Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဂျက်(ကွမ်းခြံကုန်း) - တောပါးစပ်

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
စုံနံ့သာမြိုင် ကွန်စတီကျူးရှင်း
(တစ်)

           ကြံကြီးစည်ရာဗျာ။ စုံနံ့သာမြိုင် ကွန်စတီကျူးရှင်းတဲ့ ။

          စုံနံ့သာမြိုင်ကတော့ ခင်ဗျားတို့ သိပါတယ်။ စုံနံ့သာမြိုင်ဆိုတာ စုံနံ့သာမြိုင်ပဲပေါ့ ။တောပဲပေါ့ ။ ဂျက်ကွမ်းခြံကုန်းတို့ရဲ့ ဇာတိမြေသပွတ်အူ ဆိုတဲ့ အင်မတန်ရှုပ်ထွေးပွေလီလှတဲ့ ရွာကလေးရဲ့ မလှမ်းမကမ်းဆီက အလွန်နက်ရှိုင်းပြီး လျှို့ဝှက်ချက်တွေနဲ့ အသိရခက်လွန်းလှတဲ့ တောကြီး တစ်တောပဲပေါ့ ။ နာမည်ကတော့ အလှသား။ စုံနံ့သာမြိုင်တဲ့။

           ကွန်စတီကျူးရှင်းဆိုတာက ခင်ဗျားတို့ သိပါတယ်။ နိုင်ငံရယ်လို့မှ ဖြစ်လာခဲ့ပြီဆိုရင် အစိုးရရယ်လို့မှလည်း ရှိလာခဲ့ပြီဆိုရင် အဲသည်အနှံ နိုင်ငံကို မည်သို့သောစည်းကမ်းနည်းလမ်းများဖြင့် အုပ်ချုပ်ပါမည်ဆိုတဲ့ အများသဘောတူလက်မှတ်ထိုးစာချုပ်ချုပ်ထားတဲ့ ကွန်စတီကျူးရှင်းဆို တာကြီးကတော့ ရှိရပေမှာပေါ့ ။ အင်္ဂလိပ်လိုက Constitution တဲ့။ မြန်မာလိုကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေဆိုလား။ ထား။

          အမေရိကန်မှာလည်း သူ့ကွန်စတီကျူးရှင်းနဲ့သူ။ အိန္ဒိယမှာလည်း သူ့ကွန်စတီကျူးရှင်းနဲ့သူ။ ရုရှားမှာလည်း သူ့ကွန်စတီကျူးရှင်းနဲ့သူ ။ရေးဆွဲတဲ့လူတွေ အမြော်အမြင်ကြီးရင် ကြီးသလောက်၊ နည်းရင်နည်း သလောက် ကွန်စတီကျူးရှင်းကြောင့် အဲသည်တိုင်းပြည်နဲ့ လူထုဟာ လောကနိဗ္ဗာန်သို့ လည်း ရောက်ရှိနိုင်၊ လောကငရဲသို့လည်း ရောက်ရှိနိုင်ပါပဲ။

          ဟော..ကြည့်။

          အခုဟာက စုံနံ့သာမြိုင် ကွန်စတီကျူးရှင်းတဲ့။ အဲသည့်ဟာကို သတင်းစာရှင်းလင်းပွဲကလေး လုပ်မယ်ဆိုပြီး ဖိတ်ကြားခြင်းခံရသမှုရှိတဲ့ သူတွေထဲမှာ ပါဝင်နေတာက လူထုအချစ်တော် ကျွန်ုပ်ဂျက်ကွမ်းခြံကုန်း။ ဦးဆောင်ဖိတ်ကြားလာသူတွေက စုံနံ့သာမြိုင်တောကြီးထဲမှာ ကျင်လည် ကျက်စားနေသည့် မြေခွေးတစ်စု။

          ဘယ့်နှယ်လူတွေကို လိုက်တုပြီး တိရစ္ဆာန်တွေကပါ ကွန်စတီကျူး ရှင်းဆွဲကြရတယ်လို့။

(နှစ်)

           ဂျက်ကွမ်းခြံကုန်းတို့ တောထဲရောက်သွားတဲ့အချိန်မှာ တိရစ္ဆာန်တွေ ကတော့ တော်တော့ကို စုံစုံလင်လင်ပဲဗျ။

          စုံဆို စုံနံ့သာမြိုင်တောကို ရစ်ခွေစီးဆင်းသွားတဲ့ ချောင်းကလေးရဲ့ ဘေးသဲသောင်စပ်မှာ လုပ်တာကိုး။ သည်တော့ ရေသတ္တဝါဖြစ်တဲ့ ငါးက လေးတွေ၊ ပုစွန်လေးတွေကအစ ပါဝင်နိုင်ကြပေတာပေါ့။ ဆင်တို့၊ မြင်း တို့၊ ကျွဲတို့၊ နွားတို့ကစပြီး သမင်၊ ဒရယ်၊ ချေငယ်၊ စိုင်၊ ဆတ်၊ ပဒတ်၊ ယုန်၊ ခါ၊ မြွေပါ၊ ဝံပုလွေ အထွေထွေစုံပေါ့။ ကျားနဲ့ ကျားသစ်လည်းပါသပေါ့။ ခြင်္သေ့ကလည်း နှစ်ကောင် သုံးကောင်တော့ ရှိမယ်ထင်ပါရဲ့။ သစ်ကုလား အုတ်ကြီးတို့၊ မြင်းကျားကလေးတို့ကအစ မကြွင်းမကျန်ပါ။ အဲ..ငှက်တွေက တော့ ပြောမနေနဲ့။ သစ်ပင်တွေပေါ်မှာ တရုန်းရုန်း တအုန်းအုန်း။

          လူ့ရပ်၊ လူ့ရွာ၊ လူ့ကမ္ဘာမှာဖြင့် ကွန်စတီကျူးရှင်းနဲ့ ဘာနဲ့စနစ်တကျ အုပ်ချုပ်ကြလေပြီ။ တို့များတိရစ္ဆာန်ကမ္ဘာမှာလည်း အစို့နယ်အုပ်ချုပ်ကြမှတော်ပေစွလို့ အတွေးဝင်မိရာက အဲသည့်စုံနံ့သာမြိုင် ကွန်စတီကျူးရှင်း ကြီးကို ဆွဲဖြစ်ကြပြီး ယင်းကို လူ့ရပ်၊ လူ့ရွာက စာနယ်ဇင်းသမားများကို ခေါ်ယူရှင်းပြရခြင်းဖြစ်ပါသည်ဆိုလား။

          ဪ ...စုံနံ့သာမြိုင် ကွန်စတီကျူးရှင်းကို ရေးဆွဲတာက မြေခွေးတွေ တဲ့ခင်ဗျ။ ထူးပေ့ဆန်းပေ့ တောကြီးပါလားဗျာရယ်။

(သုံး)

          စုံနံ့သာမြိုင်မှာ မြေခွေးတွေက ဦးဆောင်ပြီးဆွဲထားတဲ့ ကွန်စတီကျူး ရှင်းရဲ့ အသေးစိတ်ကိုတော့ ဂျက်ကွမ်းခြံကုန်းကြီး စိတ်မဝင်စားပါဘူး။ ထို့ကြောင့် ပြောလည်း မပြောကြားလိုပါဘူးဗျာ။ အနို့သော် တစ်ခုဗျ။ စုံနံ့သာမြိုင်ကို အုပ်ချုပ်မည့်သတ္တဝါသည် ခြေလေးချောင်းသတ္တဝါ ဖြစ်ရမည်ဆိုတာကို တိရစ္ဆာန်အားလုံးက သဘောတူကြသတဲ့ဗျ။ ဆင်ရော၊ ခြင်္သေ့ရော၊ ကျားရော အကုန်ပေါ့။ ကောင်းပေစွ ကောင်းပေစွပေါ့။ အဲ သည်မှာ ဆက်ပြီးလာတာက ခြေလေးချောင်း သတ္တဝါဟုဆိုသော်လည်း အသားစားသတ္တဝါသာဖြစ်ရမည်လို့လည်း ဆိုလိုက်ရော ဆင်ကြီးလည်း ဘေးရောက်၊ သစ်ကုလားအုတ်ကြီးလည်းဘေးရောက်၊ နွားတွေ၊ ကျွဲတွေ၊ မြင်းတွေဆိုတာ မြောင်းထဲမှာ။

          အဲသည့်အထိကတော့ ခြင်္သေ့ကြီးကလည်း ပြုံးလို့တဲ့ဗျ။ ကျားကြီးက လည်း ဟဲဟဲဟဲဟဲပေါ့။ ကျားသစ်ကတော့ ရယ်သွမ်းသွေးရုံမျှသာ။

          အဲသည်မှာ နောက်တစ်ဆင့် ထပ်တက်လာပြန်တာက စုံနံ့သာမြိုင် ကိုအုပ်ချုပ်မည့် သတ္တဝါဟာ ခြေလေးချောင်းသတ္တဝါဖြစ်ရရုံသာမက၊ အသားစားသတ္တဝါ ဖြစ်ရရုံသာမက နာမည်ဟာ တစ်လုံးတည်းမဖြစ်ရဘူး လည်းဆိုရော ငိုင်ကျသွားတာက ကျားပဲဗျ။ သည်အထိကတော့ ခြင်္သေ့ နဲ့ ကျားသစ်ကရယ်တုန်းပဲ။ သူတို့နာမည်တွေက နှစ်လုံးတွေကိုး။ ခြင်္သေ့ ကလည်း နှစ်လုံးပဲ။ ကျားသစ်ကလည်း နှစ်လုံးပဲ။

           ဒါနဲ့ ဆက်ရရင် စုံနံ့သာမြိုင်ကွန်စတီကျူးရှင်းမှာ ဆက်ပြီးရေးထား တာက ထိုအမှီသတ္တဝါသည် ကြာသပတေးနံနဲ့စပြီး တနင်္လာနံနဲ့ဆုံးရမယ် ဆိုလား။ အဲသည့်မှာ ကွန်စတီကျူးရှင်းနဲ့ညီတဲ့ သတ္တဝါကို လိုက်ရှာတော့ မြေခွေးကို သွားတွေ့တော့တာကိုး။ ဟုတ်တယ်လေ မြေက “ပ၊ ဖ၊ ဗ၊ ဘမ” ကြာသပတေးနံ၊ ခွေးက “က၊ခ၊ဂ၊ဃ၊င” တနင်္လာနံ။ ဂျက်ကွမ်းခြံကုန်း စုံနံ့သာမြိုင်ကိုကြည့်ပြီး တော်တော့ကို သဘောကျသွားတာပါ။ စနစ်ကျလိုက်တာ၊ သည်တောကို ဘယ်သူအုပ်ချုပ်ပါလို့ ဇွတ်အတင်းအဓမ္မမသတ်မှတ်ထားဘူး။ စည်းနဲ့ကမ်းနဲ့။

          ကြည့်လေ။ စုံနံ့သာမြိုင်ကို ဦးဆောင်သူဟာ ခြေလေးချောင်းသတ္တဝါ ဖြစ်ရမယ်။ အဲသည့် ခြေလေးချောင်းသတ္တဝါဟာ အသားစားသတ္တဝါဖြစ်ရ မယ်။ အဲသည့် အသားစားသတ္တဝါဟာ နာမည်တစ်လုံးတည်းလည်း မဖြစ် ရဘူး။ နာမည်နှစ်လုံးဖြစ်ရမယ်။ အဲသည့် နာမည်နှစ်လုံးဟာလည်းပဲ ကြာသပတေးနံနဲ့စပြီး တနင်္လာနံနဲ့ဆုံးရမယ်တဲ့။ မြေခွေးတွေက ဦးဆောင်ရ မယ်လို့ ပြောမထားဘူးနော်။ သိပ်ကိုစနစ်ကျတာပဲ။ ကောင်းလိုက်တာ။

          အင်း...မြေခွေးတွေ ဆွဲထားတဲ့ စုံနံ့သာမြိုင် ကွန်စတီကျူးရှင်းကို လူတွေအတုယူစေချင်လိုက်တာ။