Skip to product information
1 of 9

စိတ်ကူးချိုချိုစာပေ

ဂျာနယ်ကျော်မမလေး - တွေးတစိမ့်စိမ့်

Regular price 8,000 MMK
Regular price Sale price 8,000 MMK
Sale Sold out

စာရေးသူအမှာ

           စစ်ပြီးခေတ် ၁၉၄၈ ခုနှစ်တွင် ကျွန်မ ရေးခဲ့သော ဝတ္ထုတိုများကို ရွေးချယ်စုပေါင်းလျက် ရှုမငြီးအမည်ဖြင့် ဝတ္ထုတိုပေါင်းချုပ် ပထမ အကြိမ် ထုတ်ဝေခဲ့သည်။ ရှုမငြီးတွင် ပါဝင်သော ဝတ္ထုများမှာ အေးအေး၊ မိခွေး၊ ဗာဟီရ၊ အခု အမျိုးသားနေ့၊ တရားပုလိပ်စောင့်၊ မိန်းမပီပီ၊ သည်ဆောင်း၊ မာမရှိန်း၊ သည်မိုးတို့ ဖြစ်ကြသည်။

           ယခု တွေးတစိမ့်စိမ့် ဝတ္ထုပေါင်းချုပ်တွင် ရှုမငြီး ထုတ်ပြီး နောက်ပိုင်း၌ ရေးသားခဲ့သော ဝတ္ထုတိုများကို ရွေးချယ်စိစစ်၍ ဒုတိယ အကြိမ်မြောက် စုပေါင်းထုတ်ဝေခြင်း ဖြစ်ပေသည်။ ကျန်ဝတ္ထုတိုများ ကိုလည်း တတိယအကြိမ်မြောက် စုပေါင်းထုတ်ဝေရန် အစီအစဉ်ရှိ သည်။

           တွေးတစိမ့်စိမ့် တွင် ပါဝင်သော မြက်ကလေးတစ်ပင်၊ လှတစ် မျက်နှာ၊ သံသရာဘေး၊ ခေမာရီ၊ တွေးတစိမ့်စိမ့်၊ အဝယ်နှင့် အလျော်၊ သည်အပူ၊ အားမကျပေါင်ရှင်၊ ကာဖီဝတ္ထုတိုများသည် များသော အားဖြင့် အာရုံတစ်ခုခုကို မြင်ရကြားရ၊ သိရသည့်အခါတွင် ခံစားမှု တစ်ခုခု ဖြစ်ပေါ်တတ်သည့်အတိုင်း စိတ်လှုပ်ရှားမှု၊ စိတ်၏ခံစားမှုဖြစ်ပေါ်လာသည့်အခါမျိုး၌ စိတ်ချမ်းသာသော ခံစားမှုကြောင့်ဖြစ်စေ၊ စိတ်ဆင်းရဲသောခံစားမှုကြောင့်ဖြစ်စေ၊ ဝမ်းမြောက်ခြင်းကြောင့်၊ ဝမ်းနည်းခြင်းကြောင့်၊ နှစ်သက်ခြင်းကြောင့်၊ မနှစ်သက်ခြင်းကြောင့်၊ ကရုဏာ ဖြစ်ခြင်းကြောင့်၊ စက်ဆုပ်ခြင်းကြောင့် စသည် ခံစားမှုတစ်ခုခု၊ ဘဝအသိအမြင် တစ်ခုခုကို ရသွားသလို ဖြစ်ရာမှ ပေါ်ပေါက်လာသော

ဝတ္ထုတိုများဖြစ်ကြသည်။

          ဤဝတ္ထုတိုများကို ရေးခဲ့စဉ်အခါက ပုဂ္ဂလဓိဋ္ဌာန်ကို ဓမ္မဓိဋ္ဌာန်ဖြစ် လာအောင် ကျွန်မ အတော်အားထုတ်ရေးသားခဲ့ရသည်။ ဘဝအသိ အမြင် လူ့သဘာဝနှင့် ဘဝစိတ်ကို ပုံဖော်ရေးသားသည့်နေရာ၌ သတိ တရားရှေ့ဆောင်လျက် အထိန်းအချုပ်နှင့် ရှေးရှုပြီး ရေးခဲ့လေသည်။

          သူတစ်ပါး၏ အကျိုးအကြောင်း၊ သူတစ်ပါး၏ အဖြစ်အပျက်၊ သူတစ်ပါး၏ ကိစ္စအဝဝကို သတိထားတတ်လာလျှင် ထိုသို့ သတိထား လာတတ်သည့်အခါကျမှ မိမိအကျိုးအကြောင်း၊ မိမိအဖြစ်အပျက်၊ မိမိကိစ္စအဝဝကို သတိထားတတ်မှု ရှိစေနိုင်သည့်အတွက် စာဖတ်သူ များသည် သည်ဝတ္ထုတိုများကို ဖတ်ရှုပြီး လူ့သဘာဝ၊ လောကကြီး၏ သဘာဝကို ပင်ကိုဉာဏ်ဖြင့် ထိုးထွင်း၍ ဆင်ခြင်သုံးသပ် သတိထား မိပါစေရန် စေတနာ လှုံ့ဆော်ရာမှ မေတ္တာအခြေခံနှင့် ရေးခဲ့ခြင်း ဖြစ် ပါသည်။

ဂျာနယ်ကျော်မမလေး

၂၇-၉-၆၃

တွေးတစိမ့်စိမ့်

          ဒေါ်သိန်းမိသည် သက်မကြီးချလိုက်သည်။

          သူ့ရင်ထဲတွင် သက်သာရာလေးရလို့ရငြား ဟင်းခနဲ သက်ပြင်း ကြီးချလိုက်ရာ ရင်ထဲ၌ကား မောနေလေ၏။ မလှုပ်ချင် မရှားချင်အောင် ဖြစ်နေသော ခြေတို့လက်တို့ကို ယခုမှပဲ အနားပေးရပေသည်။

          ဒေါ်သိန်းမိသည် ပက်လက်ကုလားထိုင်ပေါ်၌ ခြေပစ်လက်ပစ် ကြီးထိုင်ကာ ဟင်းချလိုက်ပြီး မောရပုံမှာ ညစဉ်ညတိုင်း ဖြစ်တော့၏။

          ရင်ထဲ၌ ဖုတ်လှိုက်ဖုတ်လှိုက်မောနေရင်း “ဒီကနေ့ အမောဆုံးပဲ” ဟု မှတ်ချက်ချသည်။

          အိမ်တွင် ရေမရှိချေ။ နေ့လယ်က လမ်းထောင့် ဘုံဘိုင်မှ သံစည် ကြီးနှစ်လုံးပြည့်အောင် ရေဆွဲထည့်ရ၍ ခြေကုန်လက်ပန်းကျခဲ့သည်။ ရေထည့်ပြီး အဝတ်ဟောင်းတွေ တစ်ပုံကြီး ထိုင်လျှော်သည်။ အဝတ် တွေကို ကြိုးတန်း၌ အရေအတွက်နှင့် လှမ်းသွားလေရာ ခုနစ်ဆယ့်ငါး ထည်ရှိ၍ ဟိုက်သွားတော့သည်။

          ပက်လက်ကုလားထိုင်ပေါ်၌ ဒေါ်သိန်းမိ၏ခေါင်းသည် ဘယ်ပြန် ညာပြန် လူးနေလေသည်။ အသက်ကို မချိမဆံ့ရှူနေရကာ စိတ်ထဲ၌အတောမသတ် ကျိတ်ညည်းလျက်နေလေသည်။

          ဒီအသက်အရွယ်ကြီးရောက်မှ ငါ့လောက်ဒုက္ခကြီးတာမျိုးများ ရှိ သေးရဲ့ လား .. ။

          ဒေါ်သိန်းမိ၏ အသက်မှာ “၆၁” နှစ် ဖြစ်သည်။ သူ့ဒုက္ခကား တစ်နေ့လုံး နေထွက်က နေဝင် ဖင်မချနိုင်အောင် နားကွက်မရှိဘဲ ထမ်း ရွက်ရသော အိမ်ထောင့်တာဝန်ကြီး ဖြစ်လေသည်။ | နံနက် ၄ နာရီ၌ အိပ်ရာမှထလာကာ မီးဖိုထဲသို့ တန်းဝင်သွားလေ ၏။ မီးမွှေး ရေနွေးအိုးတည်ပြီးတာနှင့် မျက်နှာသစ်သော၊ တပိုတပါး ထွက်သော ကိစ္စများကို ခပ်သုတ်သုတ်လုပ်ရသည်။ အပု၊ ထွတ်နီနှင့် ပူတူးမတို့ ညကစို့ထားကြသော နို့ပုလင်းတွေကို ဆေးကြောရင်း ကိုရွှေမင်းသားက သန်းခေါင်ကျော်မှ အိမ်ပြန်ကာ ညစာစားထားသော ထမင်းဟင်းပန်းကန်အပေအရေများကို ဆက်လက်ဆေးကြော သိမ်း ဆည်းလျက် ရေနွေးအိုးကျ၊ ထမင်းအိုးကောက်ဆေးတည်လေသည်။ တစ်အိမ်လုံးအတွက် ကော်ဖီဖျော်ရ၏။ ကော်ဖီပန်းကန်တစ်လုံးကို ဘယ်လက်က ကိုင်မှုတ်သောက်ကာ ညာလက်က ငရုတ်သီးထောင်း လေ၏။

          ထမင်းအိုး မီးဖိုပေါ်မှ မချသေးသည့် အချိန်အတောအတွင်း ငရုတ် သီးတစ်ဆုံထောင်း၊ ဆွမ်းတော်ဗန်းပြင်၊ ကလေးငယ်များ ထကြလျှင်သောက်ကြရန် နို့ပုလင်းများ ဖျော်ထည့်ပြီးမှ ထမင်းအိုးကို ချနှပ်ခဲ့ကာ သမီးအိပ်နေသောအခန်းဝမှ အသံပြုလျက် နံနက်ဈေးသို့ သုတ်ခြေတင် ပြေးသွားလေ၏။

          နံနက် ၈ နာရီ၌ ကျောင်းတက်ကြမည့် အပါ၊ အမာနှင့် အပုတို့ကို ကျောင်းအရောက် လိုက်ပို့ရဦးမည်ဖြစ်သောကြောင့် ဈေးကအပြန် မီးဖို ထဲ၌ သေပြေးရှင်ပြေး ချက်ပြုတ်ပြီး ကလေးတွေကို ထမင်းကျွေးရလေ၏။ ကျောင်းသွားမည့် ကလေးသုံးယောက်အနက် အမာနှင့်အပုအငယ် နှစ်ယောက်ကို လက်ဆွဲကာ ကျောင်းချိန်မီအောင် ပြေးပို့ပြီးနောက် အိမ်သို့ သုတ်သုတ်လျှောက်ပြန်ခဲ့ကာ သမက် ရုံးတက်အမီ ထမင်း ပြင်ကျွေးရ သည်။

          ဒေါ်သိန်းမိ၏ သမက် မောင်မြဦးသည် ရုံးစာရေးကြီး ဖြစ်သည်။ ကိုးနာရီတိတိ ရုံးရောက်အောင် သွားသည်။ ဒေါ်သိန်းမိ သမီး မအေး လှမှာ အိမ်ထောင်ကျပြီးမှ ကောင်းကောင်းကျန်းမာသည်မရှိ၊ မကျန်း မာသည့်အတွက်ကပင် တစ်နှစ်တစ်ယောက် ကလေးမွေးကာ တစ်နေ့ ရွှေ တစ်နေ့ငွေနှင့် ချည်နဲ့နဲ့ ဖြစ်နေလေသည်။ ကိုယ်ဝန်လေးလနှင့် ခြေထောက်များ ဖောယောင်နေလျက် ခြေမထောက်နိုင်ဘဲ အိပ်ရာထဲ၌ လဲနေသည်မှာ တစ်လလောက် ရှိချေပြီ။

          မနက်မိုးလင်း အိမ်တာဝန်ကတစ်ဖက်၊ နို့စို့ကလေးတွေ တာဝန်က တစ်ဖက်၊ ကျောင်းသားကိစ္စ၊ ရုံးသမားကိစ္စ၊ သမီးလူမမာ ပြုစုသည့် ကိစ္စ စသည် ကိစ္စများတို့ဖြင့် တစ်မနက်စာလုံး တစ်ယောက်တည်း ဂျင်ခြေလည်နေသည်။ ၁၁ နာရီထိုးလျှင် ကလေးတွေကို သွားကြိုရန် ကျောင်းသို့ ပြေးရပြန်လေသည်။ ပြည်အိမ်၌ ရေမရခြင်းက ပိုမိုဒုက္ခကြီးပေသည်။ လမ်းထောင့်မီးသတ် ပိုက်ကရေကို လက်ဆွဲသံပုံးနှင့် တစ်နေ့ခင်းလုံး ဆွဲသယ်ရသည်။ သမီး အဝတ်၊ သမက်အဝတ်၊ ကလေးတွေ ချေးအဝတ်နှင့် သေးအဝတ်များ ပါမကျန် အဟောင်းရှိရှိသမျှ ကျုံးလျှော်ရလေ၏။

          အဝတ်လျှော်နေရင်း တစ်ဖက်မှ ထလုပ်ပေးရသောအလုပ်များမှာ အလုပ်မျိုးစုံသွားလေသည်။

နို့ဘူးနော်၊ ပုခက်လွှဲ၊ ကလေးနောက်ဖေးကျုံး၊ လူမမာအနား လည်း မကြာခဏ သွားလုပ်ပေးနေပုံတို့သည် အဝတ်လျှော်ရင်းမှ ထဘီရေစိုကြီးနှင့် ဖြစ်လေသည်။

          အိမ်တွင် အဖော်အကူတစ်ယောက်မှမရှိဘဲ အဝတ်လျှော်ရင်း အလုပ်မျိုးစုံ ထလုပ်နေရလျက် ဖတ်ဖတ်ဆာနေရှာသည်။ အဝတ်လျှော် ပြီးမှ ရေကပျာကယာချိုးကာ နေစောင်းသွား၍ ညစာအတွက် မီးဖိုထဲ သို့ ဝင်သွားပြန်သည်။

          ထမင်းချက်ရင်းပြုတ်ရင်း တစ်ဖက်ဖြင့် ရသည့်အချိန်ကို လုလျက် အိမ်ရှေ့တွင် တံမြက်စည်းလှည်းသည်။ ကလေးတွေ တစ်ယောက်ပြီး တစ်ယောက် ရေချိုးပေးကာ သနပ်ခါး သွေးလိမ်းပေးရသေးသည်။ နာရီအချိန်နှင့် နို့ဘူးဖျော်ရပြန်၏။ ကလေးပုခက် လွှဲသိပ်ရပြန်၏။ ထမင်းအိုးဆူကျနေ၍ မီးဖိုထဲသို့ ပြေးဝင်ပြန်ကာ ဇယ်ဆက်သလို သူလုပ်နေသော အလုပ်များသည် တစ်လုပ်ပြီးမှတစ်လုပ် မဟုတ်တော့ ဘဲ သ-ပ-န ပေါင်းစုံ အကုန်လုံး သိမ်းကျုံးလျှောက်လုပ်သွားသည် မှာ နေဝင်မိုးချုပ်သည်အထိ ဖင်မချရချေ။

          ဒေါ်သိန်းမိသည် ည ၁၀ နာရီထိုးမှ ပက်လက်ကုလားထိုင်ပေါ်၌ အနားယူထိုင်နိုင်သည်။ နေထွက်ကနေဝင်၊ နေဝင်မိုးချုပ် ည ၁၀ နာရီ အထိ တလှုပ်လှုပ်ဖြင့် တစ်ခုပြီးတစ်ခုမျိုး စုံအောင် လုပ်လိုက်ရသည် မှာ အသက်ထွက်မတတ် ဖြစ်လေသည်။ ဘုစုကလေးခြောက်ယောက် စလုံး အိပ်ကုန်ကြတော့မှ ပက်လက်ကုလားထိုင်ပေါ်၌ ပစ်ထိုင်ချကာ ခြေမသယ်ချင်၊ လက်မသယ်ချင်ဖြင့် အမောကြီးမောနေတော့လေ သည်။ လက်မောင်းနှစ်ဖက်စလုံး စစ်စစ် စစ်စစ် ကိုက်ခဲလာလေသည်။ ခါးက လည်းနာ၏။ ဒူးလည်းနာ၏။ တစ်နေ့လုံး မနားရဘဲ လှုပ်လှုပ် လှုပ်လှုပ် နှင့် လုပ်ကိုင်နေရ၍ ပင်ပန်းလှသည်ထက် မျောက်ရှုံးအောင် ဆော့ကြ ကုန်သော ပုစုခရုတို့ကို အော်ဟစ်ရ၊ ပြောရဆိုရ၊ ဆွဲရလွဲရသည်များ က အမောတကော့အမောဆုံး ဖြစ်နေလေ၏။

          ဒေါ်သိန်းမိသည် တစ်နေ့လုံး လူရောအသံရော ဒေါင်းတင်မောင်း တင်ထားသမျှ ညဘက် ကုလားထိုင်ပေါ် ရောက်သွားလျှင် ပျော့ကျ သွားလေသည်။ မောလွန်လွန်း၍ အသက်ကို မဝတဝရှူနေစဉ် အိပ်ခန်း ထဲမှ ပေါင်ကိုက်၍ ညည်းတွားနေသော မအေးလှ၏ အသံကို နားစွင့် လိုက်သည်။

          “ရေနွေးအိတ် ကပ်ထားရဲ့လား”ဟု ကြားလောက်အောင် သူ့အသံ ကို ခြစ်ဖြုတ်ညှစ်ထုတ်ကာ လှမ်းပြောလိုက်သည်။

          မအေးလှသည် ညည်းနေရင်းမှ မိခင်၏အသံကို ကြားရ၍ အညည်းရပ်လိုက်ကာ အံကြိတ်လျက် နားစွင့်လိုက်သည်။ ဒေါ်သိန်းမိ ၏ အသံမှာ တောင်ထိပ်ပေါ်သို့အရောက် အမောဆို့နေသော အသံမျိုး ဖြင့် စကားပြောသကဲ့သို့ စကားသံသည် လေဆက်ပြတ်လျက် တုန်အက် နေကာ အသံပျက်နေသည်ကို တွေ့ရသည်။

          မအေးလှသည် အညည်းရပ်လိုက်သည်။ “ဟုတ်ကဲ့ ... ကပ် ထားပါတယ် အမေ” ဟု လှမ်းအော်ပြောလိုက်၏။ ထိုနောက် မျက်နှာ နှင့် ခေါင်းအုံးဖြင့် အပ်လိုက်ကာ အသံမထွက်ဘဲ အားရပါးရ ချုံးပွဲချ၍ ငိုနေလေသည်။

          ဒေါ်သိန်းမိသည် ပက်လက်ကုလားထိုင် အနားတစ်ဝိုက်၌ တဝီဝီ ပျံသန်းနေကုန်သော ခြင်သံများကို ကြက်သီးမွေးညင်းထမိလေသည်။ လက်နှစ်ဖက်စလုံး မမြှောက်မသယ်ချင်နေခိုက် ခြင်ကလာ၍ စစ်ခနဲ ကိုက်လိုက်လျှင် တော်တော်တန်တန် ကြိတ်မှိတ်ခံကာ မျက်နှာကို ရဲ့ တွနေလေ၏။ သွားလေး ငါးချောင်းသာရှိသော သူ့မျက်နှာသည် ခြင် ကိုက်၍ စစ်ခနဲဖြစ်သွားလျှင် ဂုန်နီအိတ်အဖျားကအစကို လုံးစုချည် ထားလိုက်သကဲ့သို့ပင် မျက်နှာပုံပန်းပျောက်လျက် မျက်လုံး၊ နှာခေါင်း၊ ပါးစပ်၊ ဟူသ၍ ရှုံ့ခွက်ဝင်သွားကာ တွန့်စုသွားလေ၏။