Skip to product information
1 of 2

Other Websites

ဂျာနယ်ကျော်မမလေး - မြန်မာ့ဆေးပညာ

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

ဆိုဗီယက် အမျိုးသမီးများမှာ အခြားနိုင်ငံမှ အမျိုးသမီးများကဲ့သို့ပင် အလှပြုပြင်ကာ ဆံပင်များ ကောက်တွန့်ကြလျက် လက်သဲနီ နှုတ်ခမ်းနီ ဆိုးကြသည်။ မိန်းမတို့သဘာဝအတိုင်း တင့်တယ်လှပအောင် ပြင်ဆင်ရာ၌ အရောင်အဆင်း အဆန်းအပြား ရွေးချယ်စုံမက်သူများဖြစ် ကြသည်။

ရှရှား အဖိုးကြီးက ကျမကုလားထိုင်နောက်မှရပ်လျက် ခေါင်းနောက်တွင် ထုံးထားသော ဆံထုံးကို ဖြေချ နေသောအခါ အိုင်စီအက်စ် ဦးကျော်မင်း၏ သံကန့်လန့်ကာ နောက်ဖေးပေါက်မှ ဟူသော ဆောင်းပါးထဲတွင် မော်စကိုဟိုတယ်၌ ယောက်ျားခေါင်းကို ဆံပင်ညှပ်ပေးသော မိန်းမ ဆံပင်ညှပ်သမားအကြောင်း ရေးထားပုံကို သွားသတိရမိသည်။

မိန်းမအလှသဘောကို ယောက်ျားက ပြုပြင်ပေးသည်မှာလည်း စိတ်ဝင်စားဖွယ်ရာဖြစ် သည်။ ဆံပင်ဖြေချပြီးနောက် ရုရှားဘာသာဖြင့် ပြုံးချိုက ပြောလေ၏။ ဘာတွေပြောနေမှန်း နားမလည်၍ ကျမခေါင်းကို ပွတ်ပြကာ ခေါင်းလျှော်ပေးရန် အမူအယာဖြင့် နားလည်အောင် လုပ်ပြသည်။

အဝတ်ဖြူကို ကိုယ်ပေါ်တွင် ရုံထားသည်။ ခေါင်းကို ကုလားထိုင်နောက်သို့လှန်ခိုင်းပြီး ဆံပင်များကို ဇလုံနှင့်ခံကာ ရေပိုက်လုံးကလေးကို ဆွဲယူ၍ ရေဖြန်းချလိုက်သည်။

ဆပ်ပြာနှင့် တခေါင်းလုံး အနှံ့အစပ်ပွတ်လျက် ဆပ်ပြာရေများကို ကုန်စင်အောင် အချိန် ကြာကြာ ရေဖြန်း လျော်ညှစ်နေလေသည်။ ကျော့ရှင်းက ခေါင်းမလျှော်၍ ဘေးမှထိုင်ကာ ကြည့် နေသည်။

ရေများကို ညှစ်လိုက်ပြီးနောက် သံဘီးကြဲကြီးဖြင့် ဆံပင်ရှေ့မှ ခွဲ၍ ဖြီးလိုက်ပြီး ဆံပင် ကောက်ရန် ကော်ရေပလင်းကို ခုံပေါ်မှ လှမ်းယူလိုက်သည်။

ကျမက ဆံပင် မကောက်လိုကြောင်း ပုလင်းထဲမှအရေများ မဆွတ်ရန် တောင်းပန်လိုက်

သည်။

အချိန်ကြာနေလျှင် အားလုံးက စောင့်နေမည်ကို စိုးသဖြင့် မြန်မြန်ကိစ္စပြီးအောင် သူ့ လက်ထဲမှဘီးကို တောင်းယူကာ ကျမဘာသာ ဆံပင်များကို ရှင်းသည်။

သူလုပ်ပေးမည်ဆိုသည့်အမူအယာဖြင့် ဘီးကို ပြန်ယူသွားကာ ဖြေးဖြေးဆေးဆေး ရှင်း ပြီးနေလေသည်။ ကျမမှာ တထင့်ထင့်နှင့် နာရီကိုသာ ခဏခဏကြည့်မိသည်။ ဆံပင်ရှင်းပြီး ဆံပင် ညှပ်နှင့် ရှေ့က ဆံပင်များကို လုပ်ပေးကာ ခေါင်းကို ပိုက်ကြီး အုပ်ပတ်စီးလိုက်သည်။

ဓါတ်ခွက်အောက်သို့ ထိုင်ခိုင်းတော့မည်ကို သိ၍ အချိန်ကလည်း မရှိသဖြင့် မထိုင်နိုင် တော့ကြောင်း၊ အပြင်သွားရန်ရှိကြောင်း နာရီကို ခြေဟန်လက်ဟန်လည်း ပြကာ ခေါင်းပေါ်က ပိုက်ကြီးကို ပြန်ဖြေလိုက်သည်။ ။

ကျမလုပ်ပုံကို အံ့ဩကာ မျက်လုံးမျက်ဆန်ပြူး၍ ပိုက်မဖြေရန် တားမြစ်လေသည်။ သူ့စကားကို နားမလည်သော်လည်း အမူအယာမှာ ဆံပင်မခြောက်ဘဲ မသွားရန် တားမြစ်ယင်းခေါင်းကပိုက်ကို ပြန်ချည်ပေးပြန်သည်။ ထို့နောက် ဓာတ်ခွက်အောက်တွင် အထိုင်ခိုင်းသည်။

ဓာတ်ခွက်အောက်တွင် သွားထိုင်ရတာ ကြတော့မှာဘဲ တတွတ်တွတ်ညည်းယင်း မငြိမ် မသက်ဖြစ်နေတော့သည်။

ကိုယ့်အတွက် အနှောက်အယှက်မဖြစ်အောင် ဒါကိုပင် အထူးဂရုစိုက်နေရသဖြင့် ဆံပင် ခြောက်အောင် ဓာတ်ခွက်အောက်၌ နာရီဝက်ခန့်ထိုင်ရမည်ကို စိတ်ထဲ၌ မသက်မသာထင့်နေသည်။ နာရီကို တကြည့်ထဲကြည့်ယင်း အချိန်ကပ်နေ၍ ဘယ်နှယ်ရှိရှိဟု ဓာတ်ခွက်နှင့်ခေါင်းခွာကာ ထွက် လာမိသည်။

ဆံပင်မခြောက်သေးဘဲ ဓါတ်ခွက်အောက်မှ ထရမလားဟု အဖိုးကြီးနှုတ်မှ မကျေမနပ် တတွတ်တွတ်ပြောကျန်ရစ်ခဲ့၍ “အဖိုးကြီးကတော့ စိတ်ဆိုးမှာဘဲ”ဟု ကျော့ရှင်းက ပြောလေသည်။ လှေကားကို အပြေးတက်၍ အခန်းထဲတွင် ရေစိုဆံပင်များကို သုတ်သီးသုတ်ပြာ ထုံးကာ ထမင်း စားခန်းထဲသို့ ပြန်ပြေးဆင်းလာကြသည့်အခါ အားလုံးပင် စားပြီးခါနီးနေကြပေပြီ။

အချိန်မှီရုံကလေးပင်ရှိသည်၊ ကဗျာကရာ စားပြီးပြီးချင်း အပြင်သို့ထွက်ရန် ဟော်တယ် အောက်ထပ်၌ စုရုံးကြရသည်။

ပြင်ဘက်ရှိမြနေသော အအေးဓာတ်ကြီးကို မေ့နေအောင် ဟိုတယ်တစ်ခုလုံး အပူငွေ့ ပေးထား၍ ဟိုတယ်တစ်ခုလုံး အအေးဒဏ်ကို ပြင်းပြင်းထန်ထန် မခံစားရပေ။

အပြင်ထွက်ရန် ဟိုတယ်မှန်တံခါးကို လက်နှင့်တွန်းဖွင့်လိုက်သည်နှင့်တပြိုင်နက် တခဲ နက်လုံးဝင်၍ ရိုက်ခတ်သည့်အအေးဓာတ်မှာ ရက်ရက်စက်စက် အေးမြ၍ မျက်နှာစပ်ကာ နားတွေ ကျင်သွားသည်။ တကိုယ်လုံးကား ရေစိုနေသောခေါင်းမှာ စူး၍စိမ့်သွားကာ တခေါင်းလုံး ကျင် တက်သွားသည်။ ဦးနှောက်ခိုက်အောင် မချည့်မဆန့် ကျိန်းနာသွားလေသည်။ ။

ဆံပင်စိုစိုပေါ်၌ အုပ်ချည်ထားသော ပိုးပုဝါကလေးကား ရေထိ စိုရွှဲနေသဖြင့် အအေး ဓာတ်ကြီးကို မကာကွယ်နိုင်ပေ။ ဟိုတယ်အပြင်ဘက် ပလက်ဖေါင်းကို ကျော်ဖြတ်ပြေးလာစဉ် တစ် ခေါင်းလုံးကို ဆူး အပ်တို့ဖြင့် ထိုးဖေါက်ဆူခံရသည့်အတိုင်း နာကျင်ပြင်းပြစွာ အခံရဆိုးလှသည်။

ချက်ခြင်းပင် ကားထဲ၌ သုတ်မနိုင် သိမ်းမနိုင်လောက်အောင် နှာခေါင်းမှ နှာရေများ ဒလဟော ယိုစီးကျလာတော့သည်။

အထပ်ထပ် ဝတ်ထားသည့် ကိုယ်တွင်းက နှေးနေလျက် ခေါင်းကြီးက အေးစက်နေပြီး လျှင် ရေခဲတုံးကြီးကို ခေါင်းပေါ်၌ ရွတ်တင်ထားရသည့်အလား တစိမ့်စိမ့် အေးမြထုံကျင်ကိုက် ခဲလာသည်။ ထိုနေ့က လိုက်လံပြသသော နေရာများကို အောင့်အည်း၍ ဟန်မပျက် ပြီးဆုံးအောင် ကြည့်ရှုနားထောင်နေရသည်။ အအေးဓာတ် လွန်ကဲလွှမ်းမိုး၍ အပူဓာတ်ငုတ်ကာ မော်စကိုတွင် ထိုအဖြစ်နှင့် အသံဝင်သွားတော့သည်။

ကျမစကားပြောလျှင် အသံမထွက်၊ တဖက်သားကြားအောင် အားယူ၍ပြောဖန်များ လျှင် မောပန်းလာသည်။ အသံထွက်အောင် အပြင်မထွက်ဘဲ ဟိုတယ်ထဲ၌ ၁-ရက်၊ ၂-ရက် ဆက်၍ ခိုအောင်းနေလိုက်လျှင် နှာစေးပျောက်ကာ အသံထွက်လာမှာ မုချသော်လည်း နေ့စဉ်ပင် အအေးဓာတ်နှင့် ထိတွေ့နေရသည်။

“ဒေါ်မမလေး အသံမထွက်ပါလား”ဟုပြောကြလျှင် အအေးလွန်သွားလို့ပါဟုသာ ပြော လိုက်ရသည်။ ။

ကျမ အသံဝင်နေ၍ ယဉ်ကျေးမှုဧည့်ခံအဖွဲ့မှ စကားပြန်အမျိုးသမီး မစ္စမီရာက ဆရာ ဝန်ခေါ်ရမလားဟု တဖွဖွမေးနေသည်။

ဆရာဝန်ခေါ်ရန် မလိုကြောင်း၊ ကျမတွင် ဗမာဆေးများပါလာကြောင်း၊ ခေါင်းလျှော်၍ ဖြစ်ရကြောင်း မပြောချင်၍ အအေးမိ၍ အသံဝင်သွားခြင်းမျှသာဖြစ်ကြောင်း ပြောပြလိုက်ရ သည်။

ဆရာဝန်ခေါ်မှာ လက်မခံသော ကျမအဖြစ်ကား ကျမသာ သိသည်။ ဆရာဝန်ခေါ်ရန် မလိုပါဟုပြောနေကြသည့်ကြားထဲကပင် အဖွဲ့တွင် လိုက်ပါလာသောအချို့သူများက ဆရာဝန်ခေါ် မည်အတင်းလုပ်ကြသဖြင့် မခေါ်ရန် ဗမာဆေးရှိကြောင်းကို ဇွတ်တောင်းပန်ရသည်။ ဤတွင် ဆရာဝန် မခေါ်လိုမှုကြောင့် ဘာရောဂါများရှိ၍ ဆရာဝန်မပြဝံ့သနည်းဟုထင်ယောင်ထင်မှားဖြစ် ကြကုန်သည်။

ကျမကား အင်္ဂလိပ်ဆေးဝါးကို လုံးဝစွန့်လွှတ်လိုက်ပြီးသော သူတယောက်ဖြစ်ပေ၏။ အင်္ဂလိပ်ဆေးဝါး၊ နိုင်ငံခြားဆေးဝါးများနှင့်ကင်းရှင်းခဲ့သည်မှာ ၇ နှစ်ခန့် ရှိပေတော့မည်။

ကျမခင်ပွန်း ဆုံးသွားသည့်အခါ၌ ကျမတွင် ပြဿ နာဖြစ်ပေါ်လာသည်။ ဦးချစ်မောင်နေ မကောင်း ဖြစ်ဖြစ်ချင်း ထင်ပေါ်ကျော်ကြားပေ့ဆိုသော ဆရာဝန်ကြီးများကို တဦးပြီးတဦး ပင့်ကု သခဲ့ရ၏ ။ ဆရာဝန်တဦးက လူနာကို ဝက်သက်ဟု အနာစွဲကာ ဝက်သက်ဆေး ပေးသည်။ ထိုဆရာ ဝန်နှင့်မသက်သာ၍ နောက်တဦး ပင့်ပြန်ရာ “ဝက်သက်”မဟုတ် “ကျောက်”ဟု အနာစွဲကာကျောက်ဆေးတွေ ပေးပြန်သည်။ ထိုဆရာဝန်လက်အတွင်း ရောဂါသဲလာ၍ နောက်တဦး ပင့်ရ ပြန်ရာ ကျောက်၊ ဝက်သက် မဟုတ်ဘူး။ ဦးနှောက်ရောဂါ၊ ကြောရိုးဖေါက်ကြည့်ရမယ် ဆေးရုံပို့ ဟု ဆုံးဖြတ်သည်။ ဆေးရုံသို့ပို့၍ ကြောရိုးဖေါက်ကြည့်ပြီးနောက်တွင် အသက်ပျောက်သွားသည်။

စ၍ကိုယ်ပူသည့်ရက်မှ အသက်ပျောက်သွားသည့်ရက်အထိ ဆယ့်နှစ်ရက်သာလျှင် ရှိ၏။ မျက်စေ့အောက်တွင် မြန်မြန်ဆန်ဆန် အသက်ပျောက်သွားပုံကို နှမြော၍ မဆုံးသဖြင့် မကျေမနပ် ဖြစ်ရာကစ ပြဿ နာတရပ် ပေါ်လာခြင်း ဖြစ်သည်။

ထိုပြဿနာကား ဆရာဝန်သုံးဦး၏ သုံးမျိုးသော ဝေဒနာစွဲမှုကွဲလွဲပုံကို ဘာကြောင့်ကွဲလွဲ ကြသနည်းဟု ဆင်ခြင်စဉ်းစားမိရာမှ နောက်ဆုံးတွင် တကဲ့အရေးဆိုလျှင် အင်္ဂလိပ်ဆေးပညာ ဟာ စိတ်မချရဘူးလို့ သံသယရှိလာသည်။ ထိုသံသယကား သာမညသံသယ မဟုတ်ဘဲ စဉ်းစား တိုင်း ပြင်းထန်လာသော သံသယဖြစ်လာခဲ့သည်။

အကယ်၍သာ လူနာရှင်တို့၏ထုံးစံအတိုင်း “ဆရာဝန်ကြီးများနှင့် ကုတာဘဲ.. သူ့ရောဂါ ကြီး၍ ကုမရ၍သာ အသက်ပျောက်ရတာ”ဟုကျေနပ်သောစိတ်ရှိပါက အင်္ဂလိပ်ဆေးပညာကို သံ သယဖြစ်မည်မထင်။ ယခုအချိန်တိုင်အထိ တခုခုဖြစ်လျှင်အင်္ဂလိပ်ဆေးဝါးမှီဝဲခြင်းမှတပါး အခြား ဘယ်ဆေးမျိုးမှသောက်မည်စားမည် ယုံကြည်နိုင်မည် မဟုတ်သည့်အဖြစ်နှင့် အင်္ဂလိပ်ဆေးဝါး သာလျှင် မျက်စိအောက်တွင် ပျောက်သော်ရှိ မပျောက်သော်ရှိ၊ သေသော်ရှိ မသေသော်ရှိ၊ လူ တကာတို့လိုက်နာကျင့်သုံးနေကြသောလမ်းအတိုင်း အင်္ဂလိပ်ဆေးပညာကို အသက်အပ်၍ လော ကကြီးတွင် လူလုပ်နေမည်သည်ဖြစ်လေသည်။

နှမြောခြင်းကြောင့် ဖြစ်ပေါ်ရသော မကျေနပ်စိတ်က စတင်ကာ သံသယရှိလာစေသည်။

“မြန်လိုက်တာ ဘာရောဂါနှင့် ဆုံးတာလဲ”ဟု မသာသတင်းမေးသူများက မေးကြလျှင် မသာရှင်က အဖြေ တိတိကျ ကျ မပေးတတ်။ ။

“ဘာရောဂါနှင့်ဆုံးမှန်း ကျမမသိပါဘူး၊ ဆရာဝန်တဦးက ကျောက်၊ တဦးက ဝက်သက်၊ တဦးက ဦးနှောက်ရောဂါလို့ပြောကြတာဘဲ”ဟုပြောရသော ကျမ၏ အဖြေကိုက ကျမအား ကျေ နပ်စရာမရှိအောင် ဖြစ်ခဲ့ပေ၏။ ကျောက်၊ ဝက်သက်ဖြစ်ယင် အင်္ဂလိပ်ဆေးက နိုင်တာမဟုတ်ဘူး။ ဗမာဆေးသာ နိုင်တာ ဗမာသာ ကုနိုင်တာဟု မသာတွင်ပြောသွားကြသောစကားများမှာ နားထဲတွင် စွဲကျန်နေသည်။

ထိုအခါ ဗမာ့ဆေးပညာသည် တကယ်များ ထက်မြက်သလားဟု ဗမာဆေးပညာကို အာ ရုံရောက်သွားကာ အချိန်ရလျှင် ဆေးကျမ်းများကို စုဆောင်းရှာဖွေဖတ်ရှုလျက် ဗမာဆေးဆရာ များသို့ တဖြည်းဖြည်း ချဉ်းကပ်ကြည့်မိသည်။

တွေ့ဆုံရသော ဗမာဆရာများကား ဆေးကျမ်းကလေးတအုပ်နှစ်အုပ် ဖတ်ကာ လက် တည့်စမ်း၍ ဆိုင်းဘုတ်ချိတ်ပြီး ဆရာလုပ်နေကြသော ဆေးဆရာများနှင့်သာ တွေ့ရသဖြင့် ထို ဆရာတို့အား အင်္ဂလိပ်ဆရာဝန်တို့ထက်ပင် ပို၍ စိတ်ပျက်သွားသည်။

ကျမ၏ ပြဿနာအခက်အခဲကား အင်္ဂလိပ်ဆေးဝါးလည်း သံသယရှိ၏ ။ ဗမာ့ဆေးဝါး လည်း မယုံကြည်၊ သောင်မတင်ရေမကျ ဟိုမဟုတ် ဒီမဟုတ်ဖြစ်ကာ မဆုံးဖြတ်တတ်သော အခက် အခဲနှင့် ရင်ဆိုင်နေရသည်။

ထိုအတွင်း နှစ်စဉ်နှစ်တိုင်း မိုးတွင်းတွင် ဖြစ်နေကျ ဝမ်းကိုက်ရောဂါ ဝေဒနာဖြစ်လာ၏။ ဝမ်းကိုက်လျှင် ဆရာဝန်ခေါ်ကာ “အယ်မိတင်ဆေးများထိုးလိုက်လျှင် ပျောက်သွားသည်။ ပျောက် သွားသည်ဆိုသည်မှာ တခါတည်း စိတ်ချလက်ချ ပျောက်သွားသော အပျောက်မျိုး မဟုတ်၊ ရှေ့မိုးတွင်းကျ ဖြစ်ကျအုံးမှာဘဲဟု အသေအချာ သိနေ၏။ ၅နှစ်တိုင်ဖြစ်နေသော ဝေဒနာ အတွေ့အ ကြုံကြောင့် ရင့်နေသောအသိမျိုး ရှိနေသည်။

ဝေဒနာပြင်းလာ၍ ဆရာဝန်ခေါ် ကာ ထိုးနေကျဆေး ထိုးလိုက်လျှင် သက်သာပျောက် ကင်းမည်ကို သိပါ၏ ။ အင်္ဂလိပ်ဆေးကို သံသယဖြစ်နေခိုက် ထိုအပျောက်မျိုးဖြင့် မပျောက်ချင်တော့။ ဘယ်တော့မှပြန်မဖြစ်သည့်အပျောက်မျိုးကိုသာ ပျောက်ချင်သောကြောင့် ဆရာဝန်မခေါ် ဘဲဘယ်နှယ်လုပ်ရမလဲဟုစဉ်းစားနေမိယင်း ဘာဆေးမှမသောက်ဘဲပေတေခံနေသဖြင့် လူလည်း မြော့လာ၏ ။နောက်ဆုံးတွင် သေချင်သေပေစေဗမာ့ဆေးပညာကို အသက်အပ်ပြုပြီး စူးစမ်းမည် ဟု စိတ်ပိုင်းဖြတ်လိုက်မိသည်။

ပြင်းပြလွန်းသော လိုအင်ဆန္ဒနှင့် အားထုတ်စူးစမ်း ရှာဖွေလွန်းမှုကြောင့်ဖြင့်ပင် ရှေး ဗမာသမားတော်ကြီးတဦးနှင့် တွေ့ကြုံရကာ ကုသရာမှ ဝေဒနာ ချက်ခြင်းသက်သာသွားကာ အမြစ်ပါ ပျောက်ကင်းသွားတော့သည်။

ဆရာကြီး၏ ကုပုံကုနည်း၊ ချက်ခြင်း ပျောက်ပုံပျောက်နည်းကို မျက်ခြေမပြတ်စူးစမ်း၏။ ဆန်းကြယ်လှသော ကုသနည်းကို ဘာကြောင့် သည်နည်းနှင့်ပျောက်ရသလဲဟု ဆရာကြီးထံ၌ မ ရမက ဇစ်မြစ်လိုက်ကာ မအားမနေ မပေါ့မလျော့ အားထုတ် လေ့လာယင်း ကွယ်မြုပ်နေသော ရှေးဗမာအမျိုးသားဆေးပညာ၏ ထက်မြက်ခြင်းရှိပုံကို ရိပ်မိလာတော့သည်။

သုံးနှစ်ခန့် ဆည်းပူးလေ့လာသည်နှင့်ဗမာ့ဆေးပညာကို အနည်းငယ် ခေါက်မိလာကာ သဘောပေါက်လာသည်။ ဂျာနယ်ကျော်၊ ဟစ်တိုင်သတင်းစာ အယ်ဒီတာဦးစောဦး ပလိပ်ရော ဂါဖြစ်၍ ဆရာဝန်မခေါ်စေရဘဲ အတင်းဝင်ကာ ကိုယ်တိုင်လက်တွေ့စမ်းသပ်ကုကြည့်ရာ ပျောက် ကင်းသွားသည်။ ဗမာဆေးကုနည်းဖြင့် ရောဂါအမျိုးမျိုးကို ဆရာကြီး၏ ခွင့်ပြုချက်အရ လက်တွေ့စမ်းသပ်ကုကြည့်လေသည်။ ယောက်ျား-မိန်းမ-ခလေး-လူကြီး လက်တလောရောဂါ၊ နာတာ ရှည်ရောဂါကြီး စသဖြင့် ရောဂါအမျိုးမျိုး အထွေထွေပင်မက အနူအဝဲ၊ အနာကြီး အနာကလေး မြင်းဘုစသည့်အနာများကိုလည်း စမ်းသပ်ကုသရာ ပျောက်ကင်းချမ်းသာပုံများမှာ စိတ်ဝင်စား ဖွယ်ဖြစ်ခဲ့သည်။

ဂျာနယ်တဖက် သတင်းစာတဖက် အလုပ်များလျက်နှင့်တဖက်တွင် နီးစပ်ရာ ခင်မင်ရာ လူမမာများကို ကုသိုလ်ဖြစ် လက်တွေ့စမ်းသပ် လိုက်ကုသပေးလေသည်။ ဆေးပညာကို လိုက် စားစဉ်က အချိန်မအားလပ်လွန်းသဖြင့် သတင်းစာလုပ်ငန်းပြီးချိန် ည-၁ ချက် ၂-ချက်မှ ပညာ ရှာမှီးခွင့် ရ၍ ည-၂ ချက်မှ နောက်တနေ့မိုးလင်းအထိ မအိပ်မနေဘဲလေ့လာခဲ့ရ၏ ။ ကျမအဖို့ တွင် တညလုံး မလှဲမအိပ်ရ၍လည်း နေနိုင်၏။ ၁-ရက် ၂-ရက် ၃-ရက် ဆက်တိုက်မိုးလင်းလည်း နေနိုင်၏။ တညလုံး မအိပ်၍ နေလည်နေ့ခင်း ခဏမျှ လှဲအိပ်သည်မရှိ၊ သတင်းစာတိုက် ဖျက် ပစ်ကြစဉ်က သတင်းစာထွက်ရန် ဆယ့်ငါးရက်ခန့်ပုံနှိပ်တိုက်သုံးတိုက်တွင် ညလုံးပေါက် သွားရိုက် နှိပ်နေ၏။ မိုးလင်း၍ သတင်းစာများ နယ်ပို့ပြီးလျှင် တနေ့လုံး ထိုင်အလုပ်လုပ်နေသည်။

ထိုကဲ့သို့ ပေပေတေတေ ထမင်းမှန်း ဟင်းမှန်းမသိ အိပ်ပျက်ခံလွန်းသောကြောင့် တနေ့ ထက်တနေ့ ပိန်ချုံးလာသည်။ ဣရိယာပုထ်ကို ဆန့်ကျင်လွန်း၍ ကျန်းမာရေးကို သိလျက်နှင့် ဂရု စိုက်ခွင့်မရ၊ နောက်ဆုံးတွင် အရိုးပေါ် အရေကပ်ကာ လဲတော့မည် သိတော့မှ သတင်းစာတိုက်ကို ပိတ်ကာ လွတ်ရာလွတ်ကြောင်း အဝေးသို့သွားနေ၏ ။ ထိုအခါတွင် ဆေးပညာကို ကျကျနန လိုက် စားနိုင်ရန် အခါ အခွင့် ကြုံရသည်။ သစ်ပင်များကို ရှေးဦးစွာ စမ်းသပ်စိုက်ကြည့်၏၊ ရှင်သော သစ်ပင်ကို သေအောင်၊ သေတော့မည်ရှိသော သစ်ပင်ကို ရှင်အောင်၊ အသီးနဲသောသစ်ပင်ကို အသီး ဖွံ့ဖြိုးအောင် စသည်ဖြင့် သစ်ပင်များကို ပထမ စမ်းသပ်ရ၏ ။ ထိုနောက်မှ တိရစ္ဆာန်များကို စမ်းသပ်ကြည့်ရပြန်သည်။ အမျိုးသားဆေးပညာ၌ ဓာတုဗေဒသဘော၊ ရူပဗေဒသဘောများ အကြုံးဝင်၍ စိတ်ဝင်စားလာသည်။ အရိုးပေါ် အရေကပ်နေသော ကိုယ်ခန္ဓာကို ရုပ်ကိုလည်း နည်းမှန်လမ်းကျ ပိုင်ပိုင်နိုင်နိုင် စမ်းသပ်ပြုပြင်ကြည့်လေတော့သည်။

အဝေးတွင် လေးငါးလဖြင့် ဝဖြိုးစိုပြေသွားအောင် ဆေးပညာဖြင့် စမ်းသပ်ပြုပြင်ခဲ့ သည့်အဖြစ်ကို ကျမနှင့်နီးစပ်သည့်သူများသာလျှင် သိကြသည်။ တော်ရုံရင်းနီးရုံလောက်ဖြင့် ဗမာ ဆေးပညာကို ကျမလိုက်စားနေမှန်း မသိနိုင်၊ အင်္ဂလိပ်ဆေးများကို စွန့်လွှတ်ထားမှန်း မသိနိုင်သူ လိုငါလို ခေတ်အမျိုးသမီး အင်္ဂလိပ်ဆေး ယုံကြည်လက်ခံသုံးစွဲသူဟုထင်မှတ်ကြပေမည်။

အမေ မွေးကတည်းကလည်း အင်္ဂလိပ်ဆေးသာလျှင် ဆေးမှတ်ခဲ့ပါ၏။ ဗမာ့ဆေးကို မယုံကြည်၊ လျက်ဆားများ ဘယ်တော့မှ မလျက်၊ ဗမာ့ဝမ်းနှုတ်ဆေး လျှာပေါ် မတင်၊ ခေါင်းကိုက် လျှင် အက်စ်ပရို သောက်ကာ ဝမ်းချုပ်လျှင် ဖရူးဆော့သာ သုံးခဲ့၏ ။ အားဆေး၊ သွေးတိုးဆေး အစာကြေဆေးစသည့် အင်္ဂလိပ်ဆေးပုလင်းအမျိုးမျိုးအဖုံဖုံကို ဝယ်ယူသုံးစွဲလွန်း၍ ပိုက်ဆုံအ ကုန်အကျ များခဲ့၏ ။ လူလည်း ခဏခဏ ချူခြာ၏ ။ နောက်နောက်က ကျမအိမ်တွင် အင်္ဂလိပ် ဆေးအမျိုးစုံ ထားခဲ့သည်။ ထိုကြားထဲမှ တခုခုဖြစ်လျှင် ဆရာဝန်ခေါ် ကာ ဆေးသာထိုး၏ ။ ဗမာ ဆေးဆိုလျှင် အထင်သေးလွန်း၍ ဘယ်ဆေးမှ အဆောင်မထား အသုံးမပြုနေခဲ့ပေသည်။

ဗမာ့ဆေးပညာကား နက်နဲကျယ်ဝန်းသော ပညာစခန်းဖြစ်ပေ၏ ။ ရှေးရှေး ဗမာ့လူထု အဆက်ဆက် မင်းအဆက်ဆက် ထွန်းကားခဲ့လေပြီးကာမှ အင်္ဂလိပ်စိုးမိုးသောခေတ်၌ အမျိုးသား မှု အမျိုးသားပညာရပ်များ တိမ်ကောသွားသည့်အထဲတွင် အဖိုးတန်သောဆေးပညာရပ်ကြီး လည်း ပါဝင်သွားရခြင်း ဖြစ်ပေသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)