Skip to product information
1 of 5

စိတ်ကူးချိုချိုစာပေ

ချစ်ဦးတင် - လူငယ်များအတွက်အင်တာနက်

Regular price 800 MMK
Regular price Sale price 800 MMK
Sale Sold out

နိဒါန်း

           အင်တာနက်အကြောင်း၊ အင်တာနက်ဆိုတဲ့စကားလုံးကို မကြားဖူးပါဘူးဆိုတဲ့လူ တော်တော်ပဲရှားပါ လိမ့်မယ်။ ဘာဖြစ်လို့လဲဆိုတော့ အဲဒါကို နေ့စဉ်နဲ့အမျှ တီဗီကလည်းပြ၊ မဂ္ဂဇင်းတွေမှာလည်း မြင်ရဖတ်ရ၊ရေဒီယိုကလည်း ကြားနေရတာမဟုတ်လား။ လူတိုင်းရဲ့ ပါးစပ်ဖျားမှာလည်း ဒီအကြောင်း ပြောနေကြတယ်လေ။ ဒါကြောင့် လူတိုင်းလိုလို အင်တာနက်အကြောင်းကို ကြားသိလိုလာကြတာ၊ အဲဒီအကြောင်းကို ထဲထဲဝင်ဝင် ခြေခြေမြစ်မြစ် နားလည်ထိတွေ့ သုံးသပ်ကြည့်လိုလာကြတာ ဖြစ်ပါတယ်။

          ဒါပေမဲ့ အင်တာနက်က အဲဒီလို တစ်ကမ္ဘာလုံးလွှမ်းခြုံပြီး တစ်ခွင်တစ်ပြင်အနှံ့ ပြန့်နေတဲ့ကွန်ရက်ကြီးလို အလုပ်လုပ်နေတဲ့တိုင်အောင် အမှန်တော့ အဲဒါဟာ တသီးတခြား ကွန်ပျူတာထောင်ပေါင်းများစွာနဲ့ ဆက်သွယ်နေတဲ့ ကွန်ရက်ငယ်တွေအမြောက်အမြားကို တဆက်တစပ်တည်း ပေါင်းရုံးတွဲချိတ်ထားတာပါပဲ။ အဲဒီကွန်ရက်ငယ်တွေက အစိုးရဌာန အေဂျင်စီတွေ၊ ကုမ္ပဏီငယ်တွေ၊ ဧရာမကော်ပိုရေးရှင်းကြီးတွေ၊ စာသင်ကျောင်းတွေ၊ လူထုစာကြည့် တိုက်တွေ၊ တက္ကသိုလ်တွေနဲ့ အမြတ်အစွန်းရရေးမရည်ရွယ်တဲ့ အဖွဲ့အစည်းတွေက အသုံးပြုနေတဲ့ကွန်ပျူတာတွေနဲ့ ချိတ်ဆက်ဆောင်ရွက်ကြတာ ဖြစ်ပါတယ်။

          ဒီစာအုပ်ကို ဖတ်ရှုနေတဲ့ သင့်ကို ဒီစာအုပ်က အင်တာနက်နဲ့ မိတ်ဆက်ပေးပြီး အင်တာနက်ရဲ့အလုပ် လုပ်ပုံနဲ့ အင်တာနက်ပေါ်မှာ သင်ဘာတွေလုပ်နိုင်တယ်ဆိုတာ ရိုးရှင်းလွယ်ကူစွာ သိမြင်လာအောင် ပြောပြသွား ပါမယ်။

          ၁၉၆၀ ပြည့်နှစ်များနှောင်းပိုင်းမှာ အမေရိကန်ပြည်ထောင်စု ကာကွယ်ရေးဝန်ကြီးဌာနက ဗုံးကြဲတိုက်ခိုက် ဖျက်ဆီးလို့မရနိုင်တဲ့ ကွန်ပျူတာကွန်ရက်တစ်ခု ဖွံ့ဖြိုးတိုးတက်ရေးကို စတင်ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီကွန်ရက် ကို အဆင့်မြင့်သုတေသန စီမံကိန်းဌာနကွန်ရက် (Advanced Research Projects Agency network) လို့ ခေါ်ပါတယ်။ အတိုကောက်လိုတော့ အာပါနက် (ARPAnet) ပေါ့။

          တကယ်လို့ စစ်ဘက်က အစွမ်းထက်အားကောင်းတဲ့ ဗဟိုပင်မကွန်ပျူတာတစ်ခုနဲ့ဆက်သွယ်ပြီး ကွန်ရက် တစ်ခုကို စက်တွေနဲ့တည်ဆောက်မယ်ဆိုရင် အဲဒီပင်မကွန်ပျူတာအပေါ် ဗုံးတစ်လုံးချလိုက်တာနဲ့ ကွန်ရက်ကြီး တစ်ခုလုံး အကြီးအကျယ် ထိခိုက်ပျက်စီးသွားနိုင်ပါတယ်။ ကာကွယ်ရေးဝန်ကြီးဌာနဟာ ကွန်ပျူတာအရေအတွက်အနည်းငယ် အကြောင်းကြောင်းနဲ့ ကျန်တဲ့ကွန်ပျူတာတွေ တစ်လုံးနဲ့တစ်လုံး အလုပ်မလုပ်နိုင်ခဲ့ရင်တောင် အလွယ် တကူ ဆက်သွယ်အလုပ်လုပ်နိုင်စွမ်းရှိတဲ့ ကွန်ပျူတာကွန်ရက်တစ်ခုကို တည်ထောင်ဖို့ လိုအပ်နေပါတယ်။

          အဲဒီအချိန်မှာ ကွန်ပျူတာ အများစုကြီးဟာ ကိုယ့်ဘာသာတသီးတခြား လွတ်လွတ်လပ်လပ် လုပ်ကိုင် နေကြတာပါ။ နောက် ကွန်ပျူတာချင်းချိတ်ဆက်နိုင်တဲ့ ဆော့ဝဲသုံးစွဲတဲ့အဆင့်လည်း မရှိသေးပါဘူး။ ဒါကြောင့် ကွန်ပျူတာညွှန်ကြားချက် ပရိုဂရမ်ရေးဆွဲသူတွေအနေနဲ့ ကွန်ပျူတာစက်တစ်လုံးကို တခြားကွန်ပျူတာတစ်လုံးနဲ့ ချိတ်ဆက်ပြီး အတူအလုပ်လုပ်နိုင်တဲ့ ကွန်ပျူတာညွှန်ကြားချက်တွေ ရေးရမှာဖြစ်ပါတယ်။

          အာပါနက်အတွက် အဓိကစိန်ခေါ်မှုဟာ အထူးကွန်ပျူတာညွှန်ကြားချက် အစီအစဉ်ရေးသားမှု (Special Programming) မလိုအပ်ဘဲ နိုင်ငံတစ်ဝန်းလုံးမှာရှိတဲ့ ကွန်ပျူတာတွေကို အတူအလုပ်လုပ်နိုင်စေမဲ့ စနစ် တစ်ခုကို ပုံစံထုတ်ဖို့ပဲ။ အဲဒါက စစ်ရေးကိစ္စမှာ ဆက်သွယ်မှုတွေ နှောင့်ယှက်ဖျက်ဆီးဖို့ ပိုပြီးခက်ခဲသွားစေမှာ ဖြစ်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဘယ်ကွန်ပျူတာတစ်လုံးကိုမဆို ကွန်ပျူတာကွန်ရက်ကြီးတစ်ခုလုံးကို လုံးလုံး လျားလျား မထိခိုက်စေဘဲ ဖျက်ဆီးလို့ရနိုင်လို့ပဲ။ အာပါနက်ဟာ မူလကတည်းက အမေရိကန်ပြည်ထောင်စုအိုင်အမ်ပီဖွံ့ဖြိုးတိုးတက်မှုအုပ်စုသည် အာပါနက်စီမံကိန်းအတွက် သော့ချက်ကျ အရေးပါသော လုပ်ငန်းအဖွဲ့တစ်ဖွဲ့ ဖြစ်သည်။

 

         အနောက်ပိုင်းမှာ နေရာ(၄)နေရာနဲ့ တစ်ပေါင်းတည်းအတူ ဝါယာဆက်သွယ်ထားလိုက်ပါတယ်။ အဲဒီ စမ်းသပ်ဆောင်ရွက်တဲ့ ကွန်ရက်ကမှတစ်ဆင့် ဒီနေ့ အင်တာနက်လို့ခေါ်တဲ့ ကမ္ဘာအနှံ့ကျယ်ဝန်းတဲ့ ကွန်ရက်ကြီးအဖြစ် အဆင့်ဆင့် တိုးတက်ပြောင်းလဲလာခဲ့တာ ဖြစ်ပါတယ်။

          အင်တာနက်မှာ အဓိကအရေးအပါဆုံး အရင်းအမြစ်အင်အားဟာ အဲဒီ အင်တာနက်နဲ့ ဆက်သွယ်ကြတဲ့ လူတွေ ဖြစ်ပါတယ်။ ကျောင်းသားတွေ၊ သုတေသီတွေ၊ လုပ်ငန်းရှင်တွေ၊ စာကြည့်တိုက်မှုတွေနဲ့ အစိုးရအရာရှိ စသည်ဖြင့်ပေါ့။ လူတွေဟာ သူတို့အိမ်မှာရှိတဲ့ တစ်ကိုယ်ရည်သုံးကွန်ပျူတာတစ်ခုကနေ၊ သူတို့ရဲ့ရုံးဌာန အလုပ် စခန်းထဲမှာရှိတဲ့ ကွန်ပျူတာကနေ၊ ကျောင်းမှာအသုံးပြုနေတဲ့ ကွန်ပျူတာကွန်ရက်တစ်ခုကနေ၊ ဒါမှမဟုတ် သူတို့ရဲ့ စာကြည့်တိုက်ထဲမှာရှိတဲ့ ပုဂ္ဂလိကအလုပ်စခန်းမှာထားရှိတဲ့ ကွန်ပျူတာကနေ အင်တာနက်ကို ဆက်သွယ် နိုင်ပါတယ်။

          ကျောင်းသားတွေက တခြားနိုင်ငံတွေမှာရှိတဲ့ကျောင်းတွေနဲ့ ကျောင်းသင်ခန်းစာအစီအစဉ်တွေကို မျှဝေ ဖလှယ်ဖို့ အင်တာနက်ကို သုံးကြတယ်။ သုတေသီတွေဟာ သူတို့အချင်းချင်း မျက်နှာချင်းဆိုင်တွေ့ဆုံစရာမလိုဘဲ အင်တာနက်ပေါ်မှာ တစ်ဦးနဲ့တစ်ဦး အပြန်အလှန် ပူးပေါင်းဆောင်ရွက်ကြတယ်။ အသက်အရွယ်မရွေး၊ လူမျိုး ဘာသာ၊ နိုင်ငံသားမရွေး လူတွေဟာ သူတို့ရဲ့ အပန်းဖြေမှုအတွက် ဆွေးနွေးပြောဆိုဖို့ အင်တာနက်ကို အသုံးပြု ကြတယ်။

          အမေရိကန်သမ္မတ အိမ်ဖြူတော်မှာ အများပြည်သူထံက သတင်းအချက်အလက်တွေကို လက်ခံရယူဖို့ အင်တာနက်စာတိုက်သေတ္တာတစ်ခု ထားရှိပါတယ်။ လုပ်ငန်းဌာနတွေက သူတို့ရဲ့ ထုတ်ကုန်တွေကို ရောင်းချဖို့ အင်တာနက်ဈေးခန်းတွေကတစ်ဆင့် ကမ်းလှမ်းကြတယ်။ ကုန်ကုန်ပြောရရင် ဆိုဗီယက်ယူနီယံကြီး ပြိုကွဲနေစဉ် ကာလမှာတောင် သူတို့ရဲ့နိုင်ငံပြင်ပနဲ့ အဆက်အသွယ်လုပ်လို့ မရနိုင်ဘဲဖြစ်နေတဲ့ ရုရှားနိုင်ငံသားတွေအတွက် သူတို့ပြောချင်ဆိုချင်တာတွေ၊ ပို့ချင်တဲ့သတင်းတွေကို ပြင်ပနိုင်ငံတွေနဲ့ အပြန်အလှန် ထပ်တလဲလဲ၊ အကြိမ်ကြိမ် အခါခါ လူးလားတုံ့ခေါက် အပေးအယူလုပ်နိုင်အောင် ယုံကြည်စိတ်ချရတဲ့ နည်းလမ်းတစ်ခုအနေနဲ့ အင်တာနက်က ဖြည့်ဆည်းပံ့ပိုးပေးခဲ့ပါတယ်။

          အင်တာနက်ဟာ စစ်ဘက်ဆိုင်ရာ သတင်းတွေပို့ဖို့ဆိုတဲ့ သူ့ရဲ့ မူရင်းအစ ကနဦးရည်ရွယ်ချက်ထက် အဆများစွာကျော်လွန်ပြီး ဖွံ့ဖြိုးတိုးတက်လာပြီ ဖြစ်ပါတယ်။ ခုအခါမှာ အင်တာနက်အသုံးပြုမှုတွေလည်း အင်တာ နက်သုံးစွဲသူအမျိုးအစား စုံလင်များပြားလာတာနဲ့အမျှ အမျိုးမျိုးအထွေထွေ စုံလင်များပြား ကျယ်ပြန့်လှပါတယ်။