ချောအိမာန်(မန္တလေး) - ဝထ္ထုတိုငါးပုဒ်
ပီတိမျက်ရည်
အလင်းနဲ့ အရိပ်တဲ့။ ဒီနာမည်လေးနှစ်ခုမှာ အဓိပ္ပာယ်တွေ ကွာခြားနေခဲ့တယ်။ ဖေဖေ မေမေတို့ရဲ့ အယူအဆတွေ အတွေးအခေါ် ကောင်းတွေနဲ့ မှည့်တွင်ခဲ့တဲ့ အမည်နှစ်ခုကိုပင် နှိုင်းယှဉ်လိုက်တိုင်း အားငယ်စိတ်တွေ ရောပြွမ်းပြည့်လျှံလာတဲ့ နှလုံးအိမ်ထဲက ခံစား ချက်ကို ဘယ်သူ သိနိုင်မှာလဲနော်။
အလင်းတဲ့ အလင်းရောင်ဆိုတဲ့ ထွန်းလင်းတောက်ပခြင်းကို ထာဝရ ပိုင်ဆိုင်ထားနိုင်သူဟာလည်း သူပဲပေါ့။ မွေးလာကတည်းက ဘယ်ဘဝက ပါရမီကြောင့်လဲ အသားရေ ဝင်းဖန့်ဖန့် နုနုအိအိ ဝိုင်းဝိုင်းလေးနဲ့ နှုတ်ခမ်းလေးတွေ ရဲနေတဲ့ အလင်းကို တစ်အိမ်လုံး ဖူးဖူးမှုတ် ချစ်ခဲ့ကြတယ်။ သူကလည်း ချစ်ချင်စရာ။ မျက်လုံးဝိုင်း ဝိုင်း စကားကို မပီကလာလေးပြောတာကအစ အရမ်းချစ်ဖို့ကောင်း တဲ့သူပေါ့။ တွေ့တဲ့သူတိုင်းက ကျွန်မနဲ့သူ နှစ်ယောက်ရှိရင်တောင်အလင်းကိုပဲ ရွေးလုချီခဲ့ကြတာလေ။ ဦးကျော်မြင့်နဲ့ ဒေါ်မြမြလွင် သမီးလား အရမ်းချစ်ဖို့ကောင်းတာပဲနော် ဆိုတဲ့ စကားသံက ငယ်စဉ် ကနေ ခုချိန်ထိ ကြားနေခဲ့ရတုန်း။ ဘာကိုပဲယှဉ်ယှဉ် အလင်းထက် ကျွန်မဟာ နောက်မှာ ကျန်ရစ်ခဲ့တာ ဘာကြောင့်လဲ။
အလင်းထက် ကျွန်မဟာ တစ်နှစ်ငယ်ပါတယ်။ ကျွန်မ မေမေ ဟာ အလင်းကို ရန်ကုန်ပြည်သူ့ဆေးရုံကြီးမှာ မွေးခဲ့ပေမဲ့ ကျွန်မ ကိုတော့ ခရီးသွားရင်း ဗိုက်နာလာတာကြောင့် လမ်းက ရွာတစ်ရွာ မှာ ဝင်မွေးခဲ့ရတာတဲ့။ အလင်းကို မွေးရတာ လွယ်သလောက် ကျွန်မ ကိုမွေးရတာ သိပ်ခက်တာပဲဆိုတဲ့စကား ကြုံတိုင်းပြောတတ်တဲ့ မေမေ့ အသံကို ကျွန်မ နားခါးလာမိတယ်။
ကျွန်မကို နာမည်ပေးတော့ အလင်းလောက် ခက်ခက်ခဲခဲ မစဉ်းစားခဲ့ရဘဲ အိမ်ရှေ့က ပိတောက်ပင်ရဲ့ အရိပ်လှုပ်နေတာကို ဖေဖေက မြင်ခဲ့ပြီး အရိပ်လို့ ပေးခဲ့တာတဲ့။ အိမ်မှာတော့ အလင်းရဲ့
တောက်ပမှုကြောင့် အလင်းရောင်ဂုဏ်တွေ ဖြာလင်းခဲ့ပေမဲ့ ကျွန်မ ရဲ့ အရိပ်ကြောင့် ဘယ်သူ့ကိုမှ မအေးမြစေခဲ့ပါဘူး။
ကျွန်မဟာ မိသားစုမှာ ငယ်စဉ်ကတည်းက သီးခြားဆန်ပြီး ခပ်အေးအေးနေတတ်တဲ့အကျင့်ကြောင့် တစ်အိမ်တည်းမှာနေပေမဲ့ မိသားစုနဲ့ ဝေးကွာနေသလို ရှိခဲ့တယ်။ အလင်းကတော့ စကား တီတီ တာတာနဲ့ ဖေဖေ့ပေါင်ပေါ်တစ်လှည့် မေမေ့ရင်ခွင်တစ်လှည့် နေရာ ယူနိုင်သူပေါ့။ သူက ဖေဖေ၊ မေမေတို့ရဲ့ စိတ်ကြိုက် သမီးလေးပေါ့။ ငယ်စဉ်ကတည်းက စာအရမ်းတော်တဲ့အလင်းကို မနာလိုမိတာတော့ အမှန်ပါပဲ။ သူ့လိုမျိုးတော်အောင် ဘယ်လောက်ပဲ ကြိုးစားခဲ့ပေမဲ့ သူ့ရဲ့ သုံးပုံတစ်ပုံကို မီရုံလေးသာ ရှိခဲ့တယ်။ ဖေဖေနဲ့ မေမေက ဧည့်ခံပွဲ မိတ်ဆုံစားပွဲတွေကို အလင်းကိုသာ ခေါ်သွားတတ်ပေမဲ့ ကျွန်မက အလင်းလောက် မချောပေမဲ့ ကျွန်မ သူငယ်ချင်း တွေကတော့ ကျွန်မမှာ အရမ်းလှတာတစ်ခုရှိတယ်တဲ့။ ဘာလဲ ဆိုတော့ ကျွန်မရဲ့ စိတ်လေးက အရမ်းကောင်းတယ်တဲ့။ဒါက သူတို့ မသိလို့ပါ။ ကျွန်မရဲ့ စိတ်ထဲ အလင်းကို တိတ်တိတ်လေး မနာလို ဝန်တိုနေတာ သူတို့မှ မသိဘဲ။ .
ကျွန်မတို့ရဲ့ အိမ်ရှေ့ဧည့်ခန်းမှာ အလင်းရဲ့ အလှဓာတ်ပုံ၊ ဆုရဓာတ်ပုံတွေ ပြည့်နှက်နေတတ်သလို ကျွန်မကတော့ မိသားစု ဓာတ်ပုံထဲမှာ အရောင်ခပ်မှိန်မှိန်လေးသာ။ သူ ငယ်စဉ်ကတည်းက ရလာခဲ့တဲ့ ဆုတွေကလည်း ဗီရိုထဲမှာ အပြည့်။ တစ်အိမ်လုံး အလင်း နဲ့ပတ်သက်မှုတွေပဲ ပြည့်နှက်နေတဲ့ ဖေဖေ မေမေတို့ရဲ့ ပါးစပ်ဖျား မှာလည်း အလင်းပဲပေါ့။ ကျွန်မအတွက် နေရာဆိုတာ မရှိတော့တဲ့ အခါ အလင်းလို ဖေဖေ မေမေတို့ရဲ့ ကိုယ်ပွားသမီး ဘာဖြစ်လို့ မဖြစ်ခဲ့ရတာလဲလို့ တွေးမိတိုင်း ခိုင်မာတဲ့ မျက်ရည်တွေ ဝဲချင်ခဲ့ပါ တယ်။
ဆေးကျောင်းသူတစ်ယောက်ဖြစ်တဲ့ အလင်းရဲ့ သူငယ်ချင်း တွေကို မေမေတို့က အရေးပေးသလို ကျွန်မရဲ့ သူငယ်ချင်းများကိုတော့ လူဆိုးလေးတွေတဲ့။ အိမ်ကိုလာရင်တောင် သိပ်မကြိုက်ချင်တဲ့ မေမေတို့ကြောင့် ကျွန်မ သူငယ်ချင်းတွေ အလာကျဲသွားခဲ့တယ်။ မမျှတလွန်းတဲ့ အခြေအနေတွေကို နှစ်ပေါင်းများစွာ ရင်ထဲမှာ သိမ်းဆည်းလာခဲ့ရတာ ကြာလာတော့ ရင်နဲ့တောင် မဆုံချင်တော့ပါ။ အလင်းရဲ့ ရှေ့မှာ ယုံကြည်မှုအပြည့်နဲ့ လှပတဲ့အနာဂတ်တွေ ခိုင်မာစွာ ရှိခဲ့သလို၊ ကျွန်မရဲ့ အနာဂတ်ကတော့ မပီပြင် ခပ်ဝါးဝါးမျှသာ။ အလင်းရဲ့ အိမ်ထောင်ရေးကိုတောင် ကြိုစဉ်းစားလာသော မေမေ တို့ရဲ့ စကားဝိုင်းမှာ အရာရာ အလင်းအတွက်၊ အလင်းရှေ့ရေးသာ