Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဂျက်(ကွမ်းခြံကုန်း) - တောပြောတောင်ပြော

Regular price 2,800 MMK
Regular price Sale price 2,800 MMK
Sale Sold out
ပြောမကုန် ဟောမကုန် တောရဂုံ
(တစ်)

             ရက်မခြားပါဘူးဗျာ။ ရှေ့ဆင့်နောက်ဆင့် ဆိုသလိုကြီးပါ။ တိရစ္ဆာန် သတင်းစာရဲ့ မျက်နှာဖုံးမှာ ဧရာမဓာတ်ပုံကြီးနဲ့ ဘာနဲ့ဆိုသလို ထိပ်တန်း သတင်းတစ်ပုဒ်အဖြစ်နဲ့ ဖော်ပြလိုက်ပြီးတဲ့ သကာလ အဲသည် တိရစ္ဆာန် သုံးကောင် လူ့ရွာထဲ ရောက်လာတာဟာ ဆက်တိုက်ကြီးဆိုသလိုပါ။ အလွန့် အလွန်ဆုံး ခြားလှတစ်ရက်ပေါ့။ နှစ်ရက်ပေါ့ ။ သည့်ထက်မပိုပါဘူး။

             သတင်းက ပညာတော်သင် သတင်းခင်ဗျ။ စုံနံ့သာမြိုင်တော်ထဲက လက်ရွေးစင် တိရစ္ဆာန်သုံးကောင်ကို လူ့ရွာထဲကို လွှတ်ပြီး ပညာဆည်းပူး ခိုင်းတဲ့ သတင်း။ မျောက်တစ်ကောင်ရယ်၊ ယုန်တစ်ကောင်ရယ်၊ သာလိကာ ကြီးတစ်ကောင်ရယ်။ ဥရောပ ထန်းခေါက်ဖာတွေ ဘာတွေဆွဲလို့။ နေကာ မျက်မှန်အမည်းကြီးတွေ ကိုယ်စီတပ်လို့။ ဘောင်းဘီရှည်တွေ ဘာတွေနဲ့။ လည်စည်းတွေ ဘာတွေနဲ့။ အိုင်တီသင်တန်းဆိုလား ဘာဆိုလား။

             အိုင်တီဆိုတာ အင်ဖော်မေးရှင်းတက်ကနော်လော်ဂျီပေါ့။ Information Technology ဆိုတာကိုပြောတာနေမှာပေါ့ ။ သတင်းနည်းပညာပဲ ဖြစ်မှာပေါ့။

             တိရစ္ဆာန်လောက ဖွံ့ဖြိုးဖို့ရာအတွက် အိုင်တီနယ်ပယ်ကြီးမြင့်တက်စေ ရေးအလို့ငှာ တိရစ္ဆာန်ထုကို ကိုယ်စားပြုပြီးတဲ့သကာလ အမှီသတ္တဝါသုံးကောင်ကို လူ့ရပ်လူ့ရွာဆီ ပညာတော်သင် စေလွှတ်လိုက်တဲ့အကြောင်း၊ တိရစ္ဆာန်ဒေးလီးသတင်းစာ မျက်နှာဖုံးမှာ ဖော်ပြလိုက်ပြီးတဲ့နောက် လူ့ရွာထဲ သင်းတို့ရောက်လာကြတဲ့အခါ ဂျက်ကပဲ သွားပြီးတွေ့ လိုက်တာပေါ့။

             “ကျုပ်တို့က ဖုန်းအထူးပြု ပညာတော်သင် လာတာဗျ...။ သင်တန်း ကာလက နှစ်ရက်ပါ...”

             ဟောဗျ။ တိရစ္ဆာန်ကမ္ဘာကနေ လူ့ကမ္ဘာရှိရာဆီ ခြံစည်းရိုးတွေ ဘာတွေကို ကျော်ခွခုန်လွှားပြီးတဲ့သကာလ ခက်ခက်ခဲခဲနှင့် အရောက်လာပြီး တော့မှ ပညာတော်သင်ရောက်လာရတဲ့ ဥစ္စာကို နှစ်ရက်မျှသာဆိုပြန်တော့။

             “ဆော့ဖ်ဝဲ (Software) တွေ ရေးတာသွင်းတာ၊ အက်ပလီကေးရှင်း (Application) coz 22:08ı şocols (Network) 602 gjodaması ဟာ့ဒ်ဝဲ (Hardware) တွေ တပ်ဆင်ပြုပြင်တာ ဆိုတာမျိုးတွေကို လာ သင်တယ်လို့ ထင်တာကြောင့် အမှီပညာတော်သင် သုံးကောင်ကို နှစ်ရက် တည်းနဲ့ ဘယ့်နှာသို့သင်ကြားပါအံ့ လတ္တံ့လို့ဆိုပြီး ဂျက်မျက်နှာကြီးက အံ့အာသရဲပုံစံကြီးဖြစ်နေခဲ့တယ် ထင်ပါရဲ့ ။ ပညာတော်သင်ခေါင်းဆောင် လီဒါမျောက်က မမေးဘဲနဲ့ ဝင်ဖြေပါတယ်။

             “ကိုယ်တို့က Conversation on Phone ကို လာသင်တာ...။ တယ်လီဖုန်းစကားပြော”တဲ့။

.. နည်းပညာခေတ်ကြီးထဲမှာ အရှိန်အဟုန်နဲ့ဆိုသလို ရှေ့ကို အတင်းရောက်နေတဲ့ လူသားတို့ရဲ့ အသီးအပွင့်ကလေးတွေဟာ လူ့ရွာကိုကျော်ပြီးတဲ့ သကာလ တိရစ္ဆာန်လောကကိုပါ ရောက်ရှိသွားခဲ့တာကြောင့် စုံနံ့သာမြိုင် တစ်တောလုံး လက်ကိုင်ဖုန်းကိုယ်စီနဲ့ဖြစ်နေတဲ့ကာလကြီးထဲမှာ လူလိုသူလို စကားပြောတတ်ဖို့ရာအတွက် တိရစ္ဆာန်လောကသားတို့ကို ဖောက်သည်ချလမ်းညွှန်ပေးနိုင်ဖို့အလို့ငှာ တောကို ကိုယ်စားပြုလို့ ပညာ တော်သင် ရောက်လာခဲ့ကြတာပါတဲ့။

             ဖုန်းကို ကိုင်ပြီးတဲ့အခါ စကားကို ဘယ့်နှယ်ပြောပါဆိုတာကို လူတွေ ဆီ ပညာတော်သင်လွှတ်ရတဲ့ဘဝ။ ဆန်းလိုက်တဲ့ တိရစ္ဆာန်လောက။

(နှစ်)

             လူတစ်ယောက် လက်နှိပ်စက်ရိုက်နေတာကို မြင်သွားတဲ့ မျောက် တစ်ကောင်ကို လက်နှိပ်စက်တစ်လုံးနဲ့ ထားပစ်ခဲ့တဲ့အခါ လူကို တုပပြီးလျှောက်တော့ ရိုက်နေပါရဲ့။ စာလုံးတွေကလည်း တွေ့ကရာ ရှစ်သောင်း စာရွက်ပေါ်လျှောက်ထင်ကုန်ပါရဲ့ ။ အနို့သော် ဘာမှတော့ အဓိပ္ပာယ်မရှိ လေဘူးပေါ့။

             သို့ကလိုပါပဲ။ လူတွေ တယ်လီဖုန်းကိုင်တယ်ဆိုလို့ လိုက်ကိုင်၊ လူတွေက ဟယ်လိုဆိုလို့ လိုက်ဟယ်လိုပေမယ့်လည်း ဖုန်းယဉ်ကျေးမှု မသိ တဲ့ တိရစ္ဆာန်တွေ ဖုန်းလိုက်ကိုင်တဲ့အခါ တောထဲမှာ အကုန်ခွကျကုန်တော့ တာပါပဲ။

             တစ်ရက်မှာ ဒရယ်ကလေးတစ်ကောင်ဆီ ဖုန်းဝင်လာပါတယ်။ ဖုန်း နံပါတ်က သူနဲ့စိမ်းတဲ့ ဖုန်းနံပါတ်ပါ။ ဒါကြောင့် ဆက်တဲ့တိရစ္ဆာန်ရဲ့ နာမည် ပေါ်မနေပါဘူး။ ဒါကြောင့် ဒရယ်က “ဘယ်သူလဲဟေ့။ ငါပါကွ... ပြော ဘာကိစ္စလဲဆိုတော့ ငါပါကွ... မစ္စတာ ဒရယ်လေကွာ” ဆိုပြီး လုပ်ထည့် လိုက်ပါလေရော။

             အဲသမှာ တစ်ဖက်က ဖေါင်းဖေါင်းဖေါင်းလို့ဆိုကာ လုပ်ထည့်လိုက် တော့မှ ကိုယ့်ဆီဆက်နေတာ ကျားမှန်းသိပြီး ကြောက်ဒူးတုန်သွားခဲ့တော့ တာ။

             ဖုန်းပြောတဲ့အခါ တစ်ဖက်က ဘယ်သူဘယ်ဝါမှန်း မသိသေးတဲ့ အချိန်မှာ ကိုယ်က နိဝါတတရားနဲ့ နှိမ့်ချပြီးပြောရတယ်ဆိုတာကို လူတွေ ကတော့ သိပြီးသားပါ။ တိရစ္ဆာန်တွေကသာ ဖုန်းတွေကိုင်ထားပြီး ပြောချင်ရာ စွတ်ပြောချနေတာ။

             ပြောဦးမယ်။ တစ်ခါသားတုန်းကကျတော့ ဖုန်းဝင်လာတာကြောင့် ဆင်အိုကြီးတစ်ကောင်က ဖုန်းကို ကိုင်လိုက်ပါလေရော။ အဲသမှာ စပြီး ဝင်လာတဲ့အသံက.....။ ။

             “ဟေ့ကောင် ခွေးသား... ဘာလုပ်နေတုံး” တဲ့။ ဘယ်သူလဲဗျာ။ ဘယ်သူ့ဆီကို ဆက်နေသလဲဗျာနဲ့ ဆင်အိုကြီးကပြန်မေးရှာပါတယ်။

             “အောင်မယ်.. မအေပေးက မင်းငါ့ မသိဘူးလား.. ငါ့အသံ မမှတ်မိ ဘူးလား... ဟင်.. နှမပေး...” တဲ့။

             ကြည့်ပါဦး။ သူ့အသံကို တိရစ္ဆာန်တိုင်းက သိနေရမယ်ဆိုတဲ့ အပေါက်။

             လူ့လောကမှာ ဖုန်းစပြီးခေါ်တဲ့အခါ ဟယ်လို ကျွန်တော်က ဘယ်သူ ပါခင်ဗျာ။ ဘယ်သူနဲ့ စကားပြောချင်လို့ပါခင်ဗျာဆိုတာမျိုး ဖုန်းယဉ်ကျေးမှု ရှိတယ် မဟုတ်လားဗျာရယ်။ တိရစ္ဆာန်တွေက ဖုန်းသာကိုင်ထားတယ်။ ၎င်းအရာကို မသိဘူး ထင်ပါရဲ့။

             နေဦး။ တောထဲမှာ Miss Call ကို တွေ့တဲ့ နွားကြီးဟာ အဲသည့် နံပါတ်ကိုပြန်ခေါ်ပြီး ဘာကိစ္စရှိလို့ပါလဲခင်ဗျာ Miss Call တွေ့လို့ပါ ဆိုတဲ့ သဘောနဲ့ ဆက်သဗျ။

             “ဘာ.. ဘယ်သူက ခေါ်ထားလို့တုံး။ အဓိပ္ပာယ်မရှိ.. ကြောင်မနေ နဲ့” ဆိုလား။ အဲဒါတုံ့ပြန်တဲ့စကားပါ။

             ယဉ်ကျေးတဲ့ လူတွေဟာ Miss Call တွေ့ရင် ပြန်ခေါ်ကြစမြဲလေ။ ကိုယ့်ဆီကို ဝင်ထားတာကိုး။ ဘယ်သူပါလိမ့်။ ဘာကိစ္စများရှိနေပါလိမ့်။ ဘာများပြောချင်ပါလိမ့်။ ပြန်မေးကြစမြဲပေါ့။ အလေးအနက်ထားတဲ့ သဘောပေါ့။ တစ်ဖက်ကလည်း ရှိရင်ရှိတယ်ပေါ့။ မှားခေါ်ထားမိခဲ့ရင်လည်း မှားနှိပ်မိလို့ တောင်းပန်ပါတယ်ပေါ့။ အခုတော့...။

             တစ်ခါလည်း မျောက်ကလေးက နွယ်ကြိုးကိုခိုပြီး တက်နေတုန်း ဖုန်းဝင်လာတာ။ ငါပြောမယ် လိုက်ရေးမှတ်စမ်း။ အခုချက်ချင်းတဲ့။ မျောက် ခမျာ နွယ်ကြိုးကို လွှတ်လိုက်ရနိုး၊ ဖုန်းကို ကိုင်လိုက်ရနိုး။

             လူ့ရွာထဲမှာ ယဉ်ကျေးတဲ့လူတွေဟာ ဖုန်းပြောလို့ အားပါသလား ခင်ဗျာ။ မအားရင်ပြီးမှ ပြန်ခေါ်ပါ့မယ် ခင်ဗျာဆိုတာမျိုးတွေနဲ့ ကူးလူး ဆက်ဆံနေကြတာပါ။

             တိရစ္ဆာန်နှစ်ကောင် ဖုန်းပြောနေပုံကလေးက စာပန်းချီရေးပြချင်ပါ သေးရဲ့။

             တောဝက်တစ်ကောင်က ကိုယ်လုံးကို သစ်ငုတ်တိုနဲ့ ပွတ်နေရင်းကနေလှမ်းမေးပါတယ်။ ဖုန်းကလေးနဲ့။

             “ဟယ်လို.. သူငယ်ချင်းဘာလုပ်နေသလဲ” တဲ့။ ရွှံ့အိုင်ထဲမှာ လူးနေတဲ့ ကျွဲကလည်း ဖုန်းကလေးနဲ့ ပြန်ဖြေပါတယ်။ “ဘာမှမလုပ်ဘူး သူငယ်ချင်း” တဲ့။

             တောဝက်က... “အေး... ကိုယ်လည်း ဘာမှ မလုပ်ဘူး သူငယ်ချင်း” တဲ့။ ။

             လူတွေက ပြောစရာရှိမှ ပြောကြတာ။ တိရစ္ဆာန်တွေက ပြောစရာ ဖြစ်အောင် ပြောကြတာ။

(သုံး)

             ဟော... အခု တိရစ္ဆာန်သုံးကောင် ပညာတော်သင်လွှတ်လိုက်တာ ဂျက်ဝမ်းသာတယ်။ ဖုန်းကိုယ်စီကိုင်ပြီး ဖုန်းပြောနည်းမသိသေးတဲ့ စုံနံ့သာ မြိုင်ကို ပြန်ပြီး ပညာပေးဖို့တဲ့။ လူတွေ ယဉ်ယဉ်ကျေးကျေးနဲ့ ပြောဆိုဆက် ဆံနေကြပုံတွေကို သင်တန်းအမြန်လာတက်တာတဲ့။

             ခလုတ်တွေကို လျှောက်ပြီး နှိပ်တတ်နေရုံနဲ့ တိရစ္ဆာန်တွေဟာ လူ ဖြစ်မသွားနိုင်ဘူးလေ။ ။