ဂျက်(ကွမ်းခြံကုန်း) - မောတယ်ကွယ့်တောအလယ်
ဒေဝီဘွတ်အဲဆိုတဲ့ နွားမကြီးရဲ့ လက်ထဲကို ကြည့်လိုက်တော့ မြက် ထုံးတစ်လုံးကို ကိုင်လို့ခင်ဗျ။ ရိတ်လာခါစမို့ ထင်ပါရဲ့။ မြက်တွေက စိမ်း လို့။ သက်လျာချိုကုပ်ဆိုတဲ့ နွားမကြီးကကျတော့ လက်ထဲမှာ ပဲဖတ်၊ နှမ်း ဖတ် အထုပ်ကလေးကိုင်လို့။ နှစ်ကောင်သား စကားတပြောပြောနဲ့ လာကြ တာ မှန်ပေမဲ့ မျက်နှာတွေကတော့ သိပ်မကောင်းကြပါဘူး။
“ဘယ်တုံးဗျ”
တောလမ်းတစ်နေရာမှာ တည့်တည့်ကြီးတိုးပြီမို့ ဂျက်က အနို့ကလိုပဲ နှုတ်ဆက်စကား ဆိုမိပါရဲ့။
“ဪ ... မကြားမိဘူးလား ဆရာကြီးဂျက်ရယ်” တဲ့။
နွားမကြီးနှစ်ကောင်က သံပြိုင်ရယ်ပါ။ ပြီးမှ ဒေဝီဘွတ်အဲက လေ အေးအေးကလေးနဲ့ စကားကို ဆက်တာပါ။
“ကျွန်မတို့ နှစ်ကောင်ရဲ့ ခင်ပွန်းလင် နွားကြီးနှစ်ကောင် အချုပ်ထဲ ရောက်နေတာ ဒီနေ့စီရင်ချက်ချမယ်တဲ့လေ ဆရာကြီးဂျက် သိတယ်မှတ်လို့”တဲ့။
ဪ .. တစ်ခါတစ်ခါတော့လည်း တောထဲက သတင်းတွေကမျက်စိမှောက်နားလျှံဖြစ်တယ် ထင်ပါရဲ့ ။ နွားကြီးနှစ်ကောင် အချုပ်ထဲရောက် နေတဲ့ သတင်းကို ဘာကြောင့်များ ဂျက်မသိဘဲ ဖြစ်ခဲ့ရပါလိမ့်။ ထား။ အခုတော့ နွားဇနီးနှစ်ကောင်နဲ့ တည့်တည့်တိုးကာ နွားထီးနှစ်ကောင်ရဲ့ သတင်းကို ကြားခဲ့ရပါပေါ့။
ဒါနဲ့ ဂျက်လည်း နွားမကြီးနှစ်ကောင်က အခုအားလားလို့ မေးလာ တဲ့အခါ အမှုသွားအမှုလာကို သိချင်တာကြောင့် အားကြောင်းဝန်ခံပြီးတဲ့ သကာလ ယင်းနှစ်ကောင်နဲ့အတူ အကျဉ်းထောင်အချုပ်ခန်းကလေးရှိရာဆီ လိုက်ပါလာခဲ့မိပါရဲ့။
(နှစ်)
နွားလင်ကြီးနှစ်ကောင်က ဒေဝီဘွတ်အဲနဲ့ သက်လျာချိုကုပ်ဆိုတဲ့ နွားဇနီးသည်တွေ ယူလာတဲ့မြက်နဲ့ ပဲဖတ်နှမ်းဖတ်ကလေးတွေကို တိရစ္ဆာန် အချုပ်ခန်းကလေးထဲမှာ စားကြပါးကြပြီးတဲ့ သကာလ တိရစ္ဆာန်တရားခွင် ရှိရာဆီကို ရောက်လာကြပါလေရော။ ကြိုးတန်းလန်းနဲ့ အဆွဲခံပြီး ရောက် လာတာပေါ့။ အမှုစစ်ဖို့။ စီရင်ချက်ချမယ့် ဖွတ်ကြီးက ခေါင်းပေါင်းစ တလူလူနဲ့။
“မောင်မင်းတို့နှစ်ကောင်တစ်သက်လုံးလုပ်ခဲ့တဲ့အလုပ်အကိုင်” “လယ်ထွန်၊ စပါးနယ်၊ စပါးတိုက်” “အခု မောင်မင်းတို့ ကျူးလွန်တဲ့အမှုက” သ ည် “လယ်ထွန်တာပါ” “လယ်ထွန်တာတော့ ဟုတ်တယ်လေ အဘယ်မှာ ထွန်သတုံး သိချင်တာ”
“လယ်ထွန်ပါတယ်ဆို လယ်ထဲမှာပဲ ထွန်တာပေါ့။ ဟိုးအရင့်အရင် သမိုင်းအစဉ်အဆက်နွားကြီးတွေထွန်ခဲ့တဲ့ လယ်တောမှာပဲ ထွန်တာပေါ့ခင်ဗျ”
“ဟုတ်ပါပြီ။ အစို့ပေမဲ့ အခုဟာက ခြင်္သေ့တွေက တရားစွဲတာလေ သူတို့မြေပေါ်မှာ ကျူးကျော်တယ်ဆိုလို့”
“အဲဒါတော့ မသိဘူးခင်ဗျ တစ်ရက် ခြင်္သေ့တွေ ရောက်လာပြီး ခြင်္သေ့ ပိုင်မြေ မကျူးကျော်ရလို့ ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ လာထောင်တာတော့သိလိုက်တယ် .... အနို့သော် မိမိတို့ နွားသဘာဝ ထွန်ယက်လာတဲ့ မြေပေါ် မှာ ... မိမိတို့ ထွန်မြဲထွန်ကြတာပေါ့ဗျာ ဆိုင်းဘုတ်ထူလိုက်တာနဲ့ ဘယ့်နှာကြောင့် ခြင်္သေ့ပိုင်မြေ ဖြစ်သွားရတယ်ဆိုတာတော့ ဘယ့်နှာလုပ် သိနိုင်ပါ လိမ့်မလဲ”
“အိမ်း .. အခု အဲသည့် ခြင်္သေ့တွေက တရားစွဲတာ ဘာပဲဖြစ်ဖြစ် ခြင်္သေ့ပိုင်မြေလို့ ဆိုင်းဘုတ်ထူထားမှဖြင့် ခြင်္သေ့ပိုင်ပဲပေါ့။ မောင်မင်းတို့ နွားတွေက ဆိုင်းဘုတ်မှ မထူထားတဲ့ဥစ္စာ ဒါ့ကြောင့် ပိုင်နက် ကျူးလွန်တာ ကတော့ ထင်ရှားနေခဲ့ပြီ။ ဒါ့ကြောင့် ထောင်ဒဏ် ခြောက်လ ကျခံစေ”
မြတ်စွာဘုရား လယ်ကွင်းထဲ လယ်ဆင်းထွန်တဲ့ နွားတွေ ခြင်္သေ့ပိုင် မြေကို ကျူးကျော်တယ်ဆိုပြီး ထောင်ကျသဗျ။ ကြိုးတန်းလန်းနဲ့ ဆွဲခေါ်သွား တဲ့ နွားကြီးတွေကို ကြည့်ကာ နွားမကြီးတွေက မျက်ရည်စမ်းစမ်းစမ်းစမ်းနဲ့။
(သုံး)
လူတို့ရပ် လူတို့ရွာ လူတို့ကမ္ဘာမှာဖြင့် မိုးကလေးဖြိုင်ဖြိုင်ကျလို့ မြေ သင်းနံ့ကလေးတွေရကာ လယ်တော ယာတောမှာ ရေတို့ ဖွေးစပြုလာပြီ ဆိုတာနဲ့ ကျွဲတို့၊ နွားတို့၊ လယ်တောကို ဆင်းကြပြီ။
စုံနံ့သာမြိုင်ကတော့ အဆန်းခင်ဗျ။ ကျွဲတွေ၊ နွားတွေက လယ်တော ထဲဆင်းရမှာ စိုးတထိတ်ထိတ် ဖြစ်ကုန်ကြလေသတဲ့။ ခြင်္သေ့ပိုင်မြေ မကျူးကျော်ရဆိုတဲ့ ဆိုင်းဘုတ်တွေက တိရစ္ဆာန်တွေရဲ့ လယ်တောယာတောမှာ အနှံ့အပြားကိုး။
ဒါကြောင့်ထင်ပါရဲ့ ။ စုံနံ့သာမြိုင်က နွားတွေ၊ ကျွဲတွေ လူတွေနေတဲ့ အရပ်ကို တက်တက်လာလိုက်ကြတာ။ ဆိုက်ကားနင်းတဲ့ နွားကနင်းလို့။ တို့ဟူးသုပ်ရောင်းတဲ့ ကျွဲက ရောင်းလို့ ။ ။
7Day Daily, 11.June.2017