ဂျာနယ်ကျော်မမလေး - ပြည်သူ့ဆုတောင်းနှင့်အခြားစာများ
ကမာရွတ် လှည်းတန်းရှိ ခြံကလေးဆီက မြို့ထဲသို့ အပြန်လမ်း တွင် ခရီးကြုံသဖြင့် ရွှေတိဂုံဘုရားခြေရင်းတွင် ကားရပ်လိုက်သည်။
ဘုရားကြီးကို ပတ်ကာလှည့်ကာသာ သွားလာနေခဲ့သည်။ ဘုရား ကုန်းတော်ပေါ်သို့ မရောက်မိ။ ယနေ့ညနေခင်းမှ ကုန်းတော်ပေါ်တက် ကာ ဘုရားဖူးချင်စိတ် ပေါက်လာရ၏။
ညနေခင်း ဘုရားလာသူများ ရှင်းနေသည်။ အေးအေးဆေးဆေး ဘုရားဖူးဦးမှပဲဟု ရည်ရွယ်ရင်းအတိုင်း ကုန်းတော်ပေါ်သို့ ဖြည်းဖြည်းနှေး နှေးကလေး တက်လာလေသည်။
ကျွန်မ၏ ဝဲယာရှိ ပန်းသည်တို့သည် ပန်းဝယ်သွားရန် ဆူညံစွာ အလုအယက် ဟစ်ခေါ်နေကြလေသည်။ ပန်းသည်တို့၏ အသံများမှာ တစ်နေ့လုံး အော်ရဟစ်ရသည့် အသံမပေါက်။ လူမလာ၍ ခြောက်ကပ် နေရာတွင် လူမြင်မှ ခုမှ ဝဝအော်ကြ အာကြသည့် အသံမျိုး၊ တက်ကြွ သွက်ညံလှသည်။ “ပန်းဝယ်ပါဦးရှင်”'ဝင်ပါဦးရှင်”ဆိုသော မစဲနိုင်သည့် အသံဗလံများ စီညံပြည့်လွှမ်းကာ အဆက်မပြတ် ကြားနေရလျက် ပန်း ဝယ်ရန် အာရုံမရောက်မိဘဲ ကျွန်မနှင့် ရှေ့ဆင့်နောက်ဆင့် တက်လာကြ သော မြေးအဘွားနှစ်ယောက်ကိုသာလျှင် အာရုံပြုတက်လာခဲ့သည်။
အိုမင်းမစွမ်းအရွယ် အဘွားအို၏ ပုံသဏ္ဌာန်မှာ ဟောင်းနွမ်း သော အဝတ်အထည်များ ဖုံးအုပ်ထားခြင်းဖြင့် ဆင်းရဲတွင်းနက်ပုံ ပေါက် ၏။ မျက်နှာသုတ်ပဝါလား၊ စောင်လား မဖော်ပြနိုင်အောင် ညစ်မည်းနေသော အဝတ်တစ်ခုကို ခေါင်းပေါ်၌ တင်ထားသည်။ ဂျပန်ခေတ်၌ ဝတ်ကြရသော ဗမာရက်ချည်ကြမ်း ထူထူကျဲကျဲ ထဘီတွင် ဖုန်ကွက် ကြေကွက်များ ဗရဗျစ်နှင့် ဘုတ်ပွပွကြီး ဝတ်ထားလေသည်။
လက်ဖျား၊ ကုပ်နားတစ်ဝိုက် ကြေးသီးနေသော ပင်နီအင်္ကျီမှာ ပိန်သေးသော ကိုယ်လုံးနှင့်လည်း မတော်၊ မြင့်မားသော အရပ်အမောင်း နှင့်လည်း မတန်၊ ပွကာ တိုတက်နေလျက် လက်သုံးလုံးခန့် နောက်ကျော ပေါ်နေပေ၏။ အောက်ခံမရှိဘဲ ပေါ်နေသော ကျောသားမှာ ညိုမည်း တွန့်ရှုံ့ လျက် ပပ်ကြားအက်နေသည်။
အသွင်အားဖြင့် မရှိရှားပါးပုံ ပေါ်သလောက် တစ်နေရာတွင် စု၍ ပေါများ ပိုလျှံနေသော အခြင်းအရာမှာ ခေါင်းနောက်တွင် ထုံးရစ် ထားသော ဧရာမ ဆံထုံးကြီးဖြစ်၍ ဆံပင်ကောင်းကြောင်း ထင်ရှားနေ ၏။ ခေါင်းကို သပ်ရပ်စွာပင် ပြီးထုံးလာသည်။ ဆံထုံးကို အခွေလိုက် အခွေလိုက် ပတ်ရစ်ထားသော ဆံခွေလိပ်ကြီးမှာ ကွက်တိကွက်ကျား ဖြူနက်နေသည်။ အဘွားအိုမှာ အထူးသဖြင့် အားအင်ဆုတ်ယုတ်နေပုံရှိ ကာ မောဟိုက်စွာဖြင့် တုံ့နှေးတုံ့နှေး တက်နေရလေသည်။
ကျွန်မမှာ အဘွားကြီး၏ နောက်မှ လှေကားထစ် နှစ်ထစ်ခြား လောက် ကပ်လျက် တဖြည်းဖြည်း လှမ်းတက်နေသော အဘွားကြီး၏ ပုံပန်းသဏ္ဌာန်ကို ကြည့်လိုက်၊ လက်တွဲဆွဲထားသော ကလေးမလေးကို ကြည့်လိုက်ဖြင့် ပန်းဝယ်ရန်ပင် မေ့နေလေ၏။
ကလေးမလေး၏ အရွယ်ကို ၆ နှစ်၊ ၇ နှစ်ဟုသာ ခန့်မှန်းရ သည်။ သည်ထက် ကြီးလျှင်လည်း ကြီးမည်၊ သည်ထက် ငယ်လျှင်လည်း ငယ်ပေမည်။ ပိန်ညှက်ညှက်နှင့် မနိမ့်မမြင့် အရပ်အမောင်း ရှိ သည်။ ဂါဝန်အင်္ကျီလေး ဝတ်ထား၍သာ မိန်းကလေးနှင့် တူကာ ခေါင်း မှာ ခေါင်းတုံးဆံတောက်ညှပ်လျက် ဗိုလ်ကေခွဲထားလေသည်။ ဂါဝန် အကျီလေး၏ အထက်ပိုင်းမှာ အပြာရောင် ပြောင်ပိတ်စ တစ်စဖြစ်လျက် အောက်ပိုင်းမှာ အနီရောင် ပြောင်ပိတ်စ တစ်မျိုးဖြင့် စပ်ချုပ် ဝတ်ထား၏။
အဘွားအိုက လက်ဆွဲတက်နေခြင်းကို မကြိုက်ဟန် တစ်ချက် တစ်ချက် အဘွားအိုလက်မှ လွတ်လိုလွတ်ငြား ရုန်းရင်း လှမ်းတက်နေ ၏။ အဘွားအိုသည် မရုန်းနိုင်အောင် မြဲမြဲဆုပ်ထားလျက် မြည်တွန် တောက်တီးလာသည်။
“တယ်လေ.. ခက်လိုက်တာ ဖြည်းဖြည်းတဲ့” “ဘာမှတ်လို့လဲ၊ နင့်ကို ဖမ်းသွားကြလိမ့်မယ်”
ဤသို့ မောသံကြီးဖြင့် ငေါက်ငမ်းပြောရင်း လက်ကလေးကို ဆောင့်ဆွဲထားလိုက်သည်။
ကလေးမလေးမှာ တုံ့နှေးနှေး တက်နေရခြင်းကြောင့် စိတ်မရှည် ဘဲ ဖြစ်နေသည်။ အဘွားအိုနှင့် ယှဉ်တူမတက်ဘဲ တစ်ထစ်ကျော် ရောက် သာသွားသည်။ အဘွားအိုမှာ ကလေးမလေး၏ လက်ကို မလွတ်အောင် လှမ်းဆွဲဆုပ်ရကာ မီအောင်လည်း ကြိုးစားပမ်းစား လိုက်တက်နေရ သည်။ ကလေးမလေးသည် ဘေးပတ်ဝန်းကျင်မှ ပန်းဝယ်ရန် တစာစာ ဖိတ်ခေါ်နေကြသော ပန်းသည်များဘက်သို့ တစ်ချက်မှ လှည့်မကြည့် ချေ။ သူ တက်ရမည့် အမြင့်ကြီးသို့သာ မော့ကြည့်တက်ရင်း တက်နေရာ မှ ရပ်တန့်လိုက်ကာ အဘွားအိုဘက်သို့ လှည့်လျက် သူ့လက်ကလေး လွတ်ရန် အတင်းရုန်းပြန်၏။
“ခက်လိုက်တာနော်၊ ဟဲ.. ကောင်းကောင်းသွားစမ်း”ဤအသံ ဖြင့် အဘွားအိုက ငေါက်နေသည်။
ကျွန်မမှာ ကျွန်မဘက်သို့ လှည့်ထားသော ကလေးမလေး၏ သနရုပ်ပ မျက်နှာကလေးကို ငေးကြည့်မိသည်။ အသားညိုချောလေး ဖြစ်၏။ အံကြိတ်လျက် ရုန်းနေခိုက် ခက်ထန်တင်းမာနေသော မျက်နှာ မှာ အရွယ်နှင့်မမျှ စိတ်ကြီး ထင်ရှားပေါ်လွင်လှသည်။ သူ၏ မကျေနပ် ချက်ကို ဖော်ပြနေသော သူ့မျက်လုံးမှာ ထွင်းဖောက်သွားမလောက် အဘွားအိုအား စိန်းစိန်းကြီးကြည့်လျက် ဒေါသအရောင်မှာ ပြောင်တောက်နေသည်။ သူ့နားက ဖြတ်တက်သွားသော ကျွန်မမျက်နှာကို ထိုမျက်လုံးဖြင့်ပင် စေ့စေ့ကြည့်လိုက်သေးသည်။
ကျွန်မမှာ သူတို့ မြေးအဘွားကို ကျော်တက်လာရသော်လည်း လမ်းခုလတ်၌ ရုန်းကန်ရပ်နေသော ကလေးလေးကို ပြန်လှည့်ကြည့်ရင်း လှည့်ကြည့်လှည့်ကြည့်နှင့် တက်လာရသည်။
“မမလေးရေ”
ပန်းဆိုင် တစ်ဆိုင်ထဲရှိ ခုံတန်းလျားပေါ်၌ ထိုင်နေကြသော ကျွန်မ ၏ ငယ်ပေါင်း ချစ်ဖော်ချစ်ဖက်များကို မမျှော်လင့်ဘဲ ပက်ပင်း သွား တွေ့ရသည်။ အေးတို့ သန်းတို့ ညီအစ်မနှင့် ကွဲကွာနေသည်မှာ ဆယ် နှစ်ခန့် ရှိရော့မည်။ တခြားနေရာမျိုးသာ တွေ့လျှင် သူတို့ ညီအစ်မကို ဝမ်းသာအားရ တစ်အားပြေးဖက်လိုက်မိပေမည်။ ယခုသော် မြင်ရတွေ့ရ ၍ ဝမ်းသာရွှင်လန်းသွားသော မျက်နှာသာလျှင်ဖြစ်ကာ သူတို့အနားသို့ ပြေးမသွားနိုင်၊ အဘွားအိုလက်မှ လွတ်မြောက်ခဲ့၍ ကျွန်မ ဘေးမှ လွတ် ကာ တစ်အားကျုံးပြေးတက်သွားသော ကလေးမလေးကို ရင်တဖိုဖိုဖြင့် လှမ်းမျှော်ငိုင်ကြည့်နေမိ၏။
စောင်းတန်း အုတ်လှေကားကြီး မျက်စိတစ်ဆုံး တစ်ချက်မှ မနား လိုက်ဘဲ ကျစ်မာတောင့်တင်းနေသော သူ၏ ခြေသလုံးလေးကို အသုံးပြု ကာ ကဆုန်ပေါက် ဒုန်းရိုက်တက်သွားပုံမှာ အံ့သြစရာပင်။ နောက်က သံကုန်ဟစ်လျက် တဟဲ ဟဲဟဲ အော်တက်လာသော အဘွားအို၏ခြေလှမ်းမှာ ကျွန်မပန်းဆိုင်ထဲသို့ မဝင်မီပင် သူ့မြေးကလေးကို မျက် ခြည်ပြတ်ရပေမည်။
ကျွန်မမှာ ဘာဖြစ်မှန်းမသိ ရင်ထဲ တစ်မျိုးတစ်မည်ကြီး ဖြစ်သွား လျက် ပန်းဆိုင်ထဲဝင်လာကာ ညီအစ်မကို လှမ်းဖက်လိုက်သည်။
“ကလေးလေးရယ်၊ အဘွားကြီး လက်က လွတ်သွားတယ်။ ပြေး တက်သွားတာပဲ။ အဘွားကြီးတော့ မီမှာ မဟုတ်ပါဘူး”
ညီအစ်မကို သည်စကား အရင်ပြောပြီးမှ အားရပါးရ နှုတ်ဆက် စကား ပြောရတော့သည်။ ။
ပန်းဆိုင်ထဲတွင် အေးတို့ သန်းတို့နှင့် စကားပြောနေသည်မှာ နာရီဝက်ခန့်လောက် အချိန်ကုန်သွားသည်။ ပန်းဆိုင်ထဲမှ ထွက်ကြသည့် အခါ သူတို့က ဘုရားဖူးပြီး၍ အောက်သို့ ဆင်းသည်။ ကျွန်မက ပန်း စည်းကိုင်လျက် အပေါ်သို့ တက်လာသည်။
ဘုရားရင်ပြင်တော်ပေါ်သို့ ရောက်သည်အထိ ကလေးမလေး မြေးအဘွားကို အာရုံပျောက်ကာ အေးနှင့်သန်းအကြောင်းသာ စဉ်းစား တွေးတောလာသည်။ ဆယ်နှစ်အတွင်း သူတို့ ညီအစ်မသည် တစ်
ယောက်နှင့် တစ်ယောက် လင်ညီအစ်မလည်း တော်လိုက်ကြ၏။ အေးက အိမ်ထောင်ပျက်၍ နောက်အိမ်ထောင်ဆက်သည့်အခါ အဒေါ်နှင့် တူမ တော်နေကြပြန်သည်။ အေးနှင့် နောက်ထပ် လက်ထပ်ရသော အေးတို့ သန်းတို့ ယောက်ျားဘက်က ဦးလေးမှ ပါလာသော သားနှင့် သန်း၏ သမီးလေး လိုက်ပြေးကြ၍ ပြန်ခေါ်ပြီး လက်ထပ်ပေးရန်အတွက် ရန်ကုန် တွင် ခန်းဝင်ပစ္စည်းများ လာဝယ်ကြရာ ညီအစ်မချင်း အဒေါ်တူမဘဝမှ ခမည်းခမက် တော်ရတော့ဦးတော့မလိုလို။
လူ့ဘုံကြီးတွင် ဖြစ်ပျက်ဆုံတွေ့ ကျင်လည်နေကြသော ဘဝ ဇာတ်ခုံကြီး၏ အစိတ်အပိုင်းများကို မြင်မိမောလျက် ငြီးငွေ့သော သံဝေဂစိတ်ကလေး တဒင်္ဂဖြစ်ပေါ်လာသည်ပင်လျှင် တစ်မျိုးတစ်ဖုံ စိတ်ပျော့ ပျောင်းသွားလေ၏။
လူသူရှင်းသောနေရာ ရွေးရှာကာ ချောင်ကျကျမှနေ၍ ဘုရား ကြည်ညို နေချင်သောစိတ် ဖြစ်ပေါ်လာသည်။ ကိလေသာကို ခုတ်ဖြတ် ပယ်ရှားသွားနိုင်သော ဘုရားရှင်၏ ဂုဏ်တော်ကို အောက်မေ့ကြည်ညို ရမည့် နေရာသည် လွတ်လပ်ဆိတ်ငြိမ်သော နေရာမျိုး ဖြစ်စေချင်သည်။
ဘုရားကြီးကို လက်ယာရစ်ပတ်လာရင်း လူသူရှင်းပြီး ဘုရားနှင့် ခပ်လှမ်းလှမ်းဖြစ်မည့်နေရာကို ရှာလေရာ ခေါင်းလောင်းကြီးထားရာ နေရာတစ်ဝိုက်၌ လူသူရှင်းနေလေ၏။ ထိုနေရာနှင့် နီးသော ဂြိုဟ်တိုင်အောက်ရှိ ပန်းအိုးထဲတွင် ပဒုမ္မာကြာပန်းများ သွားထိုးစိုက်လိုက်ကာ ဘုရားနှင့် တည့်နေသည့် ထောင့်ကျကျ၊ ချောင်ကျကျ နေရာ၌ ထိုင်ချ လိုက်သည်။
ဦးမချမီ စေတီကြီးကို မော့၍ ကြည့်လိုက်သည်။ အဆုပ်လိုက် အုပ်ဖွဲ့ လျက် ပိတ်ဆီးနေသော တိမ်ဖြူတိမ်အုပ်နောက်မှ ပြာလဲ့လဲ့ ခံ ထားသော ကောင်းကင်တစ်ခွင်ဆီသို့ လွင့်နေလေသော ဘုရားငှက်မြတ် နားမှာ ချိုဖျော့သော နေရောင်နှင့် ယှဉ်ပြိုင်ကာ လက်လက်ပပ တောက် ကြူးနေပေသည်။
မြောက်ဆီမှ ဝေ့လာသော ဆောင်းလေနုမှာ မထိတထိ ဆော့ပါး ကစားနေရာ အေးအေးမြမြ ရှိလှသည်။ ကြေးစည်ထုသံ၊ ဘုရားရှိခိုးသံ များ ကြားသာ ကြားရ၏။ ဘယ်ဆီကမှန်း မမြင်ရ၊ ကျွန်မနေရာတွင် ကျွန်မ တစ်ယောက်တည်းသာလျှင် ရှိကာ ဆိတ်ငြိမ်နေသည်။
ဦးသုံးကြိမ်ချပြီး ကိုယ်ကို မတ်ကာ မျက်စိများ မှိတ်လျက် ဘုရား သာလျှင် အာရုံပြုထားသည့် တစ်ချောင်းတည်းသော စိတ်ဖြင့် စိတ်ထဲက ငါးပါးသီလ ခံယူရွတ်ဆို ရှိခိုးမိလေသည်။ ငါးပါးသီလခံနေခိုက် နှာခေါင်း ထဲတွင် ညှီစို့စို့ အနံ့တစ်နံ့ ထောင်းခနဲ ရောက်လာသည်နှင့်အတူအရာဝတ္ထုတစ်ခုသည် မရှေးမနှောင်း ကျွန်မမျက်နှာနှင့် နီးနီးကပ်ကပ် လာကွယ် ကပ်လိုက်သလိုပင် စိတ်ထဲက ထင်လိုက်ရသည်။ ကျွန်မသည် ဆတ်ခနဲ မျက်လုံးဖွင့်လိုက်သည်။ ကြက်သေကြီး သေသွားကာ နဖူးပေါ် တွင် ယှက်မိုးလျက် ရှိခိုးဦးတင်ထားသော လက်များမှာ အောက်သို့ ပြုတ်ကျသွားလေ၏။ အုတ်လှေကားကြီးကို ဒုန်းစိုင်းတက်ပြေးသွားသော ကလေးမလေးသည် ကျွန်မ မျက်နှာကို မိုးလျက် စိန်းစိန်းစားစား စိုက် ကပ်ကြည့်နေ၏။ မျက်တောင်လည်း မခတ်၊ မျက်နှာမှာ ရဲတင်းလှသည်။ ဘုရားရှိခိုးနေရာတွင် လူနားထိလုမတတ် လာကပ်ရပ်လျက် ရှေ့တည့် တည့်မှ ပိတ်ဆို့စိုက်ကြည့်နေသော ကလေးမလေးကို ဘယ်လို ကလေးမ လေးများပါလိမ့်ဟု ပထမဦးဆုံး အံ့ဩသွားလျက် ကြက်သေသေသွားမိ သည်။ ထို့နောက် နေရာမရွေ့ ကြည့်မြဲတိုင်းပင် စိန်းစိန်းကြီး ကြည့် လျက်၊ ရှေ့ဆက်၍လည်း ကြည့်နေဦးမည့် ပုံပမာမှာ ရုတ်တရက် စိတ်ထဲ အနှောင့်အယှက် ဖြစ်သွားသည်။
အံ့ဩလှစွာပင် “ဟဲ့... ကလေး မင်း အဘွားကော ဖယ်လေ” ဟု ပြောပြောဆိုဆို သူ့ပခုံးကို လှမ်းကိုင်လိုက်ရာ သူ့အသား မထိမီ သူက ကျွန်မ လက်ကို ဦးအောင် ပုတ်ရိုက်လိုက်သည်။
ကျွန်မ၏ ကိုယ်မှာ နောက်သို့ ယိုင်သွားကာ သူ့မျက်နှာလေးကို စိုက်ကြည့်လိုက်ပြီးနောက် ဘေးပတ်ဝန်းကျင်တစ်ဝိုက် သူ့အဘွားကို ကျီးကန်းတောင်းမှောက် ရှာကြည့်လိုက်သည်။ အဘွားအို၏ အရိပ် အယောင်ကိုပင် မမြင်ရ၊ သူ ဘယ်ကပေါ်လာ၍ ဘယ်လိုကြောင့် ရှေ့ကလာရပ်ကြည့်နေမှန်းလည်း မသိ၊ ဖယ်ခိုင်း၍လည်း မရ၊ ရဲရဲတင်းတင်း ရှိလှသော အသွင်တွင် ရိုင်းစိုင်းခြင်းပါ ရောဖက်လျက် သူ့အသားအထိ မခံ၊ ခက်ထန်ပုံပြလိုက်ခြင်းမှာ ကျွန်မအဖို့ ထူးထူးဆန်းဆန်းကြီး ကြုံ နေရ၏။
“ဟဲ့... ကလေး၊ ပြောစမ်း။ မင်းအဘွားရော”
ကျွန်မက နှစ်ခါ ထပ်မေးသည်။ အဖြေမပေး၊ ခက်ထန်လျက် တင်းနေသော မျက်နှာထားသာ လျော့သွားကာ အရုပ်လိုပင် ကျွန်မအား စိုက်ကြည့်မြဲ ကြည့်နေသည်။ ။
“ပြောလေ၊ မင်း အဘွားရော” ဟု သုံးခါမေးမှ သူ့ခေါင်းလေးကို တောင်မြောက် လှည့်ယမ်းကြည့်လိုက်ပြီးနောက် ကျွန်မကို ပြန်ကြည့်ရင်း “မသိဘူး” ဟု ခပ်ဆတ်ဆတ်ပင် ပြောလိုက်သည်။
ကျွန်မမှာ အဘွားကြီးနှင့် ကလေးမလေး ကွဲနေကြမှန်းကို အကဲ ခတ်မိသည်။ အဘွားကြီးတော့ သူ့မြေးကို လိုက်ရှာနေမှာပဲဟု ပူပန်လိုက် သည်။ သူ့ကိုခေါ်ပြီး အဘွားအိုကို လိုက်ရှာပေးမှပဲ ဖြစ်မည်ဟု စိတ်အိုက် အိုက်ဖြင့် နေရာမှ ထရပ်လိုက်ရသည်။
“လာ... ကလေး၊ အဘွားဆီ သွားမယ်နော်”
ကလေး၏ ပုံပန်းခက်ထန်လွန်း၍ ချော့မော့လျက် ချိုသာစွာ ပြောရကာ သူ့လက်ကလေးကို လှမ်းဆွဲသည့်အခါ အဆွဲမခံနောက်သို့ လှမ်းဆုတ်သွားလျက် ကျွန်မ ခြေရင်းသို့ လက်ညှိုးထိုးပြနေလေ၏။
မြေပေါ်၌ ချထားသော ကျွန်မ လက်ကိုင်အိတ်ကို လက်ညှိုးထိုး ပြနေခြင်းဖြစ်၍ သူ့မျက်စိ စူးရှပုံကို သဘောကျသွားမိသည်။
ကျွန်မက ပြုံးလျက် “အေးအေး” ဟု ပြောကာ ကုန်းကောက်ယူ လိုက်ပြီးနောက် “လာ သွားစို့” ဟု ပြောရင်း သူ့လက်ကလေးကို လှမ်း ဆွဲလိုက်မိပြန်သည်။
သူ့လက်ကို ဆွဲကိုင်မှာ နည်းနည်းမှ မကြိုက်တာ ပြလျက် လက် ရုပ်သွားကာ ကျွန်မနှင့်အတူ လိုက်မည့်ပုံတော့ ပြနေ၏။