Skip to product information
1 of 11

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်ဦးချစ်မောင်+ဂျာနယ်ကျော်မမလေး - ဂျာနယ်ကျော်အမြင်အတွေးအရေး

Regular price 4,300 MMK
Regular price Sale price 4,300 MMK
Sale Sold out

ဝန်ကြီးများ တိုင်းပြည်ကို ပမာမခန့် မပြောနှင့်

          လွှတ်တော်ဥက္ကဋ္ဌကြီးကလည်း လွှတ်တော်ပွဲကျရုံ မပြောထိုက်။ ။ ရဟန်းတော် များ ကိစ္စကို ပျံတော်မူခါနီးမှ အရေးကြီးသည်ဟု ဝန်ကြီးများနှင့် ဥက္ကဋ္ဌက ထင်မြင်သလော။

လွှတ်တော် အစည်းအဝေးကား စခဲ့ပြီ ။

          အငှားမော်တော်ကားမောင်းသမားများ၊ ဟိုတယ်ဆိုင်ရှင်များ၊ နိုင်ငံရေး ပွဲစား များနှင့် အကြွေးရှင်များ အထူးမျှော်လင့်တောင့်တနေခဲ့ကြသော အောက်လွှတ်တော် အစည်းအဝေးကြီးသည် သြဂုတ်လ ၂၈ ရက်နေ့တွင် စတင် ဖွင့်လှစ်ခဲ့လေပြီ။

          ထိုသို့ စတင် ဖွင့်လှစ်သည့်နေ့က ၂ နာရီကျော်ကျော်မျှသာ စည်းဝေးပြီး ထိုနေ့အဖို့ ပြီးသွား၏။ အရေးကြီးပါသည်ဟု ပြောဆိုတင်သွင်းသော ရေဘေးကိစ္စ ဆွေးနွေးရေး အဆိုကို နောက်တစ်နေ့ညနေသို့ ချိန်းဆိုလိုက်၏။ နောက်တစ်နေ့တွင် ဆွေးနွေးရာ၌လည်း စကားကြောရှည်နေ၍ မျောသွားတော့၏။ ထိုနေ့ညဘက်တွင် အစိုးရဘက်သား အမတ်များက တစ်နေရာ။ အတိုက်အခံ ဘက်သားများက တစ်နေ ရာ။ ကိုယ်စီကိုယ်င ကိုယ့်လိုဘ ပြည့်ဖို့ အတွက် ထုံးစံအတိုင်း စိုင်းပြင်းကြရာ နောက်တစ်နေ့ထုတ် ဗန္ဓုလသတင်းစာက (အစိုးရဘက်တွင် ဗမာတိုင်းရင်းသား မဲများ ကမ်းပြိုသလို ထောက်ခံသောမဲတွေ ပြိုကျ၍နေကြောင်း၊ အစိုးရဘက်က ပြိုကျလာ သမျှ မဲများမှ အတိုက်အခံဘက်သို့ အင်အားကြီးမားသည်ထက် ကြီးမားတိုးတက်လျက်နေရာ အစိုးရဘက်တွင် အင်အားမရှိ ဖြစ်နေကြောင်း၊ ဖြုတ်ချရေးအဆို မတင်ရဘဲနှင့် ပင် အစိုးရအဖွဲ့ ပျက်ဖို့ များနေကြောင်း) နှင့် ရေးလိုက်၏။

          သူ ရိယကလည်း (လက်ရှိအစိုးရကမူ အကြမ်းအားဖြင့်ပင် မဲ ၇ဝ မှာ သေချာ နေသည်ဆိုပြီး အယုံအကြည်မရှိ အဆိုကို အရေးမလုပ်သည့် ဟန်ဖြင့် အေးအေးပင် ရှိနေကြောင်း၊ ဒေါက်တာ၏ အယုံအကြည်မရှိအဆိုမှာ အောင်မြင်ကောင်း အောင် မြင်ဦးမလို၊ ထင်စားဖွယ်ရာရှိသည်ဟု အတွင်းရေး မသိသူတို့က ကုလားထိုင်ပေါ်မှ ထိုင်ရင်း ရေးသားပြောဆိုနေကြကြောင်း) ဖြင့် ရေးလိုက်သည်ကို တွေ့ရှိရ၏။ မြန်မာ့ အလင်းတွင်မူ အခြေအနေ ကြည့်ရခြင်းအားဖြင့် အတိုက်အခံဘက်က အင်အားမညံ့လှ ဟူ၍သာ ဖော်ပြထားသည်ကို တွေ့ရ၏။ မုချပင် တင်သွင်းခြင်း၊ ပြုလတ္တံ့သော၊ အယုံအကြည်မရှိအဆို မဲခွဲသည့်နေ့မှပင် မည်သူအမှန် ဖြစ်ကြောင်း၊ ကောင်းကောင်း ကြီး သိရတော့မည် ဖြစ်၏။

          မညီညွတ်သော ညီညွတ်ရေး

          ညီညွတ်ရေး ငါးပွင့်ဆိုင်ဘက်တွင်လည်း ညီညွတ်ရေးစကားကို ပြောရာမှ မညီမညွတ်ဖြစ်ကာ ညီညွတ်ရေးလုပ်ငန်းလုပ်ဖို့ တာဝန်လွှဲအပ်ခြင်းခံရသူ ဦးဘရွှေ သည် စိတ်တိုတိုဖြင့် အစည်းအဝေးမှ ထွက်သွားခြင်း ပြုခဲ့၏။

          ထိုအစည်းအဝေးတွင် ပြောကြားကြသော စကားရပ်များသည် ပြောကြားသူ တို့၏ စိတ်နေသဘောထားအမှန်ကို ပြသသောကြောင့် တိုင်းပြည်က အထူးမှတ်သား ထားဖွယ်ကောင်း၏။

          ပမာမခန့်ပြောသော ဝန်ကြီးများ

          အောက်လွှတ်တော်တွင် တချို့သော တာဝန်ခံ ဝန်ကြီးတို့ ပြောကြားသော စကားများမှာ အလွန်ရာဇဂုဏ်မောက်သဖြင့် များစွာ မကျေနပ်ဖွယ် ဖြစ်နေချေသည်။ ဝန်ကြီးဆိုသည်ကား တိုင်းပြည်၏ မဲဖြင့် အမတ်ဖြစ်ပြီး မိမိ၏ ပရိယာယ် ဝေဝုစ်ဉာဏ် ဖြင့် အဖွဲ့ အစည်းအရုံး တည်ထောင်ကာ အခြားအဖွဲ့ များနှင့် ပေါင်းစပ်နိုင်မှ ရာထူးကို လက်ခံလုပ်ကိုင်ရသောသူပင် ဖြစ်လေရာ မိမိတို့ကိုယ်ကို အစိုးရဟု ထင်မှတ်ပြီး ရာဇသံ နှင့် အာခံပြောဆိုခြင်းမှာ တိုင်းပြည်၏ ကျေးဇူးကို ကောင်းကောင်းကြီး ကန်းခြင်း ဖြစ်သဖြင့် အလွန် စက်ဆုပ်ဖွယ် ကောင်းလှပေသည်။

          ကျွန်ုပ်တို့ ထုတ်ဆောင်ခြင်းပြုရမည့် သာဓက တစ်ရပ်ကား၊ ဦးဘလှိုင်က ရဟန်းတော်များ ထောင်ထဲ၌ အစာငတ်ခံနေသည့် ကိစ္စကို ဆွေးနွေးလို၍ အစည်း အဝေး ရွှေ့ဆိုင်းပေးရန် အဆိုတင်သွင်းသည်တွင် ပြည်ထဲရေးဝန်ကြီး ဦးဘဘေက ပြန်လှန်ပြောကြားသော စကားများပင် ဖြစ်ပေ၏။

          ဦးဘဘေ၏ စကားရပ်များအနက် ယခု အဆိုတင်ခွင့်တောင်းခြင်းကို ကန့် ကွက်ရသဖြင့် အားနာကြောင်း၊ ယခု အစာမစားဘဲနေသော ဘုန်းကြီးခုနစ်ပါးသည် ရာဇဝတ်ပြစ်မှုကြီးများ ကျူးလွန်သဖြင့် ထောင်ဒဏ် နှစ်နှစ်မှ ၂၅ နှစ်အထိ အကျဉ်း ခံနေရသူများ ဖြစ်ကြောင်း၊ ထောင်ထဲ၌ ဘုန်းကြီး အကျဉ်းသမားပေါင်း ၄၈ ယောက် ရှိရာ ပြစ်မှုများမှာ အလွန်ဆိုးဝါးကြောင်း၊ ဘုန်းကြီးအကျဉ်းသမားများအား ထောင် တစ်ခုမှာ စုရုံးထားဖို့ မိမိ စဉ်းစားပါသေးကြောင်း၊ သို့ရာတွင် ထောင်ဒဏ်နှစ်တိုးသော အကျဉ်းသားအား ထောင်ပြောင်းခြင်း မပြုရဟု ဥပဒေက ဆိုထားပြန်ကြောင်း၊ ယခု ကိစ္စမှာ ရုတ်တရက် ရှောင်တခင် နိုင်ငံရေး ရည်ရွယ်ချက်နှင့် ဖြစ်ပေါ်လာခြင်း ဖြစ် သည်ဟု သိရကြောင်း၊ ဘာသာရေး မဟုတ်လှကြောင်း၊ ဦးဘလှိုင်သည် မေးခွန်း ဖြစ်စေ၊ အဆိုတစ်ခု ဖြစ်စေ တင်သွင်းလျှင် အစိုးရက အရေးယူမည် ဖြစ်ကြောင်း၊ ယခုကဲ့သို့ အစည်းအဝေး ရပ်ဆိုင်းရန် အဆိုကို တင်ဖို့မသင့်ကြောင်း၊ အစာမစားသော ဘုန်းကြီးများသည် ယခု ၁ဝ ရက်လောက် ကြာပြီ ဖြစ်ကြောင်း၊ သူတို့၏ အလေး ချိန်မှာလည်း အန္တရာယ် ဖြစ်လောက်အောင် မကျသေးကြောင်းနှင့် ပါရှိရာ အဘယ်မျှ ဆိုးဝါးသည်ကို ကျွန်ုပ်တို့ ညွှန်ပြနေရန်ပင် မလို။ စာဖတ်သူတိုင်း လွယ်လင့်တကူ သိရှိနိုင်ကြပေမည်။

 

          ဥက္ကဌကြီးကတစ်မှောင့်

          ထိုသို့ဖြစ်ရှိနေရသည့်အတွင်း ဥက္ကဋ္ဌကြီးက (ယခုအခါ မစားဘဲနေသော ဘုန်းကြီးများသည် ရုတ်တရက် ဘေးမရောက်နိုင်သေးကြောင်းနှင့် ပြည်ထဲရေးဝန်ကြီး က ပြောပြကြောင်း၊ ဦးဝိစာရပင် ရက်ပေါင်း ၁၆ဝ ကျော်မှ ပျံလွန်တော်မူသည်ဖြစ်၍ ထိုဘုန်းကြီးများသည် ယခု လွှတ်တော် စည်းဝေးနေသည့် ရက်အတွင်းမှာ ပျံလွန်တော်မူနိုင်မည် မဟုတ်ကြောင်း၊ ယခု ဘုန်းကြီးများ အစာမစားဘဲနေသည်မှာ ၁၀ ရက်ကြာပြီဖြစ်၍ ယခု ဆွေးနွေးရန် အရေးမကြီးသဖြင့် အဆိုကို ခွင့်မပြုကြောင်း) နှင့် ပြောလိုက်ပြန်ရာ သာ၍ပင် ဆိုး၍ သွားတော့၏။ ဥက္ကဋ္ဌကြီး၏ အလုပ်ဝတ္တရားများထဲတွင် နိမိတ်ဖတ်သော အလုပ်မပါရှိရာ မိမိ၏ အလုပ်ဝတ္တရားကိုသာ ကျေပွန်အောင် လုပ်ပါ။ လွှတ်တော်ပွဲကျရုံ မပြောပါနှင့်ဟု ကျွန်ုပ်တို့က သတိပေးလိုက်ရပေသည်။

          အစာငတ်ခံနေကြသော ကိစ္စများသည် အခြားကိစ္စများကဲ့သို့ ရက်ကြာလျှင် အရေးကြီးမှု ယုတ်လျော့သွားသည် မဟုတ်ဘဲ ရက်ကြာလေလေ အရေးကြီးလာလေလေ ဖြစ်သည်ကိုလည်း ဥက္ကဋ္ဌကြီး သတိပြုသင့်ပေသည်။ ဦးဝိစာရ ပျံတော်မူရစဉ်က လည်း လွှတ်တော်၏ ယခုလို သဘောထားမှုကြောင့်ဖြစ်ခဲ့ရာ ယခုလည်း ပျံတော်မူမည့် အခြေအနေသို့ ရောက်မှပင် အရေးကြီးသည်ဟု ယူဆကာ အမတ်များအား ဆွေးနွေးခွင့် ပြုမည်ဟုဆိုရာ ရောက်သောကြောင့် တိုင်းပြည်က ပြင်းပြင်းထန်ထန် မိမိတို့ မကျေနပ် နိုင်သည့် ဆန္ဒကို ပြသကြလိမ့်မည်ဟု ယုံကြည်မျှော်လင့်ရပေသတည်း။ ။

ဂျာနယ်ကျော်၊ အုပ်တွဲ ၂၊ စက်တင်ဘာ ၂၊ ၁၉၃၉။