စိတ်ကူးချိုချိုစာပေ
Nyane Kyaw - Now like stranger?
Nyane Kyaw - Now like stranger?
Couldn't load pickup availability
(၁)
မိလှိုင် လာတော့မည်မထင်၍ အိမ်ပေါ်သို့ တက်လိုက်သည်။ စားပွဲအောက်ရှိ တင့်ကားနှင့် ဂျစ်ကားကို ဆွဲထုတ်လိုက်၏။ တင့်ကားသံပတ်ကို ပေးကြည့်သည်။ တထပ်ထပ်သာ မြည်၏။ သံပတ်က တင်းမလာ။ လှုပ်ခါကြည့်သောအခါ သံပတ်စ ရိုက်ခတ်သံ ကြားရ၏။ ကောင်းလာစရာ မျှော်လင့်ချက် မရှိတော့သဖြင့် စိတ်ပျက် သွား၏။ ဂျစ်ကား၏ နောက်ဘီးတစ်ဖက်က ပြုတ်ထွက်ချင်နေသည်။
သား... အိမ်ပေါ်ပြန်ရောက်နေတာကိုး၊ မင်း သူငယ်ချင်း မလာဘူးလား” အမေ့ကို မော့ကြည့်သည်။ ခေါင်းညိတ်ပြပြီး ကစားစရာတွေကို စားပွဲအောက် သို့ ပြန်သွင်း၏။ တင်ပျဉ်ခွေထိုင်ရာမှ ထကာ အမေ့လက်ဖဝါးကို လှမ်းဆွဲသည်။
“ထမင်းဆာပြီလား”
" ဟင့်အင်း... မဆာသေးပါဘူး”
အမေက ပြုံး၍ ပြောလေသည်။
“ဘယ်ဆာဦးမှာလဲ၊ မုန့်ဟင်းခါးတွေ စားထားတာကိုး”
သိပ်စားကောင်းတာပဲ၊ အမေ ထပ်ချက်ပါဦးဟု သူပြောမည်အပြုတွင် အမေက...
“ဟော... ဟိုမှာ မင်းသူငယ်ချင်း လှိုင်လှိုင်”
ခြံဝသို့ သူ လှမ်းကြည့်သည်။ သံဖြူခြင်းတောင်းကို တံတောင်ဖြင့်ချိတ်၍ ဖြည်းဖြည်းလျှောက်ကာ ဝင်လာသူ မိလှိုင်ကို မြင်၏။
“မိလှိုင်ဖို့ မုန့်ဟင်းခါးရှိသေးတယ် မဟုတ်လား အမေ”
အမေသည် ခေါင်းခါပြ၏။ နှုတ်ခမ်းက ပြုံးစေ့စေ့နှင့် ရှိသည်။
" မိလှိုင်ဖို့ ချန်ထားတယ်လို့ အမေပဲပြောပြီး”
အမေက ခပ်တိုးတိုးရယ်၏။
ထို့နောက်...
" ဘယ်သူက ပြောလို့တုန်း”
မော့ကြည့်သောအခါ အမေ့မျက်နှာသည် ပြုံးလက်စနှင့်ပင်။
“အမေပဲ ပြောပြီးတော့၊ ရှိသေးတယ် မဟုတ်လား၊ သား မိလှိုင်ကို သွားခေါ် လိုက်မယ်”
အမေ့လက်ကို လွှတ်မည်ပြင်သည်။ အမေက သူ့လက်ကို ဆွဲထား၏။ သူ ရုန်း၏။ အမေက ပွေ့ယူကာ ချီထားသည်။ အိမ်ရှေ့သို့ သူကြည့်သည်။ မိလှိုင်သည် ကစားနေကျ နွယ်ပင်သစ်ပင်တွေရှိရာ ခြံထောင့်သို့ ရောက်နေ၏။ သံဖြူခြင်းတောင်း ကို သစ်ကိုင်းတွင်ချိတ်ပြီး ကုန်းမူထက်သို့ တက်၏။ နွယ်ကြိုးကျနေရာသို့ မျက်နှာ မူ၏။ အနီးသို့ ရောက်သော် နောက်ပြန်လှည့်ကာ ကပ်၏။ တင်ပါးနှင့် နွယ်နှင့် ထိသောအခါ လက်နှစ်ဖက်မြှောက်ကာ နွယ်ကို ကိုင်၏။ ထို့နောက် ခြေဖျားထောက် ပြီး ထိုင်သည်။ နေရာတကျ ပြင်၍ထိုင်သည်။ တစ်ချက် နှစ်ချက် လွှဲပြီးသောအခါတွင် မိလှိုင့်မျက်နှာသည် အိမ်ဘက်သို့ လှည့်လာ၏။
သူ့ကို မြင်၍ ပြုံးပြသည်။ အမေက သူ့ကိုချီကာ ဝရန်တာဘက်သို့ ထွက်၏။ မိလှိုင်ကို အမေ လှမ်းပြော၏။
“သမီးရေ... အိမ်ပေါ်ကို လာဦး”
အမေ ချီထားရာမှ လျှောဆင်းရင်းနှင့် သူ လှမ်းပြောလေသည်။ “အမေ မုန့်ဟင်းခါးတွေ ချက်ထားတယ်၊ အများကြီးပဲ”
ခြေဖဝါးနှင့် ကြမ်းတို့ ထိသောအချိန်တွင် မိလှိုင်က နွယ်ပေါ်၌ပင် ရှိသေး၏။ သူက ဝရန်တာ သစ်သားကွက်တွေကို တစ်ဆင့်တစ်ဆင့် နင်းကာ တက်၏။ ဝရန်တာ ပေါင်တွင် ချိုင်းညှပ်ထားသည်တွင် အမေက သူ့ပခုံးကို ထိန်းကိုင်လိုက်၏။
“မိလှိုင်... ဆင်းခဲ့လေ၊ လာလေ... မုန့်ဟင်းခါးတွေ နှင့်ဖို့ ချန်ထားတယ်”
ဒန်းနွယ်ကို ဆက်မလွှဲတော့သော်လည်း မိလှိုင့် ဖိနပ်နှင့် မြေကြီးတို့ ကွာမြဲ ကွာလျက်ရှိ၏။ သူတို့ သားအမိကို ပြုံး၍သာ ကြည့်နေ၏။ သူ ထပ်ခေါ်သည်။
“လာလေဟာ... နင်ကလည်း၊ ဘာလဲ... နင် မုန့်ဟင်းခါး မကြိုက်ဘူးလား”
မိလှိုင် မဖြေ။ အမေ့ကို သူ မော့ကြည့်၏။
အမေက...ရအောင်ခေါ်လေ” အမေ့ကို သူပြော၏။
“သူ မုန့်ဟင်းခါးသိပ်ကြိုက်တာ၊ အားနာနေတာ အမေရ၊ သား သိတယ်”
အမေ ရယ်လေသည်။ ရယ်သံနှင့်အတူ... ။
“အားနာတယ်ဆိုတာ ဘာလဲ၊ သားသိရင် အမေ့ကို ပြောစမ်းပါဦး”
“အားနာတာက အားနာတာလေ၊ အမေ့ကို အားနာတာပေါ့” အမေ့ရယ်သံက ပို၍ ကျယ်လာ၏။
“သားပြောမှပဲ ရှင်းသွားတော့တယ်၊ သမီးရေ... လှိုင်လှိုင်၊ ခဏလာပါဦး၊ ကြီးကြီး ပြောစရာရှိလို့”
မိလှိုင့် လက်ဖဝါးနှစ်ဖက်သည် နွယ်မှ လျှောလာ၏။
" မြန်မြန်လာလေ”
ဝရန်တာမှ ဆင်းရင်း သူ လှမ်းပြောသည်။
“ဖြည်းဖြည်းဆင်း သမီး၊ သားကလည်း မြန်မြန်ဆင်းရင် လိမ့်ကျသွားမှာပေါ့”
'မကျပါဘူး၊ မိလှိုင်က နွယ်အတက်အဆင်း ကျွမ်းပြီးသား အမေရ”
မိလှိုင်ကို ဆင်းကြိုရန် အမေ့အပါးမှ သူ ပြေးထွက်သွားလေသည်။
* * *
( ၂ )
အုံ့ဆိုင်းနေသော မိုးတိမ်ထုသည် နေရောင်ခြည်ကို ပိတ်ကွယ်ထား၏။ ခြံထဲ တွင် အလင်းရောင် နည်းပါးလှ၏။ သစ်ဝါးအရိပ်က တစ်ခြံလုံးကို ခြုံထားလေသည်။ နေထွက်သည့်အခါ၌ပင် အလင်းတစ်ပြောက်မထိုးသော ခြံထောင့်တွင် ပို၍ မှောင်ပျပျ ဖြစ်နေ၏။ သပြေပင်၊ တမာပင်၊ မန်ကျည်းပင်၊ မြရာပင်နှင့် ထီးရိုးဝါးပင်တို့သည် လေးငါးသာ ကွာခြား၍ ပေါက်နေကြ၏။ ရွက်သစ်လဲသောအခါ အချိန်ကွာသော ကြောင့် နေခြည်ကို အလှည့်ကျ ကာပေးသကဲ့သို့ ရှိလေသည်။ ထို့ပြင် ခင်ပုပ်နွယ်၊ မျောက်ဥနွယ်ပင်တွေက တစ်ပင်နှင့်တစ်ပင် ကူးယှက်နေသည်။ အသက်ရင့်လှပြီဖြစ် သော နွယ်တို့သည် ထီးရိုးဝါးပင်လုံးနီးပါးမျှ ရှိနေ၏။ ဆွဲငင် ခိုစီးဖန်များ၍ နွယ်တို့ သည် ကြိုးထုံး ကြိုးထွေးတို့ကို ပင်ထက်မှချည်ကာ ချထားသကဲ့သို့ ရှိ၏။ တစ်ပင် နှင့်တစ်ပင် ကူးဆက်ထားသော နွယ်တို့သည် ထိုင်ဖန် ခုန်ဖန်များလွန်းသောကြောင့်ကြိုးတံတား ဆွဲထားဘိသို့ ရှိလေ၏။ လောင်းရိပ်မိထားသဖြင့် ပင်စည်သာထွားကာ ပင်စောက်မမြင့်နိုင်သော တရုတ်စံကားပင်သည် နွယ်ပင်များ ရစ်ပတ်ထားခြင်း ခံရ လေ၏။ အကိုင်းအခက်အားလုံးသည် နွယ်ဖြင့် ဆိုင်းထားသည်သို့ ရှိ၏။ “ဇော်လတ်၊ အဲဒီအထိ မတက်နဲ့လေ၊ လိမ့်ကျလိမ့်မယ်” တရုတ်စံကားပင် ခွကြားတွင် ထိုင်နေရင်း သူ့ကို လှမ်းကြည့်ကာ ပြော၏။ “အောက်မှာ နွယ်တွေ ခံနေရတာပဲ မိလှိုင်ရ၊ ပြီးတော့ ငါက လျင်နေပါပြီ” “အမြင့်ကြီးဟ၊ ကျရင် သိပ်နာမှာ” “မမြင့်ပါဘူး၊ လူကြီးအရပ်လောက် မြင့်တာလေးများ” မိလှိုင်က ခေါင်းခါသည်။ “မကပါဘူး၊ လူကြီး လက်မြှောက်တာလောက် ရှိပါတယ်” “သိပ် မမြှောက်ရပါဘူးဟာ”
မိလှိုင်က မျက်မှောင်ချီ၍ သူ့ကို ကြည့်သည်။ သူက တမာပင် တစ်ဖက်ကိုင်း ကို ဖက်ထားရင်း ငုံ့ကြည့်နေ၏။
“နင်က သိပ်အငြင်းသန်တာပဲ” ငါ ငြင်းတာမှ မဟုတ်ဘဲ” “မြင့်တာကို မမြင့်ဘူးလို့ပြောတာ ငြင်းတာပေါ့ ” “သိပ်မမြင့်လို့ မမြင့်ဘူးလို့ ငါပြောတာပါ”
အဲဒါ ငြင်းတာ မဟုတ်ဘူးလား” “ဟင့်အင်း” “ဒါဖြင့် ဘာလဲ၊ နင်ပြောစမ်းပါဦး” “သိပ်မမြင့်လို့ မမြင့်ဘူးလို့ ပြောတာပေါ့” “ကဲ... အဲဒါ ငြင်းတာမဟုတ်လို့ ဘာလဲ” “ငါ ပြောတာ နင်မသိဘူး မိလှိုင်” “ ငါပြောတာကျတော့ရော နင်လည်း မသိပါဘူး”
ဇော်လတ် ရယ်လေသည်။ ရယ်ရင်းနှင့် အောက်သို့ တစ်လှမ်းဆင်းသည်။ နွယ်တန်းပေါ်တွင် ထိုင်သည်။
“ဒီမှာ လာထိုင်ပါလား” မိလှိုင် မေးငေါ့၍ပြသောနေရာမှာ အောက်ဆုံးသစ်ကိုင်းအဆင့်။ သူထိုင်နေရာနှင့် မျက်နှာချင်းဆိုင် လက်တစ်ကမ်းအကွာတွင် လာ၍ထိုင်ရန် ခေါ်သော မိလှိုင် ကို သူကြည့်သည်။
“သိပ်နိမ့်တယ်ဟ၊ ဒီပေါ်မှာလောက် လေမတိုက်ဘူး” မိလှိုင်က မျက်လွှာလှန်၍ ကြည့်သည်။ ထို့နောက် ...
“တိုက်ပါတယ် ဒီမှာလည်း ကြည့်ပါလား၊ လေတိုက်လို့ ငါ့ဘေးက သစ်ရွက် တွေ လှုပ်နေတာပေါ့”
ဇော်လတ်က နှာခေါင်းရှုံ့ပြ၏။
“ဟင်း... နည်းနည်းလေး”
“မနည်းပါဘူး၊ လှုပ်နေတဲ့အရွက်တွေ အများကြီး”
“ဒီပေါ်မှာက အေးနေတာပဲ”
“ဒီမှာလည်း အေးနေတာပဲဟာ”
“ငါ ချွေးထွက်တယ်”
"နင်က တက်လိုက်ဆင်းလိုက် လုပ်နေတာကိုး။ နောက်ကျနေတာပဲ”
ဇော်လတ်က နွယ်မှတစ်ဆင့် လျှောလာသည်။ မိလှိုင်ပြရာ နွယ်ပေါ်သို့ လှမ်း၍ ဆင်း၏။ အခြေတကျ ထိုင်မိပြီးမှ ...
" နင် မျောက်ကို တွေ့ ဖူးလား” မိလှိုင် ခေါင်းညိတ်သည်။
“တိရစ္ဆာန်ရုံမှာလား”
ဇော်လတ်အမေးကို အင်းဟု ဖြေ၏။
“ငါ သွားချင်တယ်”
“နင် မရောက်ဖူးဘူးလား”
‘ရောက်ဖူးတာပေါ့ မိလှိုင်ရ၊ ငါ နှစ်ခါရောက်ဖူးတယ်၊ နင်ရော”
ငါ သုံးခါရောက်ဖူးတယ်၊ တစ်ခါက နင်ရယ် နင့်အဖေရယ် အမေရယ် ငါရယ် ငါတို့အဖေနဲ့ အမေရယ် ပါတယ်လေ”
“ငါ မှတ်မိပါတယ်၊ နောက်ထပ်သွားရအောင်၊ နင်တို့အမေကို ပြောလေ၊ ငါလည်း အမေ့ကို ပြောမယ်”
မိလှိုင်က ခေါင်းညိတ်သော်လည်း..
ငါ့ အဖေက အလုပ်က ပြန်မလာသေးဘူး၊ နောက်တစ်လနေမှ လာမယ်တဲ့”
ဇော်လတ်က စိတ်ကူးပျက်သွားဟန်နှင့် ခဏမျှ တွေလျက် ရှိ၏။
“ပြန်လာရင် ပြောပေါ့”
“အင်း... နင်က အရင်ပြောထားဦးနော်”
ဇော်လတ် ခေါင်းညိတ်သည်။ ထို့နောက် ထိုင်ရာမှထကာ အပေါ်သို့ တက်၏။ ခွဆုံထက်ရှိ နွယ်ခွေတွေပေါ်သို့ တွယ်၍ တက်သည်။ ခြေနှစ်ဖက်ချကာ ထိုင်သည်။ သစ်ကိုင်းတွင် ခြေနှစ်ဖက် တင်၏။ နွယ်နှစ်ချောင်းကို လှမ်းဆွဲကာ
“ဘုရားကို ... ဘုရားကို လိုက်မလား၊ ဘုရားကို... ဘုရားကို”
ဟု အော်၏။ ကိုယ်ကို လှုပ်ရှားကာ နွယ်အုံကို လှုပ်ရှားစေ၏။ အခက်အလက် ပင်နွယ်တို့ ရိုက်ခတ်သံတွေ မြည်လာ၏။ နောက်တစ်ခါ အော်ခေါ်၏။ မြင်းလှည်းမောင်းဟန် ပြုသည်။ မြင်းငေါက်သံ ပြုသည်။
ခေါင်းလောင်းမြည်သံအတိုင်း အသံပြု၏။ ကျာပွတ်အရင်းနှင့် ဘီးတကူရင်း ခတ်သံ ပြု၏။ မြင်းခွာသံကို စိပ်လိုက် ကျဲလိုက် မြည်သံပြု၏။ ထို့နောက် မြင်းဇက်ကြိုးဆွဲ ဟန်အတိုင်း နွယ်ကို ဆွဲ၏။ ထို့နောက် မိလှိုင်ကို လှည့်ကြည့်သည်။ မိလှိုင်သည် သူ့ကို ကြည့်နေသည်။
“မိလှိုင်... လာလေဟာ၊ ဘုရားကို ရောက်မယ်၊ တိရစ္ဆာန်ရုံကိုလည်း ရောက် မယ်၊ ကန်တော်ကြီးလည်း ရောက်မယ်”
မိလှိုင်က... ။
“ဟင့်အင်း... ငါ... အဲဒီကို မသွားချင်ဘူး”
သမင်လည်ပြန် ကြည့်ရင်းနှင့်ပင် သူ မေး၏။
“ဘယ်သွားမလဲ၊ ငါ လိုက်ပို့မယ်”
" ငါ့အဖေဆီကို သွားမယ်”
“ပြောလေဟာ... ငါလိုက်ပို့မယ်၊ ရန်ကုန်လား”
“ဟင့်အင်း... မန္တလေး” ။
“ငါလိုက်ပို့မယ်၊ မြန်မြန်လာဟ၊ ငါ့မြင်းက ဒုန်းစိုင်းချင်ပြီ”
မိလှိုင်က တရုတ်စံကားပင်မှ တမာပင်ကိုင်းဆီသို့ ကူး၏။
နွယ်တွေကြားမှ ခပ်ဖြည်းဖြည်း ကူးသွား၏။ ဇော်လတ်၏ နောက်တွင် ထိုင်သည်။
“မန္တလေးကို ဘယ်လောက်လဲ”
" ငါးမူး ”
"များတယ်”
'ဘုရားကို တစ်မတ်ဟာ၊ မန္တလေးက ဘုရားဟိုဘက် ဝေးတယ်၊ ငါးမူး မများ ပါဘူး”
မိလှိုင်က ပိုက်ဆံပေးဟန် ပြု၏။ သူ ယူဟန်ပြု၏။ သစ်ကိုင်း သစ်ရွက် မြည်ခတ်သံတွေ ကြား၏။
* * *
Share



