ဂျူး - တွေ့ချင်လှပြီ
ဂျူး_ တွေ့ချင်လှပြီ
သည်ကနေ့ သူ့ကိုတွေ့ရမည်။
တွေးလိုက်ရုံ နှင့် ကျွန်မ၏ရင်ထဲမှာ လှိုက်ခနဲ ဖိုကာ လက်ဖျား၊ခြေဖျားတွေအထိ နွေးထွေးလှုပ်ခတ်သည် သွေးတို့ စီးဆင်းခဲ့သည်။
နေ့လယ်တစ်နာရီမှာ တွေ့ရတော့မည်။
ဧည့်ခန်းနံရံကပ်နာရီကို ဘယ်နှကြိမ်မြောက်မှန်းမသိ မော့ကြည့်မိသည်။ ဆယ့်တစ်နာရီခွဲတော့မည်။
ကျွန်မ လက်ထဲက ဖတ်ချင်ယောင် ဆောင်ထားသော စာအုပ်ကို စာရွက်မလှန်တာ ကြာပြီဟု သတိရသွားပြီး စာရွက် တစ်ရွက် လှန်လိုက်သည်။
ကျွန်မ အစ်မကို တစ်ချက် ခိုးကြည့်မိတော့ အေဖိုးစာရွက်တွေပေါ်မှာ သဲကြီးမဲကြီး စာရေးနေသည်။ စာရေးစားပွဲခုံခြေထောက်က မညီညာသဖြင့် သူ စာရေးသည် အခါ ခုံက တလှုပ်လှုပ်ဖြစ်နေသည်။ မမယမုန်သည် စာရေးလျှင်ဘောလ်ဂျွိုင်ပင်ကို တအားဖိနှိပ်ပြီး ရေးတတ်သည်။ သူ စာရေးလျှင် စာလုံးရေးသံ တွေကိုပင် ကြားရလောက်သည်။ အခုလည်း စားပွဲခုံအပုလေးပေါ်မှာ ခေါင်းကို အားရပါးရ စောင်းလျက် ရေးနေသည်မှာ တော်တော်ကြာပြီ။ တနင်္ဂနွေနေ့များတွင် သူ့ရုံးပိတ်ပေမယ့် သူ အပြင်ကို သွားရသည်ရက်တွေရှိသည်။ အစည်းအဝေးရှိလို့ ဆိုတာက အများဆုံးပေါ့။ ကျန်တာတွေကတော့ တစ်ယောက်ယောက်အတွက် မွေးနေ့လက်ဆောင် လိုက်ဝယ်ပေးမလို့ ဆိုတာမျိုး၊ အထက်အရာရှိက ဘယ်ကိုသွားမှာမို့ ဘာလိုနေလို့ လိုက်ဝယ်ပေးရမှာ ဆိုတာမျိုးတွေ။ ဒီနေ့မှ ဘာဖြစ်လို့ အစ်မက အပြင် မထွက်တာလဲ။ သူ ရှိနေသောအခါ ကျွန်မ မလွတ်လပ်တော့ဘူးပေါ့ ။
ကျောင်းတက်လျှင် ဘယ်လိုဝတ်စုံ မဝတ်ရ ဆိုတာမျိုးကအစ ကျွန်မအပေါ် သူ ချုပ်ချယ်ချင်သည်။ ခါးပေါ်ထိ မရောက်ဘဲ တင်ပါးပေါ် တင်ရုံရှိသော ဂျင်း ဘောင်းဘီကို ဝတ်မိလို့ မေမေက ဘာမှမပြောပေမယ့် မမ ယမုံက ကျွန်မကို ဆူသည်။ လုံးဝ မဝတ်ရဘူးဟု အမိန့်ထုတ်သည်။ နောက်ခွဲထားသော စကပ်ကို မဝတ်ရဟု ပြောသည်။ “မိန်းမတွေကိုက ကြည် မရဘူး” ဟု ရေရွတ်တက်သည်။ တကယ်တော့ သူနှင့် ကျွန်မ အသက်ချင်း ငါးနှစ်ပဲ ကွာတာပါ။ သို့သော် သူက ၂၆နှစ်နှင့် မတူဘဲ ၃၆နှစ် ပုံစံပေါက်နေသည်။
မြန်မာချည်ထည်တွေကိုပဲ မြန်မာအင်္ကျီပုံစံ ရင်ဖုံးဒီဇိုင်းအမျိုးမျိုး၊ လက်တိုလည်း မဟုတ်၊ လက်ရှည်လည်း မဟုတ်သည် တံတောင်ဆစ်ဖုံး လက်စကတွေကို ဝတ်လေ့ရှိသည်။ သူဝတ်တော့ လှပါသည်။ သို့ သော် ကျွန်မကို လာမဝတ်ခိုင်းပါနှင့်။ မဝတ်နိုင်ပါ။ ကျွန်မကတော့ အိအိပျော့ပျော့ ပါးပါးလျားလျားအတွန့် အခေါက် လေးတွေနှင့် ဘလောက်ပုံစံအမျိုးမျိုးကို စကတ်တွေနှင့် ဝတ်ချင်သည်။ ဘောင်းဘီကို ဝတ်ရတာ လူက လုံလုံခြုံခြုံရှိသည်။
ကျွန်မ အပြင်ခဏသွားဦးမည် ဟူသော စကားကို ဘယ်လို စပြောရပါ့ မလဲဟု ကျွန်မကြံစည်တွေးတောနေခဲ့သည်မှာ ညကတည်းက ဖြစ်ပါသည်။
အင်တာနက် သွားကြည့် မည်ဟု အကြောင်းပြလို့တော့ ရမည်မထင်။ အင်တာနက်ဆိုင်သည် ကျွန်မအိမ်နှင့် မျက်စောင်းထိုးလောက်က ခြောက်ထပ်တိုက်၏ အောက်ဆုံးလွှာ မြေညီထပ်မို့ တော်တော်နီးနေသည်။ နောက်ပြီး ဝင်ပြီးလျှင် ပြန်ထွက်ဖို့က ရှေ့ပေါက်တစ်ခုတည်း ရှိသည်မို့ အစ်မ မသိဘဲ ပြန်ထွက်ပြီး တစ်နေရာရာသို့ သွားလို့ရနိုင်မည် မထင်ပေ။ တစ်ခုတော့ရှိပါသည်။ မှန်နံရံ အညိုရောင်တွေ ကာထားသည်မို့ အပြင်ကကြည်လျှင် အတွင်းကို မမြင်ရ။ ကျွန်မအိမ်ဘက်သို့ အခြေအနေ လှမ်းအကဲခတ်ကြည် လျှင် ရသည်။ သို့ သော် ကျွန်မတို့ တိုက်ခန်းကလည်း မှန်အညိုရောင်တွေပဲ နံရံအပြည်လောက် နီးပါးဖြစ်သည်။ ထိုမှန်တွေက နေ့ခင်းဆိုလျှင် အတွင်းက လူကိုအပြင်ကနေ လှမ်းမမြင်နိုင်။ အတွင်းကလူက မှန်နောက်မှ အပြင်သို့ ကြိုက်သလောက် လှမ်းငုံကြည်လို့ရသည်။ ကျွန်မက မှန်အညိုရောင်တွေ နောက်မှ အိမ်ဆီသို့ လှမ်းအကဲခတ်ပေမယ့် မမယမုန်ကသာ ကျွန်မတို့ တိုက်ခန်းမှန်နံရံတွေ နောက်မှ အင်တာနက်ဆိုင်ရှေ့ ဝင်ပေါက်ကို လှမ်းကြည့်နေမည်ဆိုလျှင် သူ့ကို ကျွန်မ မမြင်နိုင်။ တကယ်လို့ အခြားနည်းဖြင့် အပြင်သို့ ထွက်မရဘူးဆိုလျှင်တော့ အင်တာနက်ဆိုင်ထဲကိုဝင်၊ အိမ်သာထဲမှာ အဝတ်အစားလဲလှယ်ပြီး မမယမုန် မမှတ်မိနိုင်ခင် ခပ်သွက်သွက် လမ်းလျှောက်ထွက်သွားရမည်။
ရှောက်သီးသုတ်နဲ့ ထမင်းစားရရင် ကောင်းမှာတော်”
မမယမုန်က စာရေးမပျက် ကျွန်မကို လှမ်းပြောတော့မှ ကျွန်မအကြံရသွားသည်။ ကြည်စမ်း ဘာလို့ ဒါကို မတွေးမိပါလိမ့်။
“အို ရှောက်သီးသုတ်လား၊ ညီမလေးတို့ ကျူရှင်နားက သိပ်ကောင်းတာပဲ၊ ကျူရှင်အပြန်ကျရင် ဝယ်လာခဲ့ပေးမယ်”
ကျူရှင်ကိုအကြောင်းပြလို့ ရရဲ့သားနဲ့နော်။
'ကျူရှင်၊ ဒီနေ့ ကျူရှင်ရှိလို့လား”
“ဟင် ရှိတယ်လေ မမရဲ့၊ ၁၁နာရီခွဲကနေ ၁နာရီခွဲအထိ၊ ခဏနေ ညီမလေးသွားမှာပဲ”
မမယမုန်က မျက်မှောင်ကြုတ်ပါ သည်။
‘နင့်ကျူရှင် အပြီးထိ ငါမစောင့်နိုင်ဘူး၊ ကိုယ့်ဟာကိုယ်ပဲ သုတ်စားတော့မယ်၊ နင်အောက်ဆင်းတဲ့အခါ ရှောက်သီးလေးတစ်ခြမ်းလောက် ဝယ်ပြီး ခြင်းလေးနဲ့ တင်ပေးခဲ့”
အပိုင်ပဲ၊ ကျွန်မတော်တော်စိတ်သက်သာရာ ရသွားပါသည်။ ခါတိုင်းဆိုလျှင် ခြောက်ထပ်ကနေ အောက်ဆင်းပြီး တစ်ခုခုဝယ်ရမည်ကို သေရမလောက်ကြောက်သည်။ အခုတော့ ကျွန်မ ကြည်ကြည်ဖြူဖြူပင် သဘောတူလိုက်သည် ။
‘ဝယ်ခဲ့ပေးမယ်လေ”
ထို့နောက် ဖတ်ချင်ယောင်ဆောင်ထားသည့် စာအုပ်ကို လွှတ်ချပြီး အဝတ်အစားလဲဖို့ လှစ်ခနဲ ထွက်လာခဲ့ပါသည်။
ဘာအင်္ကျီဝတ်ရမလဲ ဟင်။
အဝတ်ဗီရိ ရှေ့မှာ စဉ်းစားနေသည် အရသာက တော်တော် ရင်ခုန်စရာ ကောင်းသည်။
သူ့မျက်လုံးထဲမှာ ကျွန်မကို လှပရုံမျှမက ဆွဲဆောင်မှုလည်း ရှိနေစေချင်သည်။ ချည်ထည် စကတ်တွေက ကိုယ်လုံးအလှကို သိပ်မပေါ်လွင်ဘူးထင်ပါရဲ့။ ပျော့ပျော့အိအိ ထမီစကတ်ကလေးကို ထုတ်ယူလိုက်သည်။ အနက်ရောင်ဆိုတော့ အပေါ်က ပန်းနုရောင် နှင့်လိုက်ဖက်မှာပဲ။ အနက်ပေါ်မှာတော့ ဘာပဲဝတ်ဝတ် ပေါ်လွင်နေမှာပါ။ တွဲလွဲတန်းလန်း ဖန်စီဆွဲကြိုးလေးတစ်ခုကို လည်ပင်းမှာ ဆွဲလိုက် ပြီးတော့ မှန်ထဲမှာ မျက်နှာကို ဟိုလှည့်ဒီလှည် လုပ်ကြည့်မိသည်။ အဆင်ပြေပါတယ်။ ကျွန်မ စိတ်ကျေနပ်သွား၏။
မေ့မေ့ကို ခွင့်တောင်းဖို့ က မမယမုန်ဆီက သဘောတူညီချက်ရယူဖို့ လောက် မခက်ခဲလှပါ။ မေမေက အမြဲလိုပင် သံသယ ကင်းသူဖြစ်သည်။ ကျွန်မ ကျူရှင်သွားမည် ဆိုလျှင် ရှောရှောရှူရှူပင် ခွင့်ပြုသည်။ မမယမုန်လို အိတုန်လာမခေါ်ဘူးလား။ ဘယ်အချိန်ပြာလာမှာလဲ၊ ခဏနေဦး မမနဲ့အတူသွားမယ်၊ မမလည်း အဲဒီဘက် သွားစရာရှိတယ်၊ စသည် စသည်ဖြင့် မယုံသင်္ကာ အရစ်မရှည်တတ်ပေ။
“မေကြီး ဘာတွေ ကျက်ပြီလဲ”
မီးဖိုထဲမှာ ချက်ပြုတ်နေသော မေမေ့ကို နောက်ဘက်မှ ခါးကို သွားဖက်ပြီး မေးလိုက်သည် အခါ မေမေက ကျွန်မ ဆာနေပြီဟု တွက်သည်။
“အို သမီးလေး ဆာပြီလား၊ မေမေ ငါးကြော်တစ်ခုပဲ ကျက်သေးတယ်၊ ဒီနေ့ ဈေးသွား နောက်ကျလို့လေ၊ သမီး အခုဘယ်သွားမလို့လဲ ခဏစောင့်ရင် ချဉ်ရည်ဟင်း ရမယ်”
တွေ့လား၊ မေမေက ကျွန်မ အပြင် ဘာကြောင့်ထွက်မှာလဲ ဟူသော အကြောင်းအရာထက် ကျွန်မ ထမင်းအချိန်မှီစားသွားဖို့ ဟူသော အကြောင်းအရာကို ပိုပြီးတော့ ပူပန်သည်။
“မစားတော့ဘူးမေကြီး၊ အပြန်ကျမှ စားမယ်”
သူနှင့် တွေ့ပြီးသည့်အခါ ကျွန်မတို့ လူရှင်းသော ဈေးကြီးကြီး စားသောက်ဆိုင်တစ်ခုမှာ အတူစားလို့ ရတာပဲ။ အရေးကြီးတာက အိတုန်တစ်ယောက် အမှတ်တမဲ့ အိမ်သို့ ရောက်မလာဖို့ပဲ။ အိတုန်ရောက်လာလျှင် ဒီနေ့ကျူရှင်မရှိမှန်း အိမ်က သိသွားမည်။ ပထမတော့ သူ နှင့် တွေ့ဆုံမည် ကိစ္စကို အိတုန်ကို ပြောဖို့စိတ်ကူးသေးသည်။ သို့သော် အိတုန်က ပါးစပ်မလုံပါ။ သူ့ကို ရိုက်မစစ်ရဘဲနှင့် သူသိသမျှကို လျှောက်ပြောတတ်သည်။ စိတ်မချရပါ။ သူ့ကို ကျွန်မ တွေ့သင့်သလား မတွေ့သင့်ဘူးလား၊ မမယမုန်ကို တိုင်ပင်ဖို့ စဉ်းစားသေးသည်။ မမယမုန်ကတော့ သွားမတွေ့ နှင့်ဟု ဆုံးဖြတ်ချက် ချမှာပဲ။ မဖြစ်ဘူး။ မမယမုန်နှင့်ဆိုလျှင် အလုပ်ဖြစ်မှာ မဟုတ်ဘူး။ နောက်မှ ပြောပါမယ်လေ။ အရေးကြီးလာလျှင်တော့ မမယမုန်ကို တိုင်ပင်မှာပေါ့။
သူက ကျွန်မစိတ်ညစ်နေသည့် အချိန်မျိုး၊ စိတ်အားငယ်နေသည် အချိန်မျိုးတွင် အားပေးတတ်သည့် သူငယ်ချင်းကောင်းတစ်ယောက်ဖြစ်ခဲ့သည်။ ဘယ်သင်တန်းတွေကို တက်သင့်သည် ဆိုတာမျိုးလည်း အကြံဉာဏ် ပေးတတ်သည်။ နောက်ဆုံးမှာ ဝါသနာမပါဘဲနှင့် ကွန်ပျူတာတက္ကသိုလ်သို့ တက်မိခြင်းအတွက် နောင်တတွေရနေသော ကျွန်မအား ကွန်ပျူတာဘွဲ့အတွက် အားတက်လာအောင် နှစ်သိမ့်ပေးတတ်သူလည်း ဖြစ်သည်။
အချို့သော အခက်အခဲများတွင် နှလုံးသား၏ စေစားမှုကို လိုက်ပါတဲ့။ ဘယ်စာအုပ်ထဲမှာလည်း မသိ၊ ကျွန်မဖတ်ဖူပါသည်။
တကယ်တော့ သူက တွေ့ကြရအောင်ဟု ပူဆာနေသည်မှာ သုံးလကြာခဲ့ပြီ။ ကျွန်မက ဟိုအကြောင်းပြ ဒီအကြောင်းပြဖြင့် ရှောင်ဖယ်နေခဲ့ခြင်းဖြစ်သည်။
တစ်ခါမှ မတွေ့ဖူးသည် လူတစ်ယောက်ကို ရုတ်တရက်တွေဖို့ ကျွန်မ အဆင်သင့် မဖြစ်သေးဘူးဟု ခံစားရသောကြောင့် ဖြစ်သည်။ တစ်ယောက်ကို တစ်ယောက် ယုံကြည်ရမည် အကြောင်းအရင်းတွေကို ဒီထက်မက ရယူချင် နေသေးတာလည်း ပါလိမ့်မည်။
Chat Room ဟုခေါ်သော အင်တာနက် ပေါ်မှာ အပြန်အလှန် စာတစ်ကြောင်းချင်း ရေးပြီး စကားပြောသော အလေ့အထကို ကျွန်မတို့ ခေတ်လူငယ်တွေ အားလုံးလို ကျွမ်းကျင်ကြသည်။ တစ်ခါမှမမြင်ဖူးဘဲနှင့် ချက်တင်လုပ်ရင်း၊ စကားပြောရင်း တစ်ယောက်နှင့်တစ်ယောက် ရင်းနှီးကျွမ်းဝင် သွားကြသူတွေ အများကြီးဖြစ်သည်။သူက ကျွန်မကို အင်တာနက်မှ တစ်ဆင့် အသိမိတ်ဆွေဖွဲ့လာခြင်း ဖြစ်ပါသည်။
ကျွန်မတို့ ချက်တင်လုပ်သည့် အခါ မြန်မာအသံထွက်ကို အင်္ဂလိပ်စာလုံးများဖြင့် စလုံးပေါင်းပြီး ရေးကြသည်။ နေကောင်းလားဟုမေးလျှင် ne kaung lar ဟု ရေးကြသည်။ မမယမုန်က ကျွန်မကို အဲလို မရေးစေချင်။ အင်္ဂလိပ်ဘာသာ ဝါကျများဖြင့် ရေးစေချင်သည်။ အင်္ဂလိပ်စာ စွမ်းရည်တက်အောင်လို့ဟု ဆိုပါသည်။ ကျွန်မကတော့ အင်္ဂလိပ်စာ တိုးတက်ချင်လျှင် အိမ်မှာပဲ အင်္ဂလိပ်စာ လေ့ကျင့်မည်။ ကျူရှင်မှာလည်း သင်ရသားပဲ။ အင်တာနက်မှာတော့ ကျွန်မ စိတ်ထဲရှိသည် အကြောင်းအရာတွေကို ဘာသာစကား အထစ်အငေါ့ မရှိဘဲ ခပ်သွက်သွက်ပြောချလိုက်ရဖို့ အရေးကြီးသည်။ ထို့ကြောင့် ကျွန်မတို့စာသည် အင်္ဂလိပ်စာလုံးတွေနှင့် မြန်မာစကားသံထွက်အောင် ဖလှယ်ထားသော ဘာသာစကား အသစ်ဖြစ်သည်။
တစ်ခါတုန်းက ကျွန်မချက်တင်လုပ်သည် အချိန် မမယမုန် ကျွန်မအနားသို့ ရောက်လာဖူးသည်။ ကျွန်မ၏ စာလုံးတွေကို မဖတ်တတ်သဖြင့် မျက်မှောင်ကြုတ်ပြီး အားစိုက်ဖတ်ယူရသည်။
" ဟာ ဘာတွေရေးထားတာလဲ”
တော်တော်ရယ်ရသည်။ သူ အဓိပ္ပာယ် မဖော်တတ်ချေ။
အဆက်အစပ် မိသွားသည် အခါ မှာတော့ ကျွန်မအား မျက်စောင်းထိုးသည်။ ဘယ်လိုစာမျိုးတွေ ရေးနေတာလဲဟူသော အဓိပ္ပာယ် ဖြစ်သည်။
'နောက်တစ်ခါ အင်္ဂလိပ်ဘာသာနဲ့ပဲ ရေးစမ်း၊ မနေ့က ဈေးဝယ်သွားတယ်ဆိုရင် အင်္ဂလိပ် ဘာသာနဲ့ အစ အဆုံးရေး၊ ပေါက်တတ်ကရ စာလုံးတွေဖြစ်အောင် မရေးနဲ့”
ဘာမဆိုင် ညာမဆိုင် ကျွန်မကို ဆရာလုပ်သွားသေးသည်။ အားလုံးက ဒီလိုပဲ ရေးကြတာကို သူလက်မခံချင်လို့ ရမလား။
ကျွန်မမှာ အင်တာနက်မှတစ်ဆင့် ချက်တင်လုပ်ရင်း သိကျွမ်းလာသော သူငယ်ချင်း လေးယောက်ရှိသည်။ နှစ်ယောက်က မိန်းကလေး၊ နှစ်ယောက်က ယောက်ျားလေး။ယောက်ျားလေးနှစ်ယောက်ထဲမှာ သူက စိတ်ရှည်သည်။ ဟို တစ်ယောက် ကတော့ ကျွန်မနှင့် စကားပြော စာရေးနေရင်းက ဘောလုံးပွဲကြည့်မလို့ဟု ထပြန်ချင် ပြန်သွားသည်။ သူ ခဏခဏ ထည့်ရေးတတ်သည် ဘောလုံးသမားနာမည်တွေကို ကျွန်မ သိပ် မသိတော့ ကျွန်မအား ဘောလုံးပွဲ ဇွတ် ကြည့်ခိုင်းတတ်သေးသည်။
ကျွန်မမေးသမျှကို စိတ်ရှည်ရှည် ဖြေပေးသူက သူပါပဲ။
သူ့နာမည်က သစ်လွင် ဟုပြောသည်။ နာမည်ရင်း ဟုတ်မှာ မဟုတ်ပါ။ ကျွန်မတို့ ချက်တင်လုပ်သူတွေသည် နာမည်အရင်းကို သုံးလေ့မရှိပါ။ ကျွန်မဆိုလျှင် အင်တာနက်မှာ ချက်လုပ်သည့် အခါ မေမေတို့ပေးသည် ဝတီကို မကြိုက်သဖြင့် ကျွန်မနှစ်သက်သော ဒီဇင်ဘာဆိုသည် နာမည်ကို သုံးလေ့ရှိသည်။ တကယ်တော့ ကျွန်မကို ဒီဇင်ဘာလမှာ မွေးတာပဲ။ လွယ်လွယ်ကူကူ ဒီဇင်ဘာလို့ ပေးလိုက်ပြီးရောဟု တခါတခါ ကျွန်မ အားမလိုအားမရ တွေးမိသည်။
အသက်ကို ကျွန်မမေးတော့ သူက မပြောပေ။ ကိုယ်ဟာကိုယ် ခန့်မှန်းကြည် ပေါ့ ဟု ဆိုသည်။
ကျွန်မအသက်ကို ၂၃ ဟု သုံးနှစ်ပိုကြီးပြီး ပြောခဲ့သည်ထင်သည်။ ကျွန်မ သိပ်မမှတ်မိတော့။ ချက်တင် တစ်ခုလုပ်လျှင် တစ်ခါလိမ်လည်ရတာ သိပ်တော့ မကောင်း။ လိမ်ရင်း လိမ်ရင်းနှင့် အစတွေ မညီမညာဖြစ်ကာ နောက်ဆုံးရှုပ်ထွေးကုန်တတ်သည်။
သူ နှင့် ကျွန်မ အသက်ချင်း သိပ်မကွာဘူးဟု ထင်သည်။
ကျွန်မကြိုက်သည် အဆိုတော်အဖွဲ့တွေကို သူလည်းကြိုက်သည်။ ကျွန်မကြိုက်သည် ကိုရီးယား မင်းသား မင်းသမီးတွေကို သူလည်း ကြိုက်သည်။ သူ့စကား အသုံးအနှုန်းတွေကလည်း ကျွန်မတို့လူငယ်တွေ သုံးနေကျစကား အသုံးအနှုန်းအတိုင်း ဖြစ်သည်။ သူ့စကားတွေကို ဖတ်ရတာ သွက်လက်နေသည်။ သူက တီဗွီဂိမ်းဆိုင် ပိုင်ရှင်ဖြစ်သည်။