Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ငြိမ်းကျော် - ပါရမီဖက်ခင်မွန်

Regular price 4,500 MMK
Regular price Sale price 4,500 MMK
Sale Sold out

          စွေနေသောမိုးသည် မြည်သံပေးကာ သည်းလာ၏။ လေပြင်းတစ်ချက် ဝှေ့သည်။ အအေးသည် လေတွင် ရောပါ၍နေ၏။ မိုးပေါက်တွေ ပို၍ စိပ်လာ၏။ ဆင်ဝင်အောက်သို့ လှမ်းသောခြေမှာ စီးနေသော ရေအောက်တွင် နစ်နေ၏။ ဒူးဆစ် အထက်သာသာ ရေစိုနေ ပေပြီ။ နောက်ကျောမှာ ရေမှုန်ရေမွှား ဆွတ်ထားသကဲ့သို့ ဖြစ်နေသည်။

          ထီးရိုးကို ပခုံးတွင်တင်ထားပြီး မိုးကိုကာထားရသည်။ ခရိုင်တွေနှင့် ခေါင်းထိ နေ၏။ ပိတ်ရင်းနှင့် ခပ်သုတ်သုတ်လှမ်းကာ ဝင်လိုက်သည်။ ကိုယ့်လိုပင် မိုးခိုနေကြသူတွေ ပြည့်နေ၏။ ရုံးဆင်းချိန်နှင့် အချိန်ကိုက်၍ ရွာတတ်သောမိုးကို မကျေမနပ် ဖြစ်သည်။ နောက် နာရီဝက်၊ တစ်နာရီနေမှ ရွာရောပေါ့။ အချိန်ပို အလုပ်မဆင်းရတဲ့ နေ့မို့လို့ စောစောပြန်မယ် စိတ်ကူးတယ်။ ဈေးဝယ်ချိန်တောင် ရမှရပါ့မလား မသိဘူး။ ကားပေါ် ရောက်မှ ရွာချင်လည်းရွာပေါ့။ တစ်ခုတော့ ကောင်းပါတယ်။ မိုးသည်းချိန် ကားစီးရတာ သိပ်မခက်ဘူး၊ နေရာချောင်တတ်တယ်ဟု တွေးရင်း အဆောက်အအုံ လှေကားခုံဘက်သို့ ကျောကပ်၍ ရွှေ့ သည်။

***

          ထီးကို ခေါက်ပြီး လိပ်သည်။ ပလတ်စတစ်အိတ်ထဲတွင်ထည့်ပြီး မှတ်တိုင်သို့ လျှောက်သွားသည်။ လွယ်အိတ်ထဲသို့ ထီးထည့်ရင်း ကောင်းကင်ကို တစ်ချက်ကြည့်၏။ စိတ်မချရ။ ခဏကြာလျှင် ရွာမည့်နိမိတ် ရှိနေသည်။ စကြံပေါ်မှ ရေတွေစီးနေဆဲ။ ဗာဒံပင် နှင့် ခရေပင်တွေထက်မှ ရေစက်တွေကျလျက်ပင် ရှိသေးသည်။ သွားသူ လာသူဖြင့်လမ်းသည် ပြန်လည် စည်ကားလာ၏။

          “အစ်ကိုကြီး”

          ဘယ်ဘက်က ခေါ်သံ။ ဖျတ်ခနဲ လှည့်ကြည့်လိုက်သည်။ လွယ်အိတ်ကို ကိုယ်ရှေ့ တွင် ကပ်ထားပြီး သူ့ကို ပြုံးကာ လှမ်းခေါ်သူ။ မြင်ဖူးသည်ဟု အောက်မေ့သည်။ ဆယ့်ခုနစ်၊ ဆယ့်ရှစ်သာသာ။ မျက်နှာဝိုင်း၊ မိန်းကလေး၏ ဘေးတွင် ရပ်နေသူ ရွယ်တူကောင်လေးက မျက်နှာပျက်သွားသည်။ ကလေးမလေးက ငါ့ကိုသိလား၊ ဘာလို့ခေါ်ပါ လိမ့်ဟု တွေးရင်း ခြေစုံကို သိသိသာသာ ရပ်လိုက်သည်။ သံတံခါးတွေ ပိတ်ထားသော အခန်း၏ အပေါ်ဆုံး လှေကားထစ်ပေါ်တွင် ရပ်နေသူ မိန်းကလေးထံသို့ လျှောက် သွားသည်။

          “ကျွန်မကို လိုက်နှောင့်ယှက်နေတဲ့သူဆိုတာ ဒီပုဂ္ဂိုလ်ပဲ အစ်ကိုကြီး”

          အခြေအနေကို ချက်ချင်း သဘောပေါက်သည်။ ဆွေမျိုးသားချင်း အကြီးအကဲ ကို တိုင်တန်းပြောပြထားပြီးသော အနေ။ ငယ်ရွယ်သူ သဘာဝအလျောက် စာလိုက်ပေး ခြင်း၊ စကားပြောခြင်းကိစ္စ၊ သူ မျက်နှာထား ပြင်လိုက်သည်။ မီးစင်ကြည့်ပြီး ကရမည့်ဇာတ်။ အစ်ကိုကြီးတစ်ယောက်၏ ဟန်ပန်။ မိမိ၏ နှမငယ်ကို လိုက်လံနှောင့်ယှက်နေသူကို ကြည့်သောအကြည့်ဖြင့် လူငယ်လေးကို ကြည့်သည်။ အောက်ဆုံးလှေကားထစ်တွင် ဘယ်ခြေ၊ အလယ် လှေကားထစ်တွင် ညာခြေတင်ကာ သံတံခါးကို လှမ်းကိုင်ထားသော လူငယ်၏မျက်နှာသည် နီမြန်းမြန်း။ အင်

          “မင်း... တော်တော် လွန်နေပြီ” ဟု

          ကိုယ့်အသံ ကိုယ်အားမရ ဖြစ်သွား၏။ သဟောက်သဟပြုသံ၊ မာန်မဲ သတိပေး ဟန် မပေါက်။ အရေးထဲတွင် ရုံးဆင်းခါနီးက စားခဲ့သော ငှက်ပျောကြော်ကြောင့် လည် ချောင်း ကပ်တတ်တတ် ဖြစ်နေ၏။ ထို့ကြောင့် ချောင်းတစ်ချက်ဟန့်ပြီး..

          “ဒါ... မိကောင်းဖခင် သားသမီးတွေ မလုပ်တဲ့ အလုပ်ပဲကွ”

          အမ်းတမ်းတမ်းဖြစ်နေသော လူငယ်သည် စကြံကျောက်ပြားပေါ်သို့ လှမ်းဆင်း ပြီးနောက်.....၊

          “ကျွန်တော်..ကျွန်တော်..တကယ် မေတ္တာရှိလို့ပါ” ( ဟေဟု လည်ချောင်းသံဖြင့် သူ အသံပြုသည်။ ။ “ဟ..မင်း...တကယ် မေတ္တာရှိရင် မိသားဖသားပီပီ လာပြောပေါ့ကွ၊ ခု ဥစ္စာ

က...”

          “အို...အစ်ကိုကြီးကလည်း၊ ဒီလို လူစားမျိုးကို ဘာလာပြောခွင့်ပေးရမှာလဲ”

          မပြောတတ် မဆိုတတ်ဖြင့် စကားမှားသွားပြီဟု သိလိုက်၏။ မိန်းကလေး၏ ဖြတ်ပြောသော စကားနောက်သို့ အဆင်ပြေပြေ လိုက်နိုင်အောင် စဉ်းစားပြီး...

          “မဟုတ်ဘူး၊ စကားပမာပြောတာ။ အဲသလို လာပြောဦးတော့ မျိုးရိုးဗီဇ အကျင့် စာဂဆိုတာ မစဉ်းစားလို့ မရဘူး။ ခုလို လမ်းမှာလိုက်ပြီး နှောင့်ယှက်တာကျတော့ ရိုင်း တယ်ကွ။ နောက်တစ်ခါဆိုရင်တော့ ရဲစခန်း ပို့ပစ်ရလိမ့်မယ်၊ ဒါပဲ”

          ဆံပင် ဖုတ်သိုက်၊ ပုဆိုး ဖိုသီဖတ်သီ၊ ရှပ်လက်တို ကျပ်ကျပ်၊ အင်္ကျီ ကြယ်သီး မတပ်၊ ပိန်ကပ်ကပ်၊ မည်းကြုတ်ကြုတ် သူငယ်သည် ထိတ်လန့်သော မျက်နှာဖြင့် ကြည့် နေသည်။ စကားအဆုံးတွင် ဆောရီးပဲ အစ်ကိုကြီးဟုပြောကာ ကလေးမလေးထံသို့ တစ် ချက်ကြည့်၏။ ထိုနောက် ရုပ်ရှင်ရုံတွေဘက်သို့ ခပ်သုတ်သုတ် ထွက်သွားသည်။ တိုက် ခန်းလေးငါးခန်း လွန်သွားသည်အထိ သူလှမ်းကြည့်နေသည်။ ကလေးမလေးဘက်သို့ မျက်နှာအမူတွင် ရှက်ပြုံး ပြုံးကာ..

          “ကျေးဇူးပဲ၊ ကျူရှင် အသွားအပြန် လိုက်နှောင့်ယှက်တာများပြီ” ဟုတ်လားဟု သူ စကားထောက်သည်။ “အလကားလူ၊ ဆေးသမား” ဒုတိယ ဟုတ်လားမှာ အံ့အားသင့်သံ ပါသွားသည်။

          “အစ်ကိုကြီးကို အစ်ကိုအရင်း သဘောမျိုးနဲ့ အကူအညီတောင်းရတာ ခွင့်လွှတ် ပါ။ ကျူရှင်သွားတာ မိုးသည်းလို့ ဒီမှာဝင်ခိုတာ၊ သူပါလိုက်လာပြီး စကားပြောတယ်လေ။ မိုးထဲသွားရင်လည်း ထီးအောက် ကပ်လိုက်မှာ၊ ထီးနဲ့ ရိုက်ဟယ် ဘာဟယ် ဆိုတော့လည်း မကောင်းဘူးလေ။ မိုးစဲတော့ ကျောင်းအထိ လိုက်လာဦးမှာ။ ဒါနဲ့ အကြံထုတ်ရင်း ဒီဆင်ဝင် အောက်မှာပဲ နေရတာ”

          “ကိစ္စ မရှိပါဘူး၊ သဘောပေါက်ပါတယ်။ ကျောင်းက ဘယ်နားလဲ၊ ကျောင်း နားအထိ လိုက်ပို့ပေးမယ်”

          ရပါတယ်ဟု ပြောသော်လည်း လှေကားထစ်မှ ဆင်းလာသည်။ ရေစွတ်စိုနေ သော စကြံကျောက်ပြားနှင့် ခုံမြင့်ဖိနပ်ခွာထိသံ ကြားရ၏။

          မိုးသည် အမှုန်အမွှားဖြင့် ကျနေ၏။

***

          ဪ...လက်စသတ်တော့ ကိုကြီးသော်က လူစွမ်းကောင်း ဝင်လုပ်ပေးလိုက် ရတာကိုးဟု လက်နှိပ်စက်စာရေး မင်းဇော်က ရယ်ရင်းပြောသည်။ ဟိုကောင်လေးကငါနဲ့ သူနဲ့ ဘာမျှ မတော်ဘူးလို့သာသိရင် ပြဿနာကွ၊ သိလားဟု စာရွက်တွေ ဖိုင်တွဲရင်း သူ ပြောသည်။ သေချာတာပေါ့ဟု အောင်ကြိုင်က ပြော၏။ မင်းဇော်က ကိုကြီးသော် သူ့ကို မမှတ်မိဘူးလားဟု မေး၏။ မမှတ်မိဘူးကွ၊ သူ ဆယ်တန်းအောင်တုန်းက လုပ်အား လာပေးတာ ငါတို့ဌာနခွဲမှမဟုတ်တာ။ နေရာက အပေါ်ထပ်နဲ့ အောက်ထပ်၊ ဘယ် သတိထားမိပါ့မလဲဟု သူ ပြောသည်။ သူတို့ စကားဝိုင်းထဲသို့ ညွန့်ညွန့်ဝင်လာပြီး ဘာလဲဟု အောင်ကြိုင့်ကို မေးသည်။

          အောင်ကြိုင် ပြောပြပြီးသောအခါ ကိုကြီးသော်ကလည်း သူ ဒေသကောလိပ် တက်ကတည်းက စာမေးပွဲပြီးရင် ဒီမှာ လုပ်အားလာပေးတာပဲ။ ဧကန္တ ကိုကြီးသော် မျက်မှန်တပ်ဖို့ လိုပြီထင်တယ်ဟု ရယ်ပြီး ပြော၏။ ဒါပေါ့ မိညွန့်ရာ၊ အသက်ကကြီးပြီ မဟုတ်လား။ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်းနဲ့ လျှာ ချွတ်ယွင်းပြီ ပေါ့ဟု အောင်ကြိုင် နောက်၏။ ရယ်သံတွေကြားမှ ခွေးကောင်လေးဟု လှမ်းဆဲသော သူ့အသံက စူးသွား၏။

          “ငါက မင်းလို မိန်းကလေးမြင်တိုင်း ထိုင်မှတ်နေတဲ့ကောင် မဟုတ်တော့ မသိဘူး ပေါ့ကွ။ ဘယ်လာ မှတ်မိပါ့မလဲ အောင်ကြိုင်ရာ”

          သူ့စကားကြောင့် ရယ်ကြသည်။ ရယ်သံတွေ အစွဲတွင် ညွန့်ညွန့်က... “နောက်တစ်ခါ မခင်မွန်နဲ့ လမ်းမှာဆုံရင်ကော ကိုကြီးသော် မှတ်မိပါ့မလား” “ခုမှတော့ မမှတ်မိဘဲ ဘယ်နေပါ့မလဲ” ဖြေပြီးချိန်တွင် မင်းဇော်ထံမှ ဟဲ..ဟဲ...ဟူသော တမင် ရယ်သံထွက်လာ၏။ “ဘာ...ဟဲ...ဟဲလဲ”

          အောင်ကြိုင် မေးသည်။ မင်းဇော်က မျက်မှန်ပင့်တင်ရင်း..

          “ခုတော့လည်း မှတ်မိသွားတဲ့ ဟဲ..ဟဲလေ၊ သိတယ် မဟုတ်လား။ ဗိုလ်အောင်ဒင် ထဲက ခင်မောင်ရင့် ရယ်သံ ဟဲ..ဟဲလေ”

          သူ ဣန္ဒြေမဆောင်နိုင်တော့။ ဟက်ဟက်ပက်ပက် ရယ်လေသည်။