ချစ်ဦးညို - ရုက္ခစိုးမယားနှင့် အခြားပြိတ္တာများ
မာတိကာ
စဉ် အကြောင်းအရာ စာမျက်နှာ
၁။ စာရေးသူမှ ၇
၂။ ရာဇဂြိုဟ်ကောင်းကင်ထက်ဝယ် ၁၁
၃။ ကြံတစ်ဆစ်ကြောင့် ၂၀
၄။ သံသာရမောစကဝါဒီ ၂၉
၅။ ဆင်စီးမြင်းရံ ၃၇
၆။ ရွှေအဆင်းနှင့်ဝင်းဝင်းဝါ ၄၉
၇။ နတ်မြင်းပျံမို့ မြူးကြွားကြွား ၅၉
၈။ မျောပါလာသော သရက်သီးတစ်လုံး ၈၂
၉။ နန်းတော်ထဲမှအသံနက်ကြီးများ ၁၀၅
၁၀။ အပ်ချည်တစ်မျှင်သံယောဇဉ် ၁၁၇
၁၁။ ဂိဇ္ဈကုဋ်ချိုင့်ဝှမ်းထဲမှာ ၁၂၇
၁၂။ ပထမဇနီးမယားကြီး ၁၃၉
၁၃။ ရက်ကန်းသည်မယား ၁၅၁
၁၄။ အနီရောင်ဂင်္ဂါ ၁၆၂
၁၅။ ရုက္ခစိုးမယား ၁၇၇
မည်။ ထိုအကုသိုလ်ကံတို့၏ ခါးသီးကြောက်မက်ဖွယ်အပြစ်ပြ မြင်ကွင်း ဖြစ်ရပ်တို့ ကိုလည်း တွေ့ရပေမည်။ ထိုသို့ သိကြရသဖြင့် ပညာဉာဏ် ရှိသူတို့၌ သံဝေဂဉာဏ် ဖြစ်ပေါ်လာရသည်။
“မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ စင်အောင်စိတ်ကိုထား”
ဟူသော ဘုရားအဆူဆူတို့၏ သာသနာ(အဆုံးအမ)အတိုင်း မကောင်းမှု ကို ရှောင်ရာ၌ ပြိတ္တာဝတ္ထုတို့သည် တစ်တပ်တစ်အား ပါဝင်နေကြပါ မည်။
ဤသို့သော ရည်ရွယ်ချက်ဖြင့် ဘုရားရှင်လက်ထက်တော်က ဖြစ်ပေါ်ခဲ့သော ပြိတ္တာတို့ အကြောင်းကို စုပေါင်းမှတ်တမ်းတင်လျက် ပေတဝတ္ထုဟူသော တရားတော်ကို သင်္ဂါယနာတင် ဆရာမြတ်တို့ က စုစည်းဖော်ပြပေးခဲ့ကြခြင်း ဖြစ်လေသည်။
ဝတ္ထုစာပေ အနုပညာကိစ္စတို့၌ အသီးသီး အသကသော ရည်ရွယ်ချက်၊ ညွှန်းချက်များရှိကြပေရာ ဤ “ရုက္ခစိုးမယားနှင့် အခြား ပြိတ္တာများ” စာအုပ်ငယ်ကို ရေးသားရာတွင်လည်း ကျွန်တော့်၌ တစ်စုံ တစ်ခုသော ညွှန်းချက်ရှိပါသည်။ တစ်နည်းအားဖြင့် ဤစာအုပ်ကို ရေးရာ ၌ တိုက်ရိုက်ရည်ရွယ် ပစ်လွှတ်သော စက်ဗဟိုတစ်ခု ရှိပါသည်။
ထိုစက်ဗဟိုပစ်ကွင်းမှာ ပါဠိကျမ်းတတ်၊ စာတတ်၊ အဋ္ဌကထာ ဋီကာတို့ကို ကျွမ်းကျင်နှံ့စပ်ကြကုန်သော ရဟန်းပညာရှိ၊ လူပညာရှိများ မဟုတ်ပါ။ မိမိထက် သီလသမာဓိ ပညာရင့်ကျက်မြင့်မားကြကုန်သော ပုဂ္ဂိုလ်မြတ်များအား မိမိညွှန်းဆို မရည်ရွယ်ဝံ့ပါ။
ကျွန်တော် ရည်ရွယ်သည်မှာ ဗုဒ္ဓအဆုံးအမ (သာသနာ)၌ညွတ်နူးသက်ဝင်ကြသော လူငယ်လူရွယ်စာဖတ်သူများ ဗုဒ္ဓကျမ်းဂန်နှင့် အဋ္ဌကထာလာ ဘာသာရေး ဗဟုသုတများကို လေ့လာလိုက်စားကြသော အနာဂတ်၏ သာသနာ့ အာဇာနည်အလောင်းအလျာများသာ ဖြစ်ပါ သည်။
ပြိတ္တာဟူသည် အဘယ်နည်း။ အဘယ်ကြောင့် ပြိတ္တာဖြစ်ရ သနည်း။ ပြိတ္တာဘဝမှ မည်သို့ ကျွတ်လွတ်နိုင်သနည်း။ အပါယ်လေးဘုံ အပါအဝင် ပြိတ္တာအဖြစ်သို့ မည်သည့်ဒုစရိုက်များက ပို့ဆောင်သနည်း။ စသော အချက်များကို လူငယ်လူရွယ်စာဖတ်သူတို့ သိသည်ထက် ပို၍ သိကြစေခြင်းငှာ ဤဝတ္ထုတိုများကို ရေးပါသည်။
ဤစာမူများကို ရေးသားရာ၌ ပေတဝတ္ထု အဋ္ဌကထာဆရာ ရှင် ဓမ္မပါလ၏ တိရောကုဋပေတဝတ္ထု (ပါဠိ)ကို ပဲခူးမြို့၊ သာသနာ့မဏ္ဍိုင် ပါဠိတက္ကသိုလ် ကျောင်းတိုက်၊ ဆရာတော် ဦးပညာဇောတ ဘာသာပြန်
တော်မူခဲ့သည့် ပေတဝတ္ထု ဘာသာပြန်ကျမ်းကြီးအား လက်ရင်းထားပါ သည်။
အဆက်အဆက် သာသနာတော်ကြီးကို ထမ်းရွက်သယ်ဆောင် ကာ လောကအကျိုး၊ သံသရာအကျိုးကို ရှေ့ရှုပြုစုတော်မူခဲ့ကြသော သာသနာ့ သူရဲကောင်း ပုဂ္ဂိုလ်မြတ်ကြီးများ၊ ကြားဆရာ၊ သင်ဆရာ၊ မြင်ဆရာအပေါင်းနှင့်တကွ သာသနာ့မဏ္ဍိုင် ဆရာတော်ကြီး ဦးပညာ ဝံသတို့၏ ကျေးဇူးတရားကို ရှိခိုးပူဇော်အပ်ပါသည်။
ချစ်ဦးညို
၁၉၉၅၊ စက်တင်ဘာ ရာဇဂြိုဟ်ကောင်းကင်ထက်ဝယ်
ဦးစွာပထမ မြွေတွေကို မြင်ရ၏။
နန်းတော် စက်ခန်းဆောင်၏ တိုင်လုံးကိုပတ်နေသည့် မြွေတွေက တစ်ကောင်နှင့် တစ်ကောင် ယှက်လိမ်ထွေးပတ်လျက် တရွှီရွှီ အော်မြည် ကြသည်။ ကြည့်နေရင်းမှာပင် တိုင်လုံးကြီးသည် လူတစ်ယောက်သဏ္ဌာန် ဖြစ်သွားသည်။ ထိုလူကို ကောင်းကောင်းမြင်ဖူးပါသည်ဟု ကြည့်နေဆဲ မြွေများ၏ တွန့်လိမ်ကွေးကောက် ကိုယ်လုံးများအောက်မှာ ထိုသူ၏ မျက်နှာပေါ်လာ၏။
အလိုလေး... အရှင်ဒေဝဒတ်ပါလား။
အရှင်ဒေဝဒတ်သည် မိမိထံသို့ စူးစူးရဲရဲ ကြည့်ရင်း တဟားဟား အော်ဟစ် ရယ်မောနေ၏။ သို့သော် ရယ်မောနေရင်းမှာပင် သူ့မျက်နှာ ကြီးသည် ကြောက်မက်ဖွယ် နီညိုညစ်ပုပ်လာကာ အရယ်ရပ်သွားပြီး