ချစ်ဦးညို - နေမင်းလမင်းသိန်းရာထောင်
အခန်း ၁
တောတန်းတစ်ခုလုံး မြင်းခွာသံများဖြင့် သိမ့်သိမ့်တုန်နေသည်။ခရီးယူဇနာ ငါးဆယ်ကျော်တိုင် အပြင်းနှင်ခဲ့သည့် အတွက် မြင်းများမှာ မောဟိုက် ပင်ပန်းနေကြပေပြီ။ သို့သော် မြင်းစီးသူရဲအမတ်တို့၏ တဟေးဟေး ကြွေးကြော်သံများနှင့် မလျော့စတမ်းဆုပ်ကိုင်ထားကြသော ဇက်ကြိုးတို့အောက် တွင် မြင်းကြီးများသည် ကဆုန်စိုင်းလျက်ပင် ရှိကြသည်။ အုပ်မိုးယှက်ဖြာ နေကြသော တောတန်းမှ သစ်ရွက်ဖားလျားတို့သည် မြင်းတပ်ကြီး အဖြတ် တွင် သစ်ရွက်များ ဖြာဖြာကြွေကျသွားကြသည်။
အဆက်မပြတ်သော မြင်းခွာသံများကြောင့် ပင်စည်အခက်အလက် တို့တွင်လည်း တုန်လှုပ်ယိမ်းထိုးနေကြပြီဟု ထင်ရသည်။ ယူဇနာ ငါးဆယ်...၊ ခရီးပေါက်ခဲ့သည့်အတိုင်းအတာမှာ ယူဇနာငါးဆယ်မျှသာ ရှိသေးသည်။ နောက်ထပ် ယူဇနာခုနစ်ဆယ် ကျန်သေးသည်။ ခရီးတစ်ဝက် မျှပင် မပေါက်သေး။ ဟံသာဝတီနေပြည်တော်ကြီးသို့ ရောက်ရန် ခရီး တစ်ဝက်ကျော် လိုသေးသည်။
မြင်းတပ်ကြီး၏ ရှေ့ဆုံးမှ ဦးဆောင်လာသူမှာ သုမနမင်းသား ဖြစ် သည်။ ငယ်ရွယ်နုပျိုသော မင်းလုလင်၏မျက်နှာ၌ တက်ကြွသောအသွင်ကို တွေ့ရသည်။ ခရီးပန်းမှုကို စိုးစဉ်းမျှ မတွေ့ရ။ မိမိတို့၏ အရှင်သခင်ဖြစ်သော သုမနမင်းသား၏တက်ကြွမှုကို တွေ့ရသောအခါ နောက်ပါစစ်မှူး အမတ်တစ်ထောင်တို့မှာလည်း ပို၍ပင် တက်ကြွလန်းဆန်းနေကြသည်။
လျှိုတစ်ခုဖြတ်လိုက်ပြီးနောက်တွင် ရှေ့ခပ်လှမ်းလှမ်း၌ ကျောက်ဂူ စခန်းတစ်ခုကို ဘွားခနဲ တွေ့လိုက်ရသည်။ သုမနမင်းသားသည် မြင်းဇက် ကို လျှော့လိုက်သည်။ ယူဇနာငါးဆယ်ကျော်အထိ ခရီးပြင်းနှင်ခဲ့သည့် တစ်လျှောက်လုံးတွင် နှစ်ကြိမ်မျှသာ ခေတ္တခဏ နားခဲ့ကြသည်။ မြင်းပေါ်မှ စိတ်ဓာတ်တက်ကြွ လန်းဆန်းနေသော လူအများအဖို့ မထောင်းသာသော် လည်း မြင်းများမှာ ပင်ပန်းလှချေပြီ။ ဤကျောက်ဂူစခန်းတွင် အချိန်ယူ၍ အနားပေးမှဖြစ်မည်။
ကျောက်ဂူစခန်းဟု ဆိုရသော်လည်း ကျောက်သားပကတိချည်း ရှိနေသည်မဟုတ်။ သေးငယ်သော ရေတံခွန်လေးတစ်ခု၊ ကျောက်တုံးများ ကို တိုးဝှေ့ဖြတ်သန်းစီးဆင်းနေသော စမ်းချောင်းငယ်၊ နက်မှောင်ကြည်လင် သောရေအိုင်၊ ရေအိုင်ကမ်းစပ်တစ်ဝိုက်မှ စိမ်းစိမ်းစိုစိုမြက်ခင်းများနှင့် အရိပ်ကောင်းသောသစ်ပင်များ၊ ထို့နောက် သက်သောင့်သက်သာ လဲလျောင်းချင် စဖွယ် ကျောက်ဖျာကြီးများလည်းရှိသည်။
သုမနမင်းသားသည် ရွှေကနုတ်ပန်းများဖြင့်အနားကွပ်ထားသည့် တံပိုးကိုထုတ်၍ နှစ်ချက် ဆင့်မှုတ်လိုက်သည်။ တံပိုးသံ၏အဓိပ္ပာယ်မှာ ဤနေရာတွင် စခန်းတစ်ထောက်နားကြမယ်ဟူသော အဓိပ္ပာယ်ဖြစ်သည်။ မြင်းစီးသူရဲများအားလုံး တုံ့ရပ်လိုက်ကြလေသည်။ အေးမြသော ရေနံ့ ရ သဖြင့် မြင်းများလည်း တဟီးဟီးအသံပြုလာကြသည်။
စင်စစ်မူ ဤနေရာတွင် စခန်းတစ်ထောက်နားဖို့ ဆုံးဖြတ်ရာ၌မြင်းတွေပင်ပန်းလှသည်ဟူသော အကြောင်းတစ်ချက်တည်းကြောင့် မဟုတ်ကြောင်း၊ သုမနမင်းသားသည် တစ်ယောက်တည်း စိတ်ကူးနေမိသည်။ မြင်းတွေကို အနားပေးဖို့လိုသည်မှာလည်းမှန်သည်။ နောက်ထပ်အကြောင်း တစ်ကြောင်း ရှိသေးသည်။ယူဇနာခုနစ်ဆယ်မျှသာ ကျန်တော့သောခရီးဝယ် တိကျရေရာမှု မရှိသေးသော တစ်စုံတစ်ခု ရှိနေသေးသည်။
နောက်တစ်နေ့ သို့မဟုတ် ယနေ့ ညဉ့်လယ်ပိုင်းလောက်တွင် ဟံသာဝတီနေပြည်တော်ကြီးသို့ ရောက်တော့မည်ဖြစ်သည်။ ဟံသာဝတီ နေပြည်တော်ကြီးမှ ခမည်းတော် အာနန္ဒာမင်းနှင့် မယ်တော်သုဇာတာမိဖုရား ကြီးတို့သည် ကြီးစွာသောအခမ်းအနားဖြင့် မိမိကို အကြိုထွက်ကြလိမ့်မည်။ အောင်ပွဲရ သားတော်သုမနကို နေပြည်တော်သား အားလုံးကလည်း သောင်းသောင်းဖြဖြ ကြိုဆိုကြလိမ့်မည်။
အောင်ပွဲရသူတို့ အား ဆုလာဘ်ချီးမြှင့်သည့် အလေ့အတိုင်း ခမည်း တော်မင်းကြီးသည် မိမိအား ကြီးစွာသောအဆောင်အယောင် ဆုလာဘ်များ ဖြင့် ချီးမြှောက်ဂုဏ်ပြုပေလိမ့်မည်။
“လို ရာဆု ကို တောင်းပေတော့ သားတော်””ဟု ခမည်းတော်မင်းကြီး က အခွင့် ပေးသနားမည်မှာ ဧကန်ဖြစ်သည် ။ လိုရာဆု...။ မည်သို့သော ဆုလာဘ်ကို တောင်းရမည်နည်း။
ဘုရင်မင်းမြတ်၏ သားတော်တစ်ပါးအနေဖြင့် မိမိသည် မြို့ကြီး တစ်မြို့ကို အပိုင်စား ရထားသည်။ သူတကာ ဘုရင့်သားတော်တွေလို နေပြည်တော်ထီးရိပ်ခိုကာ ဥပရာဇာဘဝဖြင့် သက်သောင့်သက်သာနေခဲ့ သည်မဟုတ်။ ခမည်းတော်မင်းကြီး ကိုယ်တိုင်ကလည်း သားတော်ဟူသော အမှတ်ဖြင့်အချိန်တန်လျှင် ထီးမွေနန်းမွေ ဆက်ခံစေဟုဆိုကာ မိမိအား တာဝန်မဲ့ မနေစေခဲ့။ ဟံသာဝတီမှ ယူဇနာတစ်ရာ့နှစ်ဆယ်ဝေးသော မြို့တွင် မြို့စားခန့်အပ်ခဲ့ကာ တိုင်းရေးပြည်မှုကို ကိုယ်တိုင်ကိုယ်ကျ ထိတွေ့စေခဲ့ပေသည်။
အခွန်အတုတ် ဘဏ္ဍာတော်များအရေး၊ တရားစီရင်မှုအရေး၊နယ်မြေ ဒေသ တိုင်းသားပြည်သူတို့ ပျော်ရွှင်ချမ်းမြေ့ရေးကိုလည်း မိမိလက်တွေ့ လုပ်ဆောင်နိုင်ခဲ့သည်။နောက်ဆုံး တိုင်းရေးပြည်ရာကိစ္စတို့တွင် အခက်အခဲ အရှုပ်ထွေးဆုံးဖြစ်သော “စစ်ရေး” ကိုပင် မိမိကိုင်တွယ် ဖြေရှင်းပြီးခဲ့ပေပြီ။
ပစ္စန္တရစ် အစွန်အဖျားဒေသများမှ သူပုန်သူကန်တို့ကို သုမန မင်းသား အောင်မြင်စွာတိုက်ခိုက်နှိမ်နင်းခဲ့ပြီးပြီ။ “တိုက်နယ်ဒေသ ငြိမ်းအေး သာယာရှိခဲ့ပါပြီ။ သူပုန်သူကန်တို့အရေး လုံးဝချုပ်ငြိမ်းသွားပါပြီ” ဟု ခမည်းတော်ထံ သဝဏ်လွှာပို့ လွှတ်ခဲ့သည်။ ချက်ချင်းလိုပင် ခမည်းတော် ထံမှ သဝဏ်လွှာပြန်လာသည်။ “လွန်စွာ နှစ်ထောင်းအားရရှိလှသည်။ ခမည်းတော်ထံသို့ ငါ့ သားတော် အလျင်အမြန်ဝင်ရောက်ခစားစေ”
သု မနမင်းသားသည် မိမိ၏ မြင်းဖြူကြီးကို ရေတိုက်ရင်း ကျောက်ဂူ ရေအိုင်စပ် ကျောက်ဖြူကြီးပေါ်တွင် ထိုင်လိုက်လေသည်။
“ကျုပ်တော့ လယ်နှစ်ပွဲလောက် တောင်းမလားစိတ်ကူးတယ်။ လယ်နှစ်ပွဲ၊ နွားတစ်ရှဉ်းဆိုရင် တော်ပါပြီ။ ကိုယ်က တောင်သူဘဝက လာခဲ့တာဆို တော့ လယ်နဲ့ မြေကိုပဲ အာရုံကျတယ်” ။
ဒါတော့ ရောင်းရင်းသဘောပေါ့ လေ၊ ကျုပ်ကတော့ ပတ္တမြား လက်စွပ် တစ်ချည်လောက်ဆို တော်ပါပြီ။ အဟဲ... ကျုပ်ဖို့ မဟုတ်ပါဘူး။ အိမ်က ကတော်စိုးက ပတ္တမြားဝတ်လှချင်ရဲ့ ပြောနေတာကြာပြီ။ စစ်ပွဲပြန်အောင်ပွဲရ ခုလိုအခါမျိုးမှာ ဘုရင်မင်းမြတ်ဟာ သားတော်နဲ့အတူ ကျုပ်တို့ ကိုလည်း လိုရာဆု တောင်းစေလို့ အခွင့်ပေးသနားမှာ အမှန်ပဲလေ”
“ကျုပ်က လူပျိုလေ၊ မယားမရှိပါဘူး..... ဟဲ.. ဟဲ၊ ရွှေနန်းတော် ကြီးထဲက အချောအလှလေး တစ်ယောက်လောက်ကို တောင်းမလားလို့...။ သူရဲကောင်းအတွက် ဆုလာဘ်ဆိုတာ မိန်းမလှပဲ၊ဒါ နိယာမပဲ... ဟဲ...ဟဲ”
သုမနမင်းသား ပြုံးမိလေသည်။စစ်မြေပြင်တွင် နတ်ဘီလူးများနှယ် ကြောက်ခမန်းလိလိ တိုက်ပွဲဝင်ခဲ့ကြသော ဤစစ်မှူးအမတ်တစ်ထောင်တို့ သည် စင်စစ် ငယ်ရွယ်ကြသေးသူများသာပင်။ ယခုလို အောင်ပွဲရပြည်တော် ဝင် စစ်သည်များအဖြစ် ဂုဏ်ပြုခံရတော့မည့် အချိန်တွင် သူတို့သည် လွတ်လပ်ပေါ့ပါးစွာဖြင့် မိမိတို့၏ဆန္ဒကိုထုတ်ဖော်ရင်း တပျော်တပါး ရယ်ပွဲဖွဲ့ နေကြသည်။
ခမည်းတော်ဘုရင်မင်းမြတ်ထံမှ သူတို့ ရယူတောင်းဆိုကြမည့် ဆုလာဘ်များကို စိတ်ကူးကိုယ်စီဖြင့် ရွေးချယ်နေကြသည်။
အမှုထမ်းစစ်သည်အမတ်တို့၏ တဝါးဝါးရယ်သံ၊ စကားပြောသံ များကို နားထောင်ရင်း ပြုံးမိနေရာမှ သုမနမင်းသားသည် တစ်စုံတစ်ခုကို တွေးမိသွားသည်။ ဤကျောက်ဂူစခန်းသို့ မရောက်မီ လမ်း၌ မိမိ ဝိုးတဝါး တွေးခဲ့မိသော အတွေး။ ယူဇနာခုနစ်ဆယ်ကျန် ခရီးတစ်လျှောက်လုံးမှာပင် တိကျရေရာမှု မရှိသေးသော တစ်စုံတစ်ခု။
အမတ်စစ်သည်များကတော့ သူတို့အာရုံကျ စိတ်ကူးရရာများကို ရည်ညွှန်းလျက်၊ ဘုရင်မင်းမြတ်ထံမှရယူမည့် ဆုလာဘ်များကို အချင်းချင်း ဆွေးနွေးတိုင်ပင်နေကြသည်။ မိမိကိုယ်တိုင်ကတော့ အဘယ်ဆုကို တောင်းရမည်နည်း။
“လိုရာဆု တောင်းပေတော့ သားတော်”ဟု ခမည်းတော် အခွင့် သနားလာချိန်တွင် မိမိက ဘာဆုကို တောင်းယူရမည်နည်း။
မိမိသည် ဘုရင့်သားတော်ဖြစ်သည်။ ထီးမွေနန်းလျာ အရိုက် အရာခံဖြစ်သည်။ ထီးနန်းကို တောင်းစရာမလို။ ရာဇဝံသအရ တစ်နေ့သောအခါ ဟံသာဝတီ ထီးဖြူပလ္လင်သည် မိမိထံ ရောက်ရှိလာမည်သာပင်။
သို့ဆိုလျှင် ရွှေငွေဥစ္စာ ရတနာတွေကော၊ ဆင်မြင်းရထားတွေကော၊ တိုက်နယ်၊ဇနပုဒ်၊မြို့ရပ်ဒေသတွေကော...၊ ဘာကိုတောင်းရမည်နည်း...။ သုမနမင်းသားသည် တောင်းယူရရှိလာမည့် ဆုလာဘ်များကို မြင်ယောင် ကြည့်လိုက်သည်။
ရွှေငွေဥစ္စာ ရတနာခုနစ်ပါး... ထိုအရာတို့ကို ဝတ်ဆင်လျက်၊ အသုံးပြုလျက်၊ မိမိ၏ဘဝသည် မည်မျှပို၍ ကြီးကျယ်သွားမည်နည်း။ ဆင်မြင်းရထားတွေ... ဒါတွေကို ပိုင်ဆိုင်ထားလို့ကော မည်မျှ ဘုန်းကျက် သရေ တိုးပွားမည်နည်း။ တိုက်နယ်မြို့ ရွာတွေ.. ဒါတွေကို များမြောင်လှစွာ ပိုင်စိုး အခွန်အတုတ် စားရလို့ကော၊ မိမိ၏ ထမင်းပွဲအာဟာရသည် ဘယ် လောက်များပို၍ အရသာထူးကဲလာမည်နည်း။ ။
အတွေးထဲမှာပင် ရှုပ်ထွေးလာသည်။ ထိုအရာတို့ကို ရရှိပိုင်ဆိုင် ခြင်းနှင့် တစ်ပါတည်း ပါရှိလာသော ကြီးကျယ်ခမ်းနားမှု......။ ကြီးကျယ် ခမ်းနားမှုဆိုတာ အဘယ်နည်း။ ပျော်ရွှင်ချမ်းမြေ့မှုကို ဘယ်လောက်အထိ ထိုအရာတွေက ပေးစွမ်းကြမည်နည်း။ ရတနာခုနစ်ပါးသည် ပျော်ရွှင် ချမ်းမြေ့မှုကို ပေးစွမ်းနိုင်သလား။ ဆင်မြင်းရထား၊ ဇနပုဒ်၊တိုက်နယ် အခွန် အတုတ်များသည်ကော ပျော်ရွှင်ချမ်းမြေ့မှုကို ပေးစွမ်းနိုင်သလား။
များမြောင်လှစွာသော အလျှံပယ်စည်းစိမ်ချမ်းသာတို့ကို သုမနမင်း သား ခံစားခဲ့ဖူးပြီ။ ဘုရင့်သားတော်ဟူသောဘဝ၌ နှုတ်တစ်ပွင့် လက်တစ် ဝင့်မျှဖြင့် အမိန့်အာဏာတို့ထုတ်လွှတ်ကာ လိုသမျှကိုဖြစ်ပေါ်စေခဲ့ဖူးပြီ။
ထိုစည်းစိမ်ချမ်းသာများကို ပိုင်ဆိုင်ခံစားခြင်းနှင့်အတူ ရရှိလာသော ပျော်ရွှင်မှု၊ အလိုပြည့်မှုဆိုသည့်အရာသည် အခိုက်အတန့်မျှသာဖြစ်ပေါ်ပြီး ထပ်ကြပ်လိုက်ပါလာသည်များကမူ စိတ်နှလုံးနောက်ဖွယ်ရာ။
ထိုအရာတို့ လျော့ပါးကုန်ဆုံးသွားမည်ကို စိုးရိမ်ရခြင်း၊ ပျက်စီးဆုံးရှုံးသွားမည်ကို ကြောင့်ကြရခြင်း၊ လျော့ပါးကုန်ဆုံး ပျက်စီးသွားသော အခါများ၌ ပူလောင်ကြေကွဲရခြင်း၊ အဟောင်း၌ ငြီးငွေ့ ကာ အသစ်ကို တောင့်တခြင်း၊ အသစ်ကို ရရှိသောအခါ ထပ်မံပျောက်မည်စိုး၍ ကြောင့်ကြရခြင်း၊
“အို... ငါ ဘာကိုတောင်းရမှာလဲ....ငါ ဘာကို အလိုရှိအပ်သလဲ”
တဝေါဝေါကျနေသော ရေတံခွန်အောက်ခြေမှ ရေအဖွား၊ ရေအမြှုပ် များနှင့်အတူ သုမနမင်းသား၏ အတွေးများသည် ပလုံစီပွက်လှုပ်လျက် ဖွေးဖွေးလှည့်နေတော့သည်။
“ခမည်းတော်ဆီက ငါ ဘာကိုတောင်းရမှာတဲ့လဲ...”
သုမနမင်းသားသည် စစ်မှူး အမတ်တစ်ထောင်တို့အနက် အနည်း ငယ် အသက်ပိုကြီးသော ရင့်ကျက်သည့်အမတ်အချို့ကို ခေါ်ယူစုရုံးစေ လိုက်သည်။ သူတို့သည် လက်ရုံးရည်ထက် နှလုံးရည်တွင် ပိုမိုအစွမ်းပြနိုင် သူများလည်း ဖြစ်ကြသည်။
“သူပုန်သူကန်တွေကို အလုံးစုံနှိမ်နင်းခဲ့ပြီးဖြစ်လို့ ခမည်းတော်ဟာ ကျွန်ုပ်ကို များစွာနှစ်ထောင်းအားရဖြစ်ပြီး အခုလိုနေပြည်တော်ကို ခေါ်ယူ တာဖြစ်ကြောင်း မောင်မင်းတို့အားလုံး သိကြပြီးပြီ။ အခု ခရီးတစ်ဝက်ကျိုးတော့မယ်။ မကြာမီ နေပြည်တော်ကို ရောက်တော့မယ်။ ရောက်တဲ့အခါ၊ ခမည်းတော်ရှေ့ မှောက် ဝင်တဲ့အခါမှာ သားတော် လိုရာဆု တောင်းနိုင်တယ် လို့ ခမည်းတော် အခွင့်ပေးသနားတော်မူမှာ မုချပ်”
အမတ်များ ငြိမ်သက်စွာ စူးစိုက်နားထောင်နေကြသည်။ သုမန မင်းသားက ပို၍လေးနက်သောအသံဖြင့် ဆက်ပြောလေသည်။
“ကျွန်ုပ်မှာ ဝေခွဲမရဖြစ်နေတယ်။ဒါဟာ အလွန်ရိုးစင်းသလောက် ဆန်းကြယ်တဲ့အရာလည်းဖြစ်တယ်။ ကျွန်ုပ်ရဲ့နှလုံးသားကို မေးခွန်းတစ်ခုက အခါမလပ် ရိုက်ပုတ်နေတယ်။ ဒါပေမယ့် အဖြေရလဒ်က ထွက်မလာဘူး”
သုမနမင်းသားသည် ကျောက်ဖျာအပြင်၌ရပ်လိုက်သည်။ နေရောင် ခြည်များ ဖြာကျနေသော ရေအိုင်မျက်နှာပြင်မှ အလင်းစက်ဝန်းတို့က မင်းသား၏ တင့်တယ်သောကိုယ်ခန္ဓာအား တောက်ပသည့်အနားရေး ကြောင်းများဖြင့် ဘောင်ကွပ်ပေးလိုက်လေသည်။ ။
“အဖြေရလဒ် ထွက်မလာဘူးဆိုတာက အင်း၊ အဖြေရလဒ်တွေကို တစ်ခုပြီးတစ်ခု ကျွန်ုပ် ထုတ်ဖော်ကြည့်ခဲ့ပြီးပြီ။ တစ်ခုတလေမှ စိတ်တိုင်းကျ စရာ ဖြစ်မလာဘူး။ ဒါကြောင့် ကျွန်ုပ်ရဲ့ ရင်မှာ တိုးဆောင့်နေတဲ့ အဲဒီမေးခွန်း ကို မောင်မင်းတို့ဆီ လွှဲပြောင်းပေးမလို့ပဲ၊ မောင်မင်းတို့ ဖြေကြည့်ကြစမ်း”
စစ် ပွဲတစ်ခု ဝင်တော့မည့် အလား အားလုံး လှုပ်လှုပ် ရွရွ ဖြစ်သွားကြ သည်။ စိတ်အားထက်သန်မှုဖြင့် နားစိုက် စူးစွင့်နေကြသည်။
“ခမည်းတော်မင်းကြီးက သားတော်လိုရာဆုကို တောင်းပါလို့ မိန့်တော်မူလာတဲ့အခါ ကျွန်ုပ် ဘာဆုလာဘ်ကို တောင်းရမှာလဲ”
အတန်ငယ်တိတ်ဆိတ်နေပြီးမှ မသဲမကွဲ ရေရွတ်တီးတိုးသံများ ပေါ် လာသည်။ ထို့နောက် ပြန်လည်တိတ်ဆိတ်သွားပြီးမှ အသံတစ်သံ ပေါ်လာ သည်။
“ရာဇာမင်းတို့မည်သည်မှာ ဆင်ဖြူရတနာကို ပိုင်စိုးရစမြဲ ဖြစ်ပါ တယ် အရှင်။ ဆင်မည်းများနဲ့တကွ ဆင်ဖြူရတနာကို တောင်းယူသင့်ပါ တယ်။ဆင်ဖြူရှင်ဆိုတဲ့ ဘွဲ့ အမည်ကိုလည်း တစ်ပါတည်းခံယူသင့်ပါတယ်”
မင်းသားသည် မလှုပ်မခြောက်ရှိနေလေသည်။ ထိုစဉ် အမတ် တစ်ဦးက ပြောလာပြန်သည်။
“အရှင်ဟာ တုဖက်ကင်းတဲ့ မြင်းသည်ကျော်၊ မြင်းစီးသူရဲ ဖြစ်ပါ တယ်။ အရှင်ရဲ့ စွမ်းပကားနဲ့လည်း လိုက်ဖက်၊ တကယ်တမ်းလည်း အသုံး ဝင် အဖိုးတန်မယ့် အရာကတော့ မြင်းရတနာဖြစ်ပါတယ်။ ဟံသာဝတီ နေပြည်တော်တစ်ခုလုံးမှာ ရှိရှိသမျှ မြင်းတွေထဲက အကောင်းဆုံးမြင်းများကိုရယူပိုင်ဆိုင်တော်မူပါ”
“မဟုတ်သေးပါဘူး အမတ်မင်းတို့ရယ်။ ဆင်၊ မြင်းဆိုတာ တောင်း ယူစရာမလိုဘဲ အလိုလိုရရှိလာမယ့် ဆုလာဘ်တွေပါ”
အသက်အနည်းငယ်ကြီးသော အမတ်တစ်ယောက်က ဆိုပြန်သည်။ သူက စိတ်အားထက်သန်စွာဖြင့် ဆက်ပြောသည်။ ။
“ကျွန်ုပ်တို့ရဲ့ အရှင် သုမနကုမာရဟာ အခုအခါမှာ ရာထူးဌာနန္တရ အားဖြင့် မြို့စားအရာပဲ ရှိနေသေးတာ မဟုတ်လား။ ဘုန်းတော်ကြီးဘုရား ဟာ စစ်ပွဲအောင်မြင်မှုကို အကြောင်းပြုပြီး သားတော်ကို နယ်ပယ်ဒေသများ ပိုင်စိုးခံစားစေချင်နေမှာ မုချပဲ။ခုချိန်ဟာ ပေးသူနဲ့ ယူသူတို့ရဲ့ သဘောကြိုက် ကိုက်ညီမှုရှိတဲ့ အချိန်ကောင်းပါပဲ။ ဒါကြောင့် ယခုစားရသော မြို့အပြင်မှာ ကြီးမားကျယ်ပြန့်သော တိုက်နယ်၊ ဇနပုဒ်၊ မြို့ရွာများကို ထပ်မံ တောင်းယူ သင့်ပါတယ်”
သုမနမင်းသားသည် သည်တစ်ခါတွင်မူ ခေါင်းကိုသာ ခါယမ်း လိုက်လေသည်။ အားပါးတရလျှောက်တင်သော အမတ်လည်း ခေါင်းငုံ သွားသည်။
“နှစ်သက်မြတ်နိုးခြင်းကို ဖြစ်စေတတ်သောကြောင့် ရတနာမည်၏တဲ့”
နောက်တစ်ယောက်၏ အသံ ထွက်ပေါ်လာပြန်သည်။
“ရတနာကို ပိုင်ဆိုင်ခြင်း၊ ဝတ်ဆင်ခြင်းဟာ ဘုန်းကျက်သရေကို တိုးစေတယ်။ အသွေးအသား တောက်ပကြည်လင်စေတယ်။ လိုအင်ဆန္ဒ မှန်သမျှလည်း ပြည်စုံစေတယ်။ ဒါကြောင့် ရတနာခုနစ်ပါးကို ဆုလာဘ် အဖြစ် တောင်းယူသင့်လှပါတယ် အရှင်”
ရေတံခွန်မှ တဝေါဝေါ ရေကျသံများက စည်းဝေး ဆွေးနွေးပွဲကို လှောင်ပြောင်နေသယောင်ပင်။ သုမနမင်းသားသည် ကျောက်ဂူဆီသို့သာ