Skip to product information
1 of 7

စိတ်ကူးချိုချိုစာပေ

ဂျက်(ကွမ်းခြံကုန်း) - ဆင်တစ်ဖက်မြင်းတစ်ဖက်

Regular price 3,000 MMK
Regular price Sale price 3,000 MMK
Sale Sold out
ကိုကြီးကျော်နဲ့ အခါကြီးရက်ကြီး
(တစ်)

           တောကြီးဆိတ်ညံဆိုတဲ့စကား ရှိသဗျ။ အဲဒါ မဲဇာတောင်ခြေအစချီတဲ့ ရတု ကဗျာထဲက စကားလုံးကလေးပေါ့။ မဲဇာတောကြီးရဲ့ သဘာဝကို ဖွဲ့ထားတာ။ လက်ဝဲသုန္ဒရအမည်ခံ ဦးမြတ်စံတစ်ယောက် မင်းပြစ်မင်းဒဏ်နဲ့ မဲဇာတော ကြီးရှိရာဆီ အပို့ခံရတဲ့အခါ နေပြည်တော် ရတနာသိင်္ဃရွှေဘိုမြို့ ရှိရာဆီ တမ်းတမှန်းဆ လွမ်းရပါကြောင်း ရတုကဗျာဖွဲ့ သီလို့ ရင်ဖွင့်လေသောအခါ အဲသည်ကဗျာထဲမှာ အခုပြောခဲ့တဲ့ တောကြီးဆိတ်ညံဆိုတဲ့ စကားလုံး ပါ လေသပေါ့ ။ အဲဒါ တိတ်ဆိတ်တာကို ပြောတာလေတဲ့ခင်ဗျ။ ညံဆိုတာကို တွေ့တာနဲ့ ဆူညံတယ်ဆိုပြီး အဓိပ္ပာယ်အကောက်အယူ မစောလိုက်လေနဲ့။

          အနို့ဟာက ကုန်းဘောင်ခေတ်က စကားလုံး။ ကုန်းဘောင်ခေတ်က အနက်။ ကုန်းဘောင်ခေတ်က အဓိပ္ပာယ်။

          အဲ.. အခုကျတော့ ညံတာက အနက်တစ်မျိုးထွက်သွားပြီ။ ဆူတာ။ မတိတ်ဆိတ်တာ။ ပွက်လောရိုက်တာ။ တောကြီးဆူညံလို့ ပြောင်းသုံးရ တော့မယ် ထင်ပါရဲ့။

          အခု ပစ္စက္ခမှာ တစ်လောကလုံး သြချမဆုံးအောင် အမှုပွေလှတဲ့ နာမည်ကျော်စုံနံ့သာမြိုင်တောကြီးကို ရတုဖွဲ့ ရရင် တောကြီးဆူညံလို့ပဲ သုံး ရမှာပါ။ ဆယ့်နှစ်လရာသီပတ်လုံး အုန်းအုန်းကျွက်ကျွက်နဲ့ ဆူညံပွက်ထ ကာ သာယာဝေစည်တဲ့ ဘာညာရွှေပြည်ကြီး ဖြစ်လို့နေတာကိုး။

          စုံနံ့သာမြိုင်မှာ ပွဲလမ်းသဘင် မရှိတဲ့ လ ရယ်လို့ မရှိ။ သတ္တဝါတွေ၊သတ္တဝါ တွေဆိုတာ ကကြခုန်ကြ၊ ပျော်ကြပါးကြ။ အထိမ်းအမှတ်တွေနဲ့ ဒိန်းတပ်တပ် ဒိန်းတပ်တပ်နဲ့ဆိုပြီး ဖြစ်နေခဲ့ကြတာ။ တစ်ကျော့တစ်ချီမှ မနားတဲ့ လော်စပီကာ (Loud Speaker) တွေနဲ့ တောယံမှာ သောညံလို့ ။

          ဒါကြောင့် ကြီးဆူညံ။

(နှစ်)

          တစ်ရက်တော့ မျောက်သုံးကောင် ဂျက်ကွမ်းခြံကုန်းနေတဲ့ လူ့ရွာထဲ ရောက်လာကြပါလေရော။ ရေးကြီးသုတ်ဖျာကြီးရယ်။ လက်ထဲမှာလည်း တိရစ္ဆာန်အသပြာအထပ်လိုက်နဲ့။

         တောထဲက သတ္တဝါတွေ ဂျက်ကွမ်းခြံကုန်းနဲ့ အကူးအလူး အဆက် အဆံရှိတာ အားလုံးအသိ။ လိုအပ်တာကလေးတွေရှိရင် လူ့ရွာထဲရောက် လာ၊ တိရစ္ဆာန်မန်းနီးနဲ့ လူမန်းနီး လဲလှယ်၊ ကောင်းနိုးရာရာကလေးတွေ ရွေးချယ် ဝယ်ခြမ်း ပြန်သွား။ လူ့ရွာနဲ့ တိရစ္ဆာန်ကမ္ဘာ ရီလေးရှင်း (Relation) ရှိတာ ဘာမှမဆန်းကြယ်လှ။ အခုတော့ ကြည့်။ ဘယ့်နှာဖြစ်တယ် မသိ။ မျောက်သုံးကောင် ဒရောသောပါး။

           “ဝီစကီ... ဝီစကီ... ဝီစကီ” တဲ့။ ။

          ဂျက်က “နေပါဦး အဆွေတို့ပြောတဲ့ ဝီစကီဆိုတာက ဘဇာကိုပြော နေတာတုံး။ အရက်ကို ပြောနေတာလား”လို့ မေးရပါတယ်။ သည်တော့မှ မျောက်သုံးကောင်လုံးက အရက်ကို မော့သောက်တဲ့ဟန်ပန်မျိုး လုပ်ပြကာ...

          “ဟုတ်တယ်... အရက်၊ ဝီစကီ” တဲ့။

          သင်းတို့က ဝီစကီလာဝယ်ကြတာခင်ဗျ။ ၁ဝ ပုလင်းရရ၊ ပုလင်း ၂၀ ရရတဲ့။ ဝီစကီဆို ပြီးရောဆိုလား။ စုံနံ့သာမြိုင်မှာ အရက်ပြတ်သွား လို့ ဆိုပါတော့။

          “အဆွေတို့တောက အရက်တောင် ပြတ်သွားရတယ်လို့”

          ဂျက်က အနို့ကလို အပြစ်ငွေ့ငွေ့ ကလေးတင်တော့ မျောက်တွေက ခံချင်ပုံမရပါဘူး။

          “အခါကြီးရက်ကြီးလေ ဆရာဂျက်ရဲ့ ။ ဘုရားလောင်းမျောက်မင်းနေ့အမှတ်တရပွဲ ကျင်းပနေတာ။ လိုက်ပါ ရှုစားလှည့်ပါဦး” တဲ့။

          ဝီစကီပုလင်းတွေ လိုသလောက် ဝယ်ယူပြီးတဲ့နောက် မျောက်သုံး ကောင် စုံနံ့သာမြိုင်ကိုပြန်တဲ့အခါ ဂျက်လည်း ဗဟုသုတကလေးလိုချင်တာ နဲ့ အတူလိုက်သွားမိပါရဲ့။

          ဟုတ်သဗျ။ စည်လိုက်တာ။ တစ်တောလုံးက သတ္တဝါတွေ ညီလိုက် တာများ။ မော့တဲ့အကောင်က မော့၊ မူးတဲ့အကောင်က မူး။ ကခုန်ပျော်ပါးရင်း လှည့်လည်သွားတဲ့အခါ ဆောင်းဘောက်စ်(SongBox)တွေက အပြိုင်အဆိုင်။ ဘုရားလောင်းမျောက်မင်းနေ့ အထိမ်းအမှတ်နေ့။ ဒိန်းဒိန်း ဒိန်းဒိန်းနဲ့။

          “ကိုကြီးကျော်x x x ကိုကြီးကျော် x x x တို့ကိုကြီးကျော်x x x ထူးလည်းထူးတယ်x x x မြူးလည်းမြူးတယ်x x x တို့ ကိုကြီးကျော်”

          ပွက်ပွက်ညံနေတဲ့ သီချင်းသံကြားထဲမှာ ခြင်္သေ့နဲ့ မြေခွေးက တစ် ကောင့် လည်ပင်းကို တစ်ကောင်ဖက်ကာ ပုလင်းကိုယ်စီမော့လို့။ သူတို့ကို ဝန်းရံထားတဲ့ သတ္တဝါတွေကလည်း ဝီစကီနံ့တထောင်းထောင်းမှာ ယိမ်းထိုး လို့ ။ ခုန်ခုန်ပြီး ကနေလိုက်ကြတာများဆိုတာ။ မျောက်မင်းပုံ ပိုစတာတွေကို ကိုင်မြှောက်တဲ့သတ္တဝါက ကိုင်မြှောက်လို့။ ။

          ဂျက်ကွမ်းခြံကုန်းဆီ ရောက်လာပြီး ဝီစကီလာဝယ်တဲ့ မျောက်သုံး ကောင်က “ဘယ့်နှယ့် ဘုရားလောင်းမျောက်မင်းနေ့ အမှတ်တရပွဲလေး မစည်ဘူးလား”တဲ့။

          ဂျက် ပြန်လာတော့ သူတို့က ဗီဒီယိုခွေလေးတစ်ခွေတောင်မှ လက် ဆောင် ပေးလိုက်သေး။

(သုံး)

          လက်ဆောင်ပေးလိုက်တဲ့ အခွေက ဘာအခွေမှတ်သတုံး။ စုံနံ့သာမြိုင် တောထဲမှာ ဘုရားလောင်းဒေါင်းမင်းနေ့ ကျင်းပတုန်းက ရိုက်ထားတဲ့အခွေ။

          ဒေါင်းရုပ်ကြီးကိုကိုင်လို့ တောသတ္တဝါတွေ ကခုန်ပျော်ပါး မူးရူး အော်ဟစ်ကာ တောကို လှည့်လည်နေတဲ့အခွေ။ ဖုန်တောထဲမှာ လူးတဲ့ သတ္တဝါက လူးလို့။

          “ကိုကြီးကျော်x x x ကိုကြီးကျော်x x x တို့ကိုကြီးကျော်x x x ထူးလည်းထူးတယ်x x x မြူးလည်းမြူးတယ်x x x တို့ကိုကြီးကျော်”

          ပျော်စရာကောင်းလိုက်တာ။ သီချင်းသံက ဒိန်းဒိန်းညံကာ ဟိန်း ဟိန်း လျှံလို့။ သတ္တဝါတွေ တစ်တောလုံး လမ်းပေါ်မှာ ရုံးရုံး ရုံးရုံးနဲ့ ။

            ကောင်မှာ ကိုးကောင်က မူးပြီးသားတွေချည်းပဲ။ တချို့ ခါးကြားမှာ ဝီစကီ ပုလင်းကို ထိုးလို့။ တောခွေးဆိုရင် သူ့ပုဆိုးတောင်မှ သူမနိုင်ဘူး။ ကျွတ် ကျသွားလိုက်၊ ကောက်ဝတ်လိုက်။ ဘုရားလောင်း ဒေါင်းမင်းကို အမှတ်ရ သောအားဖြင့် ကျင်းပတဲ့ပွဲပေကိုး။

          ဟော... ကြည့်။ မူးနေတဲ့သတ္တဝါအချင်းချင်း ခြင်္သေ့နဲ့ ကျားနဲ့ ဝင် တိုက်မိမလိုဖြစ်ရာက မာန်ဖီကာ ကိုက်မယ် ခဲမယ်လုပ်တော့ ဘေးက ဝိုင်း ဆွဲထားကြပြန်ပါလေရော။

          “ကိုကြီးကျော်x x x ကိုကြီးကျော်x x x တို့ကိုကြီးကျော်x x x ပေါ့၊ ထူးလည်းထူးတယ်x x x မြူးလည်းမြူးတယ်x x x တို့ ကိုကြီးကျော်”

          တောထဲက လက်ဆောင်ပေးလိုက်တဲ့ ဘုရားလောင်းဒေါင်းမင်း အမှတ်တရပွဲ ဗီဒီယိုခွေကလေး ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတုန်း ဧည့်သည်ဆိုတာနဲ့ ထွက်တွေ့တော့ တောခွေးသုံးကောင်။ ပိုက်ဆံအိတ်တွေ ချိုင်းကြားညှပ်လို့။ ။

          “အခါကြီးရက်ကြီး နီးလာပြီ ဆရာကြီးဂျက်ရဲ့ ။ ဝီစကီလာစုတာ။ နောက် သုံးလေးရက်ဆို ဘုရားလောင်းဆင်မင်းနေ့ အမှတ်တရလုပ်တော့ မှာ။ တောမှာ သီချင်းတောင်တိုက်နေကြပြီ။ ဟဝှလေဗျာ။ ကိုကြီးကျော် x x x ကိုကြီးကျော်x x x တို့ကိုကြီးကျော် ဆိုတာလေ”

          ဘုရားလောင်းဆင်မင်းနေ့ လာဦးမတဲ့။ သတ္တဝါ တွေ။ အခါကြီး ရက်ကြီးအတွက် အလေးအနက်ထားလိုက်တာ။ အရက်တွေ ကြိုစုကြပြန် ပေါ့။ ကိုကြီးကျော်သီချင်း တိုက်ကြပြန်ပေါ့။ ။

         အပါယ်လေးပါးထဲမှာ တိရစ္ဆာန်ဆိုတဲ့ အပါယ်တစ်ပါးထဲ ကျ ရောက်နေပေမဲ့ အခါကြီးရက်ကြီးကို ဘယ်တော့မှမမေ့ကြဘူး။ ရောက်ဦး မှာ၊ နိဗ္ဗာန်။