ငြိမ်းကျော် - မြောက်ပြန်လေတွင်တင်သောကမ္မည်း
၁
ခန်းမဆောင်ထဲတွင် သံပြိုင်တေးသည် နိမ့်မြင့်တစ်ပြန်စီ ပဲ့တင်ပြုလျက်ရှိ၏။ ချမ်းမြေ့ဖွယ် နှစ်သစ်ဆုတောင်းသည် သီဆိုသူတို့၏နားသို့ လိုဏ်သံဖြင့် တစ်ဖန် ပြန်လည်စီးဝင်လေ၏။ အသံကို မျှဉ်း၍ချသည့်အခိုက်တွင် ငြိမ်သက်ခြင်းနှင့် ချမ်းမြေ့ ခြင်းတို့ကို ဖြန့်ကြက်ပြီးသားဟု ခံစားသိရှိရလေသည်။ အတန်ကြာသည်အထိ အသက် ရှူသံကိုမျှ မကြားရအောင် တိတ်ဆိတ်နေသည်။ ဆောင်းအအေးနှင့် ဓမ္မတေးတို့ဖြင့် လိမ်းကျံသော အာရုံသည် နှလုံးသည်းပွတ်တွင် အခြေတကျ တစ်ခဏနေ၏။
နှစ်သစ်အရွေ့ အလျား၊ နှစ်သစ်အမူအရာ၊ နှစ်သစ်ဝင်သက် ထွက်သက်တို့၏ အစတွင် ဂယက်ပဲ့တင်သော ခေါင်းလောင်းသံကို ကြားရလေသည်။
သန်းခေါင်ယံ စည်းဝေးပွဲ အခမ်းအနား ပြီးဆုံးသွားလေပြီ။
နှစ်သစ်ကိုကြိုသော ခေါင်းလောင်းသံမှာ အထုအထည် ကြီးမားလှသော်လည်း တက်ကြွရွှင်လန်းဖွယ်ဟု ခံစားရ၏ ။ လေးလံ ထိုင်းမှိုင်းခြင်း ကင်းမဲ့သော၊ ချိုလွင် ပေါ့ပါးသောမဟာခေါင်းလောင်း၏ တုန်ခါမြည်ဟည်းသံသည် ဝေးရာအရပ်များသို့ပင်တစ်သံကို တစ်သံဆင့်ကာ လွင့်နေသည်။ အနက်ဆုံးသော ညဉ့်၏ အမှောင်လွင်ပြင် တွင် ခေါင်းလောင်းသံသည် အတားအဆီးမဲ့စွာ ပြေးနေသည်။
နှုတ်ဆက်သံတွေ၊ စကားသံတွေ၊ ရယ်မောသံတွေကို ခေါင်းလောင်းသံများ အကြားတွင် ကြားရ၏။ အားလုံး၏ မျက်နှာတွင် ဆွတ်ပျံ့ ရွှင်လန်းခြင်း အငွေ့ အသက်များ လွှမ်းနေ၏။ ကလေးတွေ၊ လူငယ် လူရွယ်တွေ၊ လူလတ်ပိုင်းတွေ၊ လူကြီး တွေ၊ အဘိုးအို အဘွားအိုတွေ အားလုံးမှာ နှစ်သစ်နှစ်ဦး၏ ပျိုမျစ်ခြင်းကို ခွဲဝေရယူ ထားကြသကဲ့သို့ ရှိလေသည်။ ကိုယ်စီကိုယ်င ဝတ်ထားကြသော အနွေးထည်တို့၌ အသွေးအရောင် ကွဲပြားလှသော်လည်း စိတ်နှလုံးအေးချမ်းမှုအရာတွင် အတူတူပင် ဖြစ်မည်ထင်၏။
ခန်းမကြီးတစ်ခုလုံးသည် လှုပ်လှုပ်ရှားရှား ဖြစ်လာ၏။ ကုလားထိုင်မှ ထသံ၊ ခြေရွှေ့သံ၊ စကားပြောသံတွေက ပိုမိုပီသ များပြားလာလေသည်။ “မောင် ထလေ အုန်းနို့ခေါက်ဆွဲ သွားစားရအောင်”
နော်ဇာလွင်ကို သူငဲ့စောင်း၍ ကြည့်သည်။ အပြုံးမျက်နှာသည် သူနှင့်နီးလာ၏။ “ကြည်နူးစရာကောင်းတယ်နော် လွင်”
ပန်းနုရောင် ပါးပါးတင်ထားသော နှုတ်ခမ်းကိုကြည့်ရင်း သူပြောသည်။ နော်ဇာ လွင် ခေါင်းညိတ်သည်။ သူ့မျက်လုံးသည် ရှေ့တူရူရှိ ခရစ်တော်၏ရုပ်တုဆီသို့ တစ်ချက် ရောက်သွား၏။ ရှေ့နောက်ဝဲယာ အစိမ်းနုနံရံတို့မှာ မီးရောင်ပြန်ဟပ်နေ၏။ ဖြူဖွေးဖွေး မျက်နှာကြက်မှာ နေ့အလင်းသာသာ။ ဝေ့သွားသော သူ့မျက်လုံးသည် နော်ဇာလွင့်ထံ ပြန်ရောက်၏။ လေသံဖြင့် ပြောသံကို သူကြားရလေ၏။
“လွမ်းစရာလည်း ကောင်းတယ် မောင်ရယ်” “လွင့်မှာ လွမ်းစရာရှိလို့ပေါ့”
နော်ဇာလွင် မဖြေ။ ပို၍နှစ်သက်ဖွယ် အပြုံးကိုသာ သူမြင်လေ၏။ “ခေါင်းလောင်းသံက ချစ်စရာကောင်းတယ်နော် မောင်” ။
နော်ဇာလွင့်လက်ဖဝါးကို သူတစ်ပါးမမြင်သာအောင် ဝှက်၍ ဖျစ်လိုက်၏။ ညဦးကနှယ် မအေးစက်တော့။ သူ့လက်ချောင်းတွေကို ပြန်လည်ဆုပ်ကိုင်ထားသည်။
“ခေါင်းလောင်းသံတွင်ပဲလား လွင်” သံလွင်ခက်တွေရှိရာသို့ နော်ဇာလွင် လှမ်းကြည့်သည်။ ခေါင်းကို အသာဆတ်ပြသည်။ ခရမ်းရောင်ဆွယ်တာ ပခုံးပေါ်တွင်ကျနေသော ဆံပင်တွေ မသိမသာ လှုပ် သွားသည်။
“ဖြေချင်ပါဘူး” စကားအဆုံးတွင် ခေါင်းငဲ့ပြီး မော့ကြည့်သည်။ သူ မမြင်လေဟန်ပြုလိုက်၏။ “ဘာဖြစ်လို့”
လက်ဝဲဘက် ထိုင်ခုံတန်းရှိ ပရိသတ်သည် အပြင်သို့ ရောက်နေပေပြီ။ လက်ယာ ဘက် ပရိသတ်သည် လက်ဝဲဘက် ထိုင်ခုံတန်းများ၊ ကုလားထိုင်များကို ဖြတ်သန်းစ ပြုနေ၏။
“မေးနေတယ်လေ လွင်”
မျက်ခွံကို ပင့်၍ ကြည့်သော မျက်လုံးအစုံတွင် ချစ်နွဲ့ ပြုံးတွေ လှဲနေသည်ဟု သူမြင်၏။
“မဖြေချင်ပါဘူးလို့ လွင်ပြောပြီးပြီပဲ” ဖွဖွဖျစ်ထားသောလက်ကို သူ မဖြေ။ တိုး၍ဖျစ်ရင်း “ဟုတ်ပါတယ်၊ ဘာဖြစ်လို့ မဖြေချင်ရတာလဲလို့ မောင်က ထပ်မေးတာကိုကော”
“သိရဲ့သားနဲ့”
နော်ဇာလွင့်နှုတ်ခမ်းသည် စေ့လျက်သား။ အတန်ကြာမှ
“မသိပါဘူး တကယ်ပြောတာ”
“လွင် ညာတယ်၊ လွင်အညာမ”
“ဟုတ်ပါဘူး”
“လွမ်းစရာကောင်းတယ်တဲ့။ လွမ်းစရာရှိလို့လား ဆိုတော့လည်း စကားလွှဲပစ်တယ်”
“မလွှဲပါဘူး မောင်ကလည်း”
ခြေကိုအရွှေ့တွင် သူ့လက်ကို ဖြုတ်လိုက်သည်။ ခန်းမ၏ လက်ယာဘက် နောက်ဆုံးတန်း ညာဘက်အစွန်ဆုံးတွင် သူ ထိုင်ခဲ့သည်။ အပြင်သို့ထွက်သောအခါ နော်ဇာလွင်သည် သူ့ရှေ့က။
“လွင်”
ခန်းမထဲတွင် လူလေးငါးဆယ်မျှသာ ကျန်တော့သည်။ သူတို့နှင့် ဝေးလှမ်းလှ သည်။ ထို့ကြောင့် ထင်၏။ သူ့ခေါ်သံက အတန်မျှ ကျယ်လေ၏။ နော်ဇာလွင် လှည့်အကြည့်တွင် ပြောလိုက်သည်။
“မောင်တို့ ဒီနေ့ ကံကောင်းတယ်နော်” “ဘာဖြစ်လို့လဲ မောင်”
“လွင့်ဖေဖေက ခရီးလွန်နေတယ်။ မေမေက ဖျားနေတယ်။ သူတို့နှစ်ယောက် စလုံး ဒီကို လာသာလာဖြစ်ရင် မောင်တို့ ခုလိုတွေ့ဖို့ မလွယ်ဘူးနော်”
ရယ်သံကို တိုးတိုးကြားရ၏။ “ညဘက်မှာ ချိန်းမတွေ့ဖူးတာကျနေတာပဲ” သူ ခေါင်းခါသည်။
“ညဉ့်နက်သန်းခေါင်လည်း ဖြစ်မယ်၊ ပွဲလမ်းသဘင်လည်း ဖြစ်မယ်၊ နှစ်ယောက် တည်းလည်း တွေ့ရတယ်ဆိုတာက ဒါပထမဆုံးပဲ လွင်ရာ၊ မဟုတ်ဘူးလား”
လက်ဝဲဘက် ခုံတန်းများ၏အစသို့ ရောက်လာသည်။ နော်ဇာလွင်က အနောက် ဘက်သို့ ခြေဦးတည်သည်။ ဝင်ပေါက်တံခါးမကြီးဘက်သို့ လှမ်းသည်။ သွက်လက်စွာ လှမ်းသော သူ့ခြေလှမ်းအတိုင်း နော်ဇာလွင်ကပါ လှမ်းလိုက်လာ၏။ ဝင်ပေါက် သံတံခါးသို့ ရောက်သောအခါ နော်ဇာလွင်က ခြေစုံရပ်လိုက်၏။ ထို့နောက် လက်ညှိုး ထိုးပြ၏။ သူကြည့်လိုက်၏။ ကားလမ်းဘက်သို့ နိမ့်ဆင်းသွားသော ကတ္တရာလမ်းထိပ် သို့ ရောက်နေသူ။
“ကိုကို ဘယ်အချိန်က ရောက်နေလဲ မသိဘူး”
သိုးမွေးဂျာကင်အဖြူ၊ ဘောင်းဘီရှည်အဖြူဝတ်ထားသူသည် ခြေလှမ်းမှန်မှန် လျှောက်ကာ ဘုရားရှိခိုးကျောင်းကို ကျောခိုင်းသွားနေ၏။
“အိမ်ကို သူ အရင်ပြန်မယ် ထင်တယ်” “မောင်က ကိုကို့ကို ပြောထားလို့လား” “ဘာကိုလဲ လွင်” ။ လွင့်အပြုံးသည် မရွံ့မရဲ။ သူ့ တိုက်ပုံအင်္ကျီလက်ကို အသာအယာ ဆွဲထား၏။ “ဒီမှာ လွင်နဲ့ ခဏနေရစ်ခဲ့ဦးမယ်ဆိုတာ” သူ ပြုံးလေသည်။
“ပြောတော့ မပြောထားပါဘူး။ မပြောပေမဲ့ သူနားလည်မှာပါ” နော်ဇာလွင်က မပွင့်တပွင့်ရယ်သည်။ ။ “ကိုကိုက တကယ်နားလည်မှု ရှိတာပါပဲ” “ဖောင့်ကိုလည်း ညီတစ်ယောက်လိုချစ်တယ် လွင်”
“ကိုကိုနဲ့ ပတ်သက်လို့တော့ မေမေ မကောင်းတာ အမှန်ပဲ မောင်။ အိုလေ မင်္ဂလာရှိတဲ့နှစ်သစ်ကူးမှာ ဒီအကြောင်းတွေ ပြောမိတာ မကောင်းပါဘူး။ လာ မောင် ရယ်”
အထိုက်အလျောက် စိတ်ညစ်သွားဟန်တူ၏။ နော်ဇာလွင့်လက်မောင်းကို သူ ကိုင်ကာ ခြေလှမ်း၏။ ဆင်ဝင်အောက်သို့ဆင်းရာ လှေကားထစ်များကို နင်းလိုက် သည်။ မျက်နှာစာ မီးရောင်စုံသည် ပန်းခြံမီးရောင်စုံနှင့် ရောနေ၏။ မြောက်ဘက် မြက်ခင်းပြင်တွင် ဧည့်ပရိသတ်တွေ ပြည့်နေ၏။ ဇွန်းသံ၊ ပန်းကန်သံတွေ ကြားရ၏။
နော်ဇာလွင့်ပခုံးသည် သူ့ပခုံးနှင့် ထိနေ၏။
“ခဏထိုင်ရအောင်”
လမ်းထိပ် အုတ်ခုံအနီးသို့အရောက်တွင် နော်ဇာလွင်က ပြောသည်။ သူ ခေါင်း ညိတ်ပြလိုက်၏။ နော်ဇာလွင်ထိုင်ပြီးမှ သူ ထိုင်သည်။
“ဘယ်တော့များမှ အခုလို နေရပါ့မလဲ မသိဘူး” သူ့ပခုံးကို မှီလိုက်ရင်း ဖြေသည်။ “သိပ်မကြာတော့ပါဘူး မောင်ရာ”
“အဲဒီ သိပ်မကြာခင် ကြားထဲမှာပဲ လွင့်မိဘက ဟုန်းနတ် ထလုပ်လိုက်ရင် ဒုက္ခ”
နော်ဇာလွင့်ရယ်သံသည် တိတ်ဆိတ်ငြိမ်သက်ခြင်း ကြီးလှစွာသော ညဝန်းကျင် တွင် ပီပီသသ လွင်နေ၏။ အုတ်ခုံတစ်ဝိုက်တွင် လမ်းမီးတိုင်အလင်း ရောက်မလာ။ မီးတိုင်ဘေးက ကုက္ကိုကိုင်းတွေ ဆိုင်းအုပ်နေ၏။ လဆန်း ၁၁ ရက်လသည် အနောက် ဘက် ကောင်းကင်အစွန်းသို့ ရောက်နေ၏။ စိန်ပန်းကိုင်းခက်တွေအောက်သို့ လျှိုနေ သည် ထင်ရ၏။ အုတ်ခုံ၏ အရိပ်တွေ အတော်ရှည်နေသည်။
“ဘာသဘောကျလို့လဲ လွင်” မျက်နှာချင်းဆိုင်ရှိ အုတ်ခုံဘက်သို့ ကြည့်ရင်း ဖြေလေသည်။ “လွင့်ကို မောင် တော်တော်အထင်သေးတယ်နော်” သူ တိုးတိုးရယ်လိုက်၏။ ရယ်နေစဉ် သူ့ကို ထပ်ပြီးမေးသည်။ “ဟုတ်တယ် မဟုတ်လား” ခေါင်းခါပြသည်။ “မဟုတ်ပါဘူး အဘိုးကြီးနဲ့ အဘွားကြီးက လွင့်ကို မောင်နဲ့သဘောမတူတာ” “လွင်သဘောတူရုံနဲ့ မောင် ရင်မအေးနိုင်သေးဘူးလားကွယ်” ။
ဝါဖန့်ဖန့် လရောင်သည် သစ်ရွက်ရိပ် ကြိုးကြိုးကျဲကျဲဖြင့် နှစ်ဦးစလုံး၏ ကိုယ်တွင် ထင်နေသည်။ သူ့ထံမှ စကား မကြားရ။ နော်ဇာလွင့် ပင့်သက်ရှည်ကို သူ ကြားနိုင်သည်။
“မလွယ်တာတော့ တော်တော့်ကို မလွယ်တဲ့ဇာတ်ပဲ လွင်”
မဲ့ပြုံးကို သူမြင်လိုက်သည်။ ဆက်၍ မပြောမိ။ မျက်လုံးသည် သွေ့ခြောက်နေ သော လမ်းဘေးမြက်ခင်းသို့ မရည်ရွယ်လျက် ရောက်နေလေ၏။ လှုပ်ရှားလာသော ရင်သည် မျက်လုံးအစုံကို တစ်နေရာရာတွင် အတည်တကျ မရှိစေခဲ့။ လရောင်ကို ကာဆီးထားသော ပျဉ်းမပင်တွေကို တစ်ချက်ကြည့်သည်။ တောင်နှင့်မြောက် တန်းနေ သော ကတ္တရာလမ်းပေါ်တွင် ယုန်အိမ်ပြတင်းမှ ဆင်းလာရာ အလင်းကို ပြောက်တိ ပြောက်ကျား မြင်ရ၏။
“သိပ်မကြောင့်ကြပါနဲ့လေ၊ မောင့်ဘက်မှာ လွင်ရပ်နေတာပဲဟာ”
“နည်းနည်းတော့ ကြောင့်ကြပါတယ်။ မောင့်ဘက်မှာ ရပ်နေမယ့်အစား လိုက် လာဖို့ကို မောင်ပိုလို့ မျှော်လင့်ပါတယ်” ။
နှုတ်ခမ်းမဖွင့်သော ရယ်သံမှာ ပါးပါးလှပ်လှပ်။ သို့သော် နားဝနှင့် ကပ်နေ၍ ကြားရလေ၏။ ရယ်သံအဆုံးတွင် သူ့ဘက်သို့ မျက်နှာမူသည်။ သူမျက်တောင်မခတ် နိုင်။ ကြည်လဲ့နေသောမျက်လုံးအစုံတွင် နစ်သွားမည် ထင်ရလောက်အောင် သူကြည့် သည်။ သေးသွယ်သော မျက်ခုံးပေါ်တွင် ဆံနုမျှင်တချို့ တင်နေ၏။ ထူးထူးခြားခြား မပေါ်လွင်လှသော်လည်း စင်းနေသော နှာတံကို ကြည့်မိသည်။ ပြည့်တင်းနီထွေးသော နှုတ်ခမ်းနှစ်လွှာသည် စေ့လျက်ရှိ၏။ ကြည့်နေခိုက်တွင် သူ့ကို ပြုံးပြလေသည်။ မျက်နှာသွယ်အလှဟု ခံစားရသည်။
“ကြည့်လှချည်လား ဟင်” သူ မဖြေ။ အကျပြေသော ပခုံးနှင့် လက်မောင်းသို့ မျက်လုံးရွှေ့သည်။ “စဉ်းစားမိလို့ပါ” ဝိုင်းစက်သော မျက်လုံးကို တွေ့ရသည်။ နော်ဇာလွင် နှုတ်ခမ်းလှုပ်သွားသည်။ “ဘာကိုလဲ မောင်”
“လောကကြီးမှာ လူတွေဟာ အလှဆုံးလို့ ထင်ရတာကို လိုက်ရှာတယ်။ ဆုံးများ ဆုံးရှုံးရမယ်ဆိုရင် ဘယ်လိုနေမလဲလို့ တွေးမိတယ်လေ။ မောင်ဆိုရင်ကော ဘယ်လို နေမလဲလို့ စဉ်းစားမိတယ်လွင်ရဲ့”
“ဟောရှင့် မောင်က စကားစတာနဲ့ လောကကြီးနဲ့ ချီတော့တာကိုး။ တစ်ခု တော့ သတိပေးရမယ်” “ဘာလဲ လွင်” လက်သွားသော မျက်လုံးအစုံကို သူမြင်လိုက်သည်။ “တို့နှစ်ယောက်တည်းရဲ့ ကိစ္စကို တစ်လောကလုံးနဲ့ချီပြီး ပြောတော့မှာလားလို့” သူပြုံးလိုက်၏။ ရယ်သံမျှဉ်းမျှဉ်းကို နော်ဇာလွင် ကြားလေသည်။
“ဟုတ်တယ်လွင်။ ကိုယ်ဖြစ်ချင်သလို ဖြစ်မလာလို့ တစ်လောကလုံးကို အပြစ် ပုံချချင်တဲ့စိတ်နဲ့တော့ မဟုတ်ပါဘူးလေ။ မတော်တဆများ လွင့်ကို ဆုံးရှုံးလိုက်ရမယ် ဆိုရင် မောင် သိပ်ခံစားရမှာ အမှန်ပဲ”
သက်ပြင်းချသံကို သူ ကြားရလေသည်။ သူ ဆက်၍ ပြောသည်။
“ချစ်တတ် ခင်တတ်တဲ့အရွယ်မှာ မောင် ပထမဦးဆုံး စတွေ့ခဲ့တဲ့သူက လွင်ပါ။ ဘဝရဲ့ နောက်ဆုံးအချစ်ကလည်း လွင်တစ်ယောက်ပါပဲ။ ဥပမာပြစရာ စကားက ရိုင်း နေမလားတော့ မသိဘူး။ လောင်းကစား စကားနဲ့ပြောရရင် ပုံပြီး အော်လိုက်တယ် ဆိုတာမျိုးပဲလွင်။ ရင်ထဲရှိသမျှ အချစ်အားလုံးနဲ့ ပုံအောပြီး ချစ်ရတဲ့အချစ်ပါ”
နော်ဇာလွင့်လက်မောင်းသည် သူ့ပခုံးပေါ်သို့ အသာအယာ ရောက်လာ၏။ ကိုယ်ငွေ့နွေးနွေး ဟပ်သည်ဟု ထင်ရ၏။
“လွင် မောင့်ကို တစ်ခွန်းတည်းပြောမယ်လေ။ မောင်ယုံမယ်လား "
“ပြောလေ”
“နှစ်သစ်ကူး လက်ဆောင်အဖြစ်နဲ့လေ”
“မောင် နားထောင်မယ်။ မင်္ဂလာသတင်း မဟုတ်လား”
နော်ဇာလွင် ခေါင်းအညိတ်တွင် သူပြုံးပြလိုက်သည်။
“ဒီဘဝတွင်မကပါဘူးကွယ်။ မောင့်ကို ဘယ်တော့မှ မခွဲဘူး။ ဘယ်သူတွေ ဖျက်ဖျက်၊ ဘယ်လိုဟုန်းနတ်မျိုးပဲ တားတား၊ ကဲ ကျေနပ်ပြီလား”
သူပြုံးလိုက်သည်။ ။ “တော်တော် အေးတယ်နော် လွင်”
“မောင်က အနွေးထည်မှ ဝတ်မလာတာ။ တိုက်ပုံအင်္ကျီလေးနဲ့ဆိုတော့ အေးမှာ ပေါ့ ။ လွင့်ဆွယ်တာ ဝတ်မလား။ ချွတ်ပေးမယ်”
သူ့ရယ်သံက အတော်ကျယ်သွားသည်။ ရယ်ပြီးမှ သတိရသည်။ ပတ်ဝန်းကျင် ကို မျက်လုံးဝေ့လိုက်သည်။ မည်သည့်အိမ်တွင်မျှ မီးရောင်မရှိတော့။
“အိမ်ပြန်လို့ ဆွယ်တာပါမလာမှ အဘွားကြီးက တစ်မျိုးတွေ ထင်ကုန်ဦးမယ်”
ရှက်ပြုံးကို တွေ့ရ၏။ သူ့လက်မောင်းကို တစ်ချက်ညှစ်လိုက်သည်။
“တံခါးဖွင့်ပေးဖို့ စောင့်နေမှာက မေမေ မဟုတ်ဘူး မောင်ရဲ့ ၊ ဒေါ်လေး”
“ဘုရှားရှိခိုးကျောင်းမှာ မောင်စောင့်နေတာ ဒေါ်လေးသိတယ်မဟုတ်လား”
“အင်း”
“ဘာပြောသေးလဲ”
“သန်းခေါင်ယံ စည်းဝေးပွဲတော်ပြီးရင် မောင်ဝင်းအောင်က လိုက်ပို့မှာမဟုတ် လားတဲ့။ လိုက်ပို့ရင်လည်း ညည်းအမေ မမြင်စေနဲ့ဦးတဲ့။ မတော်တဆ အိပ်ရာက နိုးချင်နိုးနေမှာတဲ့။ ပြန်လာရင် လျှပ်စစ်ခေါင်းလောင်းနှိပ်ပြီး တံခါးမဖွင့်ခိုင်းနဲ့တဲ့။ ဒေါ်လေး အိပ်ခန်းက မှန်ပြတင်းကို အသာခေါက်တဲ့။ ဒေါ်လေးက တကယ်လိမ္မာတယ်”
“သူ့အတွက်လည်း ဆုတောင်းပေးလိုက်ကြရအောင်”
နော်ဇာလွင်က ထိုင်ရာမှထလိုက်ရင်း “ဘယ်လိုလဲ မောင်” “အပျိုကြီးဘဝက လွတ်မြောက်ပါစေလို့”
နှစ်ဦးသား တိုးတိုးရယ်လိုက်ကြသည်။ ဝင်းအောင့်မျက်နှာကို သူ့လက်ဖဝါး နှစ်ဖက်ဖြင့် လှမ်း၍ထိသည်။ အေးစက်သောလက်ကို သိလိုက်၏။ ပြန်ရန် သင့်ပြီဟု စကားမဆိုသော ပြောခြင်းတစ်မျိုး ဖြစ်ပေလိမ့်မည်။ ဝင်းအောင်က အလိုက်သိစွာ ပြောလေသည်။
“ပြန်ရအောင်နော်” “တစ်နာရီခွဲလောက် ရှိပြီထင်တယ်”
ဝင်းအောင် ထမည်အပြုတွင် နော်ဇာလွင့် လက်နှစ်ဖက်က သူ့ပခုံးပေါ်သို့ လာ၍တင်၏။
“လက်ဆောင်ပေးမလို့”
မော့ကြည့်လိုက်သည်။ နဖူးပေါ်သို့ နော်ဇာလွင့် အနမ်းဖွဖွ တစ်ချက်ရောက်လာ သည်။ နွေးထွေးသော နှုတ်ခမ်းကို အမှတ်ရလိုက်၏။ ဝင်းအောင် မတ်တတ်ရပ်လိုက် သည်။ တူညီသော လက်ဆောင်ကို နော်ဇာလွင်အား ပြန်လည်ပေးလိုက်သည်။
ထိုခဏတွင် သန်းခေါင်အလွန် ဆောင်းလေပြည်သည် နှစ်ဦးစလုံးကို ဝေ့ကာ စီးဆင်းသွား၏။
စီးကရက် မီးခိုးတန်းက ပြတင်းပေါက် သံဆန်ခါများကို ဖြတ်၍ အပြင်သို့ ထွက်သွားသည်။ ပြာခြွေရန် မေ့လျော့နေသည်ထင်၏။ သမံတလင်းပေါ်သို့ ပြောကြွေ ကျသွား၏။ မျက်နှာထား အတန်ငယ် တင်းနေဟန်ရှိသော ကျော်နွယ်ကို အကဲခတ် သလို ကြည့်လိုက်သည်။ ကျော်နွယ် တစ်စုံတစ်ရာ တွေးတောနေသည်ဟု ဝင်းအောင် သိသည်။ ပြတင်းပေါက်တွင် ကိုယ်တစောင်းမှီကာ ခေါင်းငိုက်ငိုက်ထား၏။ ဘုရားရှိခိုးကျောင်းမှ ပြန်လာသည့်အတိုင်း ဝတ်စုံအဖြူနှင့်ပင်။ အံကြိတ်နေ၍လားမသိ၊ မေးရိုးက ပိုကားနေဟန်ရှိ၏။ ညနေနှင့် ညဉ့်ဦးပိုင်းတုန်းက ကြည်လင်ရွှင်ပျနေသော မျက်နှာမျိုး ကို ကျော်နွယ့်ထံတွင် ယခုတော့ မတွေ့ရ။ ဝင်းအောင်တို့အိမ်သို့ ပြောင်းလာသည့် ငါးလအတွင်း သည်နေ့ကဲ့သို့ သပ်ရပ်ပုံမျိုး တစ်ခါမျှ မတွေ့ဖူးခဲ့။ နှုတ်ခမ်းကို အစဉ် သဖြင့် ခပ်စေ့စေ့ထားကာ မျက်ခုံးတွန့်လျက်သာ ရှိတတ်သော သူ့သဏ္ဌာန်ကို ယနေ့ ညနေ ညဦးတွင် မမြင်တော့။ ယခုတစ်ဖန် ပြန်လည် မြင်ရပြန်သည်။