Skip to product information
1 of 6

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - ရွှေလင်းယုန်

Regular price 4,000 MMK
Regular price Sale price 4,000 MMK
Sale Sold out

မိုး၏ကျေးဇူး

          လွန်ခဲ့သော လေးငါးနှစ်က ဓာတ်ပုံဟုဆိုလျှင် ယခုအချိန်တွင် တစ်မျိုးမဟုတ် တစ်မျိုး မှေးမှိန်ပိုးဝါး၍ဖြစ်စေ၊ ပိုးစားခြတက်၍ဖြစ်စေ ပျက်ပြားနေလိမ့်မည်ဖြစ်သော်လည်း မှတ်ဉာဏ်ထဲ၌ အမြဲကိန်းအောင်း နေခဲ့သော ဓာတ်ပုံမှာကား ယခုလောလောဆယ် မျက်စိအောက်တွင် ပင် ရိုက်ယူဆေးကူးလိုက်သကဲ့သို့ပင် လွန်စွာပင် ရှင်းလင်းပြတ်သား လှပေ၏။

          အတင့်ကလေး၏ ထိုနေ့က မျက်နှာကလေးကို ယခုတိုင် ပြတ် ပြတ်သားသားကြီး အမှတ်ရနေသေး၏။

          ကျောင်းအဆင်းအိမ်သို့ အပြန် လမ်းမတ်တတ်ကြီး၌ မိုးမိခဲ့ရာတွင် ထိန်ပင်ကြီးအောက်သို့ ဝင်ရောက်မခိုနိုင်မီ ပက်ဖျန်းလိုက်သော မိုးရေ မိုးပေါက်ကလေးများသည် အတင့်၏မျက်နှာကလေးပေါ်၌ အစုလိုက် အစုလိုက် ဝပ်၍နေကြတုန်းပင်။

          ဆံစကလေးများပေါ်တွင် တွဲလွဲခိုလျက်ရှိသော မိုးပေါက်ကလေး တို့သည် အသည်းယားစရာကောင်းသော အစွန်အဖျားနေရာမှ ပိုမို ၍ညီညွတ်သော နဖူးပြင်ဆီသို့ ဆင်းရကောင်းနိုးနိုး မဆင်းရကောင်း နိုးနိုးနှင့် ရပ်နားတွေဝေပြီး စဉ်းစားနေကြတုန်းပင်ရှိလေ၏။

          တစ်ခဏမျှ ကြာသောအခါ လေပြင်းတစ်ချက်ဝှေ့၍ သဲမဲစွာပက် ဖျန်းလိုက်သော မိုးရေမိုးပေါက်များသည် ပေါင်ဒါမှုန့် အလိုက်သင့် ရေးခြယ်ထားသဖြင့် ဖြူဖွေးညီညွတ်နေသော မျက်နှာပြင်ကလေးမှ ပေါင်ဒါမှုန့်များကို အတင်းတိုက်ဖျက် ဖယ်ရှားပြီးနောက် နဂိုအသား၏ ဖြူဖွေးသော အပြင်တွင် စိမ်းလဲ့လဲ့တစ်မျိုး၊ နီမြန်းမြန်း တစ်သွယ်၊ ခက်မြွာစီခြယ်လျက်ရှိသော ကြောသေး၊ ကြောငယ်တို့ကို လှလှဝဝကြီး ကြည့်ရှုလေတော့ဟု လှပ်၍ပြပေး၏။

          ပေါင်ဒါလိမ်းခြယ်ထားသည်ကို အမြဲမြင်ခဲ့ရာမှ ယခုလို မိုးပေါက် များ၏အကူအညီဖြင့်ပကတိအသားအရေ အသွေးအရောင်ကိုမြင်သော အခါ 'တင့်ကလေး၏ သဘောကို နားမလည်နိုင်အောင်ပင် ရုတ်တရက် ဖြစ်မိသည်။

          အဘယ်ကြောင့် ထိုထက်လှသော အလှကို ထိုထက်မလှသော ပေါင်ဒါဖြင့် ဖုံးဖိ၍ ထားချင်ရပါလိမ့်မည်နည်း။

          ပေါင်ဒါလိမ်းလိုက်သောအခါ မျက်နှာပြင်တစ်ပြေးတည်းညီညာ စွာဖြူဖွေးလျက် ရှိရုံသာရှိလျက် ယခုကဲ့သို့ ပေါင်ဒါမရှိသည့်အခါတွင် ကား ဖြူဖွေးသည့်အသားပြင်ပေါ်၌ အလွန့်အလွန် နုနယ်သေးငယ် သော အကြောစိမ်းကလေးများ၊ အကြာနီကလေးများ ယှက်သန်းနေ ကြသည့်အတွက် ပိုမို၍ ကြည့်ကောင်းသည်မဟုတ်ပါလော။

          ရွေတိုက်စားပြီး သစ်သားဟောင်းတစ်ခုကို ဆေးအထပ်ထပ် တင်၍ တိုက်သုတ်ထားခြင်းဖြင့် တစ်ပြေးတည်းညီညာမှုကိုသာ ရှေးရှုခြင်းထက် သူ့နဂိုအကွက်များ၊ အကြောများကို အလိုက်သင့်ဖော်ပြ ပေးထားခြင်းက စင်စစ် ပိုမို၍ ကြည့်ရှုကောင်းသကဲ့သို့ အတင့်ကလေး မှာ ယခုလိုအတိုင်းသာ ကြည့်ကောင်းချင်တိုင်း ကြည့်ကောင်းနေတော့ သည့်အတွက်စူးစူးစိုက်စိုက်ပင် ကြည့်နေမိ၏။

          သို့သော် အတင့်ကား သူ့အား စိုက်ကြည့်နေသည်ကို ဂရုမစိုက်နိုင် ဘဲ ပိုမိုသဲသည်ထက် သဲမဲလာသော မိုးကိုကြည့်ရင်း နှုတ်ခမ်းကလေး များစုကာ ... ။

          “သိပ်ဆိုးတာပဲ ကိုဝေ၊ အတင့်တော့ ဒီမိုးကို ဘယ်လိုမုန်းမှန်း မသိ ဘူး။ သိပ်မုန်းတာပဲ။ ကြည့်ပါလား။ မဆင်ဘဲနဲ့ ဖြုန်းခနဲ ရွာချတာကို ဟိုသစ်ပင်ကြီးအောက်က လူတွေလည်း အတင့်လိုပဲ မိုးရွာမယ်မထင်လို့ ထီးကလေး ဘာကလေးယူမလာတာနဲ့ ရွဲကုန်ပြီကြည့်ပါဦး။ ဟိုမှာလည်း ဈေးသည်တွေ ဒုက္ခရောက်လိုက်ကြတာ ဈေးဗန်းတွေ ဒီတိုင်းပစ်ခဲ့တဲ့လူ တွေတော့ ပက်လက်လန်ရော သူတို့အမြတ်ကလေးတွေ ကုန်ရောပေါ့။ မိုး...မိုး သိပ်ကိုဆိုးတဲ့မိုး”

          ပထမတော့ ကျွန်တော့်အားလှမ်း၍ပြောနေပြီး စကားအဆုံးသတ် တွင် သူ့ဘာသာသူ ပြောနေသကဲ့သို့ တစ်လုံးချင်းလေးလေးပင်ပင် ပြောလေ၏။

          ထို့ နောက်မှ သတိရသွားသကဲ့သို့ ... “ဟင် ... ကိုဝေလည်း ရွှဲလို့ပါပဲလား။ ဒီလိုဆိုရင် ကိုဝေ့မိုးကာ ကို ကိုဝေပဲ ပြန်ယူလေ၊ အတင့်ဘက်က ဒီသစ်ကိုင်းကြီးကွယ်နေလို့ နည်းနည်းသက်သာတယ်။ ရော့ ...ရော့”

          ဟုပြောပြောဆိုဆိုနှင့် ချွတ်ပေးမည်လုပ်သောကြောင့် ကျွန်တော် က ပျာယီးပျာယာပင် ... ။ “အို ... နေပါစေ။ ကိုဝေ့ကိုစိုလို့ မထူးပါဘူး။ အတင့်သာ မစိုစေချင်လို့ တမင်ပေးတာ ဝတ် ...ဝတ်ထား”                   

          ဟု ကသောကမျော တားရလေ၏။

          သို့ရာတွင် တား၍မရဘဲ အတင်းချွတ်ပေးနေမည် စိုးသောကြောင့် စကားကိုလှီးလွဲကာ ..

          “အတင့် ...မိုးကို သိပ်ပြီးမုန်းသကိုး။ မိုးဟာ ...”

          “အို ...ကိုဝေ ဘယ်လိုပဲ မိုးဘက်က ရှေ့နေလိုက်လိုက်၊ မိုးဆို ရင် လူတိုင်းမုန်းတာပဲ ကြည့်ပါလား။ ဟိုမှာ . . . လူတွေ လူတွေ ကြွက်စုတ်ဖြစ်နေကြတာ။ ဒါနဲ့တောင် မိုးကို ကျေးဇူးတင်ရဦးမှာလား”

          ဟု စကားကို ကုန်အောင်မပြောရမီ ကြားဝင်ဖြတ်ပြောသော ကြောင့် ... ။

          “ဒါက ဒီလိုရှိတယ် အတင့်။ ကိုဝေ ဘယ်သူ့ဘက်ကမှ ရှေ့နေ လိုက်တာမဟုတ်ပါဘူး။ မိုးနဲ့ ပတ်သက်ပြီး ဒီလူစုလောက်သာ ကြည့် ပြောလို့ဘယ်ဖြစ်မလဲ”

          “ဪ...ကိုဝေနှယ် အတင့် ဒီလူစုလောက်သာ ကြည့်ပြောတာ မဟုတ်ပါဘူး။ တစ်မြို့လုံး အို ... ကုန်ကုန်ပြောမယ်။ တစ်ပြည်လုံး ကို ကြည့်ပြီးပြောတာသိလား။ ကိုဝေ မယုံရင်လျှောက်မေးလေ မိုးကို မုန်းတဲ့လူနဲ့ မမုန်းတဲ့လူ ဘယ်သူက ပိုသလဲလို့”