Skip to product information
1 of 4

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - မေ့အိပ်မက်

Regular price 1,700 MMK
Regular price Sale price 1,700 MMK
Sale Sold out
[ ]
ပိဋကတ္တယံ သံပုဏ္ဏံ
သဗ္ဗသိဒ္ဓိ သုခံဝဟံ
ဇီဝှေ မေနိသီဒိတွာ
မန္တီဓာရေတု၊ သူရဿတီ

          စီမြည်သော ကြေးစည်သံသည် ဘုရားခန်းထဲ၌ လွင့်ပျံလျက်ရှိ နေ၏။ ထိုကြေးစည်သံတို့ မစုမီ တစ်ဆက်တည်း ဂါထာရွတ်ဆိုလိုက်သော အသံမှာ ဘုရားခန်းပြင်ဘက်သို့ သာယာကြည်လင်စွာ ထွက် လာလေသည်။

          တင်မလေးသည် ဘုရားရှိခိုးပြီး၍ ဘုရားဆောင်ထဲမှ ဂါထာရွတ် ဆိုရင်း ထွက်လာခဲ့ကာ လသာဆောင်သို့ ကူးသွားလေသည်။ လသာဆောင်ကြီး၌ အုတ်လက်ရန်းပေါင်ပေါ်တွင် လက်နှစ်ဖက်ကို ထောက် ကာ ကောင်းကင်သို့ မော့၍ကြည့်လျက် သူရဿတီဂါထာကို သံနေ သံထားဖြင့် ရွတ်ဆိုနေလေသည်။

          လရောင်သည် မျက်နှာတည့်တည့်သို့ ထိုးလျက်ရှိရာ လှပအေးမြ သော လရောင်၏အငွေ့ အသက်ကို တသက်သက်ဖြစ်ရင်း ဂါထာကို၉ ခေါက်ပြည့်အောင် ရွတ်ဆိုနေပေ၏။

          ဤမျှလောက် ဆိတ်ငြိမ်ဝပ်သော ယနေ့ည၌ လရောင်ထဲတွင် မိမိ ကိုယ်တိုင် ရွတ်ဆိုနေသော ဂါထာသံကို အရပ်တစ်ပါးမှ ညင်းညင်းငြိမ့် ငြိမ့် လွင့်လာသံမျိုး မှတ်ထင်ကြားနာခံစားမိလျက် စောစောကထက် ပို၍ ကြည်နူးလာမိလေသည်။ ကြည်နူးခြင်းသည် သူ့အား ငြိမ်းချမ်း စေ၏။

          အတိုင်းမသိသော ငြိမ်းချမ်းခြင်းသုခကြောင့် ရင်ထဲ၌ ငြိမ့်ရွှန်းအေး မြလာလေသည်။

          လမင်း၏ ဘေးပတ်ရံ၌ ခြံရံလျက်ရှိကြကုန်သော ကြယ်တာရာ တို့သည် ခါတိုင်းမြင်နေကျထက် လွန်ကဲ၍ စူးစူးလက်လက် တောက် ပြောင်နေကြသည်။

          ထိန်လင်းနေသော လပြည့်ဝန်း၏ နောက်၌ရှိသော ကောင်းကင်ထု ပြင်ကြီးမှာ နီလာကျောက်ဖျာကြီးကဲ့သို့ ပိန်းပြာမှိုင်းနေသော လရောင် နှင့် တူယှဉ်ပြိုင် ပနံရနေ၏။

          တင်မလေးသည် မိုးလယ်တစ်ခွင်သို့ စူးစိုက်ကာကြည့်နေစဉ် လ၏ အနီးတစ်ဝိုက်ရှိ ထုထည်ပြင်ကြီးသည် နိမ့်တုံမြင့်တုံ မို့ကြွလှုပ်ရှားသွား သလို ထင်ရလေကာ မိုးသားကြီးသည် တစ်သားတည်းရှိရာမှ ကွဲဟ သွားလေ၏။

          အလုံးစုံသော ကြန်အင်လက္ခဏာတို့ဖြင့် ကြည်ညိုဖွယ်ရာ သပ္ပာယ် လှသော ရဟန္တာတစ်ပါးသည် ဘွားခနဲထွင်းဖောက် ရပ်ပေါ်လာလေ သည်။

          ဆန်းကြယ်သော စိတ်ကူးတို့ဖြင့် ဖန်ဆင်း၍ ထင်မြင်ကြည်ညို ကြည့်လိုက်သော ရဟန္တာပုံကို ကောင်းကင်၌ ရဟန္တာအစစ်သည် အကယ် ထင်ရှား ရပ်တော်မူနေဟန် စိတ်မှန်းဖြင့် အာရုံပြု၍ ထားသည်။

          သူသည် ငြိမ်သက်၍ သွားချေပြ ... ရဟန္တာသူမြတ်၏ ရုပ်သဏ္ဌာန်၌ ကိလေသာ ကင်းစင်လျက် ဖြူစင် ကိန်းဝပ်သော အသရေတော်ကို ရည်မှန်းကြည်ညို၊ ဝင်စားနေခိုက် သူ၏ ကိုယ်သည် ဖက်ရွက်ကလေးလို ပေါ့ပါးလျက်ရှိနေသည်။ တဒင်္ဂ၊ တစ်ခဏ ပျော့ပျောင်းနူးညံ့သွားလျက် စိတ်နှလုံးသိမ်မွေ့ တည်ငြိမ်ကာ မခံစား စဖူး ခံစားချမ်းမြေ့ ပျော်မွေ့ နေပေ၏။

          မြောက်လေသည် ညင်းညင်းသာသာ တိုက်ခတ်လျက်ရှိသည်။ ဆောင်တော်ကူး ပန်းနံ့တို့သည် လေအဟုန်တွင် ခိုစီးကာ သင်းကြိုင် ပျံ့မွှေးနေသည်။ အုတ်နီလမ်းမကြီးပေါ်၌ သဲမှုတ်ထား၍ သဲများကြဲဖို့ ထားလေရာ လရောင်သွန်းလောင်းထားသော သဲပွင့်တို့သည် စိန်ရောင် ငွေရောင်ထွက်ကာ တဖိတ်ဖိတ် လက်နေကြလေသည်။

          မနီးမဝေး၌ရှိသော ဂါတ်တဲမှ သံချောင်းခေါက်လိုက်သည်။ တင်မလေးသည် တစ်ခုတည်းသော အာရုံတွင် နစ်ဝင်ငြိမ်သက်နေရာက လှုပ်ရှားလာကာ ပတ်ဝန်းကျင်ကို မြင်မိလျက် အသံကြားရာ ဂါတ်ဘက် သို့ မျှော်ကြည့်လိုက်သည်။ အချုပ်ထောင်၏ အမိုးကို မြင်ရသည်။ အချုပ်ထဲတွင်ရှိကြသော အကျဉ်းသမားများ၏ ဘဝကို ကွက်ခနဲ မြင်ယောင် လိုက်မိသည်။

          မိမိမှာ လရောင်၏ အေးမြသော သုခကို ခံစားလျက် သောက ကင်းဝေး ချမ်းမြေ့သာယာနေပေသည်။

          လရောင်ထဲတွင် ပူဆွေးသောကရောက်လျက် စိတ်ဆင်းရဲနေကြ မည့် အကျဉ်းသမားများနှင့် နှိုင်းယှဉ်ကြည့်မိကာ ချက်ချင်းအာရုံပြောင်း ၍ မသာမယာဖြစ်လာသည်။

          အချုပ်ထဲ၌ ကြိုးစင်တွင် သေဒဏ်သင့်မည့်သူ၊ ထောင်ထဲ၌ နှစ်ကြီး ကျမည့်သူများ ရှိကြပေမည်။ မိကွဲ၊ ဘကွဲ၊ သားကွဲ၊ မယားကွဲ၊

          ဪ ... ဒုက္ခ • • • ဒုက္ခ။

          စောစောက ကြည်လင်အေးမြနေသော စိတ်သည် ရှုပ်ထွေးနောက် ကျိသွားလေ၏။ ကောင်းကင်တွင် ရဟန္တာကား မရှိတော့ပြီ။ အုတ်ချပ် ကလေးတွေ စီတင်ထားသော အုတ်နံရံထောင်တံတိုင်းကြီးနှင့် ကြိုးစင် ကို မျက်စိထဲ၌ ပျောက်ကွယ်သွားအောင် အချုပ်ထောင်နှင့် မလှမ်း မကမ်းတွင်ရှိကြသော အဆောက်အအုံများဆီသို့ လွှဲပြောင်းလိုက်ရ သည်။

          သုံးထပ်တိုက်ပေါ်၊ လသာဆောင်ခန်းမမှ ဆီး၍ မြင်ရသော ရှုခင်း ကား မျက်နှာမူရာတည့်တည့် လမ်းမကြီးထိပ်၌ ပိတ်ဆီးဆောက်ထား သော ဆေးရုံအဆောက်အအုံတိုက်တန်းလျားကြီးရှိသည်။ ဆေးရုံကြီး မှာ လရောင်အောက်တွင် ငြိမ်ဝပ်တိတ်ဆိတ်လျက်ရှိနေ၏။ ဆေးရုံထဲ၌ ဝေဒနာခံစားလျက် သံခုတင်ပေါ်တွင် လဲလျောင်းနေကြမည့် လူနာများကို တွေးမိပြန်သည်။

          တင်မလေးသည် လရောင်ဖြင့် ကြည်နူးချမ်းမြေ့နေစဉ်အတွင်း အနိဋ္ဌာရုံများ ဝင်မလာအောင် ပယ်ရှားဖျောက်ဖျက်ပစ်ရသည်။ ဆေးရုံ တန်းလျားတစ်ဖက်၌ မြင်နေရသော ရင်ခွဲရုံကို မကြည့်လို မမြင်လို၍ ကပျာကယာ မျက်နှာလွှဲကာ ရုံးဘက်သို့ လှည့်လိုက်လေသည်။

          အုတ်ကြွပ်မိုး ပျဉ်ထောင် ရေနံသုတ်လျက် နှစ်ထပ်ဆောက်ထား၍ မြင့်မြင့်မားမား ထင်းနေသော ရုံးကြီးသည် ညအချိန် ဆိတ်သုဉ်းလျက် နေပေ၏။

          ရုံးရှေ့ လမ်းတစ်လမ်းခြားလျက်ရှိသော ဘုန်းကြီးကျောင်းဝင်းကြီး ထဲ၌ ကျောင်းတိုက်တစ်ခုတွင် မီးရောင်များ မြင်ရလေသည်။

          ထိုကျောင်းတိုက်ထဲမှ စာပြန်နေသော ကိုယ်တော်များ၏ အသံသည် သဲ့သဲ့ကလေး ဝေ့လာလေသည်။ ဂရုစိုက်၍ နားထောင်မှ ဆွဲဆွဲငင်ငင်ညည်းအံနေသော တရားသံကို ကျက်မိသည်။ တစ်ချက်တစ်ချက် လွင့် လာသော တရားသံကား ပျောက်လိုက် ပေါ်လိုက်ဖြင့် မသဲကွဲချေ။ အသံ ကို ဆွဲငင်လျက် သံနေသံထား ရွတ်အံနေ၍ သဲ့သဲ့ သဲ့သဲ့ကြားရသမျှ သော တရားသံကို စွဲငြိနှစ်ခြိုက်လျက် နားစွင့်ကာ အာရုံစိုက် နားထောင် နေ၏။

          စိတ်များပြန်၍ ကြည်လင် လန်းဆတ်လာပြန်သည်။ ကောင်းကင် မှ လသည် ပြောစရာမရှိ၊ သာသည်ထက် သာလာလေ၏။ ပူပင်သော ကမရှိ၊ အဆီးအတားမရှိသည့် အရောင်၏ ဝင်းပတောက်လင်းသော အသိကို သေသေချာချာခံစားနေမိပြန်သည်။

          ဘုန်းကြီးကျောင်းဝင်းနောက်ရှိ တစ်မြို့လုံးသုံး ခပ်သောက်ကြသော ရေကန်ကြီးထဲဝယ်၊ ကြာပန်းကြာစွယ်တို့သည် လရောင်၏ စက်ဝန်း ထဲ၌ မိနေကာ ရေပေါ်တွင် ညွတ်လျက်မှေးငိုက်မျဉ်းနေကြပေ၏။

          အိမ်ထောင့်၌ရှိသော ဓာတ်တိုင်မှ မီးလုံးကို ငုံ့၍ကြည့်သည်။ အင်အားနည်းနေရှာသော မီးရောင်ကလေးသည် လရောင်ထဲ၌ ဝါကြန့် ကြန့် ဖြစ်နေကာ နေ့ခင်းကြောင်တောင်လက်နှိပ်ဓာတ်မီးထိုးထားသလို တွေ့ရလေ၏။

          အိမ်ပေါ်မှဆီး၍ မြင်မြင်သမျှ လရောင်ထိန်ထိန်သာနေသော ကမ္ဘာ လောကကြီးကို သိမ်းကျုံး၍အားရပါးရ ဝဝကြီး ကြည့်လိုက်ပြီးနောက် အိမ်ထဲသို့ ဝင်လာခဲ့သည်။