Skip to product information
1 of 8

စိတ်ကူးချိုချိုစာပေ

ဂျက်(ကွမ်းခြံကုန်း) - တောစန္ဒရား

Regular price 2,500 MMK
Regular price Sale price 2,500 MMK
Sale Sold out
နောင်ပြင်နိုင်ခက်သည့် ကွန်စတီကျူးရှင်း
(တစ်)

          တက္ကသိုလ်ဆရာတစ်ဦးက မှာဖူးသည့် နှုတ်ရည် အိမ်ထောင်မှုဘုရား တည် ဆေးမင်ရည်စုတ်ထိုး ဤသုံးမျိုး ချက်မပိုင်လျှင် နောင်ပြင်နိုင်ခက် သည့် အမျိုး... တဲ့။

          အဲသဟာ ရှေးကဗျာကလေးတစ်ပုဒ်ရဲ့ အစပထမအပိုဒ်ကို ကောက် နုတ်ပြီး ရေးထည့်လိုက်တာပေါ့ ။ အခက်သုံးပါးကို သတိပြု ဆောင်ရွက်နိုင် ကြရန်အလို့ငှာ လက်တို့ပြီး သတိပေးလိုက်တဲ့ ကဗျာကလေးပဲပေါ့။ ဟိုးရှေး ရှေးခေတ် တက္ကသီလာကျောင်းတိုက်က ဒိသာပါမောက္ခဆရာကြီးက နှုတ် မြွက်စကားနဲ့ ထုတ်လျက် မှာကြားဖူးခဲ့ပါလေသတဲ့။ အိမ်ထောင်တစ်ခုကို မပြုမီက စဉ်းစားပါတဲ့။ ပြုပြီးသွားရင် ပြင်ဖို့ခက်ပါတယ်တဲ့။ အနို့အတူ ဘုရားကိုလည်း မတည်ခင်က စဉ်းစားပါတဲ့။ တည်ပြီးသွားရင် ပြင်ဖို့ ခက် ပါတယ်တဲ့။ ထို့အတူ ဆေးမင်ကြောင်(ခေါ်) ထိုးကွင်း(ခေါ်) တက်တူး (tattoo) ကိုလည်း မထိုးမီက စဉ်းစားပါတဲ့။ ထိုးပြီးသွားရင် ပြင်ဖို့ခက်ပါ တယ်တဲ့။ ကောင်းလိုက်တာ။

          အနို့သော် သို့သော်လည်းပေါ့ ။ ခေတ်သစ်ကိုရောက်လာတဲ့အခါ အဲသည် အမှီကဗျာထဲကနှယ် မဟုတ်တော့ဘဲနဲ့ လူတွေဟာ ပြင်ဟယ် ဆင်ဟယ်လုပ်လာကြပုံ ရပါတယ်။ တစ်ယောက်မကောင်း တစ်ယောက်ပြောင်း ဆိုတဲ့မူနဲ့ ကွဲကြ ပြဲကြတဲ့ အိမ်ထောင်တွေ ပိုလို့ပိုလို့ များပြားလာ လေသလားပါပဲ။ သည်လိုပါပဲ ဘာနဲ့မလွတ်လို့၊ ညာနဲ့ မလွတ်လို့ဆိုတဲ့ အကြောင်းပြချက်တွေနဲ့ ဘုရားကို တူးရွှေ့၊ အိမ်ကို တူးရွှေ့ လုပ်လာကြတာ ပါပဲ။ ဟော... ဆေးမင်ကြောင်တွေကိုတောင်မှ ငွေများများသုံးပြီး ဖျက်ခိုင်း ရင် ဖျက်လို့ရပါလေသတဲ့ခင်ဗျ။

      ပျက်အစဉ် ပြင်ခဏဆိုတဲ့စကားဟာ အဲသဟာကြောင့်များ ပေါ် ပေါက်လာခဲ့လေသလား မဆိုတတ်ပါဘူး။

     အခု.. စုံနံ့သာမြိုင်တောကြီးထဲမှာ ပွစိပွစိဖြစ်နေတာဟာ အဲသည့် ပြင်ရခက်တယ်၊ ပြင်ရမခက်ဘူးဆိုတဲ့ ကိစ္စပါပဲကွယ်တို့ ။

(နှစ်)

             “စုံနံ့သာမြိုင် ကွန်စတီကျူးရှင်း” ဆိုပြီး ဂျက်ကွမ်းခြံကုန်းရေးခဲ့ဖူးတဲ့ စာတစ်ပုဒ်ထဲမှာ စုံနံ့သာမြိုင်တောထဲက တိရစ္ဆာန်များဟာလည်း လူသားတို့ ကိုတုပကာ ကွန်စတီကျူးရှင်း (constitution) လို့ခေါ်တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေနဲ့ ဘာနဲ့အုပ်ချုပ်လာကြတဲ့အကြောင်း ဖော်ပြခဲ့ဖူးပါတယ်။ အခု အဲသည့် စုံနံ့သာမြိုင်ကွန်စတီကျူးရှင်းကြီးကို ပြင်မယ် မပြင်ဘူးဆိုပြီး တောထဲက တိရစ္ဆာန်တွေရဲ့ ကြားထဲမှာ ပွစိ ပွစိ ဖြစ်နေကြတာပါ။

          အများသိတော်မူကြတဲ့အတိုင်း စုံနံ့သာမြိုင်ရဲ့ ကွန်စတီကျူးရှင်းကို ဆွဲထားတာက မြေခွေးပါ။ ပထမဦးဆုံးတင်လိုက်တဲ့အဆိုက စုံနံ့သာမြိုင်တောကို ခြေလေးချောင်းသတ္တဝါများသာ စိုးမိုးရမည်ဆိုတဲ့အဆိုပါ။ ခြေလေးချောင်းတွေက ထောက်ခံခဲ့ကြလေသပေါ့။ နောက်တစ်ဆင့် ထပ်တင်တဲ့ အဆိုက အနှီခြေလေးချောင်းသတ္တဝါတို့သည် အသားစားသတ္တဝါများသာ ဖြစ်ရမည်ဆိုတဲ့အဆိုပါ။ အသားစားတဲ့အကောင်တွေက ထောက်ခံခဲ့ကြပြန် လေသပေါ့။ နောက်တစ်ခါ ထပ်တင်ပြန်တဲ့အဆိုက ယင်းအသားစား သတ္တဝါသည် နာမည်နှစ်လုံးနဲ့ဖြစ်ကာ အဆိုပါနာမည်သည် ကြာသပတေး နာမ်နဲ့စ,ကာ တနင်္လာနာမ်နဲ့ ဆုံးရမည်ဆိုပြီးတော့ တောရဲ့ ကွန်စတီကျူး ရှင်းကို စနစ်တကျ စည်းကမ်းရှိရှိ သိက္ခာသမာဓိခိုင်ခိုင်မာမာနဲ့ သတ္တဝါအစွဲ မရှိဘဲ ဆွဲထည့်လိုက်တာ မြေခွေးနဲ့ သွားပြီး တည့်တည့်တိုးနေတော့တာပါပဲ။ အနံ့ကလို၊ သို့ကလိုနဲ့ မြေခွေးဟာ စုံနံ့သာမြိုင်တောကြီးထဲမှာ ကွန် စတီကျူးရှင်းနဲ့ အညီ တောဘုရင်ဖြစ်လာခဲ့ရပါကြောင်း ဂျက်ရဲ့ စာမူ အဟောင်းတစ်ပုဒ်ထဲမှာ တင်ပြခဲ့ဖူးမိလေတာပါ။

           အခု အဲသည့် တောကွန်စတီကျူးရှင်းကြီးကို တိရစ္ဆာန်တွေက မကြိုက်ကြတာပါတဲ့။

           “အိမ်ထောင်ပြုတာ၊ ဘုရားတည်တာ.. ဆေးမင်ကြောင်ထိုးတာ ပြင် ဆင်ဖို့ခက်ခဲသလို ကွန်စတီကျူးရှင်းတစ်ခုဟာ ပြင်ရခက်တယ် ဆရာကြီး ဂျက်ရဲ့”

           အဲသဟာ ဂျက်နဲ့ဆုံတိုင်း မြေခွေးပြောလေ့ရှိတဲ့စကားပေါ့။

          “ပျက်အစဉ် ပြင်ခဏမဟုတ်လား ကိုမြေခွေးရယ်။ အဆွေရေးထား တဲ့ဟာကို အဆွေပြန်ပြင်လို့ မရဘူးလားဗျာရယ်”

          “ပြင်ချင်တာပ... ဂျက်ဆရာရယ်။ စည်းကမ်းကြီးကြောင့် ခက်နေ တာခင်ဗျ”

          မြေခွေးရဲ့ ညည်းချင်းပါ။ ဘယ့်နှာသို့သော စည်းကမ်းမှန်းမသိ။

(သုံး)

          “လူတွေက ကွန်စတီကျူးရှင်း ပြင်လေ့ရှိသလား ဆရာကြီးဂျက်” တဲ့။ ။

          တစ်နေ့တော့ ဘာစိတ်ကူးပေါက်တယ်မသိ။ မြေခွေးက အနို့ကလို ဂျက်ကိုမေးလာပါတယ်။

          အမေရိကန်သမ္မတတွေရဲ့ ကျမ်းသစ္စာကျိန်ဆိုပွဲများမှာ "Preserve, Protect and Defend the constitution of united States" solo: ရပါတယ်။ အမေရိကန်ကွန်စတီကျူးရှင်းကို ထိန်းသိမ်းစောင့်ရှောက် ကာ ကွယ်ပါ့မယ်ပေါ့ဗျာ။ အနို့သော် ၁၇၈၉ ကစခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ ကို လိုအပ်လို့ ထပ်ထပ်ပြင်ခဲ့တာ ၂၇ ခုရှိပြီတဲ့ခင်ဗျ။ အိန္ဒိယမှာလည်း သည်အတိုင်းပါပဲ။ ၉၄ ခုပြင်ခဲ့ပြီးပါပြီတဲ့။ ဘယ်အရာမှ ထာဝရမှန်၊ ထာဝရကောင်းတဲ့အရာဆိုလို့ ကမ္ဘာပေါ်မှာမရှိနိုင်တာကြောင့် ကွန်စတီကျူးရှင်း ဆိုတာကြီးကိုလည်း ပြင်ရပါကြောင်း ဂျက်က အကိုးအထောက်တွေနဲ့ ပြောပြလိုက်တဲ့အခါ မြေခွေး နည်းနည်းစဉ်းစားသွားပုံရပါတယ်။

          “ခက်တာက ဆရာကြီး ဂျက်ရဲ့ တောတွင်းရှိ မြေခွေးမှန်သမျှ တစ် ကောင်မကျန်က ထောက်ခံကြရင် စုံနံ့သာမြိုင်ရဲ့ ကွန်စတီကျူးရှင်းကို ပြင် နိုင်တယ်လို့ စည်းကမ်းထုတ်ထားမိသဗျ”

          “နေပါဦး... စည်းကမ်းက ဘယ်သူက ထုတ်တာတုံး” “ကျုပ်ထုတ်တာလေ”

          “ခင်ဗျားထုတ်တဲ့ စည်းကမ်းကို ခင်ဗျား ပြန်ပြင်လို့မရဘူးလား အဆွေ မြေခွေးရဲ့”

          “မရလို့ ခက်တာပေါ့ ဆရာဂျက်ရယ်” “ဘယ့်နှာကြောင့်”

          သည်တစ်ခါမှာတော့ မြေခွေးက ဂျက်ကို အကြာကြီးကိုပဲ စိုက်ကြည့် နေတော့တာပါ။ ကြာဆိုမှ တော်တော့်ကို ကြာတဲ့အကြောပေါ့ ။

          “ပြင်ပေးရင်... မြေခွေးရဲ့ ပလ္လင်အရေးက စိတ်ချရပါ့မလားဟင်..ဆရာဂျက်”

          “ဪ.. အဆွေမြေခွေးရယ် တောကောင်းဖို့အတွက်ကတော့ မနော ပြောင်းရမှာပေါ့ဗျာ။ ပလ္လင်အရေးရယ်ကြောင့် ပြင်မပေးချင်ဘူးဆိုလည်း ခင်ဗျားတို့တော အစဉ်ဆွေးလို့သာနေကြပေတော့ပေါ့ ဟုတ်ဘူးလား”

          အိမ်ထောင်မှု ဘုရားတည်၊ ဆေးမင်ရည်စုတ်ထိုးတဲ့။ ပြင်ဖို့ ခက်တဲ့ အထဲမှာ စုံနံ့သာမြိုင် ကွန်စတီကျူးရှင်းကိုပါ ထပ်ဖြည့်လိုက်ပေရော့။