Skip to product information
1 of 2

Other Websites

ချစ်ဦးညို - မဏိစန္ဒာဥဒါန်း

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

စက်ရာကနိုးထ မျက်စိနှစ်လုံး ဖွင့်လိုက်တယ်ဆိုရင်ပဲ ခေါင်းထဲကို ရင်ထဲကို အသိတစ်ခု၊ ဝေဒနာတစ်ခုက တိုးပြေးဝင်ဆောင့်လာတယ်။ “ဪ... ရင်ဆိုင်ရမယ့် နေ့သစ်ပေါင်းများစွာရဲ့ နံနက်ခင်းတစ်ခု ရောက်လာပြန်ပါ ပကော ဆိုတဲ့ အသိ၊ ခံစားမှု။ ။

ရင်ထဲမှာ ပူလောင်နေသလား၊ ခေါင်းထဲမှာ ဆူဝေနေသလား ခင်ဦး မသိတတ်နိုင်ပါဘူး။ နှလုံးသားတွေကကော ထုံကျင်အေးခဲနေကြပြီလား။ သုံးသပ်ဆင်ခြင်နိုင်မှု အသိဉာဏ်ကကော စေးပျစ် လေးတွဲ့ နေကြပြီလား။ ဒါလည်း ခင်ဦး မသိချင်တော့ဘူး။

လပေါင်းများစွာ ရက်ပေါင်းများစွာကို ဖြတ်သန်းပြီး ကျင့်သားရထား တဲ့ အလိုက်သင့် ဦးနှောက်ထဲကနေပြီး သတိပေး ဆုံးမသံတွေ ပေါ်လာ တယ်။

“မဏိစန္ဒာရေ... နားလည်ယူလိုက်၊ ခွင့်လွှတ်ထားလိုက်၊ ဥပေက္ခာ တရား မထားနိုင်သေးဘူးပဲ ဆိုစေဦး၊ ဖြစ်လာတဲ့အရေးတွေကို မဝေး မနီးကပဲ စောင့်ကြည့်နေလိုက်၊ မင်း လျှောက်ရမယ့်ခရီးမှာ မီးလျှံတွေ ဘယ်လောက်ရှိနေဦးမယ်ဆိုတာ မသိသေးဘူး။ ဒီတော့ မင့်အင်အားတွေ ကို ချွေပြီးသုံး၊ စိတ်ပြီးသုံး မဏိစန္ဒာရေ”

မိမိနဲ့ မိမိ စကားတွေ အများကြီးပြောရင်း နံနက်ခင်းပြုဖွယ်အမှု ကို ယန္တရားရုပ်တစ်ရုပ်လို တချောက်ချောက် လှုပ်ရှားဆောင်ရွက်လိုက်ရတယ်။ မိဖုရားကြီးတစ်ပါးရဲ့ အဆောင်အယောင် အဆင်အမြန်း ရံရွေတွေက ခြုံလွှမ်းမွမ်းမံပေးကြတာကိုလည်း ငြိမ်ဆိတ်စွာပဲ ခံနေလိုက်တော့တယ်။

အားလုံး အဆင်သင့် ဖြစ်ချိန်မှာ ရံရွေတစ်ဦးက သတင်းတော်ကြား လာတယ်။ ကျန်စစ်မင်းကြီးရဲ့ အမိန့်တော်အရ သရပါတံခါးမုခ်ဝကို ထွက်လာတော်မူခဲ့ပါ... တဲ့။

ဪ... သရပါတံခါး၊ ဟုတ်ပေရဲ့။

မြို့တံခါးမုခ်ဆီက ခွက်ခွင်းသံ၊ စည်သံ တွေတောင်မှ သဲ့သဲ့ ကြားနေ ရပြီကော။ ခင်ဦး မြို့တံခါးဆီကို သွားရဦးမယ်၊ အကြိုတော်ထောက်မယ့် မောင်တော်မင်းကြီးရဲ့ အပါးမှာ မဟေသီမိဖုရားတစ်ပါးအဆောင်အယောင် နဲ့ ခံစားရလိမ့်ဦးမယ်။

တုံ့ဆွဲမနေတဲ့၊ ပြီးတော့ လှမ်းကြွလို့လည်းမနေတဲ့ အလိုအလျောက် ခြေလှမ်းတွေနဲ့ ခင်ဦး ထွက်လာခဲ့ပြီ။ သရပါတံခါးဆီ အကြိုတော်တဲနန်း

တစ်ယောက်သောသူ ရောက်လာတော့မယ်လေ။

အဲဒါ မောင်တော့်ချစ်သူ အို ... ချစ်သူမဟုတ်ပေဘူး။ မောင်တော့ ကြင်ယာလေ၊ သူ သမ္ဘူလ တဲ့။ သမ္ဘူလ ရောက်လာတော့မယ်။ မိမိရဲ့ ချစ်သူက သူ့ရဲ့ချစ်သူ ကြင်ယာတော်ကို ဆီးကြိုမယ့် အခမ်းအနားမှာ ခင်ဦးက မိဖုရားကြီးတစ်ပါးအဖြစ် ခစားလိုက်ပါရမယ်တဲ့။

ခင်ဦး ကြိုရမယ်လေ။

“သူဟာ မောင်တော် ရာဇဝတ်သားဘဝနဲ့ တိမ်းရှောင်နေခဲ့ရတဲ့ အချိန်တွေမှာ မောင်တော့်အတွက် အားကိုးရတဲ့ ဘက်တော်သား တစ်ဦးလည်း ဖြစ်ခဲ့တယ်။ ပရိမ္မဒေသမှာ မောင်တော် ပုန်းအောင်းနေ ခဲ့တုန်းကလေ”

မောင်တော်မင်းကြီးက ခင်ဦးကို ပြောနေတယ်။ ခင်ဦးကိုပြောနေပေ မယ့် သူ ခင်ဦးဘက် လှည့်မကြည့်ဘူး။ သရပါတံခါးရဲ့ တူရူလမ်းမကြီး တစ်လျှောက်ဆီကို စူးရှအကြည့်တွေနဲ့ သူ မျှော်နေလေရဲ့။

သမ္ဘူလက အဲသည်လမ်းအတိုင်း လာမှာမဟုတ်လား။

ဘုရင်မင်းမြတ်ကိုယ်တိုင် ထွက်တော်မူတဲ့အခမ်းအနားဆိုတော့ တမ္ပဒီပ မြို့အားလုံးလည်း သဲသဲလှုပ်လို့ပေါ့။ ဆင်တပ်၊ မြင်းတပ်တွေကလည်း စစ်ချီအင်္ဂါမဟုတ်တဲ့ အစီအမံနဲ့ တစ်တပ်ပြီးတစ်တပ် နေရာယူလို့ လမ်းမ ရဲ့ တစ်ဖက်တစ်ချက်မှာလည်း ပုဂံသူပုဂံသားတွေဟာ ဝဲယာညွတ်ပြိုလု မတတ်။ တောက်ပတဲ့ နေရောင်ခြည်အောက်မှာ သူတို့ရဲ့ ပဝါရောင်စုံတွေ ဟာ တဖျပ်ဖျပ်လွှင့်လို့။ ။

“သူ့ကို မောင်တော် နှုတ်ကြာငုံ အရင့်အမာနဲ့ ထားပစ်ခဲ့ရတာ၊ ဒါပေမဲ့ သူ နားလည်ပါတယ်။ သမ္ဘူလဟာ မိန်းမသားတစ်ယောက် ဖြစ်ပေမယ့် ပရိမ္မ ချင်းတွင်းဒေသသူပီပီ ကြမ်းတမ်းမှုတွေ ဒုက္ခတွေကို ဒဏ်ခံနိုင်တယ်လေ”

ဪ... မိန်းမသားတွေရဲ့ ဒုက္ခဒဏ် ခံနိုင်စွမ်းကို မောင်တော် မင်းကြီး အခုမှ နားလည်တာလားလို့ ခင်ဦး မေးလိုက်ချင်ပါရဲ့။ သည်လောကမှာ မိန်းမသားတွေရဲ့ ရင်ထဲ ဘယ်လောက်ထိအောင် ခံနိုင်ရည်တွေ ရှိတယ်ဆိုတာ မောင်တော်မင်းကြီး အစက မသိလေရော့သလား။

“ဦးရီး ဖပုပ္ပါးလည်း ပါလာလိမ့်မယ် ထင်တယ်။ ဖပုပ္ပါးဆိုတာ သမ္ဘူလရဲ့ ဦးလေးလေ၊ ခင်ဦးကို အမောင် ပြောဖူးတယ်နဲ့တူတယ်၊ မှတ်မိလား”

 မှတ်မိလားတဲ့။ မိန်းမသားဆိုတာ သည်လောကမှာ အမှတ်သညာ အကြီးဆုံး သတ္တဝါတစ်မျိုးဆိုတာ မောင်တော်မင်းကြီး မေ့နေပြန်ပြီထင်ရဲ့။ ဘယ်လိုအနာမျိုးကိုမဆို မိုက်မဲလှစွာ.... ပြီးတော့ သတ္တိကောင်းလှစွာနဲ့ သိမ်းဆည်းထုပ်ပိုက်၊ ကိုယ့်ဝေဒနာ ကိုယ်အမြဲလိုလို ရှုစိုက်ကြည့်မှတ်နေ တတ်တာဟာ မိန်းမသားပါ အမောင်ရယ်။

“သမ္ဘူလဟာ အမောင့်ရဲ့ ကျေးဇူးရှင်ဆိုလည်း မမှား၊ ဟင်... ခင်ဦး နေမကောင်းဘူးလား”

 အခုမှပဲ သူ ခင်ဦးဘက် လှည့်ကြည့်ဖြစ်တယ်။ နေမကောင်းဘူးလားတဲ့။ သူ့အမေးစကား၊ ဪ... ကရုဏာအရိပ်အငွေ့ပြေးလေတဲ့ အကြင်နာမေးခွန်း။

ခင်ဦးမျက်နှာ ဖြူရော် ဖျော့တော့နေသလား။ ခင်ဦး ပါးပြင်မှာ နှင်းဆီသွေးတို့ ဆုတ်နေသလား၊ ခင်ဦးမျက်လုံးတွေ ဝေရီနေသလား။ ဟင့်အင်း... ခင်ဦး မသိပါဘူး။ ဒါပေမဲ့ အလိုက်အထိုက် အဖြစ်နိုင်ဆုံး စကားကို ခင်ဦး ဆိုလိုက်ပါတယ်။

“နေပြင်းလို့ ဖြစ်မှာပါ အမောင်”

 “ဟော ဟိုဘက် သစ်ပင်ရိပ်မှာ ရွှေ့ပြောင်းစံနေပါလား ခင်ဦး”

 အုပ်ဆိုင်းနေတဲ့ တမာတန်းဘက်ကို အမောင်ကကြည့်ပြီးပြောတယ်။

 “ခင်ဦး ဒီနေရာမှာပဲ နေပါမယ်”

သစ်ရိပ်ခိုလို့ နုပျိုလန်းဆန်းကြစတမ်းဆိုရင် ခင်ဦး ဟို... တန့် ကြည့်တောင် တောနက်ကြီးဆီ ထွက်သွားလိုက်မှာပေါ့။ ဒါတောင်မှ ညို့ ညို့ ဆိုင်းဆိုင်း တောတောင်ကြီးတွေဟာ ခင်ဦးဖြတ်သွားတယ်ဆိုရင်ပဲခင်ဦး ရင်က အပူငွေ့ဟပ်ပြီး ညှိုးရိသွားလေမလား၊ အတွေးတွေက တဖျပ်ဖျပ် ပေါ်လာပေမယ့် သူ့ကို ခင်ဦး ဘာမှ မပြောလိုက်တော့ပါဘူး။

သည်အချိန် သည်နေရာမှာ သူ့ကို ခင်ဦးမပိုင်ဆိုင်ဘူးလို့ပဲစိတ်ထဲက စွဲနေမိတော့တယ်။ သည်အချိန်မှာ ပုဂံပြည့်ရှင် ကျန်စစ်မင်းကြီးကို တမ္ပဒီပ နန်းတော်ကလည်း မပိုင်ဘူး။ တိုင်းသားပြည်သူတွေဟာလည်း မပိုင်ဘူး။ သူ့ကို အချိန်နဲ့အမျှ စိုးမိုးနေမှာက မကြာခင်ရောက်လာတော့မယ့် သမ္ဘူလ။

“မဏိစန္ဒာရေ... နားလည်ယူလိုက်၊ ခွင့်လွှတ်ထားလိုက်စမ်း၊ ဥပေက္ခာတရား မထားနိုင်သရွေ့ ဖြစ်လာသမျှတွေကို မဝေးမနီးကပဲ စောင့်ကြည့်နေလိုက်။ မင်း လျှောက်ရမယ့်ခရီးလမ်းမှာ မီးလျှံတွေဘယ် လောက်ရှိနေဦးမလဲဆိုတာ မသိသေးဘူး။ ဒီတော့ မင့်အင်အားတွေကို ချွေပြီး သုံး၊ စိတ်ပြီးသုံး...'

 အလိုက်သင့် ဦးနှောက်က သတိပေးဆုံးမစကားတွေပြောနေပြန်ပြီ။

“ကျွန်မ နားလည်ယူခဲ့ပါတယ်။ ခွင့်လွှတ်ထားခဲ့ပါတယ်။ ဒါဟာ ကျွန်မဘဝ တစ်လျှောက်လုံးမှာ ကျင့်သားရနေတဲ့ နေထိုင်ရှင်သန်မှုပါ။ဒါပေမဲ့ နောက်ထပ် ဘယ်လောက်အထိ ကျွန်မက နားလည်ရဦးမှာလဲ။ ခွင့်လွှတ်ရဦးမှာလဲ။ အတိုင်းအတာဆိုတာ ရှိစကောင်းပါတယ်။ ဒီအတိုင်း အတာကိုပဲ ကျွန်မ တစ်စတစ်စ တိုးချဲ့ခဲ့ရတယ်။ ဒါကို နားမလည် ကြတော့ဘူးလား”

လည်ချောင်းတစ်လျှောက် ထိုးတက်လာတဲ့ အသံဟာ နှုတ်ဖျားကနေ ပွင့်အန်ကျလုနီးနီး ခက်ခဲပင်ပန်းစွာ ခင်ဦး မျိုချလိုက်ရတယ်။ သည်တော့ ပေါက်ကွဲမှုဟာ ရင်တွင်းမှာပဲ ဖြစ်ပေါ်သွားတော့တယ်။ နှလုံးအိမ်နံရံတွေ တုန်ခါသွားတယ်။ ဝေဒနာအစအနတွေ လွင့်သွားကြတယ်။ သိမ့်ခနဲလှုပ် သွားတယ်။ နှလုံးဟာ နောက်ထပ် အနာတရတစ်ခုကို လက်ခံလိုက်ရပြန် ပြီ။ အင်း... ဒဏ်ရာနဲ့အတူ ရင့်ကျက်မာကျောခြင်း အသစ်တစ်ခုလည်း ဖြစ်ပေါ်သွားပြန်ပြီ။

ခင်ဦးမျက်နှာပြင်ပေါ်မှာ လှုပ်ရှားမှုတစ်ခု ပေါ်လာတယ်။

ခင်ဦး သိလိုက်ပါတယ်။ မျက်နှာပြင်မှာ နှုတ်ခမ်းထောင့်စွန်းလေး တွေမှာ။ ပြီးတော့ ပါးနှစ်ဖက်မှာ။

ဟင့်အင်း... မျက်ရည်မဟုတ်ပါဘူး။ ခင်ဦးမှာ မျက်ရည်မှမရှိတော့ တာကလား။ အဲသည် အလှုပ်အရှားဟာ အပြုံးတစ်ခုလေ။ ခင်ဦးရဲ့အပြုံး။ နားလည်မှု ခွင့်လွှတ်မှု၊ ကြေကွဲမှု၊ မျိုသိပ်မှု၊ ရင်တွင်းပေါက်ကွဲမှုတွေ စရနယ်နယ်ပြီး ဖြစ်ပေါ်လာတဲ့ အပြုံး။ အလိုလို ပြုံးတတ်နေပြီဖြစ်တဲ့ အပြုံး၊ လောကကြီးကို တနံတလျား သိမြင်သဘောပေါက်လာရာက ကြိတ် ချေစီးယိုလာတဲ့ အပြုံး။ ဪ... ခင်ဦး ပြုံးဖြစ်ပြန်ပြီ။ ။

“လောလောပူတဲ့ဒေသလို့ အမည်တွင်တဲ့ တမ္ပဒီပမြေပြင်မှာတံလှပ် တွေက ရိပ်ခနဲ ရိပ်ခနဲ။ ဝံ့ဝံ့စားစား စိမ်းနေကြတဲ့ ထနောင်းပင်ပျိုတွေရဲ့ မြရည်ဟာ တံလှပ်တွေထဲမှာ ကခုန်နေကြလို့။ ချွန်မြတဲ့ တမာရွက်ကလေး တွေက လေပူလေပွေကို ဦးစွန်းအသွားနဲ့ ထိုးချိန်နေကြလို့။

ထနောင်းနဲ့ တမာတို့ကို ခင်ဦး ချစ်လိုက်တာ။

 အပူငွေ့ကို စားသုံးပြီး ကြီးထွားပျော်ရွှင်ကြရှာတယ်လေ။

အပူငွေ့ကို စားသုံးပြီး ကြီးထွားပျော်ရွှင်...။

[၁]

ဆူးခက်တွေ အကြိုအကြားက နှင်းဆီပန်းကလေး ပွင့်လာတာကို ခင်ဦး မအံ့ဩတော့ဘူး။ ဘာကြောင့်လဲဆိုတော့ ချစ်ခြင်းမေတ္တာကို သယ် ဆောင်လာတဲ့အရာဟာ စစ်ပွဲတစ်ခုဖြစ်နေလို့လေ။

ဂျွမ်းစစ်တပ်ကြီးဟာ ဘာကြောင့် သူတို့ရဲ့စစ်လမ်းကြောင်းသင့်ရာ သုဝဏ္ဏဘူမိကို ဦးစွာတိုက်ခြင်းမပြုဘဲ ခင်ဦးတို့ရဲ့ “ဥဿာကို ကျော်လွှား ပြီး လာရောက်ထိပါးကြသလဲ မသိဘူး။

ဥဿာရဲ့ နယ်စွန်နယ်ဖျားတွေကို ဂျွမ်းစစ်တပ်ကြီးက တစ်စတစ်စ စီးနင်းသိမ်းပိုက်နေပြီဆိုတဲ့ သတင်းလည်းကြားရော ခမည်းတော်က စစ်ရေးညီလာခံကို ချက်ချင်းခေါ်ခဲ့တယ်။ ပင်တိုင်းနန်းစံ သမီးတော်ပေမယ့် ထီးနန်းအရေး တိုင်းပြည်အရေးဆိုတော့ ခင်ဦးလည်း စစ်ရေးညီလာခံကို တက်ရောက်ခဲ့ရတယ်။ ဘုရင့်သမီးတော်ဆိုပြီး ကြာရိပ်ရံခြယ် သုံးရွေ့ လယ် မှာ စံပါယ်ပျော်ပါးနေလို့ မရတော့ဘူးလေစစ်မက်အခြေအနေတွေကို တပ်မင်းတွေက သဝဏ်တစ်ခုပြီးတစ်ခု တင်သွင်းလျှောက်တင်နေကြတယ်။ နေရာဒေသ၊ စစ်အင်အား စစ်ပွဲဖြစ်ပေါ် မှု ဘယ်လိုပဲ ကွာခြားပေမယ့် တစ်ခုတည်းသောအခြေမှာ တူညီနေကြ တယ်။

ဂျွန်းစစ်တပ်ကြီးဟာ အင်အားကြီးမားလှကြောင်း ဥဿာရဲ့ အင်အားနဲ့မယှဉ်သာအောင် တောင့်တင်းခိုင်မာလှကြောင်း၊ တောတောင်ဒေသ ကျွမ်း ကျင်ကြကြောင်း၊ တိုက်ရည်ခိုက်ရည် ပြည့်ဝကြောင်း၊ ပြီးတော့ စစ်ရေး လမ်းတစ်လျှောက်လုံး အခက်အခဲမရှိ စီးနင်းသိမ်းပိုက်လာကြကြောင်း၊ နောက်ဆုံးတော့ ဥဿာအနီးကို ချင်းနင်းလာကြပြီဖြစ်ကြောင်း။

စစ်ရေးညီလာခံဟာ သေနင်္ဂ အစီအမံတွေကို တိုင်ပင်ညှိနှိုင်းရင်း အမိန့်တော်တွေ ထုတ်၊ စာချွန်တွေပို့နဲ့ လှုပ်ရှားတက်ကြွနေရမယ့်အစား တိတ်ဆိတ်ထိုင်းမှိုင်းလို့ နေတော့တယ်။ ခင်ဦးရဲ့ ခမည်းတော်ဟာ စစ်မှာ မွေ့လျော်ရှာသူ မဟုတ်ဘူး။ စစ်ကို အလေ့ကျွမ်းသူမဟုတ်ဘူး။ အခုလို တစ်ပြည်ရပ်ခြား ဂျွမ်းစစ်တပ်ကြီးက ဘွားခနဲပေါ်လာတော့ ခမည်းတော် ဟာ ထိတ်လန့်စိုးရိမ်ခြင်းကလွဲလို့ ဘာမှ မတတ်နိုင်ရှာဘူး။ အို... ခမည်း တော်သာ မကပါဘူးလေ။ ဥဿာတပ်မင်းတွေ၊ တပ်မှူးတွေ အမှူးအမတ် တွေ အားလုံးဟာလည်း စစ်ရဲ့ အေးစက်တင်းကျပ်တဲ့ ဆုပ်ကိုင်မှုအောက်မှာ ကြံရာမရ ဖြစ်နေကြတော့တယ်။

နောက်ဆုံးတော့ ခင်ဦး မနေသာတော့ဘူး။

 “မြို့စောင့်တပ်လောက်နဲ့ပဲ ဥဿာကို အလုံအခြုံပိတ်၊ အစောင့် ထားခဲ့ပြီး ဂျွန်းစစ်တပ်ကြီးကို ထွက်တိုက်လိုက်ကြရင်ကော၊ ရန်သူကို မြို့တော်အနီး သီခွင့်မပေးဘူးလေ”

ခင်ဦးရဲ့ အကြံပေးမှုဟာ အားလုံးရဲ့ အကြည့်နဲ့ပဲ တုံ့ပြန်ခြင်းခံလိုက်ရ တယ်။ တစ်ဦးတစ်ယောက်မှ စကားမှတ်ချက်မထွက်ဆိုကြဘူး။ ခမည်းတော် ကတော့ ခေါင်းကိုလည်း လေးပင်စွာ ခါယမ်းနေတယ်။

သူတို့အားလုံးကိုကြည့်ပြီး ခင်ဦးရင်ထဲမှာ မခံချိ မခံသာဖြစ်လာတယ်။ စစ်ရဲ့ လက်တံရှည်တွေက ဖမ်းဆုပ်တော့မယ့်ဆဲဆဲမှာ ဘာကြောင့် တွေဝေ ငေးငိုင်နေကြရတာလဲ။ ခင်ဦး အော်ပစ်လိုက်မိတယ်။

“ထွက်တိုက်ကြမယ်လေ၊ ခင်ဦးကိုယ်တိုင် ပင်တိုင်နန်းက ရံရွေ တွေကို အိုးစားတပ်ဖွဲ့ပြီး ရှေ့ကချီတက်”

 “သမီးတော် အေးအေးဆေးဆေး စံနေစမ်း”

ခမည်းတော်ရဲ့ အသံက ငေါက်ငမ်းသံ။ ရှုပ်ထွေးလေးပင်နေတဲ့စိတ် အစဉ်ကြောင့် ခမည်းတော်ဟာ ခင်ဦးကို ခပ်ငေါက်ငေါက် မိန့်လိုက်တာပဲ ဆိုတာ သိပေမယ့် သစ်ကိုင်းခြောက်တစ်ခုလို ကြွပ်ဆတ်နေတဲ့ ခင်ဦးက လည်း ဆတ်ဆတ်ထိမခံ သာမန်အရပ်သူလိုပဲ တုံ့ပြန်လိုက်မိတယ်။

စစ်ရေးညီလာခံကနေ ခင်ဦး ထထွက်လာခဲ့တယ်လေ။ သူတို့ ဘာသာသူတို့ ဘာပဲဆွေးနွေးဆွေးနွေး၊ ဘာပဲ ဆုံးဖြတ်ဆုံးဖြတ်၊ ခင်ဦး စိတ်လိုက်မာန်ပါ အဲသည်လို ထွက်လာခဲ့မိလို့လည်း...။

ဂျွမ်းစစ်သည်တို့ရဲ့ ထိပါးနှောင့်ယှက် စစ်ဘက်အရေးမှာ တမ္ပဒီပက အနုရုဒ္ဓါဘုရင်ထံ စစ်ကူတောင်းမယ်ဆိုတဲ့ ဆုံးဖြတ်ချက်ကို ခင်ဦး မသိလိုက် တော့ဘူး။

 

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)