စစ်ကိုင်းဦးဘိုးသင်း - တိုင်းပြည့်၀တ်မှုန်
အခန်း (၁)
သုနာပရန္တတိုင်း၊ တက္ကသိုလ်ပြည်ကြီး၌ မိုးဥတုကုန်အံ့သော ဗြိစ္ဆာ ရာသီ၌ တက္ကသိုလ်ကျောင်းတော်သူ၊ ကျောင်းတော်သားတို့သည် သုံးနှစ် သုံးဝါစေ့မြောက်၍ မိမိတို့နေရပ်သို့ ပြန်ကြရတော့မည်ဖြစ်သဖြင့် စွမ်း ရည်ပြပွဲကြီးကို ပြုလုပ်သောအခါ၌ တစ်ခုခုသော မိမိတို့ အထူးအချွန် တတ်သော အတတ်ဖြင့် ယှဉ်ပြိုင်ပြသကြရန် မင်းသားမင်းသမီးများ၊ သူဌေးသူကြွယ် သားသမီးများ၊ အသည်သားများတို့သည် အားခဲကာ ရှိနေကြ၏။
အသည်သား ငနောက်စံသည်ကား သပြေပင်ရိပ်ကြီးတွင် တစ် ယောက်တည်းထိုင်လျက် “ပညာချင်းပြိုင်ရမှာကိုဖြင့် တစ်မိုးအောက်တွင် တစ်ယောက်ဗိုလ်မထား၊ ငါ့အင်အားကို ပြဝံ့ပါတယ်၊ ဒါပေမဲ့ ငါ အသည်သားဆိုတော့ ထူးမခြားနားတော့ပါဘူးလေ။ အိမ်ပြန်ပြီး တောင် ယာခုတ်ဖို့သာ ရှိပါတော့တယ်” ဟု စဉ်းစားကာနေလေ၏။
မိတ္ထီလာပြည့်ရှင် ဘုရင်မင်းမြတ်၏ သမီးတော် မြနန်းရည်သည် ကား သာမညသော မင်းသမီးမဟုတ်၊ မင်းသမီးငါးဆယ်တွင် ထိပ်တန်းက ပညာအရာ၌ ထင်ပေါ်၏။ အလှအရာ၌လည်း သရဖူဖြစ်၏။ အင်္ဂဝိဇ္ဇာ အရာ၌လည်း မယှဉ်သာဖြစ်၏။ စာပေကျမ်းဂန်၌လည်း ပြိုင် ဘက်ကင်းမဲ့သကဲ့သို့ ဖြစ်၏။
သို့သော် သစ်ဆင်းရာသီ တစ်နေ့သောအချိန်၌ “လောက အဆိုး ဆုံး ဓားပြဗိုလ်ကြီးကား အသူနည်း” ဟူသော ပြဿနာကို တပည့်ခုနစ်ရာ အလယ်၌ ထင်ရှားစေသောအခါ တပည့်များသည် အကြောင်းအကျိုး ညီညီညွတ်ညွတ်နှင့် မဖြေနိုင်ကြသဖြင့် မြနန်းရည်သည် ဆရာကို ရှိခိုး ကာ ဦးတိုက်ပြီးလျှင် တပည့်ခုနစ်ရာအလယ်တွင် ဤသို့လျှင် ရဲရင့်စွာဖြေလေ၏။
“လောက၌ သူခိုးဓားပြတို့ကို လူတို့သည် အရမ်းပဲ မုန်းကြ၏။ ဤကား မှား၏။ အကြင်လောက၌ မိမိကိုယ်ကိုမိမိ ပူလောင်စေသည်။
လောကတွင်း၌ မှီတင်းနေသော သတ္တဝါတို့ကိုလည်း ပူလောင်စေလေ သည်။ အကြောင်းသော်ကား သူတစ်ယောက်သည် စီးပွားကို ဖြစ်ထွန်း စေ၍ ဇိမ်ယစ်သည်နှင့်အမျှ တစ်ပါးသူတို့သည် ဆင်းရဲဒုက္ခ တွေ့ကြရ သည်။ ထိုဇိမ်သမားကို ဆုံးမကဲမြစ်၊ တရားစွဲဆိုဖို့သူ ကင်းမဲ့သကဲ့သို့ ဖြစ်ရ၏။ ထိုဇိမ်သမားကို၊ ထိုဇိမ်သမား၏အပြစ်ကို မည်သူသည် ဆုံးမ ကဲမြစ်နိုင်အံ့နည်း။ ဟော... စဉ်းစားစရာ ပေါ်လာပြီ။ ထိုဇိမ်သမားကို ဆုံးမကဲမြစ်အံ့သောသူသည် သူခိုးနှင့် ဓားပြတည်း။ ထို့ကြောင့် သူခိုးနှင့် ဓားပြကင်း၍ တိုင်းပြည်မြို့ရွာသည် မတည်ချေ။
အကြောင်းသော်ကား ဇိမ်သမားသည် စီးပွားပစ္စည်းကို ပြန့်ပြော စေ၍ သူဌေးသူကြွယ် ပြုလုပ်နေ၏။ သူခိုးနှင့်ဓားပြသည် ဇိမ်သမား၏ ပစ္စည်းကိုယူ၍ တိုင်းပြည်၌ ပျံ့နှံ့စေ၏။ ထိုသို့ ပျံ့နှံ့မှုဖြင့် တိုင်းပြည်မှာ ငွေကြေးရွှင်ပျလာရ၏။ ( ထိုသဘောအရ သူခိုးဓားပြတို့တွင် စည်းကမ်းဥပဒေ ရှိထားရသည်။ ထိုစည်းကမ်းဥပဒေကား ပစ္စည်းရှင်ကို မညှဉ်းဆဲရ၊ ကိုယ်၌ ဝတ်ဆင်ထားသော ပစ္စည်းကို မယူရ။ ပစ္စည်းရှင် ဆင်းရဲသွားအောင် မယူရ။ ရှိပစ္စည်း၏ လေးပုံတစ်ပုံကိုသာ ယူရမည်။ အိမ်ရှင်အမျိုးသမီး များကို မစော်ကားရ။ သက်ကြီးဝါကြီး အိမ်ရှင်များကို မလေးမစားမပြုရ။
ထိုသို့သော စည်းကမ်းဥပဒေကို မလေးစားဘဲ ခိုးဝှက်တိုက်ခိုက် လုယက်သော ဓားပြများသည် ဆိုး၍ ထိုဓားပြများ၏ ဗိုလ်များသည် သာ၍ဆိုး၏။ ထိုဗိုလ်များ၏ ဗိုလ်ချုပ်ကြီးသည်ကား အဆိုးဆုံးတည်း”
ထိုသို့ မြနန်းရည် ဆိုသည်ကို များစွာသော တက္ကသိုလ် ကျောင်းတော်သူ ကျောင်းတော်သားတို့သည် လက်ခုပ်တီးကာ တမာလှဲချီး ပြုကြကုန်၏။
တောတွင်းသား အသည်မျိုး ငနောက်စံကား ထတည့်၍ “မှား သည်” ဟု အော်၏။
တက္ကသိုလ်ဆရာကြီးကား “ဟယ်.. ငနောက်စံ၊ မှားလျှင် အမှန်ကို ဖြေလော့” ဟုဆို၏။
ငနောက်စံလည်း ဆရာကြီးကို ဦးတိုက်၍ ‘မူလဖြေဆိုသော အရှင် က အခွင့်ပြုလျှင် ဖြေပါအံ့” ဟု ဆို၏။
မြနန်းရည်ကား ပြုံး၍ အခွင့်ပြုပါတယ်၊ ဖြေပါရှင်” ဟု ပီပြင်စွာ ပြောလေ၏။
ငနောက်စံ ဖြေပြီ။
“ဤပြဿနာ၌ သူခိုးကိုမမေး၊ ၎င်းနှင့် ဆက်သွယ်ဆက်စပ်၍ လည်း မမေး၊ ဓားပြနှင့်ဆက်စပ်၍ မေးချေသည်။ ဓားပြဟူသော ဝေါဟာ ရကား “ရာပြ” ဟူသော စကားက ဆင်းသက်၍လာပါသည်။ ထို အဓိပ္ပာယ်အနက်ကား ဓားရာကို အပြခိုင်း၍ ခြိမ်းခြောက်မောင်းမဲပြီးသော် လုယူခြင်း၊ တောင်းယူခြင်းပင် ဖြစ်ပါသည်။ ၎င်းက ဆင်းသက်၍ လူစုလူဝေးနှင့် တစ်နည်းအားတုံအားဖြင့် နှစ်ကျိပ်ထက်မများသော လူစုဖြင့် ထင်ထင်ရှားရှား ခြိမ်းခြောက်မောင်းမဲလျက် တောင်းယူခြင်းဖြစ်ပါသည်။ ၎င်းကို ဓားပြဟု ခေါ်ဆိုကြသည်။ ထိုဓားပြတို့မှာ ဗိုလ်ရှိပါသည်။ ထို ဗိုလ်တို့အချုပ်ကို ဗိုလ်ချုပ်ဟု ခေါ်ပါသည်။ သို့ရာတွင် ထိုဗိုလ်၊ ဗိုလ်ချုပ် တို့ကား မင်းဘေးမင်းဒဏ်ကြောင့် လျှို့ဝှက်ကာနေရခြင်းကြောင့် လောက ဝယ် မဆိုးပါ။
ထိုသို့အလားတူ တိုင်းပြည်မှာ တိုင်းသူပြည်သားတို့ မနှစ်သက်ဘဲ၊ တိုင်းသူပြည်သားတို့ သဘောမတူဘဲ အခဝန်တော် အခွန်တော်ဟူ၍ တိုင်းသူပြည်သားများထံမှာ အတင်းတောင်းယူပါသည်။ ထိုတောင်းယူသောသူတို့သည် ဓားပြနှင့် ဓားပြဗိုလ်များ ဖြစ်ပါသည်။ ထိုဗိုလ်တို့၏ အချုပ်သည် ဓားပြဗိုလ်ချုပ်ကြီး ဖြစ်ပါသည်။ ထိုဗိုလ်ချုပ်ကား ရှင်ဘုရင် ဖြစ်တော့သတည်း။
ထို့ကြောင့် တိုင်းသူပြည်သားတို့ သဘောမတူသော အခွန်တော်ကို အာဏာနှင့်တောင်းယူသော ရှင်ဘုရင်သည် ဓားပြဗိုလ်ချုပ်ကြီး ဖြစ်ပါ သတည်း။
သဘာသည် “ဟယ်” ဟူ၍ ဖြစ်လေ၏။
မြနန်းရည်ကား အလွန်သဘောကျ၍ အစ်ကိုဖြေဆိုချက်ကို မြ နန်းရည် သဘောကျပါတယ်။ နန်းရည်ဖြေတာထက် သဘာဝကျပါ တယ်။ နန်းရည်လည်းလေ အစ်ကိုတော် မောင်တော်မရှိတော့ ထီးနန်း အုပ်ချုပ်ရမယ့် ဘုရင်မလောင်းတစ်ဦးပါ။ နန်းရည် ဘုရင်မ ဖြစ်ရင်လေ တိုင်းပြည်သဘောကျ တိုင်းပြည်ကဆက်သတဲ့ အခွန်တော်ကိုယူပြီး တရားမင်းအဖြစ်နှင့် အုပ်ချုပ်ပါ့မယ်၊ အာဏာရှင်မဆိုတာကို သည်အချိန် ကစပြီး စက်ဆုပ်ပါမယ်” ဟု ခုနစ်ရာသော တပည့်တို့၏အလယ်တွင် ရဲရဲတောက် ပြောဆိုလေ၏။ သဘောလည်း ဩဘာအထူးပေးလေ၏။
ထိုသို့တွေ့ကြုံခဲ့သော မြနန်းရည်သည် “ငါသည် တက္ကသိုလ်ပြည် တော်က ပျော်ပျော်ကြီးပြန်ရမည့်အချိန် မည်သို့သောပညာနှင့် လူရည် ပြပွဲသို့ ဝင်ရအံ့နည်း” ဟု တွေးဆကာ သာယာသော ဥတုရာသီ၏ အရသာကိုမြိန်လျက် လမ်းလျှောက်လာရာ သပြေပင်ရိပ်တွင် နောက်ခံ ကိုတွေ့၍ ယဉ်ကျေးစွာ နှုတ်ဆက်ပြီးသော် ဤသို့ ပြောဆိုနေလေ၏။
“အစ်ကို လူရည်ပြပွဲ၌ မည်သို့သောအတတ်ကို ပြပါမည်လဲ”
“ထိပ်ထား၊ ကျေးတော်မျိုး ကျွန်တော်၌ မည်သို့သောအတတ်ကို ပြခြင်းဖြင့် အကျိုးသက်ပါအံ့နည်း”
အလိုလေး... ကျေးတော်မျိုးတွေ လုပ်နေလိုက်တာ”
ဟု တွေးတော၍ အစ်ကိုရယ် ဘယ့်နှယ် အကျိုးမသက်ရောက်ဘဲ ရှိပါမလဲ” ဟု ပြုံးကာဆိုလေ၏။
“ထိပ်ထားတို့တော့...”
“အို... ထိပ်ထားတွေ လုပ်မနေပါနဲ့အစ်ကိုရယ်၊ တက္ကသိုလ်မှာ ထိပ်ထားမရှိပါဘူး။ ကျောင်းတော်သား သူငယ်ချင်းချည်းပါပဲ”
“ဟုတ်ရိုးလား ထိပ်ထား”
“ထိပ်ထားလို့ဆိုတာလေ၊ မိမိကလေးကို သက်သက်နှိမ့်ချတာ၊ ရှေ့တစ်လှမ်းတိုးတော့ စော်ကားရာ၊ ရှေ့တစ်လှမ်းတိုးတော့ နာကြည်းစွာ ဆဲရာ ရောက်နိုင်ပါတယ်။ ထိပ်ထားဆိုတဲ့ စကားကလေးကို မိမိကလေး အား သနားပြီး ရပ်ပါအစ်ကိုရယ်...” ည်
“ဟုတ်ရိုးလား၊ လောက၌ မင်းမျိုးသည် မင်းမျိုးတည်း၊ အသည် သည် အသည်မျိုးတည်း။ သူဌေးသူကြွယ်မျိုးသည် သူဌေးသူကြွယ်မျိုး တည်း စသည်ဖြင့် ရှိတော့သည်။ ၎င်းတို့သည် အမျိုးအားဖြင့် ပဋိသန္ဓေ နေရကတည်းက မတူချေ။ မင်းမျိုးတို့၌ များသောအားဖြင့် လိုချင်ရမ္မက် ဖြင့် ပစ္စည်းရှာလျက် ပဋိသန္ဓေကို မစောင့်ရှောက်၊ ကြောက်ရွံ့ထိတ်လန့်လျက် ပဋိသန္ဓေကို မစောင့်ရှောက်၊ ငါ မင်းတည်း၊ ငါ အစိုးရတည်း ဟူသော သဘောနှင့် ပဋိသန္ဓေကို စောင့်ရှောက်ခြင်းဖြင့် ထိုသည့် သားကို မွေး၏။ ထိုသားသည် ဇာတိအားဖြင့် အသည်သားတို့နှင့် ခြားနားလျက် ရှိ၏။ ထို့ကြောင့် ကျွန်တော်သည် ထိပ်ထားကြောင့် ထိပ်ထားဟု ပီသပါ သည်ကို ရပ်တန့်ရပါမူ တိုင်းသူပြည်သားဂုဏ်၊ တိုင်းကြီးပြည်သားဂုဏ် မှကင်းသော တောတွင်းသားသာလျှင် ဖြစ်ရတော့မည်မှန်၍ တက္ကသိုလ်ကျောင်းတော်၌ အတတ်သင်ရသောဂုဏ်သည် ကျွန်တော်၌ အသို့လျှင် တည်ပါတော့အံ့နည်း”
“အစ်ကို၊ အစ်ကိုစကားသည် ချေငံ၏၊ လေးနက်၏၊ သာယာ နာပျော်ဖွယ်ဖြစ်၏။ သို့သော် မမှန်၊ လောက၌ မင်းမျိုး၊ သူဌေးမျိုး၊ ကုန်သည်လယ်လုပ်မျိုး၊ သူဆင်းရဲမျိုး၊ ပုရောဟိတ်မျိုးတို့ ရှိသည်ကား ဖောက်ပြန်သော သဘောအားဖြင့် မှန်၏။ တည်သော၊ မဖောက်ပြန်သော သဘောအားဖြင့်ကား မှား၏”
ထိုသို့ပြောဆို၍ မြနန်းရည်သည် ငနောက်စံကို ငေးစိုက်ကာ ကြည့်နေ၏။
“ထိပ်ထား”
“ဟော.. ခေါ်ပြန်ပြီ။ နောက်ထပ် ခေါ်ရင်နော်၊ နန်းရည် မခံဘူး၊ အစ်ကို့ကို အပြစ်ဒဏ်ပြုရမှာပဲ” တွင်
“အလို... ဘယ်လိုအပြစ်ဒဏ်...။
“နန်းရည်ဟာ ငိုမှာပဲ၊ မရပ်မနားဘဲ ငိုမှာပဲ။ မိမိတို့၊ နှမတော် မိမိတို့ ၊ နှမကလေးတို့ ခေါ်စရာ အပုံကြီးပါလား အစ်ကိုရယ်”
“မဝံ့လို့ တွန့်ပါတယ်၊ ရွံ့စရာကို မကြားရပါစေနှင့်”