ဂျိုဇော် - ၀ထ္ထုတိုငါးပုဒ်
အသွားခက်သည့်ခရီး
နှင်းတွေက ပိန်းပိတ်အောင် ကျနေသည်။ ရှေ့ကိုက်ငါးဆယ် လောက်ကိုပင် ကောင်းကောင်းမမြင်ရ။ မြောက်ပြန်လေကလည်း တသုန်သုန် ဝှေ့နေ၏။ ည ၉ နာရီကျော်ခါစပင် ရှိသေး။ မင်္ဂလာ လမ်းခေါ် ၇၃ လမ်းပေါ်မှာ လူသွားလူလာ မရှိပြီ။ ကျွန်တော်တို့ အုပ်စု အောင်ဆန်းဆောင်မှ ထွက်လာကတည်းက ကားတစ်စီးတလေ မျှ ဖြတ်သွားဖြတ်လာ မရှိ။ လမ်းလယ်ကောင်မှာ အော်ဟစ်ငြင်းခုံ ရင်း၊ သီချင်းတွေ အော်ဆိုရင်း လျှောက်လာကြရာ မင်္ဂလာဈေးနား ရောက်မှ လူစသူစ မြင်ရသည်။ လမ်း ၃၀ ဘက်သို့ ချိုးကွေ့ သွားသော မြင်းလှည်းသံ တခွပ်ခွပ်ကို ကြားရသည်။ ဆေးရုံကြီးသို့ သွား သည့် မွေးလူနာ မြင်းလှည်းလား။ တီဘီဇုန် ၂ ရှေ့က မြင်းလှည်းဂိတ် မှာ မြင်းလှည်းသမားတစ်စု မီးလှုံနေကြသည်။ မီးတောက်ကို မမြင် ရ။ နှင်းတွေ မီးခိုးတွေကြားထဲမှာ ဆေးလိပ်မီးတရဲရဲသာ မြင်နေရ သည်။ ကျွန်တော်တို့ထဲက နှစ်ယောက်၊ “အေးစန်း” လက်ဖက်ရည် ဆိုင်မှာ ကျန်ရစ်သည်။ ကျန်သူတွေ မင်္ဂလာဈေးရှေ့က အသုပ်ဆိုင်ထိ ချီတက်ကြမည်။
“အဲဒီတုန်းက အသုပ်တစ်ပွဲမှ တစ်ကျပ်ခွဲနော်”
ဒေါက်တာကျော်ကျော်စိုးက ဘဲကင်ကို တူဖြင့်ညှပ်ရင်း လှမ်း မေးသည်။
“တစ်ကျပ်ခွဲလား၊ နှစ်ကျပ်လား မမှတ်မိတော့ပါဘူးကွာ။ ၇၈၊ ၇၉ ဝန်းကျင်လောက်ကဆိုတော့ နှစ်အစိတ်တောင် ရှိပြီ။ ငါတို့ 2nd MB လောက်ကလေ”
ကျွန်တော်က သောက်လက်စ ဘီယာခွက်ကို ကြည့်ရင်း ဖြေလိုက်သည်။
“အံမာ အဲဒီတစ်ကျပ်တန် ၂ ပွဲကို လူ ၅ ယောက်လောက် ပိုက်ဆံစုထည့်ပြီးမှ စားရတာနော်။ အဆောင်က ထမင်းတွေ ယူထား ပြီး ညလူရှင်းချိန်ကျမှ သွားစားကြတာလေ။ ဟား.. ဟား.. ဟား..” ဒေါက်တာခင်မောင်အေးက တဟားဟားရယ်ရင်း ဖြည့်စွက်သည်။
ကျွန်တော်တို့ သူငယ်ချင်းသုံးယောက် ရွှေဘဲ” မှာ ထိုင်ရင်း ဘီယာနှင့် ဘဲကင်ကို မြည်းကာ ဆေးကျောင်းသားဘဝ အတိတ်က ချို့တဲ့ခဲ့ကြပုံကလေးများကို စားမြုံ့ပြန်နေကြခြင်း ဖြစ်၏။
ခင်မောင်အေး ပြောသလိုပဲ ကျွန်တော်တို့သူငယ်ချင်း အားလုံး လိုလိုပင် ဖောဖောသီသီ မသုံးစွဲနိုင်ကြပါ။ အဆောင်ထမင်းကို ညနေ ၅ နာရီလောက်က စားထားတာဆိုတော့ ည ၉ နာရီလောက်ဆို အူ တဖြုတ်ဖြုတ် ဖြစ်ကုန်ကြပြီ။ ပြား ၆၀ တန် လက်ဖက်ရည်တစ်ခွက် ဖြင့် မတင်းတိမ်။ ၃ ကျပ်တန် ဆီချက်ခေါက်ဆွဲတို့၊ ထမင်းပေါင်း တို့ကိုလည်း အမြဲတစေ မစားနိုင်။ သည်တော့ ညနေကတည်းက အဆောင်ထမင်းကို ချိုင့်နဲ့ ယူထား။ သူငယ်ချင်းခြောက်ယောက်လောက် ငါးမူး၊ ပြား ၆ဝ စီစုပြီး အသုပ်သုံးပွဲလောက်ဝယ်၊ ထမင်းနှင့်စားကြအသွားခက်သည့်ခရီး သည်။ ဆောင်းညချမ်းချမ်းမှာ ရေနွေးကြမ်းပူပူ၊ ငရုတ်သီး ရှူးရှူး ရှဲရှဲနှင့် စားကြ၊ လေပန်းကြ။ ပြီးတော့ အဆောင်ပြန် စာကျက်ကြ။
အဲသည်တုန်းက ထမင်းချိုင့်ကို ရှက်ပြုံးလေးဖြင့် တစ်လှည့်စီ ဆွဲခဲ့ကြသည့် ဆေးကျောင်းသားတွေ၊ သူငယ်ချင်းတွေ ခုတော့ တစ် နေရာစီ ရောက်ကုန်ကြပြီ။ မြင်းခြံသား သောင်းတင်က အမေရိကား မှာတဲ့။ နေဝင်းရှိန်က ဓာတ်မှန်ဆရာဝန်ကြီးအဖြစ် မြစ်ကြီးနားမှာ။ စိန်လင်းက ချင်းပြည်နယ်ဘက်မှာ မြို့နယ်ဆရာဝန်ကြီးတဲ့။ မောင် မောင်ထူးက အရေပြားဆရာဝန်ကြီးအဖြစ် ပခုက္ကူမှာ။
အဆောင်ထမင်းဟင်းအကြောင်း ပြောလျှင် သူငယ်ချင်းစိုးမြင့် သန်း၏ ငါးပိရည်ကျို အိုးလေးကိုလည်း မေ့ချန်ထားလို့ မဖြစ်။ တကယ်တော့ ကျွန်တော်တို့ ဆေးတက္ကသိုလ် အောင်ဆန်းဆောင် သည် အခြားတက္ကသိုလ်အဆောင်များနှင့်စာလျှင် ထမင်းဟင်းကောင်း ပါသည်။ အဆောင်ဒင်နာတွေ ဘာတွေမလုပ်ဘဲ ခွဲတမ်းအားလုံး စားဖိုဆောင်မှာပဲ သုံးပါသည်။ သို့ သော် ငါးနှစ် ခြောက်နှစ် ဒီဟင်း ဒီဟင်းတွေပဲ အချိန်ဇယားကြီးဖြင့် စားနေရသောအခါ ငြီးငွေ့ လာစမြဲ မဟုတ်လား။ တောင်ငူသား စိုးမြင့်သန်းက ရေကျိုငါးပိကို မြေအိုး ကလေးဖြင့် အမြဲကျိုထားသည်။ ထမင်းစားပွဲမှာ ငရုတ်သီးမှုန့် ရဲ နေအောင် ဖြူးထားသည့် သူ့ငါးပိရည်အိုး အငွေ့ တထောင်းထောင်း လေးပါလျှင် ထမင်းမြိန်လှတော့၏။ သည်ကောင်ကြီးနှင့် မတွေ့ရ တာ ကြာပြီ။ ပဲခူးမှာ ဆေးခန်းဖွင့်နေသတဲ့။ သူ့စာတွေတော့ မဂ္ဂဇင်း တွေမှာ တွေ့နေရသည်။ သူက “အောင်ထိပ်” ဟူသော ကလောင် နာမည်ဖြင့် ဝတ္ထုတိုတွေ၊ ဘာသာပြန်တွေ ရေးနေသည်။
“တို့ ဘဲကင်စားနေရင်းနဲ့ သူ့ငါးပိရည်အိုးလေး သတိရနေ တယ်ဆိုတာ စိုးမြင့်သန်းကြီးကို ပြောချင်လိုက်တာကွာ” ကျွန်တော်က ပြောတော့ ကျော်ကျော်စိုးက ခေါင်းညိတ်ပြီး “
ဒီကောင် စာရေး ဆရာဖြစ်မှ သူ့ငါးပိရည်အိုးလေးအကြောင်း မရေးသေးဘူးနော်”
“ဟေ့မင်းတို့ စာရူးပေရူးတွေ ကဗျာစာအုပ်ထုတ်လို့ ပြဿနာ တက်တာ 3rd MB မဟုတ်လား”
ခင်မောင်အေးက အစဖော်သဖြင့် ကျွန်တော်တို့ စကားလမ်း ကြောင်းက 3rd MB သို့ ရောက်သွားပြန်သည်။
“အေး ဟုတ်တယ်။ ငါရယ်၊ စိုးဝင်းရယ်၊ တင်မောင်ညွန့်ရယ် သုံးယောက်ပေါင်းထုတ်တဲ့ စာအုပ်လေးကွ” ကျော်ကျော်စိုးက ဖြေ သည်။ သူက ဘီယာပုလင်းကို အကုန်ငဲ့ထည့်ရင်း ထိုအကြောင်း ကို စားမြုံ့ပြန်ဖို့ လည်ချောင်းရှင်းလိုက်၏။ ထိုစဉ်ခိုက်မှာပဲ ခင်မောင် အေး ခါးကြားမှ ဆယ်လူလာဖုန်းက မြည်လာသဖြင့် စကားပြတ် သွားသည်။ ခင်မောင်အေးက တစ်ခွန်းနှစ်ခွန်းပြောပြီး “ကွန်ပျူတာ အပိုပစ္စည်းဆိုင်က လှမ်းခေါ်တာကွ။ မင်းတို့ နေရစ်မလား၊ လိုက်ခဲ့ မလား”
“ဟေ့ကောင် မင်းက မန္တလေးကို ဆရာကန်တော့ဖို့၊ သူငယ် ချင်းတွေနဲ့ တွေ့ဖို့ လာတာလား။ မင်းအိမ်က ကိစ္စဝိစ္စတွေလုပ်ဖို့ လာတာလား”
ခင်မောင်အေးက သူ့စတိုင်အတိုင်း တဟဲဟဲ ရယ်နေသည်။ ဒီကောင်က နတ်မောက်က လာရတာ။ မန္တလေးကို တစ်နှစ် တစ်ခေါက်သာ ရောက်တာဆိုတော့ စီးပွားရေးကိစ္စ၊ လူမှုရေးကိစ္စတွေ ပါပေမည်။ ခုလည်း သူ့ကလေးတွေ ကွန်ပျူတာသင်ဖို့ကိစ္စ အလုပ်ရှုပ်နေခြင်း ဖြစ်၏။