Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - ရှုမငြီး

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out

အေးအေး

          ဖခင်ပြောသည်ကိုသာ ခေါင်းညိတ်လိုက်လျှင် အလိမ္မာ အိမ်ပါ ဥစ္စာပေါ ရုပ်ချောကို အလွယ်တကူရဖို့ပင် ရှိ၏။ ယခုလို တစ်လမ်းလုံးဆောင့်နေသဖြင့် တစ်ကိုယ်လုံး အောင့်နေဖို့ရာမဟုတ်၊ ကျွန်ုပ်မှာ ငယ် ကတည်းက ခဲရာခဲဆစ် ကျပ်ကျပ်တည်းတည်း အားထုတ်ရ၊ လုံ့လ ပြုရမှ ပို၍အရသာတွေ့သည်ကို သဘောကျခဲ့သည့်ဝါဒ အခံရှိသဖြင့် ယခုလည်း ဖခင်ပေးစားမည့် မိန်းမကို မယူနိုင်ဘဲ ငြင်းပယ်ခဲ့လျက် ခေတ်ပျက်မတတ်ဖြစ်နေသော အချိန်ကာလကြီးအတွင်းမှာပင် စွန့်စွန့် စားစား ခဲရာခဲဆစ်ယူရမည့် မိန်းမအတွက် နေပူထဲတွင် တညည်းညည်း တညူညူ လူတစ်ကိုယ်လုံး အထောင်းခံကာ ခရီးနှင်လျက်ရှိသည်။ နေမှာ တစ်နာရီထက်တစ်နာရီ တိုး၍သာ ပူလျက်ရှိသည်။ ကျွန်ုပ်၏ လှည်း ကုလားမှာ ပူလောင်ခြင်းကိုခံပြင်းတိုင်း နွားကို တစ်ရိုက်တည်း ရိုက်နေလေပြီ။ ကျွန်ုပ်နှင့်ပါလာသော ကျွန်ုပ်၏တပည့် ဘစောသည်သာ ဝန်စည်စလယ်အထုပ်အပိုးကဲ့သို့ အလားတူလုပ်၍ နေရှာလေသည်။

          အစိုးရ အထူးအရာရှိကြီး ဦးကျော်မြင့်အနေဖြင့် သူကြီးလုပ်သူ အဖေအိမ်တွင် တည်းခိုရမည် ဖြစ်၍ သမီးလုပ်သူကို မြင်ရမည်ကား မလွဲဧကန်ပင်ဟု တစ်နည်းတစ်လမ်း စိတ်အေးမိရသည်။ ရုက္ခစိုးကြီး ထွန်းမောင် လက်ညှိုးညွှန်လိုက်သည့်အတိုင်း ရုပ်လည်းချောမည်၊ ပညာ လည်း ရှိမည်၊ အထက်တန်းလည်း ကျမည်၊ ဘယ်မိန်းမနှင့်ယှဉ်ယှဉ် အဘက်ဘက်က သာရမည်။ သို့ပေသည့် မာနအလွန်ကြီးသည်ဟူသော ဝိသေသန မြောက်မြားစွာထဲတွင် မာနအလွန်ကြီးသည်ဟူသော နောက်ဆုံး ဂုဏ်ပုဒ်သည်သာလျှင် ကျွန်ုပ်အား ယခုကဲ့သို့ လုံ့လထုတ်စေရန် အထူးပင် လှုံ့ဆော်လေတော့သည်။

          ကျွန်ုပ်သည် ခွင့်နှစ်လယူခဲ့ပြီးနောက် ကျွန်ုပ်၏ နေရပ် ရန်ကုန်မှ အုတ်ဖိုသို့ ကားနှင့်လာခဲ့ရာ လမ်းတွင် ကားလည်း ခဏခဏပျက်၊ လေယာဉ်ပျံရန်ကလည်း အခါခါ ရှောင်ရှားလာရသောကြောင့် ခရီး တွင်ကျယ်သင့်သလောက် မတွင်ကျယ်ဘဲ သုံးရက်ကြာမှ အုတ်ဖိုသို့ ရောက်ခဲ့ရလေသည်။ အုတ်ဖိုတွင် ကားပျက်နေသဖြင့် လှည်းငှား၍ ထိုမိန်းမပျိုနေရာ တိမ်မြုပ်ရွာသို့ ခရီးကြမ်းနှင်လျက်နေလေသည်။

          ကောင်းကင်ယံမှ စက်သေနတ်ရန်ကြောင့် ကျွန်ုပ်တို့မှာ လှည်း ပေါ်က ဆင်းလိုက်၊ တက်လိုက်နှင့် နေပူထဲတွင် တူတူပုန်းတမ်းလုပ်ရ သည်မှာလည်း အမောပင်။ ထိုကဲ့သို့ တစ်ခါဖူးမျှ အပင်ပန်းမခံခဲ့ဖူးသဖြင့် တစ်ခါတစ်ရံ ပြေးရင်းပုန်းရင်းပင် ကိုယ့်အဖြစ်ကိုယ် ပြုံးမိသည်။

          ညနေစောင်းနေမှာ ချစ်ချစ်တောက် ပူပြင်းလာလေပြီ။ ကျွန်ုပ်၏ တပည့်မှာ ထိုအခါမှ သည်းညည်းမခံနိုင်တော့သကဲ့သို့ “ဝေးသေးသလား ဆရာ”ဟု အသံထွက်ဖော် ရတော့သည်။

          ငါတော့ မသိဘူး၊ လှည်းကုလားကတော့ တစ်ညမအိပ်ရပါဘူး ပြောတာပဲ”ဟု ကျွန်ုပ်ကပြောရာ ကြံကြံဖန်ဖန် ဆရာရယ်”ဟု လေးလေးတွဲတွဲကြီး ညည်းညူလိုက်သဖြင့် ကျွန်ုပ်မှာ သူ့ကိုကြည့်၍ ရယ်ချင် လာသည်။

          “ဘာ ကြံကြံဖန်ဖန်လဲ” “နိမိတ်မကောင်းပါဘူး ဆရာရယ်”

          “ဘာနိမိတ် မကောင်းတာလဲကွ။ မင်းဟာက ယောက်ျားမဟုတ် သလိုပဲ။ ဒါနဲ့များ ငါ့တပည့် လုပ်နေရသေးတယ်”

          “မဟုတ်ပါဘူး ဆရာရယ်၊ နေရပ်က တိမ်မြုပ်ဆိုတော့ နာမည် နိမိတ်..

          “တော်စမ်းပါ၊ နာမည် နိမိတ်ယူရင် မိန်းကလေးနာမည်က အေးအေးတဲ့။ ကဲ...ကောက်ပါဦး ဘစောရယ်”

          “အေးအေးမို့လို့ပဲ ဆရာ၊ ပူများပူရင်”ဟု ရှေ့သို့ စကားမဆက် တော့ဘဲ ဦးထုပ်ကိုချွတ်၍ နဖူးပေါ်ကာ၍နေလေရာ ကျွန်ုပ်မှာ အမူအရာ ကြည့်၍ ဟက်ဟက်ပက်ပက် ရယ်မောလိုက်ရတော့သည်။ ထိုသို့ လုပ်နေ ရာကတစ်ဖန် “ရင်ပူလိုက်တာ ဆရာ”ဟု ညည်းညူ ပြန်ချေသေးသည်။

          “ရင်ပူတာ ဘယ့်နှယ်လုပ်ရမလဲ” “ရေသောက်ရမယ် ဆရာ”

          ကျွန်ုပ်က ရေကုန်နေသည်ကိုမှ ရှာပြောတတ်တာကို မာန်ချင် သေးသဖြင့် “တိုက်လိုက်ကွ၊ ဂွ”ဟု ပြောလိုက်ရလေသည်။

          လှည်းဘီးများမှာ နေပူထဲတွင် တအီအီအသံပေး၍ တညိတ်ညိတ် လှိမ့်လျက်ရှိသည်။ မြန်မြန်ရောက်လိုစိတ်ကို ထိုအသံက တစ်လမ်းလုံး ဆွ၍နေလေသည်။ ရေငတ်လွန်းသဖြင့် ဘစောက တဲတွေ့လျှင် ရေ သောက်ဖို့ ရပ်ခွင့်ပေးရန်ပြောထားရာ နေစောင်းမှပင် တဲကလေးတစ်တွဲကို တွေ့ရလေသည်။ လှည်းကိုရပ်ခိုင်းလိုက်ပြီး ဘစောအား ထိုတဲတွင် ရေသောက်ခိုင်းလိုက်ရာ မျက်စိမျက်နှာပျက်ပျက်နှင့် သုတ်သီး သုတ်ပျာဘစော ပြန်ထွက်လာသည်ကို မြင်ရသဖြင့် ဘာများဖြစ်လာ ရပြန်ပါလိမ့်ဟု မျက်မှောင်ကြုတ်၍ ကြည့်နေမိသည်။

          ဆရာ..ဆရာ သေမလား မသိဘူး။ လာပါ...လာပါဟု ကျွန်ုပ်ကို ခေါ်နေလေရာ ကျွန်ုပ်မှာ ဒေါသများပင်ထွက်မိပြီး “ရေသွားသောက်ပါ ဆိုတာ ဘာတွေ့ လာပြန်တာလဲ။ မင်းဟာက...”

          “လူ...ဆရာရဲ့ လူ၊ ဘဝပြောင်းတော့မယ်။ ဒဏ်ရာကြီးနဲ့ ဘယ် သူမှ မရှိဘူး။ တစ်ယောက်တည်းရယ်”

          “ရှုပ်တဲ့ကောင်ပဲ၊ မြန်မြန် ရောက်ချင်ခါမှ မင်းနှယ်ကွာ”ဟု မောင်းမဲပြစ်တင်လိုက်သော်လည်း ကျွန်ုပ်မှာ လှည်းပေါ်မှ ခုန်ချလိုက် မိပြီး ဖြစ်သည်။ လှည်းကုလားအား ခေတ္တစောင့်ရန် မှာကြားခဲ့ပြီးနောက် ကျွန်ုပ်လည်း ဘစောနောက်မှ တ်ဆီသို့ လိုက်ပါလာခဲ့လေသည်။ တဲမှာ အလွန်သေးငယ်၍ အိုမင်းယိုင်နွဲ့ ၍နေလေပြီ။ လူမသုံး၍ ပစ်ထားသည်မှာ အတော်ကြာပုံရသည်။ စုတ်ပြတ် ဟောင်းနွမ်းလွန်းလှသည်။ တဲဝသို့ရောက်ကြရာ ဘစောက ရှေ့ကမဝင်ဘဲ လမ်းဖယ်၍ပေးသဖြင့် ကျွန်ုပ်လည်း ရှေ့သို့ တိုးဝင်လိုက်သည့်တွင် တဲထောင့်၌ သွေးအလိမ်းလိမ်းလူးလျက် လူတစ်ယောက် လူးလွန့်နေခြင်းကို မြင်ရလေသည်။ မြင်လျှင်မြင်ချင်း ကျွန်ုပ်မှာ နောက်သို့ယိမ်းယိုင်သွားပြီးမှ တစ်ဖန် ရှေ့သို့တိုး၍ ထိုသူ့ဆီသို့ ဖြည်းဖြည်းလှမ်း၍ သွားလိုက်သည်။ ၎င်းသူမှာ ကျွန်ုပ်နှင့် သက်တူ၊ ရွယ်တူ ခန့်လောက်ပင် ရှိသည်။ အရပ်ရှည်ပုံမှာလည်း ကျွန်ုပ်နှင့် အတူတူပင်။ ကိုယ်လုံးကိုယ်ထည်မှာလည်း ကျွန်ုပ်ကဲ့သို့ပင်။ အသားအရေသာ သူက ကျွန်ုပ်ထက် ပို၍ ဖြူပါပေသည်။

          အနီးသို့ ရောက်လျှင် ကျွန်ုပ်အား မျက်လုံးဖွင့် ၍ ပြူးပြူး ကျယ်ကျယ်ကြီး ကြည့် နေလေသည်။ ကျွန်ုပ်လည်း သူ့ ဘေးတွင် ဒူးထောက်လိုက်လျက် သူ့အား ကူညီမည်ကဲ့သို့ အမူအရာပြရာ တစ်ဖန်မျက်စိကို စုံပြန်မှိတ်လျက် တိုးတိုးပင် ညည်း၍နေသည်။

          “မိတ်ဆွေ ဘာဖြစ်သလဲ၊ ဘာလုပ်ချင်သလဲ၊ မိတ်ဆွေ ဘယ် ကလဲ”ဟု ကျွန်ုပ်ကမေးရာ ထိုသူလည်း အတန်ကြာမှ မျက်စိကို ဖွင့်ကြည့် ပြီးနောက် အဖြေမပေးသေးဘဲ ကျွန်ုပ်၏ရင်တွင် ထိုး၍ထားသောမြားကို သာ စိုက်၍ ကြည့်နေလေသည်။

          “မိတ်ဆွေ ကျုပ်ဆီက ဘာအကူအညီ လိုချင်သလဲ ပြောပါ။ ကျုပ် ကူညီပါ့မယ်။ ရန်သူ မဟုတ်ပါဘူး။ မိတ်ဆွေလိုမှတ်ပါ မိတ်ဆွေ”

          ထိုသူမှာ ခဏမျှ ပြူးစိုက်၍ကြည့်နေပြီးမှ ကျွန်ုပ်၏ရင်တွင် ထိုး၍ထားသော မြားကို လက်ညှိုးထောက်၍ တစ်စုံတစ်ခုပြောလေဟန် ပါးစပ်ကို လှုပ်ရှားလိုက်သောကြောင့် ကျွန်ုပ်လည်း “မြား”ကို ရုတ်ခြည်း ဖြုတ်လိုက်မိပြီးနောက် “မြားလေ၊ မိတ်ဆွေ မြား”ဟု ပြောပြောဆိုဆို လက်ထဲသို့ ထည့်ပေးလိုက်မိသည်။

          ထိုသူလည်း မြားကို ရာထူးအဆင့်အတန်း သိနားလည်သကဲ့သို့ နီးကပ်စွာ ယူ၍ကြည့်လိုက်ပြီး သဲ့သဲ့မျှပင် “ခင်ဗျား အစိုးရအရာရှိပါလား” ဟု ကျွန်ုပ်အား ဝမ်းနည်းသွားသကဲ့သို့ ညှိုးငယ်စွာ ပြောရှာလေသည်။

          သူ၏သဘောကို ကျွန်ုပ်က ရုတ်ခြည်း နားလည်ကာ “စိတ် မကောင်း မဖြစ်ပါနဲ့ မိတ်ဆွေ။ ခင်ဗျားကို ရန်မပြုပါဘူး။ တတ်နိုင်ရင် ကူပါ့မယ်။ ဘာအကူ လိုတယ်သာပြောပါ။

          “ကျွန်တော် သေလူပါ။ ကျွန်တော်ရဲ့ အသက်တစ်သက်လုံးမှာ ခင်ဗျားဟာ နောက်ဆုံး မိတ်ဆွေဖြစ်ရရင်..”

          “ဖြစ်ရပါတယ် မိတ်ဆွေ၊ ကျွန်တော် ခင်ဗျားရန်သူ မဟုတ်ပါ ဘူး။ ခင်ဗျား ဘာမဆို ယုံကြည်နိုင်ပါတယ်။ ခင်ဗျား ဘာပြောချင်သလဲ ပြောပါ။ ကျွန်တော် ဆောင်ကြဉ်းပါ့မယ်။ ကတိပေးပါတယ်”

          ဤသို့ ပြောသည့်တိုင် မျက်နှာရွှင်ပျမလာဘဲ မျက်မှောင်ကြုတ်ကာ မျက်စိကို စုံမှိတ်ထားသည်ကို တွေ့ရလေသည်။

          ကျွန်ုပ်မှာ အနာ နာ၍လား၊ စိတ်ထိခိုက်သွား၍လား၊ အသက် ထွက်သွားပြီလားဟု ပူပင်သောကရောက်သွားကာ ဗျာများသွားပြီးလျှင် ခြေမကိုင်မိ လက်မကိုင်မိနှင့် သူ့ခေါင်းကို ကောက်၍ထူပြီး “ဟေ့... ဘစောရဲ့ ကြည့်လုပ်စမ်းပါဦး”ဟု ဘစောကို လှည့်ကြည့်လိုက်ရာတွင် ပကတိကျောက်ရုပ်ကြီးကဲ့သို့ မလှုပ်မယှက်ရပ်နေသော ဘစောကို တွေ့ရ သဖြင့် ထ၍ ကန်လိုက်ချင်သောစိတ်များပင် ပေါက်မိလေသည်။

          “ရေကလေး ဖျန်းရမှာ၊ မြောနေသလား မသိဘူး။ ရေလိုတယ် ဆရာ..ရေ..”

          “ခွေးမသား.....ရေမရှိပါဘူးဆိုခါမှ လာသေးတယ်။ ရေ..”

          “ဆရာ ဟိုမှာ မျက်လုံးကြီး ဖွင့်လာပြီ”

          ကျွန်ုပ်မှာ အမြဲတမ်း စိတ်ဆိုးစရာလုပ်ပြီး ရယ်ချင်အောင် လုပ်တတ်သည့် သူ့အကျင့်ကို နောက်နောက်က ရယ်မိသော်လည်း ယခုသော် မရယ်အားတော့ဘဲ ထိုသူကိုသာ ငုံ့၍ကြည့်ကာ “မိတ်ဆွေ နာသလား၊ နာသလား၊ ဘယ်လိုနေသလဲ”နှင့် ပျာပျာသလဲ မေးရတော့၏။

          ခေါင်းကို ညင်သာစွာယမ်း၍ ကျွန်ုပ်အား အသနားခံသည့်မျက်လုံး တို့ဖြင့် ညှိုးငယ်စွာ ကြည့်၍နေလေသည်။

          “မိတ်ဆွေ...ဘယ်ကလဲ၊ ဘယ်ကလဲ၊ မိတ်ဆွေ ဘာဖြစ်သလဲ”

          ထိုသူလည်း သက်ပြင်းကြီးချလိုက်ကာ ညှိုးငယ်စွာနှင့် “ခင်ဗျား ကို ကျွန်တော် စိတ်ချရပါ့မလား”ဟု မဝေခွဲနိုင်သကဲ့သို့ ဖြစ်ကာ ပြောနေ ခြင်းကို ကျွန်ုပ်စိတ်တွင် အလွန်အမင်း ထိခိုက်လှသဖြင့် မသုံးသင့်သော စကားပင်ဖြစ်သော်လည်း “ခင်ဗျားကို နောက်ဆုံး ကတိပေးတဲ့သူဟာ ကျွန်တော်ပါပဲ မိတ်ဆွေ။ ယုံကြည်နိုင်ပါတယ်”ဟု ပြောလိုက်ရတော့သည်။