Skip to product information
1 of 2

Other Websites

ချစ်ဦးညို - မငြိမ်းသာရဲ့ရွှေနန်းတော်

Regular price 0 MMK
Regular price Sale price 0 MMK
Sale Sold out

မငြိမ်းသာရဲ့ ရွှေနန်းတော်

မုန်တိုင်းကြီးတစ်ခု ရုတ်တရက် ကောက်ကာငင်ကာ ကျလာသည်နှင့် မခြား။

အုတ်အုတ်ကျက်ကျက် အသံတွေ ကြားရကတည်းက ကျွန်မသိလိုက်ပြီ။ ခုတလော အမြဲလိုလို နိုးကြားကြွပ်ဆပ်နေတတ်သော ကျွန်မ၏ အာရုံက “အန္တရာယ်'ဆိုသည့် အနံ့ကို ချက်ချင်းရသည်။

“ဟဲ့ ... ငြိမ်းသာ၊ ဘာသံတွေလဲဟင်”ဟု ထိပ်ထားက မေးသည်။

ထိပ်ထားက အသက်ခုနစ်နှစ်အရွယ် သမီးတော်လေး ထိပ်ခေါင်တင်ကို ရင်ခွင်ထဲမှာ ထွေးပွေ့သိပ်နေဆဲ ဖြစ်သည်။ ကျွန်မက အငယ်ဆုံးသားတော် လေး ထိပ်တင်တုတ်ကို ပခုံးပေါ်ထမ်းချီရင်း သားတော်လေး ငိုက်မျဉ်းလာစေရန် တေးတွေကို ဆိုညည်းပေးနေရချိန်၊ ဦးစွာ ကျွန်မနားထဲ ဝင်လာသည်က မြင်းခွာသံများ။

စံအိမ်တော် လေးဘက်လေးတန်တွင် တစ်ပြိုင်တည်း ပေါ်လာသည့် မြင်းခွာသံများ ဖြစ်သည်။ သခင်မ ပြည်ထိပ်ထားမှာ သမီးတော်လေးကို ရင်ခွင် ထဲ ထွေးပွေ့ထားရသောကြောင့် အလှုပ်အရှား မပြု သာ။ ကျွန်မက သားတော် လေးကို ပခုံးပေါ်ချီရင်း စံအိမ်ပြတင်းဆီသို့ အပြေးသွားကြည့်လိုက်သည်။

လဆုတ် ၆ ရက်သာရှိသေးသော်လည်း နေပြည်တော် ကောင်းကင်မှာ မှိုင်းမှုန်လွန်းလှသည်။ သို့သော် အမှောင်ထဲမှ လှုပ်ရှားမှုတွေကို ကျွန်မ မြင်လိုက်ရပြီ။ အမှောင်ရိပ်ထဲမှာ မည်းနေသည့် မြင်းနားရွက်တွေ၊ မြင်းပေါ်က မောက်လုဆောင်း ရဲမက်တွေ၊ ပြီးတော့ ချွန်မြနေသည့် ဓားဖျား၊ လှံဖျားတွေ။

ဘုရား ... ဘုရား ...၊ သူတို့ ... သူတို့ ဝိုင်းလာကြပြီကော။ “ငြိမ်းသာ၊ ဘာတွေလဲဟဲ”

သည်အချိန်မှာ အရှင်သခင်တွေ၊ အထိန်းတော်တွေ၊ ထီးမူနန်းရာဆို တာတွေကို ကျွန်မ ဂရုထားမနေနိုင်တော့။ အန္တရာယ်အနံ့ကို ထောင်းခနဲ ရှ ရှိုက်မိပြီ။

“ထိပ်ထား၊ လွတ်ရာပြေးတော့၊ ဘုရင့်တပ်တွေက ဝိုင်းထားကြပြီ”

ထိပ်ထားကို ကျွန်မ အော်ပြောရင်း အဆောင်ထဲ ပြေးဝင်ခဲ့သည်။ သားတော်လေး ထိပ်တင်တုတ်ကိုတော့ ကျွန်မ ပခုံးပေါ်မှာ မချတမ်းချီလျက် သား။ ဘာတွေလုပ်ရမည်ဆိုသည်က ကျွန်မခေါင်းထဲ အလိုလို ပေါ်လာကြ သည်။ ထိတ်လန့်ခြင်းများဖြင့် ကျွန်မ၏ အာရုံတို့ ပိုမိုနိုးကြား ဖျတ်လတ်နေ ကြသည်။ - အကြောက်တရားက ကျွန်မကို ထုံထိုင်းမသွားစေသည်သာမက ပို၍ပင် စူးရှတက်ကြွလာစေသည်။ တစ်ခုပြီးတစ်ခု အစီအစဉ်တွေ ပေါ်လာသည်။ အခန်းထဲသွား၊ ကမ္ဗလာခြုံစောင်ယူ၊ အခန်းထောင့်ခုတင်အောက်က သေတ္တာ ကိုဖွင့်၊ သေတ္တာထဲက ကျွန်မပိုင် ရွှေ၊ ငွေ၊ လက်ဝတ်လက်စားထုပ်ကို ယူ၊ အထုပ် ကို ခါးစည်းကြိုးနဲ့ မြဲမြဲချည်။ ပြီးတော့ ကမ္ဗလာခြုံထည်အပေါ်က လွှမ်းပြီး ခြုံ။ ကြိုးတန်းပေါ်က ဂျော်စောင်နဲ့ ခေါင်းမြီးခြုံ မျက်နှာအုပ်မိအောင်စည်း။ ဒါတွေကို ဇယ်စက်သလို လုပ်နေချိန်မှာ သားတော်လေး ထိပ်တင်တုတ် အထိတ် တလန့် မဖြစ်စေနဲ့။ အိပ်ချင်မူးတူး သားတော်လေး မျက်လုံးကျယ်မသွားစေနဲ့။

ပျားတစ်ကောင်လို ကျွန်မ မနားတမ်း လှုပ်ရှားနေချိန်တွင် အိမ်တော် လေးဘက်လေးတန်ဆီမှာတော့ အုတ်အုတ်ကျက်ကျက် အသံတွေက ပိုလို့ ဆူညံ လာပြီ။ ဘုရား ... ဘုရား မရှိဘူးဆိုရင် ရဲမက်တစ်ထောင်လောက်တော့ အနည်းဆုံး၊

လုပ်စရာရှိတာတွေ ကျွန်မလုပ်အပြီးမှာတော့ စံအိမ်တော်အတွင်းမှာ အော်ကြဟစ်ကြ၊ ငိုကြဖြင့် အသံတွေ စီစီညံလာကြပြီ။ သို့သော် စံအိမ်တော် အပြင်က အသံတွေက ပို၍ ကျယ်လောင်စွာ ထွက်ပေါ်လာသည်။

“ပြည်မင်းသား ကိုယ်တော်ကြီး မခုခံနဲ့၊ ခုခံရင် သူပုန်”“ရွှေဘိုမင်းတရားကြီး အမိန့်တော်၊ ပြည်မင်းသား စံအိမ်တော်ကို နန်း တော်တပ်တွေ ဝိုင်းထားကြပြီ”

“တစ်ယောက်မှ မလွတ်စေနဲ့” “ခုခံရင် သူပုန်ပဲဟေ့”

ဘုရား ... ဘုရား ... သူတို့က ဘုရင့်အမိန့်နဲ့ ဆိုပါလား။ မင်း တရားကြီးက ဒီလို အမိန့်တော်မှတ်သတဲ့လား။ ဟင့်အင်း ... မဖြစ်နိုင်ဘူး။ မင်းတရားကြီးက စိတ်ဖောက်ပြန်နေတဲ့ ရောဂါသည်ပဲ။ မဖြစ်နိုင်ဘူး၊ စိတ် ဖောက်ပြန်နေသူက ဒီလို အမိန့်ထုတ်မတဲ့လား။ ဒါပေမယ့် နေ့ခင်းကတော့ မင်းတရားကိုယ်တိုင် ရေနံချောင်းမြို့စား ယင်းတောဝန်ကြီးကို လှံနဲ့ ထိုးသတ် ခဲ့သတဲ့။ အို ... ဒါတွေ တွေးမနေနဲ့လေ။ ။

သားတော်လေး ထိပ်တင်တုတ်ကို ရင်ခွင်ထဲပွေ့၊ ခြုံထည်နဲ့အုပ်ပြီး ကျွန်မ စံအိမ်တော်ပေါ်မှ အပြေးအလွှားဆင်းသည်။ နောက်ဖေးဘက် လှေကားဆီသို့ ပြေးသွားသည်။ သို့သော် လှေကားထိပ်အရောက်မှာ ချက်ချင်းပဲ ခြေလှမ်းတွေ ကို ပြန်ဆုတ်လိုက်ရသည်။ စံအိမ်တော်နောက်ဖေးဘက်မှာ နည်းနည်းနောနော ရဲမက်တွေလား

စံအိမ်တော်ထဲ ပြန်ပြေးဝင်ကာ ထွက်ရမည့်အပေါက်ကို ရှာရသည်။ အားလုံး ရုတ်ရုတ်သဲသဲ ဖြစ်နေကြပြီ။ စံအိမ်တော်အမှုထမ်းများ၊ ကိုယ်လုပ် တော်များ၊ အိပ်ဖန်စောင့်များ၊ ပရမ်းပတာ ပြေးလွှားနေကြသည်။ ကယ်ပါ၊ ယူပါအသံတွေကလည်း နေရာတိုင်းမှာ ဆူညံနေသည်။

“ထိပ်ထား ... ထိပ်ထား ... ဘယ်မှာလဲ သမီးတော်လေးကော”

ကျွန်မ သံကုန်အော်သည်။ သို့သော် ငရဲပွက်ထနေသော အော်သံ၊ ငို သံများအောက်တွင် ကျွန်မအသံက ပျောက်ဆုံးသွားသည်။ ပြေးရင်းလွှားရင်း တိုက်မိ၊ ခိုက်မိ၊ လဲသူလဲ၊ ကွဲသူကွဲ၊ အရှုပ်ရှုပ်အထွေးထွေး။

“ထိပ်ထား သမီးတော်လေးကော၊ ငြိမ်းသာ ဒီမှာ ပြေးကြစို့”

ဘယ်လိုမှ မကြားနိုင်။ ထိပ်ထားလည်း ဘယ်ရောက်နေပြီ မသိ။ သမီး တော်လေးကော၊ ပြီးတော့ သတိုးမင်းဒင်၊ သတိုးမင်းလှ၊ သားတော်လေးတွေ ကော။ အသက်ကိုးနှစ်၊ ဆယ့်နှစ်နှစ်အရွယ်လေးတွေး ဘုရား ... ဘုရား။ ပြည်မင်းသား ကိုယ်တော်ကြီးကော ဘယ်ရောက်နေပြီလဲ။ စံအိမ်တော် အဆောင်ဆောင် အခန်းခန်းသို့ ကျွန်မ အရူးတစ်ယောက်လိုလျှောက်ပြေးနေမိပါပကော။ “တစ်ယောက်မှ မလွတ်စေနဲ့၊ ဝိုင်းကြဟေ့” “ကိုယ်တော်ကြီး၊ မခုခံနဲ့၊ ခုခံရင် သူပုန်”

တောင်ဘက် လေသာဆောင်ပြတင်းဆီသို့ ကျွန်မ ရောက်သွားပြန်သည်။ အို ... ဒီဘက်မှာလဲ ရဲမက်တွေ ပို့လို့ပါလား။ တိုင်လုံးတွေကို ပတ်ရှောင် လျက် မြောက်ဘက် ဝရံတာဆီ ပြေးခဲ့ပြန်သည်။ သည်မှာလည်း ရဲမက်တွေပါ လား။

ပြေးပေါက်မရှိတော့။ စံအိမ်တော်ကို သူတို့က ခံတပ်ကြီးတစ်ခုလို၊ စစ် ပွဲကြီးတစ်ပွဲလို စီးနင်းတိုက်ခိုက်ကြတော့မည်။ သူတို့လက်ချက်ဖြင့် ကျွန်မ သေ ရတော့မည်။ သားတော်လေး၊ အို ... ကျွန်မရင်ခွင်ထဲက သားတော်လေး ထိပ်တင်တုတ်။ သုံးနှစ်သားအရွယ် ဘာမှမသိရှာတဲ့ ကလေးလေး။

အသံကုန် အော်ဟစ်ပစ်လိုက်မိသည်လား မသိ။

ရင်ခွင်ထဲက ကလေးကို ကျစ်ကျစ်ပါအောင် ပွေ့ဖက်ရင်း ကျွန်မ စံအိမ် တော် အရှေ့ဘက်မျက်နှာစာ ဆင်ဝင်ဆီသို့ ပြေးခဲ့ပြန်သည်။ သေမင်း၏ ဖဲဟ ထားသော ခံတွင်းထဲ ခုန်ဆင်းရတော့မှာလား။

ထိုအချိန်မှာပင် အပြင်းထန်ဆုံး အကျယ်လောင်ဆုံး အသံကို ကြား လိုက်ရသည်။ ဆင်အော်သံ၊ ပြီးတော့ အရှေ့ဘက်မျက်နှာစာ ဝင်းထရံကြီး၊ ဝေါခနဲ၊ ဝုန်းခနဲ ပြိုလဲကျသံ။ ပြီးတော့ ရဲမက်များ၏ အော်ဟစ်သံ၊ အို ... ဒါဟာ ကမ္ဘာပျက်သံပါပဲ၊

အကြောက်လွန်သွားသော တဒင်္ဂအမြင်တွင် ကျွန်မ သတိလစ်သွား တော့မတတ်။ ချက်ချင်းပင် ပြိုပျက်သွားလုအသိကို မနည်းကြီး ပြန်စုစည်း လိုက်ရသည်။ ဘာကြောင့်များ ကျွန်မ ရူးမသွားတာပါလိမ့်။

အရှေ့ဘက်မျက်နှာစာ ဝင်းထရံကြီး ပြိုလဲနေသည်။ လဆုတ်ည၊ အမှောင်နှင့် မီးတုတ်အလင်းရောင်များကြားတွင် မည်းမည်းသဏ္ဌာန် ကိုယ်လုံး ကြီးကို တွေ့လိုက်ရသည်။ ဆင်ကြီးတစ်ကောင်။

“ပြည်မင်းသား ဆင်နဲ့ ထွက်ပြေးပြီဟေ့” “မလွတ်စေနဲ့၊ လိုက်ကြ ဖမ်းကြ”

လေးဘက်လေးတန် ဝိုင်းထားသော ရဲမက်များ၊ အရှေ့ဘက်မျက်နှာစာ ဆီသို့ စုပြုံတိုးဝှေ့သွားကြသည်။ ထိုနေရာမှာပင် အရှုပ်ထွေးဆုံးဖြစ်သွားသည်။အခွင့်ကောင်း၊ အချိန်ကောင်းကို ကျွန်မ ရပြီ။

| စံအိမ်တော် တောင်ဘက် လေသာဆောင်တံခါးမှတစ်ဆင့် ရှေ့ လှေ ကားအတိုင်း ပြေးဆင်းလိုက်သည်။ ရုတ်ရုတ်သဲသဲ ရဲမက်များက အရှေ့ဘက် ကိုပဲ သဲကြီးမဲကြီး လိုက်နေကြသည်။ လှေကားခြေရင်းအရောက်တွင် တိုင်လုံး ကွယ်ကာ အမှောင်ရိပ်ခိုလိုက်သည်။ ထို့နောက် မနီးမဝေးမှ မန်ကျည်းပင်ကြီး တစ်ပင်နောက် ပြေးကပ်သည်။ သည်တစ်ခါတော့ လဆုတ်ညက ကျွန်မ ဘက်က။

သည့်နောက်မှာတော့ သစ်ပင်တွေ၊ ချုံပုတ်တွေ၊ ပန်းရုံတွေ၊ တစ်ခုပြီး တစ်ခု ပြေးဝင်ခိုကပ်၊ အမှောင်ရိပ်ကွယ် ပြေး ... ပြေး ... ပြေး ...။ | သားတော်လေး ထိပ်တင်တုတ်ကို ရင်မှာပိုက်ပြီး ပြေး။

ရဲမက်တွေအော်သံ၊ ညာသံ။ ပြီးတော့ စံအိမ်တော်ကြီးနှင့်အတူ နေပြည် တော်ကြီးကို နောက်မှာ ချန်ထားရစ်ခဲ့။

နောက်ကြောင်း ပြန်လှည့်မကြည့်စတမ်း မငြိမ်းသာရေ ....။

တိမ်တိုက်မည်းကြီးတွေက နေပြည်တော်ကောင်းကင်မှာ အဆုပ်လိုက် တက်လာပြန်သောအခါ လဆုတ်ညလည်း ပို၍ မှောင်သွားတော့သည်။ အခု

တော့လဲ ဒီအမှောင်ကို ကျွန်မ သဘောကျရပြန်သည်။ အုတ်အုတ်သဲသဲ လူ တွေကြားထဲမှာ တိုးဝှေ့ပြေးလွှားနေသော ကျွန်မကို မည်သူကမျှပြည်မင်းသား ကြီးရဲ့ စံအိမ်တော်က နို့ထိန်းအမှုတော်ထမ်း မငြိမ်းသာမှန်း သိနိုင်ကြတော့ မည်မဟုတ်။ ပြီးတော့ ကျွန်မရင်ခွင်ထဲမှာ ခြုံစောင်အောက်မှာ သုံးနှစ်သား အရွယ်၊ ရင်သွေးတော် မင်းသားလေး ထိပ်တင်တုတ် ပါလာတာကိုလည်း သိကြ မည်မဟုတ်။ သိများသိကြလို့ကတော့ဖြင့် ဘုရား ... ဘုရား၊ မတွေးဝံ့စရာ။

ပြေးရင်းလွှားရင်းဖြင့်ပင် စံအိမ်တော်က ပြည်မင်းသားကြီးမိသားစု ကံ ကြမ္မာကို တွေးနေမိသည်။ ကိုယ်တော်ကြီးကတော့ ဝင်းထရံကို ဆင်ဖြင့် ဖောက် ထွက်ကာ ကိုယ်လွတ်ရုန်းသွားခဲ့ပြီး၊ ကိုယ်တော်ကြီးနှင့်အတူ ဘယ်သူတွေများ ပါသွားနိုင်ပါ့မလဲ။ ခုနစ်နှစ်အရွယ် သမီးတော်လေး ထိပ်ခေါင်တင်နှင့် ကျန်ရစ် ခဲ့သော ထိပ်ထားကော၊ အသက်ဘေးမှ လွတ်ပါ့မလား။ ဘုရား ... ဘုရား။

ပြေးနေသော ခြေလှမ်းတွေနှင့်အမျှ ကျွန်မအတွေးတွေက ကစဉ့်ကလျားဖြစ်နေသည်။ ဘာကြောင့်များ မင်းတရားအမိန့်တော်ဖြင့် စံအိမ်ကို ဝိုင်းကြတာ ပါလိမ့်။ ပြည်မင်းသားကိုယ်တော်ကြီးဟာ ရာဇပလ္လင်ကို လုယူမယ့်သူမှ မဟုတ် တာ။ ပြီးတော့ မင်းတရားသစ္စာတော်ကို ဖီဆန်သူမှ မဟုတ်တာ။ အိုလေ .. သူတို့ မင်းဆွေစိုးမျိုး အရေးတော်တွေက ရှုပ်ပါဘိသနဲ့။ နင့်ဟာနင် ဆက်ပြေး စရာရှိတာ ပြေး မငြိမ်းသား နှင့် ရင်ခွင်ထဲမှာ ရင်သွေးတော်ကလေး မဟုတ်

လား။

တိမ်တစ်ဆုပ် အလွင့်တွင် ညကောင်းကင်က မဆိုစလောက် လင်းသွား သည်။ လဆုတ်ရက်များတွင် ညဉ့်နက်လေ အမှောင်ပါးလေ မဟုတ်လား၊

သည်တော့မှ ကျွန်မ အမှားတစ်ခုကို မိုက်မိုက်မဲမဲ ကျူးလွန်နေကြောင်း သတိထားမိသည်။ ဘယ်လိုပဲ ကိုယ်ယောင်ဖျောက်ဖျောက်၊ ခြုံစောင်တွေ၊ တဘက်ပဝါတွေဖြင့် ဘယ်လောက်ပဲ ရုပ်ဖျက်ဖျက်၊ ကျွန်မအသွင်က သာမန် အရပ်သူများနှင့် သိသိသာသာ ခြားနားနေသည်ပဲ။ ယုတ်စွအဆုံး အနားပြား ကြီးမားသော မဲထဘီနှင့် အနို့တပ်ခါးစိုက်ခါသာ ပိတ်အင်္ကျီက အစ၊

သည်ရုပ်သွင်ဖြင့် ဆက်သွားနေလို့တော့ မဖြစ်။ တစ်နေရာမဟုတ် တစ်နေရာမှာ ကျွန်မကို နန်းတွင်း အမှုတော်ထမ်းမှန်း သိသွားနိုင်သည်။ ရဲမက် တွေနှင့်မတွေ့တောင်မှ တောကြောင်တွေနဲ့ ရင်ဆိုင်တိုးမိမှဖြင့်။

ဟုတ်သည်။ ကျွန်မရုပ်သွင်ကို လုံးလုံးလျားလျား ပြောင်းပစ်ရမည်။ အဝတ်အစားတွေကို ပြောင်းပစ်ရမည်။ သို့သော် ဘယ်က အဝတ်အစားရနိုင် မည်နည်း၊

ဟော ... ရှေ့မှာ ပုဏ္ဏမတစ်ယောက်။ ဘုရားသိကြားမတာပဲ ထင် သည်။ ပုဏ္ဏမကလည်း နေပြည်တော်ဆီက အုတ်အုတ်ကျက်ကျက် အသံ တွေကြောင့် ထိတ်ထိတ်ပျာပျာ ဖြစ်နေပုံရသည်။

“ဟဲ့ ... ပုဏ္ဏမ ခဏနေဦး” သူ့ခြုံစောင်ကို ကျွန်မ လှမ်းဆွဲလိုက်တော့ သူ လန့်သွားသည်။

“ဘာမှ မကြောက်ပါနဲ့ဟယ်၊ ငါ့ကို တစ်ခုကူညီစမ်းပါ။ ဒီမှာ ငါ့ထဘီ နဲ့ ခြုံစောင်ကို နှင်ယူ၊ နှင့်ထဘီနဲ့ ခြုံစောင်ကို ငါပေးပါ၊ ငါ့ဟာက အဖိုးတန် တွေပါ။ အို ...ငါ ငွေစလဲ ထပ်ပေးဦးမယ်၊ လဲပါဟယ်”

“အစ်မက” “အို ... ဘာမှပြောမနေနဲ့ လာ ..."ချုံပုတ်တစ်ခုဆီသို့ သူ့ကို ကျွန်မ ဆွဲခေါ်လိုက်သည်။ သူ စိတ်ပါလာ အောင် ကျွန်မက ငွေစအနည်းငယ်ကို အရင်ထုတ်ပေးလိုက်သည်။ သည်တော့ မှ ပုဏ္ဏမ သဘောကျသွားသည်။

“ဒီညတော့ အရှင်သခင်ကြီးတွေ၊ နတ်ဒေဝါတွေ မတာပဲ။ ကြည့်စမ်း ... ငါ့အဝတ်အစားတွေနဲ့ သူ့ အကောင်းစားအဝတ်တွေနဲ့ လဲရမတဲ့၊ ပေး ပေး ... လဲမယ်”

ပုဏ္ဏမက အရေးထဲ ဘုရားဝတ်ပြုတော့မည် လုပ်နေသဖြင့် ကျွန်မ ခပ်သုတ်သုတ်ပင် သူ့အဝတ်တွေကို ချွတ်ခိုင်းရသည်။

သည်လိုနှင့်ပင် ချုံပုတ်အကွယ်မှ ထွက်လာပြီးနောက်တွင် ကျွန်မသည် ညစ်ထေးစုတ်ချာသော ခြုံစောင်၊ ထဘီတို့ဖြင့် လုံးဝ ရုပ်သွင်ပြောင်းသွားခဲ့ သည်။ လိုရမယ်ရဆိုပြီး ပုဏ္ဏမပါလာသော ဆန်ထုပ်ကလေးကိုလည်း တောင်း

တောင်းပန်ပန် ယူထားလိုက်သည်။ သူ့အဝတ်တွေက ညှင်းသိုးသိုးအနံ့ နံသော် လည်း ဤအနံ့များအောက်မှာပင် ကျွန်မသည် လုံခြုံမှု ရရှိခဲ့ပေပြီ။

သို့သော် တကယ်တမ်း အသက်ဘေးမှ လုံခြုံစိတ်ချရရန်မှာမူ နေပြည် တော်ကြီးနှင့် ဝေးလေကောင်းလေပင် ဖြစ်သည်။ ခိုလှုံပုန်းအောင်းစရာနေရာကို နောက်မှ စဉ်းစားရတော့မည်။ အခုနေမှာတော့ ဝေးနိုင်သမျှ အဝေးဆုံးသို့ ပြေး ခြင်းသာ လွတ်မြောက်ရာဖြစ်သည်။

လဆုတ်တစ်ညဉ့်တာ ကာလလုံး ကျွန်မခြေလှမ်းများသည် တုန့်ရပ်သည် မရှိတော့။

(၃) ပျို့အန်စ အရုဏ်အလင်းရောင်အောက် ဟိုးအရှေ့ဆီမှာ ကြွက်နဖား တောင်ကို တွေ့နေရပေပြီ။ ညို့နေသော တောရိပ်တောင်ရိပ်ကို မြင်ရသော အခါ ကျွန်မရင်မှအပူတို့ သက်သာရာရစ ပြုသည်။ ကြွက်နဖားတောင်သည်

တောင်ငယ်တစ်လုံးမျှသာ ဖြစ်သည်။ သို့သော် တောင်ခြေတစ်ဝိုက်မှာ တော ရှိသည်။ ရိုးမတောင်ကြီး၏ အငွေ့အသက်များဖြင့် ဆို့ဆို့ဆိုင်းဆိုင်း သစ်ပင် အုပ်များ၊ စမ်းချောင်းများ၊ ကျောက်ချပ်ကမ်းပါးများ ရှိသည်။

တစ်ညဉ့်လုံး မနားတမ်းပြေးခဲ့ရသဖြင့် ခြေကုန်လက်ပန်းကျချင်နေသော ခွန်အားများကို အသက်ပြင်းပြင်းတစ်ချက် ရှူရှိုက်ကာ မာန်သွင်းလိုက်ရသည်။

Customer Reviews

Be the first to write a review
0%
(0)
0%
(0)
0%
(0)
0%
(0)
0%
(0)