ချစ်ဦးညို - လင်္ကာဒီပချစ်သူ
တိုင်းခန်းပြည်သူ .. .ဆုထူကြွေးသံ
ကောင်းချီးငယ်ကြွေညံသဲ့ .. .အောင်ပွဲဇေယျာ
စည်သည်နှင့်သာ ... ရာကြူးသက်တော်ရှည်
စံမည်လေပျော်ကြောင်းရေး ...
ဘယ်ဘယ်မာန်ရန်တင်းငယ်ဝေး ...(ရင့်ကျူးငယ် -မန္ဒပတ်ပျိုး )
အဌမပဗ္ဗတ၏ တောင်ထွတ်ပေါ်သို့ ကျွန်ုပ်၏ ညာခြေကိုတင်လိုက်မိသည်နှင့်
တောင်ခြေဆီမှ ပရိတ်သတ်၏ ကောင်းချီးသြဘာသံ သည် ကျွန်ုပ်ဤနေရာ တောင်ဖျားဆီသို့ လွင့်ပျံ၍ တက်လာပေသည်။
“လူစွမ်းကောင်း ရာဝဏ”
"ဒြာဝိဒိယန်တို့ရဲ့ သူရဲကောင်း”
“အိန္ဒုဒေသရဲ့ အသည်းနှလုံး”
တောင်ခြေမှ ပရိသတ်တို့သည် ဦးရစ်ခေါင်းပေါင်းများကို လေထဲတွင် မြှောက်ပစ်နေကြသည်။ မိုးသက်လေ၏ အရှိန်တွင် သူတို့၏ အဝတ်နီစများ သဲသဲလှုပ်နေသည်။ ကျွန်ုပ်ရောက် နေသော အဌမပဗ္ဗတ၏ တောင်ထိပ်၌မူ လေပြင်းတိုက်နေပေသည်။ ကျွန်ုပ်၏ ရေညှိရောင် ဝတ်ရုံစသည် တိမ်တိုက်စများနှင့်အတူ တဖျပ်ဖျပ်လှုပ်ခါနေသည်။ မောပန်းခြင်းသည် ကျွန်ုပ်၏ ရင်ဝတွင် အကြိတ်အခဲအဖြစ်စုတည်နေသည်ဟုထင်ရသည်။ အေးစိမ့်သော တောင်ပေါ်လေသည် ကျွန်ုပ်၏ နွမ်းနယ်မှုများကို မဖြေဖျောက် နိုင်ချေ။ နှင်းငွေ့များ စိုစွတ်နေသည့်ကြားမှ ကျွန်ုပ်၏ နဖူးပြင်ထက်ဝယ် ချွေးသီးချွေးပေါက်ကြီးများ တွဲခိုနေကြသည်။ ကျွန်ုပ်၏လက်အတွင်းမှ သံလျက်သည် သွေးများဖြင့် ချင်းချင်းနီနေသည်။ လွန်ခဲ့သော လေးမတြာခန့်ကမှကျွန်ုပ်၏ လက်ချက်ဖြင့် ဦးခေါင်ပြတ်ခဲ့ ရသည့် မြွေဟောက် ကြီး၏ အမြီးပိုင်း သည်တဆတ်ဆတ်တုန်ခါနေသည်။ မြွေဟောက်ကြီး၏ ခေါင်းပိုင်းကား မလှုပ်နိုင်တော့။
“တောင် နှစ်လုံးကျန်သေးတယ် ရာဝဏ”
“တောင်ဆယ်လုံးပြည့်ဖို့ နှစ်လုံးကျန်သေးတယ်ဟေ့”
“အောင်မြင်ခါနီးပြီ ရာဝဏရေ၊ ကြိုးစားလိုက်စမ်း”
တောင်ခြေမှ မယ်တော်၇ို၏ ကိုယ်ရံတော် တပ်သားတို့သည် ဓားများကို မြှောက်၍ ကျွန်ုပ်ကြားအောင် အော်ဟစ်နေကြသည်။ ကျွန်ုပ်သည် လက်ဝဲဘက်တောင်မှ အစပြု၍ ပတ်လည်ဝိုင်းရံနေသော တောင်များဆီသို့ လှမ်းမျှော်ကြည့်လိုက်ပေသည်။ နှင်းမြူတို့ဆိုင်းနေသောတောင်ထွတ်ဖျား ခုနှစ်ခုကို လှပစွာတွေ့မြင်လိုက်ရပေသည်။ တောင်များသည် ကျွန်ုပ်၏ အောင်ပွဲရလဒ် သက်သေခံများပင်တည်း။
တောင်ခုနှစ်လုံးတောင်ထွတ်ဖျားများနှင့် ယခုကျွန်ုပ်ခြေချလျက်ရှိသော တောင်ထွတ်ဖျားဆီသို့ ကျွန်ုပ်အောင်မြင်စွာ ခြေတင်နိုင်ခဲ့ပေပြီ။ တောင်တစ်လုံးစီ၏ တောင်ထိပ်တွင် အဆိပ်ပြင်းသော မြွေကြီးများတောင်ပို့တစ်လုံးစီဖြင့် နေထိုင်ခဲ့ကြသည်။ သို့တစေ သင်းတို့နောက်ထပ်ဆက်လက် နေထိုင်ဖို့ အခွင့်မရှိတော့။ ကျွန်ုပ်၏ သံလျက်ကြောင့် ဦးခေါင်းများပြတ်၍ သွေးအလိမ်းလိမ်း ဖြင့် သေပွဲဝင်ခဲ့ ရပေပြီ။ နံနက်အရုဏ်တက်ကာလမှစ၍ ကျွန်ုပ်သည် တစ်တောင်ပြီးတစ်တောင် ဆင်းကာတက်ကာဖြင့်မြွေဆိုးများကို သတ်ဖြတ်ခဲ့သည်မှာ ယခုအဌမအဗ္ဗတကိုပင် အောင်မြင်ပြီးစီးခဲ့ပြီ။ အချိန်ကလည်း မွန်းလွဲညနေစောင်းခဲ့ပြီး တစ်နေ့တာ၏ ငါးပုံလေးပုံသော ကာလလည်းကုန်လွန်ခဲ့ပြီ။ ကျွန်ုပ်စွမ်းဆောင်ရန် န၀မတောင်နှင့် ဒသမတောင်နှစ်လုံး ကျန်သေးသည်။
အဌမအဗ္ဗတနှင့် နဝမအဗ္ဗတ တောင်ထွတ်နှစ်ခုကြားတွင် ဆယ့်ငါးတောင်ခန့်ကျယ်သော ချောက်ကမ်းပါး တစ်ခု ခြားနေသည်။ထိုချောက်ကို ခုန်လွှားနိုင်ပါက ကျွန်ုပ်သည် အဌမတောင်မှ ဆင်း နဝမတောင်ကို ပြန်တက်နေစရာမလိုတော့။ သို့ သော်ခြေချော်သွားလျင် မူကား အရိုးအသားပင် ရှာ၍တွေ့တော့မည်မဟုတ်။ထိုတောင်မှ ဆင်းပြီးတက်နေရလျင် ကန့်သတ်ထား သော တစ်နေ့တာ အချိန်ကို ကျော်လွန်သွားလိမ့် မည်။ နှင်းများဖြင့် စိုစွတ်နေသည့် လေကို ကျွန်ုပ်တဝကြီးရှူသွင်းလိုက်သည်။ ရင်ကိုဖြိုးမောက်စွာစွင့်ကားလိုက်ပြီး နဝမတောင်ထိပ်ဆီသို့ ကျွန်ုပ်ခုန်ကူးလိုက်သည်။ ဆယ့်ငါးတောင်မျှကျယ်ဝန်းသော ချောက်ကမ်းပါး၏ ဟိုဘက်သည် ဘက် ကမ်းပါးထိပ်ကြား လေဟာပြင်ထဲ၌ ကျွန်ုပ်၏ ခန္ဓာကိုယ်သည် အဟုန်ပြင်းစွာ ရွေ့လျားလျက်ရှိသည်။ ချောက်ကမ်းပါးအတွင်းရှိ စူးရှသောလေတိုးသံမှအပ ဘာကိုမျှမကြားရ။ မာကြောသော မြေပြင် နှင့်ကျွန်ုပ်ခြေထောက်အစုံတို့ ထိတွေ့လိုက်ရသည်။ အဌမအဗ္ဗတသည် ကျွန်ုပ်၏နောက်ဘက်၌ ကျန်ရစ်ခဲ့ပြီ။ နဝမအဗ္ဗတတောင်ထွတ်တွင် ကျွန်ုပ်ခြေတင်မိပြန်ပြီ။
“ ဟေး ... ဟေး "
“ဝူး ဝူး ... ဒူး”
တောင် အောက်ဆီမှ အရာအထောင်မကသော ဒြာဝိဒိယန်တို့၏ သြဘာသံများ လွင့်ပျံလာသည်။ သို့သော် ဩဘာသံ များကို နားစွင့်နေရန် ကျွန်ုပ်မှာ အချိန်မရှိ၊ ကျွန်ုပ်၏ ရှေ့နှစ်လံအကွာလောက်ရှိ တောင်ပို့ ကြီးကို မျက်တောင်မခတ်ကြည့်နေရသည်။ ကျွန်ုပ် ခုန်ခဲ့ဖူးသည့် တောင်ရှစ်လုံး၏ တောင်ပို့ ရှစ်ခုတို့ထက်နှစ်ဆမျှကြီးသည်။ အထဲမှထွက်လာမည့် မြွေဟောက်သည်လည်း ပြီးခဲ့သော မြွေဟောက်ရှစ်ကောင်ထက် ပိုကြီးမားမည်မှာ သေချာသည်။ သံလျက်ကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားလိုက်သည်။
တောင်ပို့ ဆီ မှ ဟူ သော အသံ ကြီးပေါ်လာခြင်းနှင့် သံလျက်ကို ဝှေ့ယမ်းလိုက် ခြင်းတို့မှာ တစ်ပြိုင်တည်းလိုလိုဖြစ်သည်။ မြေစိုင်မြေခဲများ ဖွာထွက်သွားပြီး ကြေးနီနှင့် မဟူရာရောင်ရောနေသော အရာသည် တွန့်လိမ်၍နေလေသည်။ မယ်တော်ဂုန္နီ နန်းတော်ရံ ငလုံးခန့်ရှိသည့် မြွေဟောက်နက်ကြီးတွင် ခေါင်းမရှိတော့ပေ။ မြေစိုင်မြေခဲများ အကြားတွင်ကိုယ်လုံးကြီးသာ တွန့်လိမ်နေသည်။ ခေါင်းမရှိသောကိုယ်လုံးကြီး၏ ရိုက်ခါမှုကြောင့် အနီးမှသစ်ပင်ငယ်များ ကျိုးပဲ့ကုန်ကြသည်။ ထို့ နောက် မြွေကိုယ်လုံးကြီးသည် တောင်အောက်သို့ ကျသွားလေသည်။ မြွေဟောက်နက်ကြီး၏ ဦးခေါင်းပြတ်သည် ကျွန်ုပ်၏ သန်လျက်ကို စွဲမြဲစွာကိုက်ခဲထားသည်။ နီညိုရောင်အဆိပ်ရည် များသည် သံလျက်ပေါ်တွင် လိမ်းကျံနေသည်။ ကိုယ်ထည်မရှိတော့သည့် မြွေခေါင်းကြီးသည် သန်လျက်သွားကို မလွတ်တန်းကိုက်ခဲထား လျက်ပင်ရှိသေးသည်။ အနက်ရောင်ရှိသည့် လျာနှစ်ခွသည် သံလျက်အသွားကို အငြိုးကြီးစွာပွတ်သပ်နေသည်။ ကျွန်ုပ်သည် သံလျက်ကို အနီးမှသစ်မြစ်တစ်ခုဆီသို့ ရိုက်ချလိုက်ရသည်။ အစွယ်ကျိုးသံတစ်ခု ကြားလိုက်ရပြီး မြွေခေါင်းသည် စိစိညက်ညက် ကြေသွားပေသည်။ နဝမတောင်ထိပ်ရှိတောင်ပို့ကြီးတွင် နှစ်ပေါင်းများစွာ အောင်းလျက်နေသည့်သတ္တဝါကြီးကားတောကြီးမြွေဟောက်ဖြစ်ပေသည်။ သို့သော်ယခုအခါ သင်း၏ဦးခေါင်းသည် တောင်ထိပ်တွင်ကြေမွလျက်လည်းကောင်း သင်း၏ ကိုယ်လုံးကြီးသည် တောင်အောက်တွင်ပျက်စီးလျက်လည်းကောင်း တကွဲတပြားစီ ဖြစ်ခဲ့လေပြီ။ အနောက်ဘက်ဆီတွင်နေလုံးကြီးသည် နီရဲ၍နေလေသည်။ အိန္ဒိမြစ်ရေပြင်၌ ပတ္တမြားရည် များဖိတ်စင်၍ နေလေသည်။ ဒသမပဗ္ဗတ နောက်ဆုံးပန်းတိုင်ကျန်သေးသည်။
“ရာဝဏ ပြန်ဆင်းခဲ့တော့ သားတော်”
တောင်ခြေမှ မယ်တော်ဂုန္တီ၏ အော်သံကို ကြားလိုက်ရသည်။
“သင့်မြတ်လှပါပြီ ရာဝဏ၊ ဆင်းခဲ့ပါတော့”
ပရိတ်သတ်၏ ဩဘာသံတွင်စိုးရိမ်ပူပန်သော အရိပ်အငွေ့ များပါနေသည်။ အေးမြသော တောင်ပေါ်လေကို ရှူရှိုက်ရင်း ကျွန်ုပ်ပြုံးလိုက်လေသည်။ “ဘာကြောင့်ပြန်ဆင်းရမှာလဲ ၊ တောင်တစ်လုံးကျန်သေးတယ်”ဟု စိတ်ထဲက ရေရွတ်လိုက်သည်။
“ဒသမပဗ္ဗတ ကျန်သေးတယ်၊ သူဆက်လုပ်ပါစေ”
“သူသိပ်ပင်ပန်းနေပြီ၊ သိပ်ပင်ပန်းနေပြီ"
ချိုမြသောကရုဏာသံကိုလည်းကြားလိုက်ရသည်။အခြားမိန်းမတစ်ဦး၏ အသံပင်ဖြစ်သည်။ ထိုအသံနှစ်ခုကို ကျွန်ုပ် ဆက်စပ်၍ ရေရွတ်လိုက်သည်။
“ဟုတ်တယ်၊ ငါသိပ်ပင်ပန်းနေပြီ။ ဒါပေမယ့် ဒသမပဗ္ဗတ ကျန်သေးတယ်၊ ငါဆက်လုပ်ရမယ်”
နဝမတောင်ထိပ်နှင့် ဒသမတောင်ထိပ်ကား အတောင် လေးဆယ်မျှကွာလှမ်းပေမည်။ တောင်ထိပ်နှစ်ခု ကြား ချောက်ကမ်းပါးကလည်း ကျွန်ုပ်မခန့်မှန်းနိုင်အောင် မတ်လွန်း ပေသည်။ မြွေ အဆိပ်နှင့် မြွေသွေးများပေကျံနေသည့် သံလျက်နှင့် ကျွန်ုပ်သည် အနီးမှထင်းရှူးပင်တစ်ပင် ကိုခုတ်ဖြတ်လိုက်သည်။ ထိုထင်းရှူးပင်ကိုခုတ်၍ အကိုင်းအခက် များကို ဖယ်ရှားနေစဉ် တွင် ဒသ မတောင်ထိပ်မှ ကျယ်လောင်သော မြည်ဟိန်းသံကြီး တစ်ခု ထွက်ပေါ်လာသည်။ ထိုအသံနက်ကြီးကြောင့် ကျွန်ုပ်ရုတ်တရက်အားဖြင့် တုန်လှုပ်သွား မိသည်။
“ခြင်္သေ့” မှန်ပေသည်။ ဒသမတောင်ထိပ်တွင် မြွေဟောက်မရှိ၊ ခြင်္သေ့ရှိနေသည်။ဝင်လုဆဲနေရောင်ခြည်တွင် ခြင်္သေ့၏ လည်ဆံမွေးများသည် ကြက်မောက်ပန်းရုံကြီးလို ရဲရဲနီနေသည်။ ဤမှာဘက်က လူသားအား တိုက်ခိုက်ရန် ခြင်္သေ့ကြီးသည်စောင့်စား၍နေပေပြီ။ ထင်းရှူးပင်၏ အခက်များကိုဖယ်ရှားယင်း ကျွန်ုပ်သည်ဤခြင်္သေ့ကြီးအား ရုတ်ခြည်းတိုက်ခိုက်သတ်ဖြတ် ရန် သေနင်္ဂဗျူဟာကို ရှာဖွေနေမိသည်။ လုံးထွေးသတ်ပုတ်နေလျင် နေဝင်သွားချိမ့်မည်။ သတ်မှတ်ထားသော အချိန်ကျော်လွန်သွားမည်။ ကြီးမားလှသော ဤခြင်္သေ့ကြီးအား ပူးကပ်တိုက်ခိုက်ခြင်းဖြင့် လည်း ကျွန်ုပ်သည် အနိုင်ရရန် မလွယ်ကူ၊သို့သော် ဒြာဝိဒိယန်သွေးဖြစ်သော ကျွန်ုပ်ရာဝဏ၏ စဉ်းစားဉာဏ်သည် လက်ရုံးအားနှင့်ထပ်တူ ထပ်မျှ ကြီးကျယ်ပေသည်။ သေနင်္ဂဗျူဟာကို ကျွန်ုပ်ရပြီ။
ထင်းရှူးပင် အား ဝဲလက်တစ်ဖက်တည်းဖြင့် ကိုင် လျက် သန်လျက်ကို လက်ဖြင့် တင်းတင်း ဆုပ်ကိုင်ထားလိုက်သည်။သန်လျက်သွားကို ရှေ့တည့်တည့်သို့ ဦးတည်ထားသည်၊ ခွန်အားကို စုစည်းပြီး ထင်ရှူးပင်ကိုထောက်လှံအဖြစ် အသုံးပြုလိုက်သည်။ တစ်ဖက် တောင်ထိပ်ဆီသို့ ကျွန်ုပ် ထောက်ခုန်၍ လှမ်းကူးလိုက်ချိန်တွင် ခြင်္သေ့ကြီးသည် ကျွန်ုပ်ကျလာမည့်နေရာမှ အသင့်စောင့် ၍နေသည်။ ဒသမတောင်ထိပ် မျက်နှာပြင်ထက်သို့ ကျွန်ုပ်
ခြေမချမီမှာပင် ခြင်္သေ့ကြီး၏ ဟထားသော ခံတွင်းထဲသို့ သန်လျက်ကို လေထဲမှ ခုန်ပျံရင်း ထိုးသွင်းလိုက်ပေသည် ။ မိုးကြိုးပစ်သံတမျှကျယ်လောင်သော အသံနက်ကြီးဖြင့် စူးစူးဝါးဝါးဟိန်းဟောက်လျက် ခြံင်္သေ့ကြီးသည်တောင်အောက်သို့ လိမ့်ဆင်းသွားခဲ့ချေပြီ။
ကျွန်ုပ်၏လက်မောင်းတွင်သော်မျှ ကုတ်ခြစ်ရာတစ်ခုမှမရခဲ့။ နေလုံးလည်းကွယ်ပျောက်သွားခဲ့ပြီ။ တောင်ဆယ်လုံး၏ တိုက်ပွဲလည်း အပြီးသတ်ခဲ့ပြီ။ ။
“ရာဝဏ ရာဝဏ၊ သူဟာ ဒသဂီရိ၊ ဒသဂီရိ”
“ဒသဂီရိ အရှင်မင်းမြတ်"
“ဒသဂီရိ ဘုရင်မင်းမြတ်ဟာ တို့ရဲ့အရှင်သခင်ဖြစ်တယ်”
တောင်ဆယ်လုံး၏ အရှင်သခင်ဟု အဓိပ္ပာယ်ရသော ဒသဂီရိဟူသည် ဒြာဝိဒိယန် မျိုးနွယ်စု၏ အမြင့်မားဆုံးဘွဲ့ကို ကျွန်ုပ် လက်ဝယ်ပိုင်ပိုင် ရခဲ့ချေပြီတကား။
ဝက်ဝံဆီမီးတိုင်များမှ အလင်းရောင်ကြောင့် အိန္ဒိမြစ်ကမ်းတစ်လျှောက်လုံးလင်းလက်နေသည်။ ပြည့်ဖြိုးဝိုင်းစက်သော လသည် ကြယ်နက္ခတ်များစွာနှင့် အရှေ့ဆီတွင်ထွန်းလင်း နေသည်။ ကျွန်ုပ်၏ ဒြာဝိဒိယန်မျိုးနွယ်တို့သည် တောင်ခြွေမှနေ၍တောင်ခါးပန်းထက်ဆီ သို့ပင် တက်လာနေကြသည်။ဒသဂီရိဟူသောအသံများ မိုးမွှန်နေသည်။ကျွန်ုပ်တောင်အောက်သို့ မရောက်မီမှာပင် သူတို့နှင့် ဆုံမိပြီး ကျွန်ုပ်ကို ဝိုင်းဝန်းထမ်းပိုးကြသည်။ ချီမြှောက်၍ လေထဲသို့ ပစ်တင်ကြသည်။ သို့ဖြင့်ကျွန်ုပ်သည် တောင်ခြေမှတစ်ဆင့် အိန္ဒုမြစ်ကမ်း သောင်ပြင်စပ်ရှိ မယ်တော်ဂုစံမြန်းနေရာသို့ လူများ၏ ပခုံးထက်မှ ရောက်ခဲ့ရပေသည်။ မယ်တော်သည် ကျွန်ုပ်ကို မြင်သောအခါ ထိုင်ခုံမှထ၍ ပြေးလာလေသည်။
“သားရယ်၊ ငါ့သားတော်ကြီးရယ်”
“တရိဂမ္ဘီ - တရိဂမ္ဘီ နှင့်ရဲပဏ္ဏာကို ငါဝမ်းမြောက်ဂုဏ်ယူစွာနဲ့ လက်ခံလိုက်မယ်”
လက်ရုံသတ္တိအရာ၌ ကျွန်ုပ်၏ သွေးနှင့်အရောင်တူသော နှမငယ်ဂမ္ဘီသည် ဝမ်းမြောက်စွာ ရယ်မောလိုက်သည်။ ကျွန်ုပ်နှင့် မနှော တို့လည်း ရွှင်မြူးစွာရယ်မောလိုက်မိကြသည်။
“ဒသဂီရိ ဘု ရင်မင်းမြတ်အဖြစ်ကို ရရှိနေပြီဖြစ်တဲ့ သားတော်ရာဝဏ၊ ဘုရင်တစ်ပါးဟာ ဒီလို မရယ်ရဘူး၊ ရာဇဣန္ဒြေကို ဆောင်ရမယ်။ သမီးတော် ဂမ္ဘီဟာလည်း သက်ဦးဆံပိုင် တွေဟာ တည်ကြည်ခန့်ညားမှုကို ဆောင်ထားရလိမ့်မယ်” မယ်တော်ဂုန္ဒီက ပြတ်သားစွာမိန့်ဆိုသည်။ ထိုအခါ ပရိတ်သတ်များကလည်း “ဒသဂီရိ ဘုရင်မင်းမြတ်” ဟူ၍ တစ်ခဲနက် ကြွေးကြော်လိုက်ကြသည်။ ဝက်ဝံဆီမီးတိုင် အလင်းရောင်တွင် သူတို့၏ ပုသော နှာခေါင်းများရှိသည့်မျက်နှာများသည် တက်ကြွမှုဖြင့် ဝင်းထိန်နေကြသည်။
“ပြီးတော့ ဘုရင်မင်းမြတ်နဲ့ သူ့ရဲ့နှမတို့ဟာ တစ်ဦးကိုတစ်ဦး အရင်ကလို သာမန်အသုံးအနှုန်း မခေါ်မသုံးရဘူး၊ သာမန်ဒြာဝိဒိယန်တွေရဲ့ အသုံးစကားမျိုးကို စွန့်ပယ်ရမယ်။ ဒါမှသာ အရှင်သခင်နဲ့ ကျေးကျွန်ဆိုတာ ကွဲပြားတော့မှာပေါ့။ ကြားရဲလား သားတော် ဒသဂီရိဘုရင်မင်းမြတ်” ။
“သားတော် ဒသဂီရိဘုရင်မင်းမြတ်” ဟူသော မယ်တော်၏ အခေါ်အဝေါ် သည် ကျွန်ုပ်၏ နှလုံးအိမ်အတွင်းသို့ စိမ့်ဝင်သွားလေသည်။ ကျွန်ုပ်သည် ရာဝဏမဟုတ်တော့၊ ဒသဂီရိဖြစ်နေပေပြီ။ ဒသဂီရိဘုရင်မင်းမြတ်၊ကြင်ရာတော်မဟေသီ မန္ဒာဒေဝီမိဖုရား၊ နှမတော် တရိဂမ္ဘီ ကျွန်ုပ်သည် စိတ်အတွင်းမှ အရှင်သခင် ဝေါဟာရများကို ရေရွတ်နေမိသည်။ ညီတော်
ဘိဘိသန -
“ညီ ... ညီတော် ဘိဘိသန တစ်ယောက်ကော”
ဘိဘိသနသည် တဲနန်းအတွင်းဘက်မှနေ၍ တင်းတိမ်အနီစကို ဖယ်ရှား၍ထွက်လာလေသည်။ ဘိဘိသနကား ကျွန်ုပ်နှင့်လည်းမတူ၊ ဂမ္ဘီနှင့်လည်း မတူ၊ တစ်မူထူးခြားသူဖြစ်သည်။ အေးဆေးတည်ငြိမ်၍ လက်ရုံးရည် အမှုကိစ္စတို့၌ စိတ်မဝင်စားဘဲ နက္ခတ္တဗေဒ၌ စိတ်ဝင်စားသူဖြစ်သည်။
“နောင်တော်ရဲ့ အောင်ပွဲခံဒီညဦးမှာ ညီတော်ဟာ ဟောဒီအိန္ဒုမြစ်ကမ်းကနေပြီး လပြည့်ညရဲ့ ကြယ်တွတ်များကို ကြည့်ရှုတွက်ချက်နေပါတယ်” ။
“ဒါ ဟာလည်း ဘုရင်မင်းမြတ်အတွက် ညီ တော် ရဲ့ ဘိသိက်ပဏ္ဏာတစ်ခု ပဲပေါ့" ဂမ္ဘ က ပြတ်သားသောအသံဖြင့်ထောက်ခံလိုက်လေသည်။
ကျွန်ုပ်၏ရင်တွင်းဝယ် ကြည်နူးမှုအဟုန်တို့ ဖြန့်ကျက်လွှမ်းမိုးသွားသည်။မယ်တော်ဂုန္နီ၊ မိဖုရား မနှောနှင့် ငယ်စဉ်ကတည်းက မခွဲမခွာ ရေကြည် မြက်နုဒေသများ ပြောင်းတိုင်း မြင်းရထားတစ်စီးတည်း စီးခဲ့သည့်ချစ်စွာသော နှမငယ် ဂမ္ဘီ၊ ညီတော်ဘိဘိသနတို့ဖြင့် ခြံရံလျက် ကျွန်ုပ်ဒသဂီရိသည် လင်္ကာဒီပ၏ ဘုရင်မင်းမြတ် ဖြစ်ခဲ့ပြီ။
အိန္ဒုမြစ်ကမ်း၏ အထက် ကောင်းကင်တွင် ကြယ်နက္ခတ်တို့သည် အထူးထူးသော အလင်းရောင်တို့ဖြင့် ဖြိုးပြက်လျက် လပြည့်လ ကိုဝန်းရံခစားလျက် နေကြလေသည်တကား။