Skip to product information
1 of 4

Other Websites

ဂျူး - အောက်ခြေသန်းတစ်ထောင်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

 အထည်ကြီးပျက်လား အထည်လေးပျက်လား မသိ၊ ကျွန်မတို့မိသားစုက နွမ်းပါးသွားပေမဲ့ ဟန်မပျက် နေနိုင်ခဲ့တာ အကြာကြီး။ ကိုယ့်ထက် ပို ဆင်းရဲနွမ်းပါးသူတွေကို ကျွန်မတို့ သိပ်မဝတ်ဖြစ်သည့် အနွေးထည်လေးတွေ အင်္ကျီဘောင်းဘီလေး တွေ ဝေငှပေးခဲ့ရသေးသည်။ ကိုယ့်အဝတ်ကို နှမျောပေမဲ့ သူများ ကိုကူညီရသည့်အခါ ကြည်နူးရပါသည်။ သူများဆီက တစ်ခုခု ကူညီခံရဖို့ တစ်ခါမှ မမျှော်လင့်ခဲ့ရာက ဆောင်းတစ်ညနေမှာတော့ ကျွန်မ တော်တော်အံ့ဩရသည့် အဖြစ်အပျက်တစ်ခု ကြုံခဲ့ သည်။ ကျွန်မတို့ညီအစ်မတွေအတွက် အိမ်နီးချင်းတစ်ဦးက အနွေးထည် တော်တော်ကောင်းကောင်း (သို့သော် တစ်ပတ်နွမ်း) နှစ်ထည် မီးပူတိုက်ပြီးသား အခေါက်လိုက်လေး လာပေးခဲ့ခြင်း ဖြစ်သည်။ ဒါ ပထမဆုံးအကြိမ် လက်ခံလိုက်ရသော သူတစ်ပါး ထံမှ အကူအညီပါ။

          အဲဒီညနေက အင်္ကျီလေးတွေဟာ အသစ်တော့ မဟုတ်ဘူးဟု သိလိုက်သည့်အချိန်တွင် (ကိုယ်ချင်း မစာမနာ) ကျွန်မ မျက်နှာများ ပျက်သွားခဲ့မိလားမသိ။ ကျွန်မတို့ မိသားစု ဟန်ပျက်သွားခဲ့ပြီလား။ ကျွန်မတို့ကချည်း ရှိသည့်ပစ္စည်းလေးတွေကို ဝေငှပေးနေရာကနေ အခုအခါ အပေးခံရသူဘဝသို့ ဘယ်အချိန်က ရောက်သွားတာလဲ။ ဟန်မပျက် ဆင်းရဲနွမ်းပါးရာ ကနေ ကိုယ်တိုင်တောင် မသိလိုက်ဘဲ ဟန်ပျက်သွားသည့် အခြေ အနေ။ ထိုအမှန်တရားကို ရင်ဆိုင်ရတာ နည်းနည်းတော့ ထိခိုက် တာပေါ့။

          ထိုအချိန်ကတည်းက ဆင်းရဲခြင်းနှင့်ဆက်စပ်နေသော အရာတို့ကို စိတ်ဝင်စားလာခဲ့သည်။ ဆင်းရဲခြင်း၏အကြောင်း ရင်း၊ ဆင်းရဲခြင်း၏နောက်ဆက်တွဲ ပြဿနာများ၊ ဆိုးကျိုးများ၊ ဆင်းရဲခြင်းမှ ရုန်းထွက်နိုင်မည့် အင်အားများ၊ အကူအညီများ။

          ကျွန်မတို့ နွမ်းပါးသည်။ နွမ်းပါးရခြင်း အကြောင်းရင်း ကိုလည်း ကျွန်မသိသည်။ ဖေဖေ အလုပ်လုပ်နေသည့် ရေနံမြေ ကို ပြည်သူပိုင်သိမ်းခံလိုက်ရသည်။ ဖေဖေက နှစ်မျိုး နစ်နာသည်။ တစ်မျိုးက သူများ၏ရေနံတွင်းမှာ မန်နေဂျာအဖြစ် လုပ်နေစဉ်မို့ ပြည်သူပိုင် သိမ်းသောအခါ ထိုအလုပ်ကနေ ပြုတ်သွားတာ။နောက်တစ်မျိုးက ဖေဖေ စုထားသောငွေနှင့် မေမေ့လက်ဝတ် လက်စားအားလုံးကို ထုခွဲပြီး ဖေဖေကိုယ်တိုင် ရေနံတွင်းတစ်ခု ထဲသို့ ရင်းနှီး မြှုပ်နှံပစ်လိုက်လို့။ မေမေပြောသလို ပလုံခနဲတောင် မမြည်လိုက်ရသည့်ငွေတွေ။

          ဖေဖေက ကျွန်မတို့ကို နာရီပြင်ဆရာလုပ်ပြီး ကျွေးမွေး ပြုစုခဲ့ရသည်။ ခြစ်ခြစ်ဖြုတ်ဖြုတ် စားသောက်ရသည်။ ကုန်း စောင်းသို့ ရွှေ့ပြောင်းပြန်တော့ ကုန်းစောင်းမှာရှိသည့် မေမေ့ လယ်တွေက ကိုယ်တိုင် လယ်လုပ်ခြင်း မဟုတ်လို့ လယ်သီးစား ဥပဒေဖြင့် လက်လွတ် ဆုံးရှုံးသွားရပြန်သည်။ ဒါပေမဲ့ ကျွန်မတို့မှာ ဆင်းရဲနွမ်းပါးမှုကနေ လွတ်မြောက်ဖို့ ထွက်ပေါက်ရှိခဲ့သည်။ ဒါကို အခုချိန်ကျမှ ပြန်စဉ်းစားမိခြင်း ဖြစ်သည်။ ထိုထွက်ပေါက်မှာ ပညာရေး ဖြစ်သည်။ ဖေဖေနှင့် မေမေသည် ကျွန်မတို့မောင်နှမ

တွေ၏ပညာရေးကို အားပေးသည်။ ပညာတတ်ရမည်။ ပညာ တတ်မှ လိမ္မာရေးခြား ရှိမည်။ အမှားအမှန် ခွဲခြားနိုင်မည်။ အလုပ်အကိုင် ရှာဖွေနိုင်မည်။

          ကျွန်မတို့ ပညာကို အားကြိုးမာန်တက် သင်ယူလေ့လာ ကြလေသည်။

          ကျွန်မတို့သာ ပြည်သူပိုင်သိမ်းခံလိုက်ရလို့ နွမ်းပါး သွား ပေမဲ့ ကျွန်မတို့နိုင်ငံကတော့ စာထဲမှာ သင်ရသည့်အတိုင်းဆိုလျှင် သဘာဝသယံဇာတတွေ အလွန် ပေါကြွယ်ဝတာပဲ။

          ကျွန်မငယ်စဉ်က မြန်မာနိုင်ငံ၏တွင်းထွက် သယံဇာတ များအကြောင်း သင်ရသည့်အခါ မြန်မာနိုင်ငံ မြေပုံတွင် ကျွန်မ တို့မြို့ အမြဲတမ်းပါသည်။ ရေနံတူးစင် ပုံသဏ္ဌာန် သင်္ကေတလေး ဖြင့် ရေနံချောင်းဟု ဖော်ပြထားသောကြောင့် ဖြစ်သည်။ ကျွန်မ မျက်စိအောက်တွင်ပင် ကိုယ်တွေ့ပါပဲ။ လက်မှတ်ကုန်းမှ တွင်း ကုန်းသို့ ဖြတ်သွားတိုင်း ရေနံတူးစင်ကြီးတွေ၊ ဟိုဘက်သည်ဘက် ယိမ်းကာ ရေနံထုတ်ယူနေသည့် မောင်းတံကြီးတွေကို မြင်နေ ကျပဲ။ ဟုတ်တယ်။ ရေနံတွေ အများကြီးပါပဲ။ ရေနံဆိုတာ ကြွယ်ဝခြင်းပါပဲ။

ရေနံချောင်းမှာ ရေနံဖြင့်ကြွယ်ဝသူများ၏ အမွေအနှစ် ကျန်ရှိနေဆဲ။ တွင်းကြီးမင်းစုရပ်ကွက်ဆိုတာကိုက တွင်းကြီးမင်း မှ ပေါက်ဖွားဆင်းသက်လာသောဆွေမျိုးတွေ နေထိုင်ရာအရပ်ကိုအစွဲပြုပြီးရလာသော နာမည် မဟုတ်ဘူးလား။ ကျောက်စာရုံ ဘုရားကြီးသည် ရေနံတွင်းများကို ပိုင်သော တွင်းရိုးတွင်းစားတွေ လှူဒါန်းထားသည့် အလှူဒါနမို့ ရေနံတွင်းသူဌေးတို့၏ သက်သေ ပဲ။ ပိဋကတ်သုံးပုံကို စကျင်ကျောက်ချပ်ကြီးတွေမှာ ထွင်းပြီး ပူဇော်ထားသည့် အဆောက်အဦကြီးများသည် ယခုကာလထိ တိုင် ကျွန်မတို့မြို့၏ ကျက်သရေဆောင် ဖြစ်သည်။ တွင်းစားရိုး ကြီးဦးသာကံနှင့် ပါရမီဖက်ခင်သင် ဆိုသည့် ကမ္ပည်းကျောက်စာ ကို အခုထိ ကျွန်မ မြင်ယောင်နေမိပါသည်။

          လက်ဖြင့်တူးသည့် ရေနံတွင်းတွေမှ ရသည့် ဝင်ငွေ၊ ထို့နောက် အင်္ဂလိပ်အုပ်ချုပ်ပြန်တော့ အင်္ဂလိပ်အစိုးရဆီက ရ သည့် တွင်းငှားခငွေလေး တပဲ ခြောက်ပြား ဝင်ငွေ၊ ဒါတွေ စုပြီး ဒီလောက် အလှူကြီးတွေ လုပ်နိုင်တာ၊ အာဏာဖြင့် ပိုင်ဆိုင်ခွင့် လည်း သိမ်းယူ၊ စက်ဖြင့်လည်း တူးသည့်လူတွေဆိုလျှင် ဘယ်လောက်များ ဝင်ငွေကောင်းလိုက်ကြမလဲပေါ့။ ၁၉၃၉ခုနှစ်တုန်း က အင်္ဂလိပ်တွေ ရေနံ ပေပါပေါင်း ၆သန်းခွဲ ရခဲ့သတဲ့။ ဝင်ငွေက အဲဒီတုန်းက ဒေါ်လာ၃၅သန်း ရခဲ့သတဲ့။

          ရေနံသာမက ကျွန်းသစ်တွေ၊ ကျောက်သံ ပတ္တမြားတွေ၊ ရွှေ၊ ကျောက်စိမ်း၊ ကြေးနီ၊ ခဲမဖြူ အဖြိုက်နက်တွေကလည်း ရှိသေးသည်။ သင်ခန်းစာထဲမှာ သင်ရပါသည်။ သယံဇာတတွေ ပေါများ ကြွယ်ဝပါဘိခြင်း။ သယံဇာတတွေကြောင့် ကိုလိုနီဘ၀သို့ ကျရောက်ခဲ့သည်။ သယံဇာတတချို့ ကုန်သွားသည်။ လွတ်လပ် ရေးရသည်။ သဘာဝသယံဇာတတွေ ကျန်ရှိနေဆဲ။ ဆန်စပါး တောင် နိုင်ငံခြားသို့ တင်ပို့သည့်အဆင့် ရှိနေခဲ့ဆဲ။ တော်လှန်ရေးကောင်စီခေတ်၊ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ခေတ်၊ နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးခေတ်၊ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးခေတ်၊ခေတ်တွေ ပြောင်းလာသည်။ ကျွန်မလည်း လူလား မြောက်ပြီး အသိပညာ ဗဟုသုတတွေ တိုးလာသည်။ မြန်မာနိုင်ငံ ဆင်းရဲသောနိုင်ငံတစ်ခုအဖြစ် စာရင်းပေါက်လာတာကို လက်မခံ ချင်လည်း လက်ခံလိုက်ရပြီ။

          ကျွန်မ ခုနစ်တန်းနှစ်လောက်က ဆရာဇော်ဂျီ၏ တို့တိုင်းပြည် ကဗျာကို သင်ခန်းစာအဖြစ် သင်ရ၏။ ကျွန်မတို့ကို အသိပညာကြွယ်ဝအောင် ခွန်အားပေးခဲ့သောကဗျာ ဖြစ်သည်။ ကျွန်မတို့နိုင်ငံ ပညာရေးစနစ်တွင် သင်ရိုးညွှန်းတမ်းကဖြင့် အပြစ် အနာအဆာ တယ် မရှိလှပါဘူးဟု ခုခံကာကွယ်လို့ ရလောက် သည်။

 

ထလော့မြန်မာ အိုမြန်မာတို့

တို့ရွာတို့ပြေ တို့ယာမြေဝယ် 

ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့် 

သီးနှံချိုပျား များလည်းများ၏။

 

ငယ်စဉ်ကတော့ ကဗျာကိုနှစ်သက်သော်လည်း အပြည့် အဝကြီး နားမလည်နိုင်ခဲ့။ ရေချိုသောက်ရန် မြစ်ချောင်းကန်နှင့် ချိုမြသောသီးနှံတွေ များပြားသည်ဆိုတာ ဘာများ ဆန်းလို့လဲပေါ့။

ဒါကို စာဖွဲ့ထားတယ်ဆိုတော့ တစ်ခုခုတော့ တစ်ခုခုပဲ။ ဘာမှန်း မသိ။

          အသက်နည်းနည်း ကြီးလာတော့ စာလေး ဘာလေး ပိုဖတ်လာသည့်အခါ ကမ္ဘာကို စာတွေ့ မြည်းစမ်းမိလာသည်။ အာရှကို နည်းနည်း ပိုသိလာသည်။ ထိုအခါကျမှ ရေချိုသောက် ရန် မြစ်ချောင်းကန်ဆိုတာ နိုင်ငံတိုင်းမှာ ပေါများနေတာ မဟုတ် ပါပဲလား ဟု ပိုပြီး သဘောပေါက်လာတော့သည်။ သောက်စရာ ရေချို မရှိလို့ ရေကို အိမ်နီးချင်းနိုင်ငံကနေ ဝယ်ယူပြီး သောက် သုံးရသည့် အဖြစ်များ၊ သောက်စရာရေချိုမရှိလို့ အညစ်အကြေး ရေကို ပြန်သန့်စင်အောင် ငွေကုန်ကြေးကျများစွာဖြင့် ကျိုချက် သောက်ကြရသည့်အဖြစ်တွေကို ကိုယ်တိုင် သိလာသည်။ အို ကျွန်မတို့နိုင်ငံဟာ ရေအတွက်ဖြင့် နိုင်ငံခြားငွေ ကုန်စရာ မလိုခဲ့ တာ တော်ပါသေးရဲ့ လေ။ နိုင်ငံခြားကို သဘာဝဓာတ်ငွေ့နှင့် ရေနံ တင်ပို့ ရောင်းချ၊ လျှပ်စစ်ဓာတ်အားတွေကိုတောင် နိုင်ငံခြားသို့ ရောင်းချရသေးသည် မဟုတ်လား။ သို့ပါလျက် ဖွံ့ဖြိုးဆဲနိုင်ငံတွေ ထဲမှာ ကျွန်မတို့ ပါနေခဲ့တာ။ ဒါ အံ့ဩစရာကြီးပေါ့။ တစ်ခုခုတော့ တစ်ခုခုပဲ။ ဘာများ မှားနေလို့လဲ။

          ကျွန်မ ဟိုစာတွေဖတ် ဒီစာတွေဖတ် ပညာရှင်တွေနှင့် တွေ့လို့ စကားစမြည်ပြော ဆွေးနွေး မေးမြန်းသည့်အခါ ကျွန်မ တို့နိုင်ငံမှာ အဖော်နှင့်အပေါင်းနှင့် ဆိုတာကို မြင်တွေ့လာသည်။ ကျွန်မတို့လိုပဲ ဖွံ့ဖြိုးဆဲနိုင်ငံတွေ ရှိသေးသည်။ တူညီတာတစ်ခုက သူတို့လည်း သဘာဝသယံဇာတတွေ ကျွန်မတို့လိုပဲ ပေါကြွယ်ဝ ခဲ့ကြဖူးသည်။ ဒါနှင့်တောင် ဖွံ့ဖြိုးဆဲနိုင်ငံအဆင့်ပဲ ရှိသေးသည်။

တစ်ခါတစ်ခါ ဆင်းရဲတွင်းထဲကျလိုက်။ တစ်ခါတစ်ခါ ဆင်းရဲခြင်း မျဉ်းကြောင်းမှာ တန်းနေလိုက်။

 

များပါလေလည်း တမွဲမွဲနှင့် 

ဆင်းရဲကာသာ ယာစကာမျိုး 

တညှိုးညှိုးနှင့် ပုထိုး မြင့်မောင်း

ကျောင်းကြိုကျောင်းကြား

 လှည့်လည်သွားလျက် 

မစားလေရ ဝမ်းမဝ၍ 

ဆွမ်းမျှ မတင်နိုင် ရှိမည်တည်း။

 

          ဆရာကြီးပြောခဲ့ပုံက တော်တော်ရက်စက်သည်။ ကျွန်မ တို့ ယာစကာမျိုးဖြစ်ရတော့မှာလား။ သူတောင်းစားဘဝသို့ ရောက်သွားနိုင်ခြေ ရှိသလား။ ဆရာကြီးရယ် “အထည်ကြီးပျက် ဖြစ်သွားမယ်” ဆိုတဲ့ အသုံးအနှုန်း လောက်ဆို တော်ရောပေါ့။

 

ထလော့မြန်မာ အို မြန်မာတို့ 

တို့ရွာတို့မြေ တို့ရွာမြေဝယ် 

စေတီစပါး များလည်းများ၏ 

များပါလေလည်း တမွဲမွဲနှင့် 

ဆင်းရဲကာသာ ကာလကြာလျှင် 

မြင်သာမြင်ရ မစားရ၍ 

တောက ပြိတ္တာဖြစ်မည်တည်း။

 

          အထည်ကြီးပျက်ဆိုသော စကားလုံးကို ရပ်ကွက်ထဲမှာ ကျွန်မတို့ ခဏခဏ ကြားဖူးသည်။ နဂိုက ချမ်းသာ ကြွယ်ဝပြီး ယခုအခါ ရှိသမျှ အကုန်ကုန်သွားပြီ။ အသုံးအစွဲကို လျှော့ချနေ ရပြီ။ သို့သော် ဟန်လေးကတော့ ရှိနေဆဲ။ ထိုစကားလုံးနှင့် ကိုယ့် ကိုယ်ကို ပမာပြု တင်စားလို့ ရမလား။

          မရနိုင်ဘူး။ ဘာကြောင့်လဲဆိုတော့ တစ်အချက်၊ ကျွန်မ တို့က “အထည်ကြီးဘဝသို့ ရောက်ခဲ့ဖူးရဲ့လား မသေချာ။ နှစ် အချက်၊ သေချာတာက ကျွန်မတို့က ဟန်ပျက်နေပြီ။ ကိုယ့်အခြေ အနေကို တိုးတိုးတိတ်တိတ် မဟုတ်။ ကျယ်ကျယ်လောင်လောင် ပဲ အားလုံးသိနေပြီ။ ဒီတော့ ဒီထက် ပိုသင့်တော်သည့် စကားလုံး ရှိရဦးမည်။ ထားပါတော့။

         သိပ်မကြာသေးခင်က ကျွန်မ စာအုပ်တစ်အုပ် ဖတ်ရ သည်။ ကျွန်မနားမလည်ခဲ့သော တချို့ အရာတွေကို ထိုစာအုပ်က အဓိပ္ပါယ်ဖော်ပေးခဲ့၏။ ကျွန်မ ထိုစာအုပ်ကို သဘောကျသဖြင့် ကျွန်မ၏လုံးချင်းဝတ္ထု “သူ မင်းကို ဘယ်တော့မှ” တွင် စာ တစ်ကြောင်း နှစ်ကြောင်းဖြင့် မိတ်ဆက်လိုက်မိသေးသည်။ ပေါလ် ကိုလီယာ Paul Collier ၏ အောက်ခြေ သန်းတစ်ထောင် (The Bottom Billion) ဟူသောစာအုပ်ဖြစ်သည်။

          စီးပွားရေးပညာရှင် ပေါလ်ကိုလီယာသည် စာရေး ကောင်းလှ၏။ ကျွန်မလို လူပြိန်းမျိုး နားလည်အောင် စိတ်ဝင်စားအောင် ရေးခဲ့၏။ မိတ်ဆက်စကားချီးကစပြီး ကျွန်မကို ဆွဲဆောင် ခဲ့သည်ဟု ပြောနိုင်ပါသည်။

 

 

 

 

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)