စာအုပ်အချက်အလက်သို့ ကျော်သွားပါ။
1 1

Other Websites

ဂျူး - ဆုံလေရက်နဲ့ လွမ်းလေခြင်း

ဂျူး - ဆုံလေရက်နဲ့ လွမ်းလေခြင်း

ပုံမှန်ဈေး 0 Ks
ပုံမှန်ဈေး ရောင်းဈေး 0 Ks
ရောင်းရန် ရောင်းကုန်ပြီ
ဆုံလေရက်နဲ့ လွမ်းလေခြင်း
( ၁ )

          နောက်ဆုံးစာကြောင်းကို ရေးပြီးချိန်မှာ လွမ်းတစိတ် နှင့် အားငယ်စိတ်တို့ ရောက်လျက် စူးနစ်စွာ နာကျင်လာသည်။

          ဒီစာကိုရော မောင် ဖတ်ရပါ့မလား။

          ပြီးတော့ လက်မှတ်မထိုးခင်မှာ ဘာစကားဖြင့် နှုတ်ခွန်း ဆက်ရမလဲ။ ဒီတစ်ခါ သတ္တိကောင်းကောင်း သို့မဟုတ် မိုက်မိုက် မဲမဲ တစ်ခါမှ မရေးဖူးသော စကားလုံးအဖြစ် “အချစ်များစွာဖြင့် ဟု ရေးလိုက်ရမလား။ တစ်ခါလောက် ဘဝမှာ စိတ်လွတ်လက် လွတ် ဖွင့်ချပစ်လိုက်ချင်လို့ပါ။ ကျွန်မလေ ကျွန်မ အင်ကြင်းဝေ လေ ဘ၀မှာ တစ်ခါလေးတော့ ရူးသွပ်သွားလိုက်ချင်သည်။

          မဖြစ်ပါဘူးမောင်။ ဘယ်လိုမှ မဖြစ်နိုင်ပါဘူး။

          တစ်ခါတလေ သုံးနှုန်းဖူးသော “ချစ်ခင်စွာဖြင့်” ဆိုတာ ကမှ တော်ဦးမည်။ သို့မဟုတ် သုံးနှုန်းနေကျ စကားလုံးလေးရော အဲဒါပဲ ကောင်းပါတယ်။ နောက်ဆုံးတော့ “မေတ္တာဖြင့် မမ” ဟု ရေးလိုက်တော့သည်။ ။

          စာကို သေသေသပ်သပ် မြတ်မြတ်နိုးနိုးခေါက်ပြီး အဖြူ ရောင် စာအိတ်လေးထဲထည့်ကာ မြန်မြန်ပိတ်ပစ်လိုက်သည် ပြီးတော့ စာအိတ်ကို ပလတ်စတစ်အိတ်လေးထဲ သေသေချာချာ ထည့်ပြီး ပလတ်စတစ်ကို ပိတ်၊ အပေါ်မှ စက္ကူချုပ်စက်လေးဖြင့်ပလတ်စတစ်အစွန်းပိတ်ကို သုံးနေရာလောက် ချုပ်ပေးလိုက်၏။ မိုးရေစိုမှာကို မပူရတော့ဘူးပေါ့။ မနက်ကတည်းက ရွာနေသည့် မိုးသည် အခုအခါ နည်းနည်းတော့ စွဲသွားပြီ။ သို့သော် မိုး မတိတ် သေးပါ။

          လက်ဆွဲသေတ္တာကို လက်တစ်ဖက်၊ ကျောပိုးအိတ်ကို လက်တစ်ဖက်ဖြင့် ကိုင်ပြီး ကျွန်မ အခန်းထဲကထွက်တော့မည့် ဆဲဆဲ စားပွဲပေါ်မှာ ထောက်တိုင်လေးဖြင့် တင်ထားသော ဓာတ်ပုံ တစ်ခုဆီသို့ လှမ်းကြည့်လိုက်မိသည်။ ဟင့်အင်း မယူနဲ့။ မှန်ပေါင် သွင်းထားတာမို့ ကွဲမှာ ရှမှာ စိုးရသည်။ အိပ်ခန်းထဲမှာပဲ နေခဲ့ပါ စေတော့။ မဖြစ်သေးပါဘူး။ ယူမှ ဖြစ်မှာပါ။ ကျွန်မအနားမှာမောင်မရှိပေမယ့် ဒီဓာတ်ပုံလေးတစ်ခု ရှိနေဖို့လိုပါသည်။ ကျွန်မ ဖျတ်ခနဲ ဆွဲယူလိုက်ပြီး ကျောပိုးအိတ်ထဲသို့ ထည့်လိုက်စဉ် ခြံရှေ့ ဆီမှ ဟွန်းတီးသံတစ်ခု ကြားလိုက်ရသည်။ အငှားကား ရောက် လာပြီထင်ပါရဲ့။ ။

          ကျွန်မ အိမ်ခန်းပတ်လည်ကို တစ်ချက်ဝေ့ဝဲကြည့်လိုက် သည်။ ဘာများ လိုဦးမလဲ။ တံခါးတွေ အသေအချာ ပိတ်ပြီးပြီး၊ မီးဖိုခန်း နံရံကပ်ဘီဒိုထဲမှာ မောင့်အတွက် မွေးနေ့လက်ဆောင် လေးတွေကို သူ့နေရာနှင့်သူ စီပြီး ထည့်ပေးထားပြီးပြီ။ ဒီနှစ် လက်ဆောင် အပါအဝင်ဆို အားလုံး လေးနှစ်စာပေါ့။ လေးနှစ် စာ မွေးနေ့လက်ဆောင်များသည် ကျွန်မအပြန်ကိုပဲ စောင့်နေ မလား မွေးနေ့ရှင်က အရင်ဦးစွာ ရောက်ပြီး အမြတ်တနိုးထိကိုင် ရယူခြင်း ခံရမလား။

          အိမ်မှမထွက်မီသေချာအောင် ကျောပိုးအိတ်ကို ကျွန်မ နောက်ဆုံးအကြိမ် ဖွင့်ကြည့်လိုက်သည်။ လိုအပ်သမျှ ပါရဲ့လား။ နိုင်ငံကူးလက်မှတ်၊ လေယာဉ်လက်မှတ်၊ ပြည်ပထွက်ခွာခွင့်ပြုသည့်လက်မှတ်၊ ကျွန်မ၏ခရီးဆောင်ကွန်ပျူတာ၊ ပြီးတော့ ကျွန်မ မြတ်နိုးသည့် ဓာတ်ပုံ၊ ပြီးတော့ စာကြောင်းတိုတိုတွေ ပုံတွေဖြင့် ပြည့်နေသည့် ကိုယ်ရေးကိုယ်တာမှတ်စု(scrap book) လေး။ အကုန်ပါခဲ့ပါပြီ။

          ထီးယူလာခဲ့သော်လည်း ထီးဆောင်းဖို့ လက်က မအား သဖြင့် မိုးဖွဲဖွဲအောက်မှာပင် အိမ်တံခါးကိုသော့ခတ်၊ လက်ဆွဲ သေတ္တာကိုဆွဲ၊ ကျောပိုးအိတ်ကို ကျောမှာလွယ်ပြီး ခပ်သွက်သွက်လျှောက်ခဲ့သည်။ နောက်ဆုံးအဖြစ် ခြံတံခါးကို သော့ခတ်အပြီး အိတ်ထဲကစာကို ထုတ်ယူကာ ခြံတံခါးဘေး သစ်သားတိုင်တွင် မောင် မြင်သာအောင် တွဲလွဲချိတ်လိုက်သည်း၊

          ကျွန်မကို ခွင့်လွှတ်ပါမောင်ရေ။ မောင့်မွေးနေ့မှာ မောင် လာသည်ဖြစ်စေ မလာသည်ဖြစ်စေ ကျွန်မ မောင့်ကို အိမ်ကနေ စောင့်ကြိုနေကျအဖြစ်ကနေ ပထမဆုံးအကြိမ် ပျက်ကွက်ခဲ့ရပြီ။ တကယ်လို့များ ဒီနှစ် မောင်ရောက်လာခဲ့မယ်ဆိုရင်ပေါ့လေ။ ခြံသော့ကို ဖွင့်ပြီး မောင် ဝင်နှင့်ပေါ့။

          ဟုတ်တယ်လေ၊ မောင် မရောက်လာဘူးလို့ ဘယ်သူမှ အတတ်မပြောနိုင်။

          မောင်ရောက်လာခဲ့လျှင် ခြံတံခါးသော့မှ နံပါတ်လေးခု ကို လှည့်ပြီး ဖွင့်ဝင်လိမ့်မည်။ ထိုနံပါတ်သည် မောင့်မွေးသက္ကရာဇ် ဖြစ်လို့ ကျွန်မတို့နှစ်ယောက်လုံး ဘယ်တော့မှ မေ့လိမ့်မည် မဟုတ်သည့် ၁၉၈၁ ဖြစ်သည်။ ခြံထဲသို့ရောက်ပြီးလျှင် အိမ်သော့ ရှာရမည့်နေရာကိုလည်း မောင်ကလွဲပြီး ဘယ်သူ့ကိုမှ ကျွန်မ ဝင် ပြောပြမထားခဲ့ပါ။

          မောင် မရောက်လာခဲ့လျှင်ရော ၊ ထိုအတွေးကြောင့် ရင်ထဲမှာ စူးနင့်စွာ နာကျင်သွား၏။

          မောင် မရောက်လာခဲ့လျှင်တော့ ထိုစာလေးကို အိမ်ပြန် အဝင်တွင် ကျွန်မ ရှက်ရွံ့စွာ ပြန်တွေ့ရလိမ့်မည်။

          သို့သော် ဘာအကြောင်းကြားစာမှ မထားခဲ့မိလို့ မောင် ရောက်လာချိန် တွယ်ရာမဲ့ လေလွင့်စိတ်ဖြင့် မောင် နာကျင်သွားရ မည့်အဖြစ်ထက် ဖတ်မည့်သူမရှိသည့်ကိုယ့်စာကို ကိုယ် ပြန်တွေ့ ရလို့ ရှက်ရွံ့ နာကျင်စွာ ငိုကြွေးရသည့်အဖြစ်ကို ကျွန်မ ရွေးချယ် လိုက်ပါမည်။

          ဒါဟာ အချစ်လား၊ မဟုတ်ပါဘူးနော်။ ဒါဟာ မေတ္တာသာ ဖြစ်ပါသည်။ --

          ကျွန်မ သွားတော့မည်။ ကျွန်မ၏အိမ်ပုပုပြားပြားလေး ကို ကျွန်မလှမ်းကြည့်ပြီး နောက်ဆုံးနှုတ်ဆက်လိုက်သည်။ မောင့် ကို နှုတ်ဆက်ခွင့်မကြုံတော့ မောင့်အရိပ်နှင့်အငွေ့တို့ကိုသာ နှုတ်ဆက်ရတော့မည်။ မကြာပါဘူးမောင်၊ ဆယ်ရက်ပါပဲ။ ဆယ်ရက် ကြာလျှင် ကျွန်မ ပြန်လာမှား၊အငှားကားသမားက ကျွန်မအိတ်တို့ကို နောက်ခန်းထဲ ထည့်နေစဉ် ကျွန်မက အိမ်ပတ်ဝန်းကျင်ရှိ စိမ်းမှောင်သော အရွက်အခက်စိပ်စိပ် ချုံပင် သစ်ပင် ပန်းပင်များကို အကျင့်ပါနေသောရှာဖွေသည့်မျက်လုံးတို့ဖြင့် ဝေ့ဝဲ ကြည့်လိုက်မိသည်။ ကျွန်မ မမြင်နိုင်သည့်တစ်နေရာရာကနေ ကျွန်မကို စောင့်ကြည့်နေဖို့ မောင် ကျွန်မနှင့်မနီးမဝေးမှာ ရှိနေလိမ့်မည်ဟု ဘာဖြစ်လို့များ ထင်နေခဲ့မိသလဲမသိ။

          နောက်တော့လည်း အရာရာသည် ဟိုစဉ်ကလိုပဲ မပြည့် သည့်ဆုတောင်းများ၊ ရင်ထဲမှာ လှိုက်ဟာစေမည့် မျှော်လင့်ချက် များ၊ လစ်ဟာမှုများနှင့် နေသားတကျ ဖြစ်လျက် ကျန်ရစ်ခဲ့ပြန် တော့သည်။

          ကျွန်မ သိချင်လှပါရဲ့။ မောင် ကျွန်မအပါးမှ ထွက်ခွာ ခဲ့စဉ်က မောင့်ခြေလှမ်းတို့ နာကျင်ခဲ့သေးသလား။ တွန့်ဆုတ်ခဲ့ သေးလား၊ ဝေခွဲရခက်ခဲ့သေးလား။ နည်းနည်းလေး ဖြစ်ဖြစ်လေ။ ကိုယ့်ကိုယ်ကို မဲ့ပြုံးပြုံးလိုက်ရင်း ရှက်ရွံ့စွာ ခေါင်းတစ်ချက် ဆတ် ခါပစ်လိုက်သည့်အခါ မျက်ဝန်းတွင် ခိုတွဲလာသော မျက်ရည်တို့ လွင့်စင်သွားပါသည်။

( ၂ )

          နံနက်ခင်း၏ ပြာလွင်သော ကောင်းကင်ထဲမှာလွင့်မျော နေသည့် တိမ်ခိုးမျှင်တွေကို မြင်ရသည်။ အမြင့်ပေ သုံးသောင်း မှာ ဆိုတော့ တိမ်မျှင်အလွှာပါးပါးသာ ဟိုး ခပ်ဝေးဝေးမှာပေါ့။ ဒါပေမယ့် တိမ်ကတော့ တိမ်ပါပဲလေ။

          ရေးလက်စမှတ်စုထဲမှာ စာကြောင်းတချို့ထပ်ဖြည့်လိုက် မိသည်။ ။

          “လေယာဉ်အပြင်မှာတော့ ကောင်းကင်အပြောသက်သက် ပါပဲ။ တိမ်မျှင် နည်းနည်းကို ဟိုး ခပ်လှမ်းလှမ်းမှာ အမျှင်လိုက် ကျဲကျဲပါးပါး လှမ်းမြင်ရတယ်။ တိမ်တွေက မင်းနဲ့ ကိုယ်ရဲ့ တိမ်တွေ လို မလှပါဘူး မောင်”

          “မင်းနဲ့ကိုယ်ရဲ့တိမ်” တဲ့။ ကျွန်မလက်ရေးများကို ငေးမော ကြည့်ရင်း ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ကျွန်မတို့နှစ်ယောက် ၏တိမ်တွေက လှပခဲ့ပါသည်။ ထို့နောက် မင်းနဲ့ကိုယ်ရဲ့ တိမ် ဟူသော စကားစုကို ဘောလ်ပင်ဖြင့် ခြစ်ပြီး ပြန်ဖျက်ပစ်လိုက်၏။ ထို့နောက် စကားစုတစ်ခုဖြင့် အစားထိုးလိုက်သည်။

          “ ဦးကျော်လှိုင်ရဲ့ တိမ်ပန်းချီကားတွေလောက်” ဟု ပြင် လိုက်သည်။ မောင်သာ အနားမှာရှိနေပြီး ကျွန်မ၏မှတ်စုကို ခိုး ဖတ်နေသည်ဆိုလျှင် လှောင်ပြောင်သည့် ရယ်မောသံဖြင့် ကျွန်မကို ရှုတ်ချလေမလား။ ကျနော့်ကို လိမ်သတဲ့။ မမကမှ လိမ်တာ ဟု ခနိုးခနဲ့ ရယ်မောလေမလား။ ကျွန်မ မလုံမလဲစိတ်ဖြင့် မင်းနဲ့ ကိုယ်ရဲ့ တိမ် ဟူသောစကားစုကို ဖတ်လို့မရနိုင်တော့သည်အထိ မဲနက် နေအောင် ထပ်ခါထပ်ခါ ခြစ်ပစ်လိုက်သည်။ သို့သော် ကျွန်မ၏ အာရုံထဲမှာ ပေါ်လာသည့် စကားသံတို့ကိုတော့ ဖျောက်ဖျက်ပစ် လို့ မရနိုင်ပေ။ “တိမ်ဆိုတာ အငွေ့အဖြစ် မြင်ရတဲ့ မြစ်ရဲ့ ဝိညာဉ်တွေပဲ”

          မောင်ပြောခဲ့သည့်စကားပါ။ သူ့ကိုယ်ပိုင်စကားတော့ ဘယ်ဟုတ်မလဲ။ ကဗျာတစ်ပုဒ်ထဲမှာ ဖတ်ထားပြီး ကျွန်မကို ပြန် ရွတ်ပြခြင်း ဖြစ်သည်။ မောင် ကဗျာတွေကို ချစ်တတ်လာသည့် အတွက် ကျွန်မကိုယ်ကျွန်မ ဂုဏ်ယူခဲ့ရပါသည်။ ။

          မောင့်ကို ကျွန်မအတွေးထဲကနေ ထုတ်ပယ်လို့ မရနိုင် တော့ဘူးလား။ တကယ်ဆိုလျှင် အခုအချိန်မှာ ကျွန်မရေးနေသည့် မှတ်စုသည် ဇူလိုင်လ၇ရက်နေ့မှာ ပြောရမည့် ညီလာခံအဖွင့် အမှာစကားနှင့်သက်ဆိုင်သည့် အကြောင်းအရာ ဖြစ်နေရမည်။ သို့မဟုတ်လျှင်လည်း ၈ရက် ၉ရက် ၁၀ရက် တစ်ရက်ရက်တွင် ဖတ်ရမည့် ကျွန်မ၏ စာတမ်းနှင့် သက်ဆိုင်သည့်အကြောင်းအရာ ဖြစ်နေရမည်။ အခုတော့ မောင့်အကြောင်းပဲ တွေးနေမိပြန်သတဲ့။

          လေယာဉ်စီးတိုင်း မောင့်ကို သတိရစိတ်က ပေါ်လာ တတ်လို့ပါလေ။ မောင်က ဘဝမှာ လေယာဉ်တစ်ခါမှ မစီးဖူးဘူး တဲ့။ ကျွန်မက တစ်ခါလောက် ပုဂံသို့ လေယာဉ်ဖြင့်သွားရန် လိုက် ပို့ပေးမည်ဟု စီစဉ်တော့လည်း လေယာဉ်စီးရမှာ ကြောက်သတဲ့။ တကယ်တော့ လေယာဉ်ကိုကြောက်သည့်နေရာမှာ ကျွန်မက ပိုမှာပါ။

          ကျွန်မက လေယာဉ်စီးတိုင်း ကြောက်နေဆဲ။ အခု ကျွန်မစီးလာသည့်လေယာဉ်က ပြင်သစ်လေကြောင်း Air France ဖြစ် သဖြင့် ပိုတောင် ကြောက်မိသည်။ ၂၀၀၉ခုနှစ်တုန်းက ဘရာဇီး နိုင်ငံ ရီယိုဒီဂျနေးရိုးလေဆိပ်မှ ပြင်သစ်နိုင်ငံ ပါရီမြို့ ချားလ်စ် ဒီဂေါလ် လေဆိပ်သို့ ပျံသန်းလာသည့် အဲဖရန့်စ် လေယာဉ် တစ်စင်း အက်တလန်တစ်သမုဒ္ဒရာထဲ ပျက်ကျခဲ့သည့်အဖြစ် ရှိ ထားတာကိုး။ လေယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် ၂၁၆ယောက်နှင့် လေယာဉ်အမှုထမ်း ၁၂ယောက် စုစုပေါင်း ၂၂၈ဦး အကုန်လုံး သေဆုံးသွားခဲ့သည်ဟု ဖတ်လိုက်ရသည်။

          ကျွန်မတို့လေယာဉ်လည်း အချိန်မရွေးပျက်ကျနိုင်တာ ပေါ့။ မောင့်ကို ပြန်မတွေ့ရဘဲနှင့် ကျွန်မ မသေချင်ပါ။ မောင် တစ်နေရာရာမှာ ငြိမ်းချမ်းပျော်ရွှင်စွာ ဘဝကို ဖြတ်သန်းနေသည် ဟု ကျွန်မ သိပြီးမှ သေချင်သည်။ လေယာဉ်တွေမှာ ဆင်းခါနီး အချိန် ပျက်ကျသည့်ရာခိုင်နှုန်းနှင့် တက်ပြီးခါစ ပျက်ကျသည့် ရာခိုင်နှုန်း ဘယ်ဟာက ပိုများပါလိမ့်၊ နေပါဦး။ အဲဖရန့်စ် ပျက်ကျ ခဲ့တာကတော့ တက်ခါစလည်း မဟုတ်၊ ဆင်းခါနီးလည်း မဟုတ်။ ပျံသန်းချိန် သုံးနာရီကျော်အကြာ တစ်ဝက်တောင် မကျိုးသေး သည့် ခရီးတစ်ပိုင်းတစ်စမှာ ပျက်ကျခဲ့တာဖြစ်သည်။

          အင်း အခုတော့ ကျွန်မက ဖရန့်ဖွတ်မှာ တစ်ထောက် နားပြီးမှ ပြင်သစ်လေကြောင်းဖြင့် ခရီးထပ်ဆက် ပျံသန်းလာတာ မို့ အကွာအဝေး နီးပါသည်။ မိုင် ၄၉၀လောက်ပဲ။ တစ်နာရီ ဆယ့်သုံးမိနစ်ခန့် ကြာလိမ့်မည်ဟု လေယာဉ်မယ်က ကြေညာ သွားခဲ့သည်။ ဒီအတွင်းတော့ ဘာမှ မဖြစ်လောက်ဘူး ထင်ပါရဲ့။

          ဘန်ကောက်မှ ဖရန့်ဖွတ်အထိ လာခဲ့သည့်ခရီးရှည်ကြီး မှာတောင် ဘာမှ မဖြစ်ခဲ့တာ။ အခုလို ခရီးတိုကျမှတော့ ဘာမှ အန္တရာယ်ကြုံမှာ မဟုတ်ပါဘူးနော်။ ။

          ကျွန်မ ခရီးထွက်တိုင်း မောင်က ကျန်ရစ်ခဲ့သည်ချည်းပင် ဖြစ်သည်။ ပြောရမည်ဆိုလျှင် အခြေအနေအရ အသက်အရွယ် အရ အလုပ်အရ အမြဲလိုလိုပင် ကျွန်မက ထားရစ်သူဖြစ်ပြီး မောင်က ကျန်ရစ်သူ ဖြစ်သည်။

          ကျွန်မနှင့်မောင့်ကြားမှာ မမြင်နိုင်သောကြိုးတစ်ချောင်း ရှိသည်။ မမြင်နိုင်ဘူးဆိုမှတော့ ထိုကြိုး၏အရှည်ကိုလည်း တိုင်း ထွာဖို့ ခက်ခဲသည်။ သေချာတာကတော့ ထိုကြိုးသည် တိုပါသည်။ မောင် အိမ်ပြန်သွားလျှင် မောင့်နောက်ကျောကို လှမ်းကြည့်ရင်း ကျွန်မရင်ထဲမှာ နာကျင်သွားအောင် တင်းခနဲ ဖြစ်သွားသည့် ကြိုး မျိုး။ မောင်ရှိရာမြို့ကနေ ခွဲခွာရတိုင်း လွမ်းလှပြီဟု ထင်ထား ပေမယ့် ကျွန်မ မိုင်ပေါင်း ထောင်ချီပြီးထွက်သွားသည့်အခါ မောင့် အသံကို ကြားလိုစိတ်၊ မောင့်ကို မြင်လိုစိတ်က အတိုင်းအဆ ပမာဏ ကြီးမားလှသည်။ ကျွန်မတို့နှစ်ယောက်ကြားက ကြိုးက တင်းလှချည်ရဲ့။ သို့သော် ကျွန်မက ထားရစ်သူမဟုတ်ဘဲ ကျန်ရစ် သူ ဖြစ်ရပြီဆိုတော့မှ လွမ်းရပုံချင်း မတူပါလားဟု ကိုယ်တွေ့ သိရတော့သည်။ ထားရစ်ခဲ့ရသည့်အခါ လွမ်းစိတ်သည် သေချာ ရေရာမှုတွေနှင့် ပိုင်ပိုင်နိုင်နိုင် ရှိ၏။ ကျန်ရစ်ခဲ့ရပြီဆိုသည့်အခါ မသေချာမရေရာသည့် တွယ်ရာမဲ့ စိုးထိတ်မှုဖြင့် လွမ်းရလေသည်။

          သည်နေ့ဆိုလျှင် ဇူလိုင်လ ငါးရက်နေ့ဖြစ်ပြီး မနက်ဖြန် မောင့်မွေးနေ့ဖြစ်သည်။ မောင့် မွေးနေ့တွေမှာ ကျွန်မဆီက လက်ဆောင်ကို ကောင်းဖို့ မောင်လာနေကျ။ မနက်ဖြန် ကျွန်မ၏ စာလေးကိုဖတ်ဖို့ မောင် ကျွန်မအိမ်သို့ ရောက်သွားလေမလား။

          ပျော်စရာကောင်းသည့်မွေးနေ့ ဖြစ်ပါစေဟု ကျွန်မ ဘယ်တော့မှ နှုတ်ခွန်းမဆက်ခဲ့ပါ။ မောင် လူ့လောကထဲ ရောက် လာသည့်နေ့သည် ပျော်စရာမှ မဟုတ်ဘဲ။ ဝမ်းနည်းကြေကွဲစရာမွေးနေ့ကို ကြုံရသူရယ်လို့ ဒီကမ္ဘာတွင် သိပ်များများရှိမှာမဟုတ် ထို့ကြောင့် ကျွန်မမောင့်ကို အမြဲပြောလေ့ရှိသည့် စကားက “မွေးနေ့မှာ ချစ်ခြင်းမေတ္တာတွေနဲ့ လွှမ်းခြုံပေးလိုက်ပြီမို့ တစ်နှစ်ပတ်လုံး ဘေးမသီရန်မခ နွေးထွေးနေပါစေ” တဲ့။ ဒါပါပဲ။ ချစ်ခြင်းမေတ္တာဆိုတာ အချစ်မဟုတ်ဘူးဟု ကျွန်မ အမြဲ ရှင်းပြ ပေးခဲ့ရသည်။

          လေယာဉ်က နိမ့်ခနဲ စိုက်ဆင်းသွားသည်။ လေယာဉ် ဆင်းတော့မည်ထင်ပါရဲ့။ ။

          “ကျွန်မတို့လေယာဉ်ဟာ မကြာမီအချိန်အတွင်း မာဆေး ပရောဗန့်စ်လေဆိပ်သို့ ဆင်းသက်ပါတော့မယ်ရှင်”

          လေယာဉ်မယ်က ပြင်သစ်ဘာသာဖြင့် ကြေငြာ၏။ ကျွန်မက ပြင်သစ်စာကို ထမင်းစားရေသောက်သာ ပြောနိုင်သူ ဖြစ်ပေမဲ့ တချို့အသံထွက်တွေကို မှန်းဆပြီး နားလည်လိုက်သည်။

          “ကွန်ပျူတာနှင့် အီလက်ထရွန်းနစ် ပစ္စည်းများကို သုံးစွဲခြင်း မပြုကြပါရန် မေတ္တာရပ်ခံအပ်ပါတယ်။ ပြတင်း မှန်များကို ပြန်တင်ပေးကြပါရန်၊ ထိုင်ခုံများကို မတ်မတ် အနေအထားသို့ ပြန်လည် ပြင်ဆင်ပေးကြပါရန် မေတ္တာရပ်ခံ အပ်ပါတယ်”

          ထိုစကားတို့ကိုပင် အင်္ဂလိပ်လို ထပ် ကြေညာချိန်တွင် လေယာဉ်က အောက်သို့ ခပ်မြန်မြန် စိုက်ဆင်းလိုက်သည်။

-           မကြောက်နဲ့။ ခဏနေရင် လေယာဉ်ဆိုက်တော့မှာပဲ။ ကိုယ့်ကိုယ်ကို အားပေးရင်း ပြတင်းမှ ကြည့်လိုက်သည့်အခါ တဖြည်းဖြည်းနီးလာသော မာဆေးမြို့ မြင်ကွင်းကို မြင်ရသည်။အိမ်နိမ့်နိမ့်လေးတွေ တစ်အိမ်ချင်းဘေးမှာ အပြာရောင် စက်ဝိုင်း ကွက်လေးတွေ၊ လေးထောင့်ကွက်လေးတွေ၊ ဘဲဥပုံကွက်လေးတွေ။

အသေးစိတ်အချက်အလက်အပြည့်အစုံကို ကြည့်ပါ။