Skip to product information
1 of 2

Other Websites

ဂျူး - ကံကြမ္မာကို မယုံကြည်ကြသူများ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out
ကံကြမ္မာကို-မယုံကြည်ကြသူများ
( ၁ )

          ထုထည်ကြီးမားသော တိုက်ခန်း အဆောက်အဦကြီး၏ မျက်နှာကျက် သည် လူ့အရပ်သုံးပြန်စာလောက် မြင့်မားကျယ်ဝန်းသော်လည်း မြရွက်ညို ၏ စိတ်သည် မွန်းကျပ်လျက်ရှိသည်။ မျက်နှာကျက်မှ ဖြည်းညင်းစွာ လည်သော ပန်ကာလေသည် မြရွက်ညိုတို့အုပ်စုကို အသက်ရှူကျပ်မှုမှ မလွတ်မြောက်စေနိုင်။ ခုတင် သေးသေးကလေးတွင် ဝိုင်းအုံနေသော ဆရာဝန်ဆရာမ အုပ်စုက အနည်းငယ်အရေးတကြီး ဖြစ်နေသောအခါ သတိလစ်နေသော လူနာကလေး၏ မိခင်မှာ မျက်ရည်ဝိုင်းသော မျက်လုံး များဖြင့် နောက်နား ခပ်လှမ်းလှမ်း၌ မျက်နှာပျက်နေသည်။ အလုပ်သင် ဆရာဝန်ကလေး ဒေါက်တာမျိုးမြင့်က လူနာ ကိုယ်ရေးရာဇဝင် ရေးမှတ် လက်စ စာရွက်ကို ကိုင်လျက် လူနာမိခင်ကို မေးမြန်းနေရာမှ မြရွက်ညိုတို့ တိုင်ပင်နေသည့် စကားများကို နားစွင့်နေသည်။

          လက်ထောက်ဆရာဝန် (A.S) ဒေါက်တာနုနုအေးက နားကြပ်ကို ကလေး၏ ရင်ဘတ်ပိုင်းသို့ ထောက်ထားရာမှ ပြန်ယူလိုက်ပြီး မြရွက်ညိုကို မော့ကြည့်၏။

          “Pulmonary oedema(အဆုတ်ရောင် ပွခြင်း)လဲ ပြောလောက် အောင် မရှိဘူး”

          “ဟုတ်တယ် မမနု...၊ စောစောက ကိုမျိုးမြင့် စမ်းသပ်တုန်းကလဲ signs of meningitis (ဦးနှောက်အမြှေးရောင်ရောဂါ၏လက္ခဏာ)တွေ မတွေ့ရဘူး”

          ကလေး၏ တစ်ကိုယ်လုံးမှာ အေးစက်ပြာနှမ်းလျက် ရှိသည်။ ကိုယ် ခန္ဓာ ပြင်ပတွင် သွေးယိုထွက်သောလက္ခဏာ မရှိ။ သွားဖုံး သွေးယိုခြင်း၊ နှာခေါင်းသွေးယိုခြင်း၊အနီစက်အပြောက်များထွက်ခြင်း မရှိ၊ သွေးအန်ခြင်း၊ ဝမ်းမည်းသွားခြင်း မရှိ။ သို့သော် ဆေးထိုးသည့်နေရာတွင် အညိုကွက် ပေါ်နေသည်။ ကလေးမှာ အတွင်းသွေးယိုထွက်မှု တစ်ခုခုဖြစ်နေသည်မှာသေချာသည်။

          “ကိုမျိုးမြင့်ရေ..ကျန်တာ နောက်မှလုပ်ကြစို့၊ ကလေးကို Grouping and matching လုပ်မယ်”

          အလုပ်သင်ဆရာဝန်ကလေးနှင့် အနီဝတ်သူနာပြုဆရာမနှစ်ယောက် ကလေးထံမှ သွေးစအနည်းငယ်ထုတ်ယူနေခိုက် မြရွက်ညိုနှင့် ဒေါက်တာ နုနုအေး တိုင်ပင်လိုက်ကြသည်။

          “မမနု...ကလေးကို ပလပ်စ်မာအိပ်(က်)(စ်)ပင်ဒါ တစ်ခုခု တင်ရ အောင်၊ ဘာတင်ရမလဲ”

          “အုန်းရေ... ပလပ်စ်မာအိပ်(က်)(စ်)ပင်ဒါ ဘာရှိလဲ”

          ဒေါက်တာနုနုအေးက ကုသချက်စာရွက်ထဲတွင် ဆရာမ ပြောသည့် အတိုင်း Mondax ဟု ရေးလိုက်၏။ ထို့နောက် ဘင်ဇိုင်း ပင်နယ်စလင် ထိုးဆေးကို ညွှန်းလိုက်ပြီး မြရွက်ညိုကို မော့ကြည့်ပြန်သည်။

          “ဂျင်တာမိုင်စင် ထည့်ရဦးမလား...ညို”

          “ကောင်းတယ်မမ ...ဂရမ်နက်ဂ်တစ် ဆက်ပ်တီဆီးမီးယား ဖြစ်ချင် ဖြစ်နိုင်တယ်”

          ဒေါက်တာနုနုအေးက ဓာတ်ခွဲစစ်ဆေးမှုများ (investigations) ဟူသောခေါင်းစဉ်အောက်တွင် သွေးအုပ်စုရှာဖွေခြင်း၊ တိုက်ဆိုင်ကြည့်ခြင်း၊ 8:0$ sonoS e.co:08:00$@#: Urine Microscopic Examination သွေးနှင့်ပတ်သက်၍ ပြည့်စုံစွာစစ်ဆေးခြင်း CompleteBlood Count (CBC) စသည့် စမ်းသပ်ချက်များ ရေးလိုက်လေသည်။

          “မမနု... Blood for mp တစ်ခါတည်းလုပ်လိုက်ရင် အဆင်ပြေ မယ် ထင်တယ်”

          ငါ အမ်အက်စ်စီဆိုသည့် ဆရာလုပ်သည့်လေသံမပါစေဘဲ မျက်နှာ ချိုချိုကလေးနှင့် သတိပေးလိုက်ရသည်။ သို့သော် မိမိ စကားမဆုံးမီ နှစ်မျိုးလုံး မမနုရေးပြီးနေပြီ။

          “ဟုတ်တယ်...တစ်ခါတည်း စစ်လိုက်ကြတာပေါ့”

          ဆရာမကလေးတစ်ယောက်က ဆေးထိုးပြွန်နှစ်ချောင်းဖြင့် ချက်ချင်း ရောက်လာ၏။ နောက်တစ်ယောက်က ပလပ်စ်မာပုလင်းနှင့် ရောက် လာသည်။

          “ကဲ...ညို မိုးလဲချုပ်ပြီ၊ ညိုအဝေးကြီး ပြန်ရဦးမှာဆိုတော့ လူ ခွဲရအောင်။ ညိုက ဟိုဘက်က Dengue shock(သွေးလွန် တုတ်ကွေး သွေးလန့်ခြင်း) ပေးရှင့်ကလေးကို သွားကြည့်၊ မမနုက လျူကီးမီးယား ပေးရှင့်လေးအတွက် သွေးတောင်းရင်း Blood bank (သွေးဘဏ်) ကို တပ်လှန့်ထားလိုက်ဦးမယ်”

          ကလေးခုတင်အနီးမှ ခပ်သုတ်သုတ် လှည့်ထွက်လိုက်စဉ်မှာပင် နောက်ထပ် ကလေးလူနာတစ်ယောက် ဆွေမျိုးတစ်သိုက်ကြီးနှင့် ပျာယီ ပျာယာ ရောက်လာပြန်သည်။ လူနာဆောင်တာဝန်ကျ အလုပ်သမားထောင်ပြနေသောစာရွက်ကို ဆရာမကလေးတစ်ယောက်က ဖျတ်ခနဲ ဆွဲ ယူပြီး ငုံ့ဖတ်လိုက်သည်။

          “Hyperpyrexia (အဖျားတက်ခြင်း)တဲ့၊ အခု ကလေးက Fits ရနေပြီ(တက်နေပြီ) မမရေ”

          အလုပ်သင်ဆရာဝန်ကလေး ချက်ချင်းရောက်လာ၏။ အနီဝတ် စတပ်ဖ်က လူနာကို နေရာပေးဖို့ စီစဉ်ရင်း Diazepam... Diazepam...ဟု လှမ်းအော်နေသည်။ မြရွက်ညို အိမ်ပြန်ဖို့ အနည်းဆုံး နာရီဝက် တော့ နောက်ကျဦးမည်ထင်သည်။

          လူသူကင်းရှင်း တိတ်ဆိတ်သည့် လမ်းမပေါ်တွင် ကားအမြန် မောင်းရသည့် အရသာသည် တစ်နေကုန် ပင်ပန်းနွမ်းနယ်ရသမျှ စိတ် ဝေဒနာကို ပယ်ဖျက်ပေးနိုင်သည့်အပြင် နောက်တစ်နေ့ သူမအား ကြိုဆိုနေမည့် တာဝန်များ၊ အနှောင်အဖွဲ့များကို ရင်ဆိုင်ဖို့လည်း အင်အား ဖြစ်စေသည်။ မိမိ၏ နဖူးပြင်၊ နားထင်၊ လည်ကုပ်ဆံစများသို့ ကြမ်းတမ်း စွာ တိုက်ခတ်လွင့်ပါးစေသော အေးမြသည့် လေကို သူမ ချစ်သည်။ မိမိ အိမ်သို့ဝင်ရသည့် လမ်းကလေးဝန်းကျင်မှ မွှေးပျံ့သည့် သစ်ရွက်စိမ်းနံ့၊ ပန်းရနံ့တို့ကို သူမ ချစ်သည်။ ဆေးရုံမှ အိမ်အပြန် ဤအခိုက်အတန့် အချိန်ကလေးသည် မြရွက်ညိုအတွက် ပူပင်သောကနှင့် အချစ်၊ အမုန်းတို့ မှ ကင်းလွတ်ခွင့်ရသော တစ်ခဏကလေးဖြစ်၏။

          သူမသည် မာလာဆောင်ရှေ့အရောက်တွင် ရှေ့မှာ ရှိနေသော ကား အဖြူကလေးတစ်စီးကိုမြင်ရသည်။ မိုင်နှုန်း ကီလိုခြောက်ဆယ်လောက်ဟု ခန့်မှန်း၏။ လမ်းပေါ်တွင် မိမိနှင့်သူနှစ်ယောက်တည်း ရှိနေသည့်အခါ မိမိသည် ထိုကားကို ကျော်ဖြတ်မောင်းနှင်ရမှ ကျေနပ်သည်။ သူမသည် နောက်ကြည့်မှန်ကို တစ်ချက် အကဲခတ်ပြီးနောက် နှုတ်ခမ်းသက်သက်ဖြင့် ပြုံးလိုက်၏။ လီဗာကို ဖိနင်းလိုက်သည်။ ကားလက်ကိုင်ဘီးကိုဘယ်ဘက် သို့ အနည်းငယ်သာ ပိုက်ယူလိုက်ပြီး ရှေ့ကကားကို ကပ်၍ ဖြတ်ကျော် တက်လိုက်သည်။ ထိုကားထဲသို့ မျက်လုံးဖွေ၍ပင် မကြည့်မိဘဲ မိုင်နှုန်းကို ကီလိုရှစ်ဆယ်အထိ တင်ပြီး မောင်းလာခဲ့ရချိန်တွင် မြရွက်ညို၏ သမားရိုး ကျ နေ့စဉ်ဘဝကလေး အနည်းငယ် ထူးခြားသွားသလို ထင်ရသည်။

          ခြံဝန်းရှေ့သို့ ကားရပ်မိလျှင်တော့ ဤခြံသည် မိမိနှင့် မသက်ဆိုင် သလို ခံစားရမြဲ ဖြစ်၏။ အင်းလေ... ဒီကားကရော ငါနဲ့ ဘာဆိုင်လို့လဲ။ ဒီခြံရော၊ ဒီကားရောဟာ ငါ့ပိုက်ဆံ တစ်ပြားတစ်ချပ်မှ ပါနိုင်တာမဟုတ် ဘူး... သူ့ပိုက်ဆံတွေ၊ သူက ငါ့ဆီက ဂုဏ်သိက္ခာနဲ့ မိန်းမသားဘဝကို ရတယ်၊ ငါက သူ့ဆီက ငွေတွေရတယ်၊ ဒါပဲလား... တို့ဘဝဟာ ဒါပဲ ။

          သူ့ကို မျက်နှာချင်းဆိုင် တွေ့ရတော့မည်ဆိုတော့ ညို နည်းနည်း သတ္တိကြောင်ချင်ပြန်သည်။ သူ၏ အကဲခတ်မျက်လုံးများသည် ဆယ်နှစ် ကြာသည့်အခါမှာတော့ မှိန်ဖျော့သွားသင့်ပြီဟု ညိုထင်၏။ သို့သော်.. အောင်မိုးသည် မြရွက်ညိုအား စူးရှတောက်ပသော မျက်လုံးများကို မှေးစင်း၍ စူးစမ်းလေ့လာသလို ခပ်ရိုင်းရိုင်း ကြည့်ဆဲသာ ဖြစ်သည်။ အောင်မိုး၏ အကြည့်များကို နာကြည်းနေလျက်ကပင် အောင်မိုး၏ တည်ငြိမ်သော မျက်နှာထားကိုတော့ နှစ်သက်မက်မောနေမိပြန်၏။ တစ်ခါတစ်ခါကျတော့ အောင်မိုး၏ ရင်ခွင်မှာ ပါးအပ်မှီကာ ဟိုတုန်းက လို အောင်မိုး၏ နူးညံ့သိမ်မွေ့သော စကားသံနွေးနွေးကလေးတွေကို ကြားချင်လာပြန်သည်။ သိပ်ကို ရှားပါးလှသည့် တစ်ခါတစ်ရံပါလေ။

          မြရွက်ညို လှေကားအတက်မှာပင် အိပ်ခန်းဆီမှ ဂီတသံသဲ့သဲ့ကို ကြားလိုက်ရသည်။ သူ နားထောင်သောဂီတပေါ်မှာ မူတည်၍ အောင်မိုး၏ စိတ်ကို အကဲဖြတ်ရစတမ်းဆိုလျှင် ဇနီးနှင့် နှစ်ပတ်ကြာ ခွဲခွာနေရာမှ ပြန်လာသော ခင်ပွန်း၏ စိတ်ခံစားချက်မျိုး သူ့မှာ ရှိမနေဘူးဟု သူမ ယူဆသည်။ ကြည့်လေ... Pink Floyd VERA သီချင်းကို သူ ဘာဖြစ်လို့ နားထောင်နေရတာလဲ။ တကယ်ဆို အရင်ကလို When need you ဖြစ်ဖြစ် နားထောင်ပါလား။

          တံခါးကို လှည့်ဖွင့်လိုက်သောအခါ ခုတင်ပေါ်မှာ လက်နှစ်ဖက် ဦးခေါင်းနောက်ပစ်၍ လဲလျောင်းနေသော ခင်ပွန်းသည်ကို မြင်ရသည်။ သူ သည်ဘက်လှည့်ကြည့်၏။ သူ့ မျက်ဝန်းများက အေးတိအေးစက်။ နွေးထွေးစွာပြုံးလိုက်မိသည့် မိမိနှုတ်ခမ်းများကို မိမိ ဓားဖြင့် လှီးပစ်ချင်စိတ်ပေါက်သွားသည်။ သို့သော် သူ့အနီးတော့ အလိုအလျောက် သွားရပ်မိ ပြန်၏။

          “ရထားနောက်ကျလို့လားဟင်...မောင်ဘယ်အချိန်က ရောက်တာလဲ။ မေမေဦး နေကောင်းပြီလား”

          သူက သူမထံမှ မျက်လုံးမခွာ။ သို့သော် အပြုံးရိပ်ရိပ်ကလေးမျှပင် မထင်း ခုတင်ဘေးက စားပွဲပေါ်မှာ သောက်လက်စ ဘီယာသံဘူး တစ်ဘူး၊ ဘူးခွံအလွတ် နှစ်ဘူး။ မြရွက်ညို ပင့်သက်တစ်ချက် ရှိုက်ကာ နေရာမှ လှည့်ထွက်လိုက်၏။ အဝတ်ဗီရိုရှိရာသို့ ခြေအလှမ်းမှာ သူ့ထံမှ တိုးတိတ်သော စကားသံကို ကြားရသည်။

          “ရှစ်နာရီလောက်က ဖုန်းတစ်ခု လာတယ်၊ ပျို့ စာကြည့်စားပွဲ ပေါ်မှာ မောင်လိုက်မှတ်ထားတဲ့ စာရွက်ကလေး တင်ထားတယ်”

          မြရွက်ညို အနည်းငယ်မျက်မှောင်ကြိုတ်လိုက်မိ၏။ အင်္ကျီချိတ် များနောက်မှာ ခပ်ကွယ်ကွယ်ဝင်ရပ်ပြီး အင်္ကျီချွတ်လိုက်ရင်းက ဘယ်သူ့ ဖုန်းလဲဆိုတာ ထည့်မပြောသွားဘူးဟု သူမ သတိရသွားသည်။

          “ဘယ်သူ ဆက်တာလဲမောင်”

          “ဒေါက်တာမြင့်မိုရ်...တဲ့”

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)