွက်သောကြောင့် သစ် ခေါင်းကြီးသည် မိမိ၏လုပ်ငန်းဆောင်တာတို့၌ တစ်စတစ်စ မျက်နှာလွှဲ လျက် အခွင့်အရေးပေးကာ လုပ်ကိုင်ဆောင်ရွက်စေလေ၏။ တစ်ခါတစ်ရံ မောင်နံပိန်ကိုသာလွှတ်လျက် လုပ်သားများအား ငွေပေးစေခြင်း၊ သစ် များကို ချစေခြင်းတို့အတွက် ခိုင်းစေသဖြင့် မောင်နံပိန်သည် သစ်ခေါင်း ကြီး၏ ကိုယ်စားလှယ်တစ်ဦးဖြစ်နေလေ၏။ ဤနည်းဖြင့် ၁ဝ နှစ်ခန့် ကြာရှိသောအခါ မောင်နံပိန်မှာ လခငွေ ၈၀ ကျပ် ရပြီဖြစ်၍ သစ်ခေါင်း ကြီး၏ ကူညီမစခြင်းဖြင့်လည်းကောင်း၊ သစ်အလုပ်သမားတို့အား အတိုးနည်းနည်းနှင့် ငွေထုတ်ချေးခြင်းဖြင့်လည်းကောင်း ငွေ ၅၀၀၀ ခန့် ချမ်းသာသော လူပျိုတစ်ယောက်ဖြစ်လာလေ၏။ မောင်နံပိန်သည် ထိုကဲ့သို့ ချမ်းသာသော လူပျိုတစ်ယောက်ဖြစ်နေလေသော်လည်းဟော့ရမ်းခြင်း၊ သော့သွမ်းခြင်း၊ ကြော့ကြမ်းခြင်းတို့ ကင်းရှင်းသည့် အတိုင်း အပျော်အပါးကို နားမလည်ဘဲ တရုတ် အစားအသောက်ဆိုင်တို့နှင့်မိတ်ကျွမ်းမဝင်သော လူပျိုတစ်ယောက်ဖြစ်သည့်အပြင် မိမိသခင် သစ် ခေါင်းကြီးထံမှာ နေလျက် ပြုပြင်စီမံခြင်းနှင့် လက်ဝေကိုခံ၍ မိမိ ကြေး ငွေများကို သစ်ခေါင်းကြီးထံမှာပင်လျှင် အပ်နှံထားခြင်းပြုလေ၏။

          သစ်,ခေါင်းကြီးသည် မောင်နံပိန်၏ အစားအသောက် အနေ အထိုင်တို့၏ ကျစ်လျစ်ပုံနှင့် အလုပ်အကိုင် အကြံအစည်တို့၌ ဉာဏ်ရှိ၍ ရိုးသားဖြောင့်မတ်ခြင်း၊ အောက်လက်ငယ်သားတို့ကို ကြင်နာသနားထောက်ထားခြင်း၊ အမျိုးသမီးပျိုတို့အား ကူညီစောင်မ၍ ၎င်းတို့အပေါ်၌ သစ္စာရှိခြင်းအရပ်ရပ်တို့ကို များစွာ သဘောကျ၍ နှစ်ခြိုက်လေ၏။ သို့ ရာတွင် ၎င်းသည် မောင်နံပိန်၏ စွမ်းရည်သတ္တိအရပ်ရပ်နှင့် ယောက်ျားကောင်းတို့၏ အင်္ဂါချင်းရည်များကိုကား သိရှိသေးဟန် လက္ခဏာမရှိသေးပေ။ အခါတစ်ပါး၌ နွေဥတုဖြစ်၍ အလုပ်အကိုင်ပါးချိန်သီဟိုဠ်ကျွန်းသို့ ဒေသန္တရ ဗဟုသုတအလို့ငှာနှင့် ဂေါတမ မြတ်စွာဘုရား သခင်၏ စွယ်တော်ကို ဖူးမြော်ရန်သွားသောအခါ မောင်နှံပိန်လည်း လိုက်ပါသွားရလေ၏။ ထိုအခါမှ မောင်နံပိန်သည် အင်္ဂလိပ်လူမျိုးများနှင့် အခြားနိုင်ငံခြားသားများတို့ကို တွေ့ရသောအခါ အင်္ဂလိပ်စကား ကျကျ နန ပြောတတ်ဆိုတတ်သည်ကို မြင်ရပြန်သဖြင့် သစ်ခေါင်းကြီး ဟဒယဝတ္ထုနှလုံးအိမ်၌ မောင်နံပိန်သည် အမြဲတည်ရှိလျက် စွဲမြဲကာ ထင်ပေါ်နေလေ၏။

          မောင်နံပိန်သည် သီဟိုဠ်ကျွန်း၌ သစ်ခေါင်းကြီးတို့နှင့် လှည့် လည်နေစဉ်အခါ ၎င်းသည်သာလျှင် မဂဓစကား၊ သီဟိုဠ်စကား၊ အင်္ဂလိပ်စကားတို့ ပြောရေးဆိုရေးအတွက် သစ်ခေါင်းကြီးတို့၏ စကား ပြန်ဖြစ်သောကြောင့် သစ်ခေါင်းကြီးသည် မောင်နံပိန်ကို အဘယ့်ကြောင့် ၎င်းစာတို့ကို တတ်မြောက်ပါသနည်းဟု မေးလေရာ မောင်နံပိန်လည်း ကျွန်တော်သည် အချိန်ကို အကျိုးမဲ့အချည်းအနှီးကုန်လွန်ခြင်း မဖြစ်စေပါ။ အချိန်အားလပ်ခွင့်ရတိုင်း သီဟိုဠ်ဘာသာ၊ မဂဓဘာသာတို့ကို လေ့ကျက်၍ အင်္ဂလိပ်စာကိုလည်း နော်မန်ကျောင်းဆရာ မဟာဘီလထံ၌ အလွတ်သင်ယူပါသည်။ ဆရာ မဟာဘီလသည်ကား လူပုံလူဟန် အလွန်သေးသော်လည်း များစွာ သဘောထားကြီးမြင့်သော ပုဂ္ဂိုလ်တစ်ဦး ဖြစ်သည်နှင့်အညီ ပညာဆည်းပူးလိုသော ကျွန်တော့်အား သစ်တန်တွက် မှစ၍ သင်လိုသော ပညာရပ်တို့ကို သင်ပေးပါသည်ဟု မိမိ တိတ်တိတ် ပုန်း ပညာသင်ကြားခံယူသည်တို့ကို ပြန်ပြောင်းကာ ပြောဆိုလေ၏။

          သစ်ခေါင်းကြီးသည် သီဟိုဠ်ကျွန်းမှ မိမိဒေသသို့ ပြန်ရောက်ပြီး နောက် ငါးနှစ်ခန့်ကြာ ရှိသောအခါ မိမိတို့မှာ အသက်အရွယ် အိုမင်း မစွမ်းရှိပြီဖြစ်သဖြင့် ဇနီးဖြစ်သူ ဒေါ်ကွန်မာနှင့် ညှိနှိုင်းတိုင်ပင်ပြီးလျှင် အသက်ကဲ့သို့ ချစ်ခင်၍ တစ်ယောက်တည်းဖြစ်လျက် ဆွေမျိုးဉာတိနည်းသော သမီးအမာကို မောင်နံပိန်နှင့် ထိမ်းမြားလက်ထပ်ထားခဲ့ရန် စီမံ လေ၏။ မောင်နံပိန်လည်း အမာကို နှမကလေးကဲ့သို့ မေတ္တာထားရှိလာသူ ဖြစ်သည့်အတိုင်း သင့်တော်မည်မဟုတ်ကြောင်းနှင့် ငြင်းပယ်လေသော် လည်း သစ်ခေါင်းကြီးမှာ မိမိသမီးကို မောင်နံပိန်နှင့်မှတစ်ပါး မျက်နှာ မလွှဲခဲ့လိုသဖြင့် တရားလမ်းကြောင်းပြ၍ ရိုးသားဖြောင့်မတ် တည်တံ့သူ မောင်နံပိန်ကို အခါခါတိုက်တွန်းလျက်ရှိသည့်ပြင် အမာ မှာလည်း မောင်နံပိန်ကို မေတ္တာထားရှိနှင့်သူ ဖြစ်သောကြောင့် မောင်နံပိန်သည် မိမိဆရာ့စကားကို လိုက်ပါနားထောင်လိုက်ရလေ၏။

          ထိုသို့ သောနည်းဖြင့် မောင်နံပိန်နှင့် အမာကို အိမ်ရာဆောင်နှင်း ပြီးနောက် ကာလမြင့်ရှည်သောအခါ သစ်,ခေါင်းကြီးတို့၏ ဇနီးခင်ပွန်း တို့သည် ဓမ္မတာသဘောတရားကို မလွန်ဆန်သာ၍ ဘဝတစ်ပါးသို့ပြောင်းသွားကြရလေ၏။ မောင်နံပိန်တို့လည်း မိဘလက်ရင်းလက်ငုတ် ဖြစ်သောအလုပ်ကို ဆက်လက်လုပ်ကိုင်လာလေရာ လုံ့လဝီရိယရှိခြင်း၊ ရိုးသားဖြောင့်မတ်တည်ကြည်ခြင်း၊ စေ့စပ်သေချာခြင်းတို့ကြောင့် ကုသိုလ်ကံအကျိုးပေးသည် အခွင့်သာနိုင်သဖြင့် သစ်စက်ပိုင်သူဌေးကြီး အဖြစ်နှင့် ကောင်းစားကြီးမြင့်လာလေ၏။ သူဌေးကြီးဦးနံပိန်နှင့် ဒေါ်အမာတို့မှာလည်း ဘဝက အကျိုးပေးအားလျော်စွာ သမီးတစ်ယောက် သီသီကို ဖွားမြင်ရရှိ၍ အချိန်အရွယ်ရောက်သောအခါ ဦးနံပိန်သည် မိမိသမီးအား မိမိတို့မြို့၌ပင် အင်္ဂလိပ်စာပေကို သင်ကြားပေးပြီးနောက် ၎င်းတို့မြို့၌ အတန်းကုန်သောအခါ သီဟိုဠ်ကျွန်းသို့ပို့၍ ပညာသင်ကြား စေပြန်လေ၏။

          ဦးနံပိန်တို့မှာလည်း နိုင်ငံခြားကုန်သည်ကြီးများနှင့် ဆက်သွယ် စာချုပ်၍ သစ်အလုပ်ကို လုပ်ကိုင်လာလေရာ စီးပွားရေးလုပ်ငန်းသည် အထူးသဖြင့် အပေါက်အလမ်း တည့်နေသဖြင့် တစ်ကျွန်းမှသစ်များကို သယ်ယူရန် ရွက်သင်္ဘောကြီးတစ်စင်းကို တည်ဆောက်ရလေ၏။ ထို အခိုက်အတန့်၌ ကမ္ဘာစစ်ကြီးသည် မဆင်ဘဲနှင့် သည်းထန်စွာရွာသော မိုးကြီးကဲ့သို့ ပြင်းထန်စွာ ကျရောက်ဖြစ်ပွားလာလေ၍ ကမ္ဘာနှင့်အဝန်း စီးပွားရေးအလုပ်အကိုင်သည် ပျက်စီးလာလေသော်လည်း ဦးနံပိန်တို့ မှာကား ... တစ်ဦးနာမှ တစ်ဦးသာသည်ဆိုသော စကားနှင့်အညီ ရှေ့ကထက်တိုး၍ စီးပွားရေးလမ်းကြောင်း အခွင့်သာရန် အကြောင်းရင်း တို့သည် ဤသို့ ဖြစ်ပေါ်လာလေ၏။ ဥရောပတိုက်၌ စစ်ကိုသာလျှင် အထူးသဖြင့် ဝါယမ စိုက်ထုတ်နေရသောကြောင့် အလုပ်အကိုင်အရပ်ရပ် တို့သည် ပျက်စီးနေရာတွင် သစ်လုပ်ငန်းသည်လည်း အကြီးအကျယ် ပျက်စီးလျက် ရှိနေလေ၏။ ထို့ကြောင့် ကုန်စည်များကို ထုပ်ပိုးရန် သစ်ညံ့များကို အင်္ဂလန်ပြည်သို့ ပျဉ်တိုက်၍ အမြောက်အမြားပို့ရလေ၏။ ဥရောပတိုက် အခြားမဟာမိတ်တိုင်းပြည်တို့သို့ လည်း ထိုသစ်ညံ့ ပျဉ် များကို ပို့ရလေ၏။ သီဟိုဠ်ကျွန်း စင်္ကာပူတို့သို့လည်း စက်သင်္ဘောကြီး တို့သည် များစွာ မသွားမလာဝံ့ကြသဖြင့် သင်္ဘောလမ်း ပိတ်လှမတတ် ရှိနေသောကြောင့် ဦးနံပိန်၏ ရွက်သင်္ဘောကြီးသည် ကုန်သင်္ဘောအဖြစ်နှင့် သီဟိုကျွန်း၊ စင်္ကာပူတို့သို့ အခွင့်ကိုကြည့်၍ သွားလာခွင့်ရလေသည် အတိုင်း ရွက်သင်္ဘောတစ်စင်းကိုပင်လျှင် ထပ်မံတည်ဆောက်ရပြန် လေ၏။ ထိုအခါ၌ ဦးနံပိန်တို့မှာ စီးပွားရေးလမ်းသည် အလွန်ဖြောင့်လျက် နေလေသောကြောင့် ဆင်းရဲသည်ဆိုသောစကားနှင့် အလုပ်အကိုင် အကြံအစည်မတည့်ဆိုသော စကားတို့ကို မယုံမကြည် နားမလည်သကဲ့ သို့ပင် အခွင့်သာကာ နေလေသည်။

          ဦးနံပိန်၏သူငယ်ချင်း ဦးတုန်းတာမှာလည်း မန္တလေးတွင် ကြွယ်ဝချမ်းသာနေသဖြင့် ၎င်း၏အကြောင်းကိုလည်း နောင်အခွင့်သင့် သောအခါ သိကြရပေလိမ့်မည်။ ထိုသို့လျှင် အလွန် ပင်ပန်းဆင်းရဲလှစွာ သော သူငယ်ချင်းနှစ်ဦးကို အစချီ၍ ပင်လယ်ပျော်သီသီဝတ္ထုကို အခြေ တည်စိုက်လိုက်ပါသည်။

          သီသီ၏စွမ်းရည်

          သီသီသည် သီဟိုဠ်ကျွန်း၌ တက္ကသိုလ်ပညာများကို သင်ကြား လျက် ရှိရာတွင် ပညာရည်၌ကား အမျိုးသမီးတိုင်းလောက်ပင် ချီးမွမ်း ဖွယ်ရာ တတ်မြောက်သဖြင့် အထူးဖော်ပြရန် လိုလိမ့်မည်မဟုတ်ပေ။ သီသီ၏ ထူးခြားသော အရည်အချင်းတို့မှာကား ထမင်းဟင်း ချက်ပြုတ် ခြင်းအတတ်၊ စားပွဲထိုးအတတ် စသော အိမ်တွင်းမှုစီမံခြင်းအတတ်တို့ကို ကောင်းစွာ ကျွမ်းကျင်တတ်မြောက်သည်ပြင် ဓာတ်ဆီရထား (မော်တော် ကား) မောင်းခြင်းအတတ်ကိုလည်း အထူးပင် ကျင်လည်လျက်ရှိလေ၏။ ထိုမှတစ်ပါးလည်း ပင်လယ်ပြင်သို့ထွက်၍ လှေလှော်ခြင်း၊ လှေခတ်ခြင်း၊ ရွက်ဖွင့်ကာလွှင့်ခြင်း၊ ပင်လယ်ရေချိုး၍ ရေကူးခြင်းအတတ်တို့ကိုလည်း ဝါသနာအလျောက် အထူးသဖြင့် လေ့လာကျွမ်းကျင်လေသောကြောင့် မယ်စင်ရော်ဟူသောဘွဲ့ကို ကျောင်းသားအချင်းချင်းတို့က ချီးမြှင့်ထား ကြလေသည်။