ဂျွန် - တုံ့နှေးမနေပါနဲ့တော့လောကဓံလက်စွဲ
တုံ့နှေးမနေပါနဲ့တော့
သင်ဟာ လက်ရှိအခြေအနေမှာပဲ ကျေနပ်နေ မလား။ ဒါမှမဟုတ် အခုထက်မြင့် တဲ့ နေရာတစ်ခုကို အရောက်လှမ်းချင်နေသလား။ အောင်မြင်မှုဆိုတာ တကယ်တော့ အခုခေတ်မှစပြီး ပေါ်လာတဲ့ အထူး အဆန်းအရာကြီး မဟုတ်ပါဘူး။ ဟိုးရှေးခေတ်ကတည်းကအောင်မြင်သူတွေ ဒုနဲ့ဒေး ရှိခဲ့ပါတယ်။ ဒီအောင်မြင်သူ ရှေးပညာရှိကြီးတွေ ဆိုထား၊ မိန့်ထားတဲ့ စကားတွေလည်း ရှိပါတယ်။ ဘယ်လို အချက်အလက်တွေဟာ အောင်မြင် မှုကို အထောက်အပံ့ပေးနိုင်တယ် ဆိုတာလည်း ပြောဆို နေကျ ဖြစ်ပါတယ်။ ပေါင်းသင်းဆက်ဆံရေး ကောင်းရ မယ်၊ အလုပ်ကြိုးစားရမယ်၊ ရိုးသားရမယ် စသဖြင့်ပေါ့။
ဒီလိုတွေ ဖော်ထုတ်ပြောဆိုနေပါလျက်၊ လူတိုင်း လည်း သိနေပါလျက်နဲ့ လူတိုင်း ဘာလို့ မအောင်မြင်ကြ တာလဲ။ ဒါမှမဟုတ် တခြားတစ်ခုခုများ လိုနေသေးသလား ဆိုတာ စဉ်းစားစရာဖြစ်ပါတယ်။ အောင်မြင်နိုင်တယ်လို့ တစ်ခါတလေ ပြောမိရေးမိရင်၊ သူများတွေက မဖြစ်နိုင် ဘူး၊
မအောင်မြင်နိုင်ဘူးလို့ ဆိုတတ်ပါတယ်။ ဒါဆိုရင် မေးပါရစေ။ အောင်မြင်မယ်ဆိုတဲ့လူမှာ မွေးကတည်းက
အောင်မြင်မယ့်သူဆိုတဲ့ လက်မှတ်ကိုင်ပြီး မွေးလာပါ သလား။
အေဗရာဟင်လင်ကွန်းဟာ အိမ်မှာ မီးမရှိလို့ ဓာတ်တိုင်အောက်သွားပြီး စာဖတ်နေချိန် ဘယ်သူက နောင်တစ်ချိန်မှာ အမေရိကန်နိုင်ငံရဲ့ လေးစားအတုယူ ဖွယ်ကောင်းတဲ့ သမ္မတကြီး ဖြစ်လာမယ်လို့ထင်မိခဲ့ပါ သလဲ။ ဘီလ်ဂိတ်ကို သူကျောင်းတက်နေစဉ်တုန်းက ကမ္ဘာမှာ အချမ်းသာဆုံးဖြစ်ပြီး အောင်မြင်မှုထိပ်တန်း ရောက်မယ်လို့ ဘယ်သူထင်ခဲ့ပါသလဲ။ မက်ဇူကာဘတ် တစ်ယောက်ကျောင်းမှာ အခန်းတွင်းအောင်းပြီး ကွန်ပျူတာပရိုဂရမ် ရေးခဲ့တုန်းက ထိတ်ထိတ်ကြဲ နာမည် ကြီးသူဌေး ဖြစ်လာမယ်လို့ ဘယ်သူက ထင်ခဲ့ပါသလဲ။ ဂျက်မား တိုးရစ်စ်ဂိုက်လုပ်ပြီး အင်္ဂလိပ်စာ သင်ယူနေချိန် ဘယ်သူက ကမ္ဘာ့အွန်လိုင်းစတိုး အကြီးဆုံးဖြစ်တဲ့ အလီ ဘာဘာ ကုမ္ပဏီသူဌေးကြီး ဖြစ်လာမယ်လို့ ထင်ခဲ့ပါ သလဲ။ သင်ကိုယ်တိုင် အခုလို ဘဝတိုးတက်မယ့်စာတွေ ဖတ်ပြီး ကြိုးစားနေတာ တစ်နေ့မှာ အောင်မြင်တဲ့ သူ ဖြစ်မလာနိုင်ဘူးလို့ ဘယ်သူပြောနိုင်ပါသလဲ။
ဒီလိုပြောလိုက်လို့ တို့တွေက အတူတူပဲ၊ ဘာမှမကွာ ဘူးလို့ ပြောလို့ရပါတယ်။ ဒါဆိုရင် ဘယ်နေရာမှာ သာမန် လူနဲ့ အောင်မြင်မယ့်သူဆိုပြီး ကွာခြားသွားသလဲဆိုတာ မေးခွန်းထုတ်စရာ ဖြစ်ပါတယ်။ လူတိုင်းလူတိုင်းဟာတစ်ဦးနဲ့တစ်ဦး ပေါက်ဖွားလာကြတဲ့ အသိုင်းအဝိုင်း လည်း သိပ်မကွာကြဘဲ တချို့က အောင်မြင်အောင် လုပ်သွားနိုင်ပြီး၊ တချို့ကတော့ ဘဝကို ရေစုန်မျှောနေ ကြတာ ဘာ့ကြောင့်များလဲ။
သေချာဆန်းစစ်ကြည့်တော့ အတွေးအခေါ်မှာ အများကြီးကွာခြားနေတာ တွေ့ရပါတယ်။ လူတွေဟာ အလုပ်လုပ်တော့မယ်ဆိုရင် စိတ်ထဲမှာ အမြဲတမ်း မေးခွန်းသုံးခု ပေါ်ပါတယ်။
(၁) ငါ မသိဘူး
(၂) ငါ့မှာ ဒါမရှိဘူး
(၃) ငါက အဲလို မဟုတ်ဘူး
အဲဒီ အချက်သုံးခုရဲ့ ထိုးနှက်ချက်ကို ခံလိုက်ရပြီဆို တာနဲ့ မလုပ်ချင်မကိုင်ချင် ဖြစ်သွားပါတယ်။ ဒီတော့ ရှိသမျှဆင်ခြေတွေ ရှာကြံပါတော့တယ်။ ငါမှမသိတာ ဘယ်လိုလုပ်မှာလဲ။ ဒါက ဘယ်လိုလုပ်ပြီး ဖြစ်နိုင်မှာလဲ။ ငါ့မှာ ဒီလိုလုပ်ဖို့ ပိုက်ဆံမရှိဘူး။ ငါ့မှာ အချိန်မရှိဘူး။ ငါ့မှာ ကလေးကတစ်ဖက် အိမ်မှုကိစ္စကတစ်ဖက် အလုပ် က တစ်ဖက်နဲ့ လုပ်လို့ရမှာ မဟုတ်ပါဘူး။ ငါက သူတို့လို မဟုတ်ဘူး။ ငါ့မှာ သူတို့လို အသိုင်းအဝိုင်းမရှိဘူး။ ငါ့မှာ အဲသလိုမျိုး အရည်အချင်းမရှိဘူး၊ စသဖြင့် ဘူးပေါင်း များစွာ ပေါ်လာပြီး ဆက်လက်မလုပ်တော့ဖို့ ကိုယ့်ကိုယ် ကိုယ် တားမြစ်လိုက်ပါတယ်။ ပြီးတော့ ဒီအတားအဆီး အကြောင်းတွေကို တွေးလိုက်တိုင်း ကျေနပ်သွားပြီး ဟုတ်သားပဲ ဒီလိုအချက်တွေကြောင့် ငါမလုပ်နိုင်တာပဲ။
ငါ့မှာဘာအပြစ်မှ မရှိဘူး။ ငါ ဒါကိုသိကြည့်၊ ငါ့မှာ ဒါတွေကိုကြည့်၊ ငါ့မှာ ဒီလိုဖြစ်ကြည့်ပါလား ငါလည်း သူတို့ လောက်တော့ အသာလေးပဲ ဖြစ်နိုင်ပါတယ်ဆိုပြီး ဆင်ခြေတွေနဲ့ပဲ ကျန်ရစ်ခဲ့ပါတယ်။
အောင်မြင်မယ့်သူတွေကတော့ ဒီမေးခွန်းသုံးခုနဲ့ ရင်ဆိုင်လိုက်ရပြီဆိုရင် ဘာဆက်လုပ်မလဲ စဉ်းစားပါ တယ်။ မသိတာကို မေးပါတယ်၊ ဒါကို မသိဘူး။ ဒါဆို ဘယ်လိုလုပ်မလဲ။ ဘယ်မှာ သင်ရမလဲ။ ဘယ်သူ့ဆီမှာ သင်ရင်ကောင်းမလဲ။ ဘယ်လိုသင်ရင် ကောင်းမလဲ။ ငါ့မှာ ဒါမရှိဘူး။ ဒါဆို ဘယ်လိုရှိလာအောင် လုပ်မလဲ။ ဘယ်မှာရှာရမလဲ။ ဘယ်လို ရှာရမလဲ။ ရှိလာအောင် ဘယ်သူ့ဆီက အကြံဉာဏ်တောင်းရမလဲ။ ဒီလို နည်းလမ်းပြောင်းလုပ်လိုက်ရင် ရှိလာနိုင်လား။ ငါ ဘာ အားသာလဲ။ ငါ ဘယ်အပိုင်းမှာ အားနည်းနေလဲ။ ဘယ်လို အားသာ လာအောင် လုပ်လို့ရမလဲ။ ဘယ်သူ့ကိုချဉ်းကပ်ရင်ကောင်းမလဲ။ ဘယ်လို အခြေအနေမျိုး ဖန်တီးနိုင်ရင် ငါ အဲလို ဖြစ်လာမလဲ။ ဒါဆို အောင်မြင်နိုင်ဖို့ ဘယ်လောက်နီးစပ်မလဲ စသဖြင့် တွေးတောပါတယ်၊ ကြံစည် ပါတယ်၊ လုပ်ဆောင်ပါတယ်။ ဘဝရဲ့ စိန်ခေါ်မှုကို သူတစ်ပြန် ကိုယ်တစ်ပြန် အပြိုင်ကြပါတယ်။ ဒါကမှ အောင်မြင်မယ့်သူ ဖြစ်ပါတယ်။
ကြိုက်တဲ့သူကို မေးကြည့်ပါ။ ဘဝအောင်မြင်ဖို့ ဘာလုပ်ရမလဲမေးရင် ငါးမိနစ်အတွင်း အချက်အလက် ပေါင်းများစွာ၊ အရည်အချင်းပေါင်းများစွာကို ပြောနိုင်ကြပါတယ်။ ဒါကို သိပါလျက်နဲ့ ဘာလို့ မလုပ်သလဲ။ ကံကို ထိုင်စောင့်နေတာလား။ ဒါမှမဟုတ် တစ်ယောက် ယောက်ရဲ့ လုပ်တော့ ဆို တဲ့ အမိန့်ကို စောင့် နေတာလား။ ဘယ်သူ့အမိန့်မှ စောင့်မနေပါနဲ့။ ကိုယ့်ဘဝတိုးတက် အောင် ကိုယ်ကိုယ်တိုင်ကသာ မဆိုင်းမတွ စတင်လုပ်ဆောင်ရမှာပါ။ တုံ့နှေးမနေပါနဲ့တော့။